အခန်း (၁၀၀)
Vol. 7 Ch. 100
အိမ်အပြန်လမ်းတွင် ရှောင်းကောသည် အပြင်တွင်နွားကျောင်းနေသည့် ကျွမ်းကျွမ်းနှင့် တိုးသည်။
ကျွမ်းကျွမ်းသည် ရှောင်းကောကို အဝေးကနေမြင်လိုက်ပြီး သူမနှင့်အတူ နွားများကို အိမ်သို့ပြန်မောင်းသွားလိုက်သည်။
ရှောင်းကော တောင်ပေါ်တက်သွားကာ သူလည်း စာလုပ်ပြီးသွားသည်ကြောင့် ရှောင်းကော အိမ်ကနေထွက်သွားပြီးနောက်တွင် ကျွမ်းကျွမ်းတစ်ယောက် နွားကျောင်းရန် ဆုံးဖြတ်လိုက်သည်။
သားအမိနှစ်ယောက် အတူတူ အိမ်ပြန်လာကြသည်။ သူတို့အိမ်ပြန်ရောက်တော့ ကျွမ်းကျွမ်းသည် နွားတွေကို ကြိုးနှင့်သွားချည်လိုက်သည်။ ရှောင်းကောသည် ခြင်းတောင်းကို ရေတွင်းဆီ သယ်သွားလိုက်ကာ ရေအင်တုံကြီးတစ်ခုကို ယူလိုက်သည်။ အောက်တွင်ရှိသည့် ငါးများပေါ်လာစေရန် သူမသည် တောင်းထဲမှ သစ်ကိုင်းတွေကို ထုတ်လိုက်သည်။ ထို့နောက် သူမသည် ငါးကိုဖမ်းကာ ရေထဲထည့်လိုက်သည်။ ငါးအား ရေထဲမှနေ ဖမ်းလာသည်မှာ အချိန်တချို့လောက် ရှိနေသော်လည်း သူတို့အိမ်ပြန်ရောက်ချိန်မှာတော့ တက်ကြွလန်းဆန်းနေသေးသည်။
"မေမေ၊ သားတို့နေ့လယ်စာကို ငါးစားမှာလား?"
ဒီအချိန်မှာ ကျွမ်းကျွမ်းက နွားတွေကို ကြိုးချည်ပြီးသွားပြီဖြစ်သည်။ ရေအင်တုံထဲရှိ ငါးကြီးတွေကို တွေ့တော့ ရှောင်းကော ငါးချိုချဉ်လုပ်လိမ့်မည်ဟု ထင်သွားသည်။ ၎င်းအရသာကို သူမှတ်မိနေသေးသဖြင့် မနေနိုင်ဘဲ နှုတ်ခမ်းသပ်လိုက်မိသည်။
"သဘက်ခါကျရငါ မေမေတို့ ငါးကင်လုပ်မလို့လေ"
ရှောင်းကော ကျွမ်းကျွမ်းခေါင်းကို ပုတ်လိုက်သည်။ "သားလက်တွေကို သွားဆေးလိုက်အုံး။ မေမေ ချက်ပြုတ်လိုက်အုံးမယ်"
နေ့လယ်စာစားပြီးလျှင် ရှောင်းကော သီတံများအား ချွန်ရအုံးမည်။ နေ့တစ်ဝက်အတွင်း ပြီးနိုင်ပါ့မလားဟု သူမ တွေးမိသည်။ သူမတွင် မနက်ဖြန်အတွက် အခြားအစီအစဉ်တွေ ရှိသည်။
ညစာစားပြီးနောက် ရှောင်းကောသည် ခြံဝင်းထဲတွင် ဓားတစ်လက်ဖြင့်ထိုင်နေသည်။ သူမဘေးတွင် ချွန်ထားသည့် သီတံ လက်တစ်ဆုပ်စာ ရှိနေသည်။
