အခန်း (၁၀၃)
Vol. 7 Ch. 103
ရှောင်းကော တံခါးဝဆီ ပြေးသွားလိုက်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူမ ရထားလုံးတစ်စီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ယခင်တစ်ခေါက် ချင်းအန့်မင် မောင်းနှင်ခဲ့သည့် ရထားလုံးနှင့် တူမတူကြည့်ရန် သူမ၏မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။ ရထားလုံးနီးကပ်လာသည့်အခါ ရှောင်းကော ဝမ်းသာသွားမိသည်။ အမှန်ပင် ဤရထားလုံးဟာ အနီမှိုင်းမှိုင်းအရောင်မြင်းလည်း အတူတူပင်။ ချင်းအန့်မင်နှင့် ဦးလေးရှု တို့က ရထားလုံးမောင်းကြသည်။
ရှောင်းကော အိမ်ရှေ့တံခါးကို အမြန်ဖွင့်ကာ သူတို့ကို ဝင်ခွင့်ပေးလိုက်သည်။
ကျွမ်းကျွမ်းကိုလည်း သူတို့သွားမည့်လမ်းကို မပိတ်နေစေရန် သူမ သူ့ကိုခပ်ဝေးဝေး ခေါ်သွားလိုက်သည်။
ချင်းအန့်မင်က အနည်းငယ် စိုးရိမ်နေပုံရသော်လည်း သူလည်း အရမ်းပျော်ရွှင်နေပုံလည်းရသည်။ သူရထားလုံးပေါ်မှ ဆင်းလိုက်ကာ ရှောင်းကောဆီ လျှောက်သွားလိုက်သည်။
ရှောင်းကောလည်း ဝမ်းသာအားရဖြင့်သွားလိုက်ကာ ကျွမ်းကျွမ်းက ချင်းအန့်မင်ကိုဖက်လိုက်သည်။
ချင်းအန့်မင်က ကျွမ်းကျွမ်းကို ကောက်ချီလိုက်ကာ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ချိန်တွယ်လိုက်သည်။ ဟုတ်တယ်၊ သူ တကယ်ထွားလာသည်။
"အစ်ကို"
ရှောင်းကော ချင်းအန့်မင်ကို ခေါ်လိုက်ကာ ရထားလုံးဆီ လျှောက်သွားလိုက်သည်။ သူမသည် ဦးလေးရှု၊ ရူယီ၊ လင်လုံ၊ ဖူအာနှင့် ရှောင်စွေ့တို့ကို နှုတ်ဆက်လိုက်သည်။
လူတိုင်းလည်း နှုတ်ဆက်လာကြသည်။ ရူယီ ရထားလုံးပေါ်မှ ဆင်းလာသည့်အခါ ခြံဝန်းကို မရပ်မနား လှည့်ပတ်ကြည့်တော့သည်။ ရံဖန်ရံခါ အံ့သြတကြီးအော်ဟစ်သေးသည်။
"ညီမရှောင်းကော၊ ညီမရဲ့အိမ်က အံ့သြစရာပဲ!"
ရူယီသည် ခြံဝင်းကျယ်ကျယ်၊ သေချာစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ခင်းနှင့် အသစ်ဆောက်ထားသည့် မွေးမြူရေးခြံကို ကြည့်လိုက်သည်။
တိရစ္ဆာန်များစွာရှိသော်လည်း ခြံဝင်းသည် အလွန်သန့်ရှင်းနေ၏။ ထူးဆန်းသည့် အနံ့တွေလည်းမရှိပေ။
ရူယီ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမ စိတ်ထင်နေသည်လား မသေချာသော်လည်း ထူးဆန်းသည့် အနံ့တွေမရှိနေဘဲ လေထဲတွင် သင်းပျံ့သည့် မွှေးရနံ့တစ်ခုသာ ရှိနေ၏။
ဦးလေးရှုလည်း ရထားလုံးထဲကမှ ဆင်းလာကာ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်ကာ ရူယီပြောသည်ကိုကြားသည့်အခါ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် ရှုခင်းဟာ သာယာသလို၊ လေကောင်းလေသန့်လည်းရကာ၊ ခြံဝင်းကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည်။ တကယ်ကောင်းလှသည့် လူနေမှုပတ်ဝန်းကျင်တစ်ခုပင်။ အနာဂတ်တွင် သူအနားယူလိုက်တဲ့အခါကျလျှင် ဒီလိုနေရာမျိုးတွင် နေနိုင်ဖို့ မျှော်လင့်မိသည်။
