← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

ရှောင်းကော အဝတ်ကြိုးတန်းမှ ဝက်အူချောင်းအရှည်သုံးချောင်းကို ဖယ်လိုက်သည်။ အားလုံးကို တရုတ်ဝက်အူချောင်းဖြစ်အောင် မလုပ်တာက ပိုကောင်းသည်။ ဝက်အူချောင်း တစ်ဝက်အား ပြုတ်ကာ သူမရေခဲသေတ္တာထဲတွင် သိမ်းထားနိုင်သည်။ နောက်ပိုင်း စားချင်သည့်အခါ ထုတ်လိုက်လို့ရသည်။

ရှောင်းကော လှည့်ကာ ဝက်အူချောင်းများကို မီးဖိုချောင်ဆီ ပြန်ယူသွားလိုက်သည်။ ကျွမ်းကျွမ်းသည် သူသုံးခဲ့သည့် ပစ္စည်းတွေအား နေရာပြန်ထားလိုက်သည်။ သူ အပြင်ထွက်ပြီး ရှောင်းကော ဝက်အူချောင်းတွေ ချိတ်ဆွဲနေတာကို ကြည့်မလို့လုပ်လိုက်သည်။

"မေမေ၊ ဘာလို့ ဒါတွေကို ယူလာတာလဲ?"

ကျွမ်းကျွမ်းက သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။ ရှောင်းကော သူ့ကိုရှင်းပြလိုက်သည်။ “မေမေက ဒီဝက်အူချောင်းတွေကို ပြုတ်မလို့။ အပြင်မှာ တချို့တလေကို လေသလပ်ထားသေးတယ်။ မေမေက အဲ့ဒါတွေကို နှစ်ပိုင်းခွဲလိုက်တာ"

ကျွမ်းကျွမ်း သူနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။

"လာ၊ ကျွမ်းကျွမ်း၊ မီးမွှေးပေးပါအုံး"

ရှောင်းကောသည် အူများကို အိုးတစ်လုံးထဲသို့ထည့်ကာ ရေထည့်လိုက်သည်။ ထင်းကိုလျှော့ကာ မီးနည်းနည်းပဲထည့်ဖို့ ကျွမ်းကျွမ်းကို သူမပြောလိုက်သည်။

ကျွမ်းကျွမ်း သူထည့်ထားသည့် ထင်းထက်ဝက်ကျော်ကို ထုတ်လိုက်သည်။ "မေမေ၊ ဘာလို့ မီးနည်းနည်းဘဲသုံးတာလဲ?"

“အဲဒါက ရေကိုဆူအောင် မလုပ်ချင်လို့လေ။ ရေတွေပွက်ပွက်ဆူလာရင် အူတွေကွဲပြီး အသားတွေ စိမ့်ထွက်လာလိမ့်မယ်"

ရှောင်းကောက ကျွမ်းကျွမ်းကို ရှင်းပြလိုက်သည်။ သူမလက်ထဲတွင် တူတစ်ချောင်းကိုင်ထားကာ အိုးထဲရှိပစ္စည်းများကို မွှေလိုက်သည်။ ဒါက အိုးထဲတွင် ဝက်အူချောင်းတွေ မကပ်အောင် ကာကွယ်ဖို့ပင်။ “ဒါကိုမီးနည်းနည်းနဲ့ ချက်ရမှာ။ ဒါတွေက တစ်နာရီအတွင်းမှာ ကျက်သွားမှာလေ"

ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်သည်။ မီးမွှေးပြီးနောက် ရှောင်းကောလည်း ကျွမ်းကျွမ်းနှင့်အတူ မီးဖိုရှေ့တွင်ထိုင်နေလိုက်သည်။