“မေမေ၊ သား ကူချွန်ပေးမယ်လေ"
ရှောင်းကောက လုပ်နေတာတွေကို မရပ်လိုက်ပါချေ။ သူမသည် သီတံများကို အမြန်ချွန်နေသည်။ “မရဘူး၊ ဓားက အရမ်းအန္တရာယ်များတယ်။ ပြီးတော့ သစ်သားတွေက ဆူးတွေနဲ့ ဖုံးနေတာ။ သတိမထားမိရင် ဆူး စူးသွားလိမ့်မယ်။ ဒါကို မေမေ့ဘာသာလုပ်လို့ရတယ်"
ကျွမ်းကျွမ်း ထိုစကားကိုကြားသည့်အခါ သူကူညီပေးရန် အတင်းအကျပ် မပြောတော့ပေ။ သူသည် ရှောင်းကောအနားတွင် နာနာခံခံဖြင့်ထိုင်ကာ သူမနှင့်အတူ စကားစမြည် ပြောနေလိုက်သည်။
ရှောင်းကော သူ့အား အိပ်ခိုင်းသော်လည်း သူငြင်းလိုက်သည်။ သူမအနားတွင်ဘဲ နေချင်ကြောင်း သူအခိုင်အမာပြောသည်။
သူ့စကားအရ သူ့အမေကို မကူညီနိုင်ရင်တောင် သူမအားအလုပ်တွေနှင့် တစ်ယောက်တည်း သူမထားခဲ့နိုင်ပေ။
ရှောင်းကောသည် ထိုစကားကြားရသည့်အတွက် ဝမ်းသာအားရဖြစ်သွားကာ သူ့ကိုနေခွင့်ပေးလိုက်သည်။
ရှောင်းကော၏ လက်တွေမှာ သစ်ကိုင်းတွေကို ချွန်ရသည်ကြောင့် အနည်းငယ် ညောင်းလာသည့်အတွက် သူမသည် ကြိုကြားကြိုကြား ခဏနားလိုက်သည်။ နောက်ဆုံးတော့ ကောင်းကင်ကြီး မမှောင်ခင်မှာ သစ်ကိုင်းတွေအားလုံးကို သူမချွန်ပြီးသွားသည်။
ရှောင်းကော ဇလုံအကြီးတစ်လုံးရှာလိုက်ကာ သီတံတွေအားလုံးကို ဇလုံထဲ ထည့်လိုက်သည်။ သီတံတွေကို သူမရေဆေးလိုက်ကာ ကျွမ်းကျွမ်းအား မီးဖိုချောင်ထဲတွင် ရေနွေးတည်ခိုင်းလိုက်သည်။ သီတံတွေအား ရေဖြင့်ပြုတ် (ပိုးသတ်) ရမည်။
ရှောင်းကောသည် တုတ်များကိုဆယ်ယူလိုက်ကာ မီးဖိုချောင်ဆီ သယ်သွားလိုက်သည်။ သူမ အိုးအဖုံးကို ဖွင့်လိုက်ကာ တုတ်တွေကို ထည့်လိုက်သည်။
တုတ်တွေအား ခဏလောက် ပြုတ်ထားရသည်။ ကျွမ်းကျွမ်း မီးထုတ်ပြီးနောက် ရှောင်းကောသည် သီတံတွေအားလုံးကို ဆယ်လိုက်ကာ ရေစစ်ရန် သစ်သားဗန်းကို သုံးလိုက်သည်။ ထို့နောက် သူမသည် သီတံတွေအား တစ်ညလောက် အခြောက်ခံလိုက်သည်။ မနက်ဖြန်ကျလျှင် သူမအသားတွေအား သီတံတွင်ထိုးကာ ပြင်ဆင်ထားရမည်။