လင်လုံနှင့် ဖူအာတို့က ငယ်ရွယ်သေးသည်။ ရထားလုံးပေါ်မှ သူတို့ဆင်းလိုက်သည်နှင့် မနေနိုင်ဘဲ ပတ်ဝန်းကျင်ကို စူးစမ်းကြတော့သည်။ သူတို့ ခြံထဲသို့ဝင်လာကတည်းက လူနွားနှစ်ကောင်နှင့် တိုင်းကိုဟောင်နေသည့် ခွေးပေါက်လေးတွေကို အထူးတလည်စိတ်ဝင်စားနေကြသည်။
ရှောင်စွေ့ကတော့ အသက်နည်းနည်းကြီးသည်။ သူမသည် စကားတစ်ခွန်းမှ မပြောသော်လည်း သူမ၏ မျက်လုံးများထဲတွင် ဤနေရာအပေါ် သဘောကျမှုတွေ၊ တောင့်တမှုတွေဖြင့် ပြည့်နှက်နေ၏။ နောင်တွင် သူမလည်း ဤကဲ့သို့ခြံဝင်းတစ်ခု ရလာလျှင် ကောင်းပေလိမ့်မည်။
ရှောင်းကော သူတို့အဖွဲ့ကို အိမ်ထဲသို့ ခေါ်သွားလိုက်သည်။ ချင်းအန့်မင်ကတော့ ကျွမ်းကျွမ်းကိုချီကာ အိမ်ခန်းမထဲတွင် ထိုင်နေပြီဖြစ်သည်။ လင်လုံနှင့် ဖူအာတို့သည် ရထားလုံးပေါ်မှ အစားအသောက်နှင့် မုန့်အချို့ကို ယူဆောင်လာသည်။ ၎င်းတို့တွေအား ခရိုင်မှနေ ဝယ်လာတာဖြစ်သည်။
"ဒါက အစ်မ ပထမဆုံးအကြိမ် ဒီကိုရောက်တာဖြစ်တဲ့အတွက်၊ အစ်မက ကျေးဇူးတင်ကြောင်းပြတာပါ"
ရူယီသည် ကောင်မလေးများထံမှ အထုပ်များကို အပြုံးဖြင့်ယူလိုက်ကာ ပစ္စည်းတွေကို စားပွဲပေါ်တင်လိုက်သည်။
“လူပဲ လာပါ။ ဘာလို့ ဒါတွေ ယူလာတာလဲ?"
ဖန်တစ်ရာတေနေသည့် လက်သုံးစကားတွေက ရှောင်းကောပါးစပ်မှ ထွက်လာသည်။
"ဒါတွေက ကျွမ်းကျွမ်း အတွက်ပါ။ ကလေးတွေအတွက် ဒီမုန့်တွေက သိပ်ပြီးစျေးမကြီးဘူး"
ရှောင်းကောလည်း ပြုံးကာ အထုပ်များကိုယူလိုက်ပြီ အိပ်ခန်းထဲတွင် ထားလိုက်သည်။
"ဘာဖြစ်လို့ဒီနေ့ နောက်ကျကြတာလဲ?"
ရှောင်းကော ပစ္စည်းတွေကိုထားလိုက်ပြီး အိမ်ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမ သူတို့အုပ်စုကိုကြည့်ကာ မေးလိုက်သည်။
“မပြောပါနဲ့တော့။ အစ်မတို့တွေ ဒီနေ့နေ့လယ် မတိုင်ခင် ထွက်လာတာလေ။ ခရိုင်ဂိတ်မှာ အတားခံရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ!"
ရူယီက ဒေါသတကြီးနှင့် ပြောလိုက်သည်။ သူတို့တွေ ပျော်ရွှင်စွာဖြင့် ထွက်ခွာခဲ့ကြသော်လည်း ခရိုင်အဝင်ဝသို့ ရောက်သောအခါ ရှေ့မတိုးသာတော့ဘဲ အတားခံလိုက်ရသည်။
တံခါးဝတွင် လူအုပ်ကြီးစုကာ ဆန္ဒပြနေကြသည်။ စစ်သည်တစ်ဖွဲ့က ခရိုင်အဝင်ဝကို စောင့်ကြပ်နေကြသည်။ ဆန္ဒပြသူတွေကတော့ အရိုက်နှက်ခံရတော့မှာပင်။
စစ်ဆေးမှုများနှင့် မှတ်ပုံတင်ခြင်းများ ပြုလုပ်ရန် လူတိုင်းဟာ သူတို့၏ လှည်းတွေပေါ်မှ ဆင်းလာရသည်။ ခရိုင်ဂိတ်ကနေ ထွက်လာဖို့ နှစ်နာရီလောက်ကြာသွားတော့သည်။
ထိုစကားကိုကြားသည့်အခါ သူမ အနည်းငယ် သိချင်လာမိသည်။ ဘာအတွက် အုတ်အော်သောင်းနင်းဖြစ်နေကြတာပါလိမ့်?