စောင့်ကြည့်နေတာက ပိုကောင်းတယ်လို့ သူမ ခံစားရသည်။ လျှပ်စစ်မီးဖိုကို သုံးနေတာမဟုတ်တာကြောင့် မီးအပူချိန်အား ထိန်းချုပ်ရန်မှာ မလွယ်ကူပါချေ။ သူမဒီမှာရှိနေမယ်ဆိုပါက မီးကိုစောင့်ကြည့်နေနိုင်သည်။ မီးအရမ်းပူလာလျှင် ဝက်အူချောင်းတွေ ကွဲသွားကာ အသားပြုတ်အိုးဖြစ်တာနှင့် ပြီးသွားလိမ့်မည်ပင်။ မီးနည်းမှသာ ဝက်အူချောင်းတွေ ကွဲထွက်သွားမှာမဟုတ်ပေ။

နှစ်ယောက်စလုံး ထိုနေရာတွင် ထိုင်ကာ စကားစမြည်ပြောနေတုန်း ပျံလွှားတစ်ကောင်က အိမ်ခေါင်မိုးပေါ်တွင် ရုတ်တရက် လာနားသည်။ ကျွမ်းကျွမ်း ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။

"မေမေ၊ အစ်ကိုရှောင်းဟူ သင်ပေးခဲ့တဲ့ သီချင်းတစ်ပုဒ် သားမေမေ့ကို ဆိုပြမယ်!"

ဒါကိုကြားတော့ ရှောင်းကော ပျော်ရွှင်သွားသည်။ "ဆိုလေ!"

ရှောင်းကော ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမက အဲဒါကို စောင့်မျှော်မိသည်။ ကျွမ်းကျွမ်း သီချင်းဆိုသံကို သူမကြားရတော့မယ်ဆိုတာက အံ့သြစရာပင်။

“အဟမ်း"

ကျွမ်းကျွမ်းက လည်ချောင်းရှင်းလိုက်သည်။ "ပျံလွှားလေး၊ ကျည်ကျည်ကျာကျာ အိမ်ရှင်အတွက် သီချင်းဆိုတာ၊ မင်းရဲ့ကောက်နှံပြောင်းတွေကို ငါမစားပါဘူး၊ မင်းရဲ့ တံစက်မြိတ်အောက်မှာ အသိုက်ကိုပဲ ထားပါမယ်"

"ဘယ်လိုလဲ မေမေ?" ကျွမ်းကျွမ်း ရှောင်းကောကို မျှော်တလင့်တကြီး ကြည့်ကာ သူမဆီမှ ချီးမွမ်းသံကို ကြားရရန် စောင့်နေသည်။

"အင်း?"

ရှောင်းကော သူမနှုတ်ခမ်းတွေကို စူလိုက်ကာ သူမရဲ့အေးခဲနေသည့် မျက်နှာကို ပွတ်လိုက်သည်။ သူမ ဘယ်လိုဖြေရမလဲ?

ဤပျိုးခင်းတေးသွားကို ယခင်က ရှောင်းဟူဆိုသည်အား သူမ ရှင်းရှင်းလင်းလင်း ကြားခဲ့ဖူးသော်လည်း အခုကျတော့ တစ်ခုခုလွဲနေသည်။

ကျွမ်းကျွမ်း ပါးစပ်ဟလိုက်သည်နှင့် ရှောင်းကောမှာ မေးရိုးပါပြုတ်ကျလုမတတ် အရမ်းအံ့ဩထိတ်လန့်သွားရသည်။ 'သူဘယ်လိုလုပ် တေးသွားတွေကို တလွဲဖြစ်အောင်ဆိုနိုင်ရတာလဲ?'

"မေမေ?" ကျွမ်းကျွမ်းက ရှောင်းကောကို တိုက်တွန်းလာသည်။

"သား သီချင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အတော်လေး မူရင်းထက် ဆန်းသစ်တယ်"

"သားဆိုတာ ကောင်းတယ်လို့ မေမေထင်တယ်၊ ဒါပေမဲ့ နောက်တစ်ခါတော့ မဆိုနဲ့တော့နော်"

ရှောင်းကော စကားကုန်အောင်မပြောလိုက်ပေ။ သူ၏ လေးစားမှုနဲ့ ယုံကြည်မှုကြောင့် သူသီချင်းဆိုတာက မကောင်းဘူးလို့ သူမ မပြောနိုင်ပေ။