အိပ်ရာမဝင်မီ ရှောင်းကောသည် ဗီရိုထဲမှ ခေါင်းအုံးများနှင့် စောင်အားလုံးကို ထုတ်ယူလိုက်သည်။ မနက်ဖြန်ကျလျှင် ထိုအရာတွေအား သူမနေလှန်းရမည်။
ကံကောင်းထောက်မစွာဖြင့်၊ အိမ်တွင် ခေါင်းအုံးနှင့် စောင်တွေ အများကြီးရှိနေသည်။ မဟုတ်ပါက ဧည့်သည်တွေ ရောက်လာသည့်အခါ စောင်မပါဘဲ အိပ်နေရမည်ပင်။
နောက်နေ့မနက်စောစောတွင် ကောင်းကင်၌ နေမြင့်နေပြီဖြစ်သည်။ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် အဝတ်ကြိုးတန်းပေါ်တွက် စောင်နှင့် ခေါင်းအုံးများကို လှန်းထားလိုက်ကြသည်။ ဂွမ်းဖြည့်ထားသည့်စောင်တွေနေရောင်ရစေရန် သူမသည် အဝတ်လျှော်တုတ်အားသုံးကာ ရိုက်ပေးသည်။
ရှောင်းကောသည် နှပ်ထားသည့် သိုးသားနှင့် ဝက်အူချောင်းများကို မီးဖိုချောင်သို့ ယူသွားလိုက်သည်။ သိုးသားဇလုံနှစ်လုံးရှိနေသည်။ ယနေ့ တစ်နေ့လုံး အသားတွေအား သီတံတွင် ထိုးရင်းဖြင့် သူမအချိန်ကုန်သွားလိမ့်မည်ဟု ရှောင်းကောခန့်မှန်းမိသည်။
နံနက်စောစောတွင် ကျွမ်းကျွမ်းသည် ရှောင်းကောဆီမှ နားရက်သုံးရက်ယူခဲ့သည်။ ယနေ့၊ မနက်ဖြန်နှင့် သဘက်ခါသုံးရက်တွင် သူ စာမလုပ်ဘူးဟု ပြောခဲ့သည်။
ရှောင်းကော ခဏလောက် စဉ်းစားလိုက်ကာ သဘောတူလိုက်သည်။ နောက်သုံးရက်အတွင်း သူ့တွင် စာလုပ်ရမယ့်အချိန်ရှိမှာ မဟုတ်ချေ။ ယနေ့တွင်၊ သူမနှင့်အတူ သီတံတွင် အသားတွေသီရန် ကျွမ်းကျွမ်း၏ အကူအညီလိုသည်။ မနက်ဖြန် ချင်းအန့်မင်နှင့် တခြားသူတွေရောက်လာလျှင်လည်း သူ စာလုပ်ချင်စိတ်ရှိမည်မဟုတ်ပေ။ သဘက်ဆိုလျှင်တော့ ချင်းအန့်မင်နှင့် တခြားသူတွေ ပြန်ကြမှာဖြစ်သည်။ ကျွမ်းကျွမ်း တစ်နေ့လုံး သူ့အား မရပ်မနား အနှောင့်အယှက် ပေးနေလိမ့်မည်ပင်။ သူ့မှာ ဘယ်လိုလုပ် စာလုပ်ချင်စိတ်ရှိအုံးမှာလဲ?
"ကျွမ်းကျွမ်း၊ အသားတွေကို ဘယ်လိုသီရမလဲဆိုတာ မေမေသင်ပေးမယ်။ သားလက်ကို မထိမိအောင်သတိထားအုံး၊ ဟုတ်ပြီလား?"