“လမ်းမှာ စစ်သားတွေ မြင်းတွေနဲ့ အုပ်စုလိုက် အများကြီး သွားနေကြတာ။ သူတို့က လူတွေနဲ့ တိုက်မိတာတောင် မရပ်ဘူး။ သူတို့ပုံစံက အရမ်းရန်လိုနေသလိုပဲ။ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့တဲ့ပုံပဲ"
လင်လုံက သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့နေသည့် အကြည့်ဖြင့် ဆက်ပြောလိုက်သည်။
"ဟုတ်တယ်။ ဒါက ဆောင်းဦးလယ်အချိန်လေ။ ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်မိသား" ရှောင်စွေ့က မဝံ့မရဲပြောလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ အထက်မှာ ဖြစ်ပျက်နေတာတွေက ငါတို့လိုသာမန်ပြည်သူတွေကို ထိခိုက်စေမှာ မဟုတ်ဘူး။ ငါတို့ဘာသာ စားသောက်နေရသရွေ့ ကျေနပ်တယ်" ဦးလေးရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
တခြားသူတွေလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ အရပ်သူအရပ်သားတွေအနေဖြင့် စား၊ သောက်၊ပျော်နေနိုင်သရွေ့ အဆင်ပြေသည်။ အဲဒါတွေက သူတို့နဲ့ ဘာမှမဆိုင်ပေ။
ခဏအကြာ စကားစမြည်ပြောပြီးနောက် ရူယီရဲ့ဗိုက်ကနေ အသံမြည်လာခဲ့သည်။
သူမ မရှက်ရသေးခင် တခြားသူတွေရဲ့ဗိုက်တွေကနေ တဟုန်ထိုးအသံမြည်လာသည်။
ချင်းအန့်မင်တောင် ဗိုက်ဆာသလို ခံစားနေရသည်။ သူက ရှောင်းကောကို မျက်လုံးထဲတွင် မျှော်လင့်ချက် တလက်လက်ဖြင့် ကြည့်လိုက်သည်။
စောစောထွက်လာရန်အတွက် သူတို့သည်မနက်စာမစားဘဲ မနက်စောစောတွင် ပါဝင်ပစ္စည်းတွေကို စတင်ပြင်ဆင်ခဲ့ကြသည်။ ထို့နောက် နေ့လည်ပိုင်းတွင် ခရိုင်ဂိတ်၌ကြန့်ကြာသွားခဲ့သေးသည်။ အခက်အခဲများစွာဖြင့် နောက်ဆုံးတွင် ၎င်းတို့ ခရိုင်မှထွက်ခွာလာနိုင်ကာ ရှောင်းကောတို့အိမ်ကို ရောက်လာကြသည်။ ယခုအချိန်တွင် မည်သူမျှ ဆာလောင်တာကို မခံနိုင်ကြတော့ပေ။ တွေးကြည့်ပါက သူတို့ တစ်နေ့လုံး ဘာမှမစားရသေးပေ။ အခုအချိန်အထိ သူတို့ အတော်လေး သည်းခံနိုင်ခဲ့သည်။
ရှောင်းကောလည်း အခန်းတွင်းရှိလူတိုင်း၏မျှော်လင့်မှုတွေကြောင့် အနည်းငယ် ပျော်ရွှင်သွားမိသည်။ သူမတွင် အစားအသောက်တွေအား ပြင်ဆင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွေအနှေးနဲ့အမြန် စားကြမှာပင်။
"ထမင်းစားဖို့ပြင်ကြတာပေါ့!"
ရှောင်းကောလက်ကို ဝှေ့ယမ်းလိုက်တော့ အားလုံး ရွှင်မြူးသွားကြတော့သည်။ စားသောက်ဖို့ချိန်ရောက်ပြီ!