ပန်းရောင်အဝတ်အစားနဲ့တင် သူ့ကို သူမအားလျစ်လျူရှုနိုင်အောင် လုပ်နိုင်သည်။ အခု သူသီချင်းဆိုတာကိုသာ ရယ်လိုက်ပါက အကျိုးဆက်ကို သူမ မမှန်းဆနိုင်ပါချေ။

သူတို့ရဲ့သားအမိဆက်ဆံရေးအတွက် ရှောင်းကောဟာ ပရိသတ်တစ်ယောက်လို ပြုမူဖို့ ဆုံးဖြတ်လိုက်သည်။ သူ့သားလေးက အရမ်းချစ်စရာကောင်းတာကြောင့် ကီးကြောင်တာက ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေ။

ရှောင်းကောဆီမှ ချီးမွမ်းသံကိုကြားတော့ ကျွမ်းကျွမ်း အရမ်းပျော်သွားကာ သူမအတွက် နောက်ထပ်သီချင်းတစ်ပုဒ် ထပ်ဆိုပေးချင်သွားသည်။

"မေမေ၊ သား နောက်တစ်ပုဒ် ဆိုပြအုံးမယ်!"

ကျွမ်းကျွမ်း မတ်တပ်ရပ်ကာ သီချင်းဆိုဖို့လုပ်လိုက်သည်။ သူဟာ သူ့ရဲ့ အဆုံးစွန်သော လှုပ်ရှားမှုကို သုံးတော့မည်မှန်း ရှောင်းကောခံစားနိုင်သည်။ မိခင်တစ်ယောက်၏ ချစ်ခြင်းနှင့် သားသမီးအား လေးစားမှုကြောင့် သူမကြားဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

"ဟင်းး၊ ကျွမ်းကျွမ်းရေ၊ မီးငြိမ်းသွားပြီ"

ရှောင်းကောသည် ဘေးတွင်ရပ်နေသည့် ကျွမ်းကျွမ်းကို ကြည့်တောင်မကြည့်ပေ။ သူမ အမြန်ထကာ သူ့ကိုကျောပေးထိုင်လိုက်သည်။ သူမ မီးထဲသို့ ထင်းထည့်လိုက်သည်။

ရှောင်းကော ထင်းထပ်ထည့်နေရင်း မီးငြိမ်းသွားသည့်အတွက် သူမဝမ်းသာသွားမိသည်။ မဟုတ်ပါက ကျွမ်းကျွမ်းကို ကြားဖြတ်ပြောစရာ ကိစ္စမရှိပါချေ။

ကျွမ်းကျွမ်းမှာ ရှောင်းကော‌ကြောင့် အနှောင့်အယှက်ခံလိုက်ရပြီး သီချင်းဆိုဖို့ မေ့သွားတော့သည်။

သူ သီချင်းဆိုဖို့ မပြောတော့တာကို မြင်တော့ ရှောင်းကော သက်ပြင်းချလိုက်သည်။ သူမသာ ၎င်းကိုထပ်ပြီး ဖြတ်ကျော်ရမည်ဆိုပါက ထိန်းထားနိုင်လိမ့်မယ်လို့ သူမအာမမခံနိုင်ပါချေ။

ထင်းထည့်ပြီးနောက် ရှောင်းကော ကျွမ်းကျွမ်းအား သူမနှင့်အတူခေါ်လိုက်ကာ ဝက်အူချောင်းတွေ ဘယ်လိုဖြစ်နေပြီလဲဆိုတာကြည့်ရန် အိုးအဖုံးကို ဖွင့်လိုက်သည်။

အဖုံးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် လေပူတစ်ချက်က သူမမျက်နှာကို ရိုက်ခတ်လာသည်။ ရှောင်းကောရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ 'အိုး မဖြစ်ဘူး! ရေတွေဆူနေပြီလို့ မပြောနဲ့နော်!'