ကျွမ်းကျွမ်း ခေါင်းညိတ်ပြတာကိုမြင်တော့ ရှောင်းကော သီတံတစ်ခုကို ယူလိုက်ကာ စလုပ်တော့သည်။ သူမက သိုးသားအား သီပြကာ ကျွမ်းကျွမ်းကတော့ဟင်းသီးဟင်းရွက်နှင့် ဝက်အူချောင်းများဖြင့် သီ တာကို သင်သည်။
သိုးသားအား သီဖို့ဆိုတာ မလွယ်ပေ။ ကျွမ်းကျွမ်းသာ သတိမထားမိပါက သူ့လက်ကို ထိုးမိနိုင်သည်။ အသီးအရွက်များနှင့် ဝက်အူချောင်းများကို သီရသည်မှာ ပိုမိုလွယ်ကူသည်။ ထို့ကြောင့်၊ ကျွမ်းကျွမ်း ထိုအရာတွေကို သီတာက သူမကိုပိုပြီး စိတ်အေးစေသည်။ ၎င်းက သူမအတွက် အချိန်အများကြီး သက်သာစေသည်။
မနက်အိပ်ရာနိုးတုန်းက ရှောင်းကောသည် ခရမ်းသီး၊ ကြက်သွန်မြိတ်နှင့် ငရုတ်သီးတချို့ကို ခူးရန် ဟင်းသီးဟင်းရွက် စိုက်ခင်းသို့ သွားခဲ့သေးသည်။ ရှောင်းကောသည် ကင်လို့ရသမျှ အရာတွေကို ခူးခဲ့သည်။
ရှောင်းကောသည် ကျွမ်းကျွမ်းအတွက် အသီးအရွက်များကို ခပ်ထူထူလှီးထားပေးကာ အောက်နားတွင် သီမည့် ကြက်သွန်မြိတ်များကိုလည်း တန်းစီထားပေးသည်။ ငရုတ်သီးအတွက်မူ၊ တချို့အား တစ်ခုလုံးသီကာ တချို့ကို လှီးရန် တွေးထားသည်။ လှီးထားသည်များကို သိုးသားနှင့် အလှည့်ကျ သီမည်။ ၎င်းဟာ ကြည့်လို့လည်းကောင်းသလို အရသာလည်း ကောင်းသည်။
ဝက်အူချောင်းများကို တစ်ပိုင်းလုံးကင်ရန်မှာ ရှည်သည့်အတွက် ထက်ပိုင်းပိုင်းရမည်။
ဝက်အူချောင်းတွေကို လှီးသည့်အချိန်တွင် ရှောင်းကော တစ်ခဏလောက် တုံ့ဆိုင်းသွားသည်။ အဆုံးမှာတော့ သူမ ဝက်အူချောင်းတွေကို ထုပ်ပိုးကာ ဘေးတွင်ဖယ်ထားလိုက်သည်။ သူမသည် ၎င်းတို့ကို မကင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းအစား ပြုတ်တာဖြစ်ဖြစ် ကြော်တာဖြစ်ဖြစ် လုပ်လိုက်မည်။
သားအမိနှစ်ယောက် အတူတူထိုင်ကာ ပန်းကန်လုံးတစ်လုံးစီကို တာဝန်ယူထားသည်။ သူတို့သည် တုတ်တစ်ချောင်းစီကိုင်ကာ စပြီးသီကြသည်။ ရှောင်းကောက သိုးသားအား သီကာ ကျွမ်းကျွမ်းကတော့ ခရမ်းသီးအား သီသည်။
သီတံတချို့ သီပြီးသည့်အချိန်တွင် တံခါးခေါက်သံတစ်ခုထွက်ပေါ်လာသည်။ ခွေးလေးတွေကလည်း ဟောင်လာသည်။
ရှောင်းကောသည် သူမလက်ထဲရှိ တုတ်အား စူးစမ်းလိုစိတ်ဖြင့် ချလိုက်ကာ ကျွမ်းကျွမ်းကိုတော့ ဆက်သီ ခိုင်းထားလိုက်သည်။ သူမ သွားထွက်ကြည့်လိုက်သည်။
တံခါးကိုဖွင့်လိုက်တော့ အမျိုးသမီးယန်ကို တွေ့လိုက်ရသည်။
"ဒီနေ့ စျေးသွားမလား ရှောင်းကော?"
မနက်ဖြန်သည် ဆောင်းဦးလယ်ပွဲတော်ဖြစ်သည်။ အမျိုးသမီးယန်သည် အိမ်တွင် ဆောင်းဦးလယ်ပွဲတော်ကျင်းပရန် အစားအသောက်ကောင်းများကို ဝယ်ချင်သည်။
“ဒီနေ့တော့မသွားဖြစ်ဘူး။ ကျွန်မမှာ ဝယ်စရာလဲ မရှိတော့"
"ကောင်းပြီ! ဒါဆို အစ်မရွာအဝင်ဝကိုပဲ သွားလိုက်တော့မယ်"
အမျိုးသမီးယန် စိတ်ထဲမထားပါချေ။ ရှောင်းကော မသွားကြောင်း သူမ ကြားသည့်အခါ၊ ရွာဝင်ပေါက်တွင် လှည်းသွားစီးရန် ပြင်လိုက်သည်။
ရှောင်းကောသည် အမျိုးသမီးယန်၏ နောက်ကျောကို ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ "အစ်မ!"