ရူယီက ဦးဆောင်ကာ ရှောင်းကောအနောက်ကနေ မီးဖိုချောင်ဆီ လိုက်သွားကြသည်။ ချင်းအန့်မင် ကျွမ်းကျွမ်းကို အောက်ချလိုက်ကာ သူမီးမွှေးနေသည့်အချိန် သူ့အား ဦးလေးရှူနှင့် ပေးကစားနေစေလိုက်သည်။
အချိန်တိုလေးအတွင်းမှာပင် ချင်းအန့်မင် မီးမွှေးလိုက်သည်။ ရှောင်းကောက လက်တစ်ဆုပ်စာ သိုးသားသီတံတွေကို ချင်းအန့်မင်အား ကမ်းပေးလိုက်သည်။
ချင်းအန့်မင်က အပြင်ဘက်တွင် သီတံများကိုကင်နေကာ ရူယီကတော့ ကောင်မလေးတွေနှင့် မီးဖိုချောင်တွင် ကူညီပေးနေသည်ကြောင့် ရှောင်းကောမှာ ဘာမှလုပ်စရာသိပ်မရှိတော့ပေ။
သူမ ပန်းကန်ရှစ်လုံးထုတ်လိုက်ကာ ပန်းကန်လုံးထဲသို့ ဇီးသီးချဥ်ဟင်းရည်ကို လောင်းထည့်လိုက်သည်။
ဇီးသီးချဥ်ဟင်းရည်ကို လတ်လတ်ဆတ်ဆတ် လောင်းထည့်ထားသည်ကြောင့် အရသာရှိကာအေးနေသေးသည်။ ရူယီသည် မီးဖိုချောင်ထဲမှ အိမ်ထဲသို့ဝင်ကာ ပန်းကန်လုံးတစ်လုံးမှ တစ်ငုံသောက်လိုက်သည်။
“အရသာရှိလိုက်တာ!”
ရူယီမျက်လုံးတွေ တောက်ပလာသည်။ သူမသည် ချိုချဉ်အရသာရှိသည့် သောက်စရာတွေကို သဘောကျသည်။
ရှောင်းကော အိုးကိုချလိုက်ကာ ချက်ခြင်း ပင်လုံးကြိုင်ပန်းဝိုင်အကြောင်း တွေးလိုက်မိသည်။ အခုဆို ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီဖြစ်သည်။ ၎င်းဝိုင်အား ဖွင့်ရန်အချိန်ကျပြီဖြစ်သည်။
ရှောင်းကော အိမ်ထဲပြန်ဝင်လာကာ သူမဝယ်ထားသည့် မုန့်တွေနှင့် သူမလုပ်ထားသည့် လမုန့်တွေကို ထုတ်လိုက်သည်။ အားလုံးကို စားပွဲပေါ်တင်လိုက်ကာ အပြင်ကို ပြန်ထွက်သွားပြန်သည်။ သူမသည် ဆေးဘဲဥတွေကိုထုတ်ကာ ပန်းကန်တစ်လုံးတွင် ထည့်ထားလိုက်ပြီး မီးဖိုချောင်ဆီ သွားလိုက်သည်။ ထို့နောက် ဆေးဘဲဥတွေအား ထမင်းစား စားပွဲဆီ ယူလာလိုက်သည်။
သူမသည် ခရမ်းချဉ်သီးအချို့ကို ခူးကာ သကြားဖြူဖြင့် နယ်လိုက်သည်။
ဟင်းလျာများကို ခင်းကျင်းပြီးသည့်အချိန် ချင်းအန့်မင်လည်း သိုးသားသီတံတစ်ဝက်လောက် ကင်ပြီးသွားပြီဖြစ်သည်။ ရူယီမှာ မီးဖိုချောင်ထဲမှ နောက်ထပ် သီတံများကို ထုတ်ရင်း အလုပ်ရှုပ်နေသည်။ လင်လုံနှင့် ဖူအာတို့မှာ အိမ်တွင်း၊အိမ်ပြင်ကူညီပေးကြသည်။ ရှောင်စွေ့နှင့် ဦးလေးရှုတို့လည်း သိုးသားတွေကို ကင်ပေးကာ နှပ်ထားသည့်အရည်တွေသုတ်ပေးကြသည်။
မီးဖိုက တော်တော်ရှည်သည်ကြောင့် လူသုံးယောက်ထိုင်ဖို့ နေရာအလုံအလောက်ရှိသည်။
နောက်ဆုံးတော့ ရှောင်းကောသည် အရေအတွက်တွေရဲ့ ခွန်အား ဆိုသည်ကို နားလည်လိုက်သည်။