အငွေ့တွေ မရှိတော့သည့်အခါ အိုးထဲရှိ အရာများကို သူမ မြင်လိုက်ရသည်။ အားလုံးက အရမ်းအဆင်ပြေနေသည်။ ရေက ဆူလုနီးပါး ဖြစ်နေသော်လည်း ပွက်ပွက်ဆူမနေပေ။ ပြီးပြည့်စုံသည်။

ရှောင်းကော တူအား တစ်ဖန်ယူလိုက်ကာ အူများကိုစစ်ကြည့်လိုက်သည်။ အူတစ်ခုစီကို လှန်ကြည့်ပြီးနောက် ရှောင်းကော တူအားချလိုက်ကာ အိုးအဖုံးကို ဖယ်လိုက်သည်။ ရေအား ဒီအခြေအနေတွင်သာ ထားထားသည်က ပိုကောင်းသည်။ မီးများလာပါက ရေဆူလာမည်ကို ရှောင်းကောစိုးရိမ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝက်အူချောင်းများ ကျက်သွားသည့်အချိန် ကျွမ်းကျွမ်းမှာ ရှောင်းကောအား သီချင်းဆိုမည့်အကြောင်း ဘာမှ မပြောတော့ပေ။

ကျွမ်းကျွမ်းသာ ငြိမ်ငြိမ်လေး စကားပြောမည်ဆိုပါက ချစ်စရာကောင်းသည်။

နေ့လယ်စာစားချိန်တွင် ရှောင်းကောသည် အစပ်မပါသည့် ဝက်အူချောင်းအချို့နှင့် အစပ်ပါသည့်ဝက်အူချောင်းအချို့ကို ကြော်လိုက်သည်။ ကျန်သည်များအား နေရာလွတ်ထဲရှိ ရေခဲသေတ္တာထဲတွင် သူမသိမ်းထားလိုက်သည်။

ကျွမ်းကျွမ်းဟာ အရမ်းအထိအခိုက်မခံသော်လည်း မီးဖိုချောင်ထဲတွင် သူ မရှိနေသည်မှာ ကံကောင်းသည်။ ရှောင်းကောအား အစားအသောက်တွေကို မည်သည့်နေရာတွင် ထားသလဲဆိုတာ သူ မည်သောအခါမှ မမေးပါချေ။ ထို့ကြောင့် ရှောင်းကောအနေဖြင့် နေရာလွတ်ထဲတွင် ဝက်အူချောင်းများကို သိမ်းထားသည့်အပေါ် စိတ်မပူပါချေ။

ကျွမ်းကျွမ်းသည် စပ်သည့်အစားအသောက်များကို စားသုံးရန် ငယ်သေးသည်ကြောင့် ရှောင်းကောသာလျှင် ဝက်အူချောင်းအစပ်ကို စားလိုက်ပြီး ကျွမ်းကျွမ်းကတော့ အစပ်မပါသည့် ဝက်အူချောင်းသုံးချောင်းကိုစားသည်။

ထိုအချိန်တွင် ဝက်အူချောင်းအစပ်ဟာ အရသာဘယ်လိုနေသလဲဆိုတာ ကျွမ်းကျွမ်းသိချင်မိသည်။ ငရုတ်သီးနံ့ရပြီး နှာချေရသော်လည်း သူ သိချင်‌နေသေးသည်။ မီးရောင်စုံတွေထဲရှိ နာမည်ကြီးတစ်ယောက်ကို တွေ့ချင်နေသလို ပုံမျိုးပင်။

သူ၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရန်အတွက် ရှောင်းကောသည် သူမြည်းကြည့်နိုင်ရန် လက်သည်းခွံအရွယ် အပိုင်းလေးတစ်ပိုင်း ဖဲ့ပေးလိုက်သည်။