"ဘာဖြစ်လို့လဲ?"
ရှောင်းကော၏ အသံကိုကြားသည့်အခါ အမျိုးသမီးယန်မှာ နားမလည်စွာဖြင့် လှည့်ကြည့်လိုက်သည်။
“အစ်မ မြည်းလှည်းမောင်းတတ်လား? မောင်းတတ်ရင် မြည်းလှည်းယူသွားလို့ရတယ်လေ"
ရှောင်းကော အမျိုးသမီးယန်အကူအညီ လိုအပ်မည့်အရာတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။ သူမ အလုပ်များနေသည်ကြောင့် သူမအားကူညီရန် အမျိုးသမီးယန်ကို ဒုက္ခပေးရဦးမည်ပင်။
“မလိုဘူး၊ မလိုဘူး။ အစ်မ လှည်းပဲ စီးသွားလိုက်မယ်"
အမျိုးသမီးယန်မှာ မြည်းလှည်းကိုသုံးရန် အားနာနေမိသည်။ ပုံမှန်ဆို သူမဈေးသွားသည့်အခါ ရှောင်းကောနှင့်အတူ လိုက်သွားတတ်သည်။ ရှောင်းကောက မြည်းလှည်း မောင်းသွားသည်။ သူမသည် အကြိမ်ပေါင်းများစွာ စီးခဲ့သော်လည်း ရှောင်းကောသည် သူမဆီမှပိုက်ဆံကို တစ်ခါမှမယူခဲ့ပေ။ အမျိုးသမီးယန်အနေနဲ့ သူမကို ဘယ်လိုလုပ် နောက်ထပ်ဒုက္ခပေးနိုင်ရမှာလဲ?
“မဟုတ်ဘူး အစ်မ။ ကျေးဇူးပြုပြီး ကျွန်မကိုလဲ ပစ္စည်းတွေကူဝယ်ပေးလေ။ ကျွန်မလဲ မအားလို့"
ဒါကို အမျိုးသမီးယန်ကြားတော့ ရှောင်းကောဘာကြောင့် မအားလဲဆိုတာ သူမ မမေးလိုက်ပေ။ သူမက ဘာပြဿနာမှ မရှိဘူးဆိုတာကိုပြကာ လက်ကိုဝှေ့ယမ်းပြလိုက်သည်။ အဲဒါက အရေးကြီးတဲ့ကိစ္စလို့ သူမ ထင်ခဲ့ပေမဲ့၊ ဒီတိုင်း သူမကို ပစ္စည်းတွေဝယ်ဖို့ ကူညီပေးရုံဘဲဖြစ်သည်။
“မတာ၊ ဘာဝယ်ရမလဲဆိုတာကိုသာ ပြောလိုက်။ အစ်မ ပြန်ဝယ်လာပေးမယ်"
ရှောင်းကော ပြုံးလိုက်သည်။ "အစ်မ ဟိုကို မြည်းလှည်းမောင်းသွားလိုက်လေ။ ကျွန်မရဲ့ဝယ်စရာစာရင်းက အရှည်ကြီးပဲ။ ကျွန်မ အိမ်ထဲဝင်ပြီး ချရေးရအုံးမယ်။ ကြာနေရင်၊ ရွာက လှည်းကို အစ်မမှီတော့မှာ မဟုတ်ဘူး။ မြန်မြန်လုပ်လိုက်မယ်"
ရှောင်းကော ပြောရင်းဖြင့် အမျိုးသမီးယန်ကို သူမအိမ်ထဲ ဆွဲခေါ်သွားလိုက်သည်။ သူမ မနေနိုင်ဘဲ အံ့သြစွာဖြင့် သက်ပြင်းချလိုက်မိသည်။ အမျိုးသမီးယန်က အချိန်ကိုက်ရောက်လာတာဘဲ!