အမွှေးအကြိုင်ခတ်ထားသည့် သီတံထိုးအသားကင် တစ်ဝက်လောက်ကို စားပွဲပေါ်တွင်ထားထားသည်။ ရှောင်းကောက လူတိုင်းကို စစားရန် ခေါ်လိုက်သည်။ ချင်းအန့်မင် သီတံတွေအားလုံးကင်ပြီးသည်အထိ စောင့်ရန် သူမအားပြောလိုက်သည်။
ရှောင်းကောလည်း ခေါင်းညိတ်သဘောတူလိုက်သည်။ အားလုံးကင် ပြီးသည်နှင့် အားလုံး အတူတူစားလို့ရပြီဖြစ်သည်။ ထိုသို့ဆိုပါက အကင်တွေအား မည်သူမျှစောင့်နေရန်မလိုတော့ပါချေ။
အစားအသောက်တွေ အေးသွားလျှင် ပြန်နွှေးလို့ရသည်။
ရှောင်းကောလည်း အကင်ကင်သည့်အဖွဲ့တွင် ပါဝင်လာကာ မကြာမီမှာပင် အားလုံးကို ကင်ပြီးသွားတော့သည်။ ကောင်းကင်တွင်မှောင်လာကာ ခြံဝင်းထဲရှိ မီးတောက်မှာ လင်းထိန်နေသည်။ အိမ်အတွင်းရှိ ဖယောင်းတိုင်မီးဟာလည်း နွေးထွေးသည့် အလင်းရောင်ကို ပေးစွမ်းနေသည်။
အားလုံး စားပွဲဝိုင်းတွင် ဝိုင်းဖွဲ့ကြလိုက်ကြသည်။ လမုန့်တွေ၊ သရေစာမုန့်တွေနှင့် အအေးပန်းကန်လုံးများကို စားပွဲအလယ်တွင် ချထားသည်။ သူတို့ပတ်ပတ်လည်တွင် အကင်သီတံများကို စီထားသည်။
ရှောင်းကောက ပင်လုံးကြိုင်ပန်းဝိုင်ကို ထုတ်လိုက်သည်။ "အားလုံး အာရုံစိုက်ပေးကြပါ! ပင်လုံးကြိုင်ပန်းဝိုင်ကို ခဏနေကျရင် တည်ခင်းတော့မှာ ဖြစ်ပါတယ်!"
ထိုသို့ပြောပြီးနောက် ရှောင်းကောက သူမလက်နှင့်တွန်းကာ ပုလင်းအဖုံးကိုဖွင့်လိုက်သည်။ လတ်ဆတ်သည့် ပန်းရနံ့ဟာ လေထဲတွင် လွင့်ပျံသွားတော့သည်။
လူတိုင်းက မနေနိုင်ဘဲ စူးစူးဝါးဝါးအော်လိုက်ကြသည်။
ပန်းရနံ့ဟာ ဝိုင်၏ရနံ့နှင့် ရောစပ်နေ၏။ ဝိုင်သောက်စရာတောင်မလိုဘဲ ရနံ့ ကမွှေးပျံ့နေသည်။
ရှောင်းကောသည် ကျွမ်းကျွမ်းမှလွဲကာ လူတိုင်းအတွက် တစ်ခွက်စီ လောင်းထည့်ပေးလိုက်သည်။ ကျွမ်းကျွမ်းက အရသာကို အရမ်းသိချင်နေခဲ့သည်။ ရှောင်းကောသတိမထားမိသည့်အချိန်တွင် သူ သူမ၏ပန်းကန်လုံးကို သီတံနှင့်လှမ်းဆွဲကာ အရသာခံဖို့ ကြိုးစားလိုက်သည်။
အဆုံးမှာတော့ ရှောင်းကောမှာ သူ့ရဲ့လှည့်ကွက်လေးတွေကို မြင်သွားပြီး ဇီးသီးချဥ်ဟင်းရည်တစ်ခွက်သာ တိုက်လိုက်သည်။
သူတို့အဖွဲ့တွေ ရယ်မောက စကားစမြည်ပြောကြသည်။ အကင်တွေ အေးသွားသည့်အခါ သူတို့က အပူပြန်ပေးကြသည်။ အစားအသောက်တွေက ညဉ့်နက်မှ ကုန်သွားတော့သည်။ စားသောက်နေရင်းတစ်ဝက်တွင် သူတို့က လကိုရှုစားရန် စားပွဲတွေကို ခြံဝင်းထဲ ရွှေ့လိုက်ကြသည်။
ဝိုင်သောက်ရင်း လကို ရှုစားကြသည်။
လမင်းကြီးဟာ ကောင်းကင်ယံ၌ တစ်ကိုယ်တည်း တည်ရှိနေ၏။