ကျွမ်းကျွမ်း နှုတ်ခမ်းအား အသံမြည်အောင်လုပ်ကာ စားလိုက်သည်။ ဝက်အူချောင်းဗိုက်ထဲကို ရောက်သွားသည်နှင့် အရသာက သူ့ကို ထိသွားတော့သည်။ သူ့လျှာထုတ်ကာ အစပ်ပြေ‌စေရန် ဂျုံယာဂု အနည်းငယ် သောက်လိုက်သည်။

ယခုအချိန်အထိ အစပ်စားချင်သည်နှင့်ပတ်သက်ပြီး သူဘယ်တော့မှ မပြောခဲ့ပေ။

ရက်အနည်းငယ်အကြာတွင် ရှောင်းကောသည် နံနက်ဘက်အိပ်ရာမှထကာ တစ်ပတ်ကျော်ကြာအောင် ဝက်အူချောင်းများအား အပြင်ဘက်တွင် အခြောက်ခံခဲ့သည်ကြောင့် မည်သို့ဖြစ်နေပြီလဲဆိုတာ တွေးတောလိုက်သည်။ ဒီကာလအတွင်း သူမ ဝက်အူချောင်းများအား သိပ်ဂရုမစိုက်မိခဲ့ပေ။ ဝက်အူချောင်းတွေ ဘယ်လိုဖြစ်နေပြီလဲဆိုတာ သူမသိချင်မိသည်။

၎င်းအတွေးနှင့်အတူ သူမသည် ဝက်အူချောင်းတွေချိတ်ဆွဲထားသည့်နေရာသို့ ဦးတည်လိုက်သည်။

ပထမဆုံးလုပ်ခဲ့သည့်အချိန်နှင့် ယှဉ်ပါက အရောင်သည် ပိုမိုနက်မှောင်လာကာ မျက်နှာပြင်ဟာလည်းခြောက်သွေ့လာသည်။

အားလုံးက တော်တော်ကြည့်လို့ကောင်းသည်။ ရှောင်းကော လက်ကိုမြှောက်ကာ ကိုင်ကြည့်လိုက်သည်။ အတွင်းပိုင်းကတော့ အနည်းငယ် ပျော့ပျောင်းနေသေးသည်။ ရက်အနည်းငယ်ကြာ အခြောက်ခံထားရဦးမည်။ ဝက်အူချောင်းတွေဟာ အဆင်သင့်မဖြစ်သေးပေ။

ဝက်အူချောင်းများ အဆင်သင့်ဖြစ်လျှင် ကျွမ်းကျွမ်းအတွက် နေ့လယ်စာမြေအိုးထမင်း ချက်ရန် သူမစီစဉ်ထားခဲ့သည်။ ကြည့်ရတာ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ရဦးမည့်ပုံပင်။

ထိုအချိန်တွင် ကျွမ်းကျွမ်း ပြေးထွက်လာကာ ဝက်အူချောင်းများ မည်သို့ဖြစ်သွားလဲဆိုတာ ရှောင်းကောအားမေးမြန်းတော့သည်။

ရှောင်းကောပြောခဲ့သည့် မြေအိုးထမင်းအကြောင်း သူတွေးနေမိသည်။

အမှန်တော့ နာမည်ကို ကြားကတည်းက ကျွမ်းကျွမ်းအံ့ဩနေမိသည်! ဘယ်လို? မြေအိုးထမင်း??မြေအိုး?!

သူက ချက်ရမှာလား?

ကျွမ်းကျွမ်း ရှောင်းကောအား သနားစဖွယ်အကြည့်ဖြင့် ကြည့်လိုက်သည်။ ပထမတော့ ရှောင်းကောက ဘာဖြစ်နေလဲဆိုတာ နားမလည်သေးပေ။ သို့ပေမယ့် အကြောင်းရင်းကို သိလိုက်ရတော့ သူမ မထနိုင်လောက်အောင် ရယ်မောမိတော့သည်။

'ဒီကလေးက ဘာတွေထင်နေတာလဲ? ဟားဟားဟား!'