အိမ်တွင် ပင်လုံးကြိုင်ပန်း ဝိုင်တစ်အိုးသာရှိကာ တခြားသောက်စရာတွေလည်း မရှိပေ။ သိုးသားက အပူတိုးစေသည်ကြောင့် ဇီးသီးချဉ်ဟင်းရည်တစ်အိုး သူမချက်ရမည်။ ၎င်းဟာ ခန္ဓာကိုယ်ကို အေးမြစေသည်။
သို့ပေမယ့် ဇီးသီးချဥ်ဟင်းရည်ပြုလုပ်ရန် ဆေးဖက်ဝင်အပင်တွေ လိုအပ်သည်။ သူမတွင် ခရိုင်ဆီသွားရန် အချိန်မရှိတော့ပေ။ တိုက်တိုက်ဆိုင်ဆိုင် အမျိုးသမီးယန်က ဈေးသွားမည်ဖြစ်သည်ကြောင့် သူမအား တချို့တလေ ကူဝယ်ခိုင်းရမည်။
အမျိုးသမီးယန်လည်း အဲဒါကို စဉ်းစားမိကာ သဘောတူလိုက်သည်။ အဲ့ဒီမှာ တခြားလှည်းရှိကောင်းရှိနိုင်ပေမယ့် အချိန်ကြာတဲ့အထိ စောင့်ရမည်ဆိုရင်တော့ ပြောဖို့ခက်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရှောင်းကောဟာ အပြင်လူမဟုတ်ပေ။ သူမအနေဖြင့် မြည်းလှည်းဖြင့်သွားလို့ရသည်။
ရှောင်းကောသည် အခန်းထဲသို့ဝင်လာကာ ဇီးသီးချဥ်ဟင်းရည်အတွက် လိုအပ်သည့် ဆေးဖက်ဝင်အပင်များကို ချရေးရန် ကျွမ်းကျွမ်း၏ စုတ်တံနှင့် စာရွက်ကို သုံးလိုက်သည်။ ဆေးဆိုင်အများစုတွင် ၎င်းတို့ကို ရောင်းချကြသည်။
အမျိုးသမီးယန် စာရွက်အားယူလိုက်ကာ သေသေချာချာ ကြည့်လိုက်သည်။ ပိုးစာပင်၊ အနက်ရောင်ဇီးသီး၊ လိမ္မော်ခွံ၊ နွယ်ချို၊ တောင်ဇလပ်၊ ဟော်သွန်းဘယ်ရီ နှင့် ဆေးသကြားတို့ ပါ၀င်သည်။
“ဒီခုနစ်မျိုးပဲလား၊ ဟုတ်လား?"
အမျိုးသမီးယန်က ရှောင်းကောရဲ့ စာရင်းကိုကြည့်လိုက်သည်။
ရှောင်းကော ခေါင်းညိတ်လိုက်သည်။ “အဲ့ဒီခုနစ်မျိုးပဲ။ အဲ့ဒါတွေကို ဆေးဆိုင်အများစုမှာ ဝယ်လို့ရတယ်။ ဆေးသကြားကိုတော့၊ ထုပ်ပိုးထားတဲ့ ဘယ်လောက်ပမာဏကိုမဆို ဝယ်ခဲ့ပေးပါ၊ နည်းနည်းပိုသွားလဲရတယ်။ စာရင်းထဲမှာပါတဲ့ အခြားပစ္စည်းတွေကိုတော့ ၊ တစ်မျိုးစီကို ဂရမ်၅၀ လောက်လိုတယ်"
ဘယ်လိုဘဲဆိုဆို အဲ့ဒါတွေအားလုံးကို သူမတစ်ပြိုင်တည်း သုံးမှာမဟုတ်ပေ။ များများဝယ်ပြီး သိမ်းထားကာ လိုအပ်သည့်အချိန်တိုင်း လုပ်နိုင်သည်။
အမျိုးသမီးယန်သည် သူမပြောတာကို မှတ်ထားလိုက်ကာ စာရင်းကို ဂရုတစိုက် သိမ်းရင်း စထွက်လိုက်သည်။ ရှောင်းကောက သူမကို ပိုက်ဆံအရင်ပေးထားချင်ခဲ့ပေမယ့် အမျိုးသမီးယန်က လက်ယမ်းကာ သူမပြန်လာတာကို စောင့်နေရန် ပြောလိုက်သည်။