ကျွမ်းကျွမ်း၏ မကျေမနပ်ဖြစ်နေသည့်အကြည့်အောက်တွင် ရှောင်းကော ရယ်မောနေသည်ကို ရပ်လိုက်ကာ မြေအိုးထမင်းအကြောင်း ရှင်းပြလိုက်သည်။

သူမ၏ ရှင်းပြချက်ကိုကြားပြီးသည့်အခါမှ ကျွမ်းကျွမ်းဉာဏ်အလင်း ရသွားတော့သည်။ ဆိုတော့ ဒါကဒီလိုပေါ့။ ဘယ်သူကမှ ကလေးတွေကို ချက်ပြုတ်ခိုင်းမှာမဟုတ်ဘူးလေ။

ရုတ်တရက် ရှောင်းကောတွင် စနောက်လိုသည့် အတွေးတွေဝင်လာသည်။ သူမ၏ အမူအရာပြောင်းလဲသွားကာ အသံတိုးတိုးနှင့် ကြောက်စရာကောင်းသည့် လေသံဖြင့်ပြောလိုက်သည်။ "ငါမသိဘူး... ကျွမ်း... ကျွမ်းရဲ့... အသား... က...အရသာရှိသလားဆိုတာ... အာ..."

ကျွမ်းကျွမ်း ရှောင်းကော၏ လေသံကို ကြားလိုက်ရသည့်အခါ မနေနိုင်ဘဲ တံတွေးမျိုချလိုက်မိသည်။ သို့ပေမယ့် သူမ သူ့အား စနောက်နေမှန်း သူသိတာကြောင့် သူမလေသံအတိုင်း တုပကာ ပြောလိုက်သည်။

“ကျွမ်းကျွမ်းရဲ့အသားက အရသာမရှိပါဘူး… သား မေမေရဲ့အသားကတော့ အရသာရှိတယ်…”

ထိုစကားကိုကြားသည့်အခါ ရှောင်းကောမှာ သူ့တင်ပါးကို ရိုက်ပစ်လိုက်ချင်သွားသည်။ သူမကို ဒီထဲဘယ်လိုလုပ်ဆွဲသွင်းလိုက်တာလဲ? သူမက နှာမှုတ်ကာ ဆက်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”

"သူက မိန်းကလေးပါ။ ‌မိန်းကလေးတွေက နူးညံ့တယ်..."

'ဟေး! ဒီကလေး!'

ရှောင်းကောမှာ ရယ်ချင်တာရော ဒေါသထွက်တာရော နှစ်ခုစလုံးကို ခံစားလိုက်ရသည်။ မိန်းကလေးတွေက နူးညံ့ကြောင်း သူ ဘယ်ကနေ သိလာတာလဲ?

ရှောင်းကော သူ့ကို မေးသည့်အခါ ကျွမ်းကျွမ်းက ရိုးရိုးသားသားဖြေလာသည်။ သူက သူမအား ရှောင်းဟွား အကြောင်း ပြောပြလာသည်။ မိန်းကလေးငယ်ငယ်လေးတွေရဲ့အသားဟာ နူးညံ့သည်ဟု အစ်ကိုရှောင်းဟူက သူ့အားပြောခဲ့သည်ပင်။

ရှောင်းကော ကူကယ်ရာမဲ့စွာဖြင့် သူမလက်ကို နဖူးပေါ်တင်လိုက်သည်။ ရှောင်းဟူသည် ကျွမ်းကျွမ်းထက် နှစ်အနည်းငယ်သာပိုကြီးသော်လည်း၊ ငါးနှစ်အရွယ်ကလေးသာသာမျှသာ ဖြစ်သည်။ မိန်းကလေးတွေရဲ့ အသားအရေက နူးညံ့တယ်ဆိုတာ သူဘယ်လိုသိလဲ?

ရှေးခေတ်ကလေးများသည် မည်မျှပင် အရွယ်နှင့်မလိုက်ထက်မြတ်ကြပါစေ ဤအရာတွေဟာ ဒီလိုငယ်သေးသည့်အရွယ်တွင် သိထားသင့်သည့် အရာများ မဟုတ်ပေ...

All Chapters