အခန်း (၁၀၄)
Vol. 7 Ch. 104
"ဒီနေ့ လက တော်တော်ကြီးပြီး ပြည့်နေတာပဲ!"
ကျွမ်းကျွမ်းသည် ကောင်းကင်ယံတွင် တောက်ပနေသည့် လကို မော့ကြည့်လိုက်သည်။
ဤသည်ကို လူတိုင်းကြားသည့်အခါ မော့ကြည့်လိုက်ကြသည်။
တကယ်ကို၊ လက လင်းထိန်နေ၏။
"လက ဆောင်းဦးလယ်ပွဲတော်ပြီးရင်တောင် အမြဲပြည့်နေတာ"
ရူယီ လကိုကြည့်ကာ ပြုံးရင်းပြောလိုက်သည်။ ဒါကို သူမအဖေ ပြောပြဖူးတာပင်။ မနှစ်တုန်းကတောင် သူမနဲ့အတူ ဆောင်းဦးလယ်ပွဲတော်ကို သူဖြတ်သန်းခဲ့သေးသည်....
လူတိုင်းက သဘောတူကြသည်။ ကျွမ်းကျွမ်းသာလျှင် နားမလည်ဖြစ်နေသည်။ မနက်ဖြန်ကျရင် လက ပိုပြည့်လာမယ်ဆိုတာ ဘယ်လိုသိတာလဲ?
ချင်းအန့်မင် လကိုမော့ကြည့်ကာ မျက်လုံးတွေ တဖျပ်ဖျပ်လှုပ်ရှားသွားသည်။
'မနှစ်က ငါ ဘယ်လိုနေခဲ့ပါလိမ့်? အိုး၊ အိမ်မှာ ရေနှစ်ခွက်သောက်ပြီးတော့ အိပ်ပျော်သွားတယ်ထင်တယ်'
ချင်းအန့်မင် ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ ငါးနှင့် ဟင်းသီးဟင်းရွက်များကို မှင်သက်စွာဖြင့် ကြည့်လိုက်သည်။
ဦးလေးရှုလည်း လကို မော့ကြည့်လိုက်သည်။ ကောင်းကင်ဘုံမှာ ဘယ်နှနှစ်လောက်ရှိပြီလဲလို့ သူ တွေးလိုက်မိသည်။
'ဟင်း၊ ငါအနားယူလိုက်တဲ့အခါကျရင် အခြေချဖို့နေရာရှာနိုင်ပါ့မလားလို့ တွေးမိတယ်'
ရှောင်စွေ့လည်း ငါးကိုတစ်ကိုက်ကိုက်ကာ လကို ကြည့်လိုက်သည်။ မဝေးတော့သည့်အနာဂတ်တွင် သူမဘယ်မှာရှိနေလောက်မလဲဆိုတာမသိပေ။
လင်လုံနှင့် ဖူအာတို့လည်း တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်လိုက်ကာ လက်ကိုင်ရင်း လကိုကြည့်လိုက်သည်။ 'နှစ်တိုင်း ငါတို့အတူတူရှိခွင့်ရတာ အရမ်းကောင်းတာပဲ။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ ငါတို့တွေက တစ်ယောက်အနားမှာ တစ်ယောက်ရှိတယ်'
ရှောင်းကော လကို မော့ကြည့်လိုက်ကာ သူမမျက်လုံးတွေထဲ လရောင်က ရောင်ပြန်ဟပ်နေသည်။ ဒီလို ကြီးပြီးလှပတဲ့လကြီးကို သူမ မမြင်ခဲ့ရတာ ကြာလှပြီ...
အားလုံးမစားကြတော့ဘဲ ကောင်းကင်ကိုသာ ငေးမောကြည့်နေကြတာကိုမြင်တော့ ကျွမ်းကျွမ်းလည်း သိချင်စိတ်နဲ့ မော့ကြည့်လိုက်သည်။ ဟုတ်တာပဲ၊ လက တကယ်လှတာ၊ ဒါပေမဲ့...
"မေမေ၊ သား ငါးစားချင်သေးတယ်"
ကျွမ်းကျွမ်းရဲ့ ကလေးဆန်ဆန် အသံလေးက လူတိုင်းကို သူတို့ရဲ့ အတွေးတွေဆီကနေ နှိုးလိုက်သည်။ အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြရင်း စိုးရိမ်ပူပန်မှုတွေကို ခေတ္တဘေးဖယ်ထားလိုက်ကြသည်။
ချင်းအန့်မင်လည်း ကောင်လေးရဲ့တောင်းဆိုမှုကို တုံ့ပြန်ကာ ရယ်မောလိုက်သည်။ သူ ငါးအသားတစ်ပိုင်းကို ယူလိုက်ကာ အရိုးနွှင်လိုက်သည်။ ထို့နောက် ကျွမ်းကျွမ်းအား ငါးကျွေးလိုက်သည်။
ကျွမ်းကျွမ်း တစ်ကိုက် ကိုက်လိုက်ကာ ရှောင်းကောဘက်လှည့်ရင်း ဝက်အူချောင်းတောင်းလိုက်သည်။
ကျွမ်းကျွမ်းဆီကနေ အာရုံပြောင်းခံလိုက်ရတာမို့ လူတိုင်း သူတို့တွေးနေတဲ့ဟာတွေကို မေ့သွားကြတော့သည်။သူတို့တွေ အသားကင်စားရင်း ရယ်မောကာ စကားစမြည်ပြောနေကြသည်...
ခရိုင်တွင်
တစ်ချိန်က ပြိုးပြိုးပြက်ပြက်နှင့် ကြီးကျယ်ခမ်းနားခဲ့သည့် ခန်းမဆောင်ကြီးဟာ ယခုအခါတွင်တော့ အလောင်းများဖြင့် ပြည့်နှက်နေ၏။
လရောင်အောက်တွင်၊ စန္ဒာလမင်းပုလ္လင်ယစ်ပူဇော်ပွဲဟာ တိတ်ဆိတ်နေပုံရသည်။
သွေးများစွန်းထင်းနေသည့် နန်းတော်ကြမ်းပြင်ပေါ်တွင် အဝါရောင်သဏ္ဍာန်က ပလ္လင်တော်ပေါ်၌ ထိုင်နေပုံမှာ အရိပ်ထင်နေ၏။ ၎င်းဟာ သစ်ရွက်တစ်ရွက်လို တုန်ရီနေ၏။
သူ့ပတ်ဝန်းကျင်တွင် သူ့ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေရဲ့ အလောင်းတွေ ရှိနေသည်။ အလောင်းများမှ သွေးတွေဟာ သူ့ခြေရင်းဆီ စီးကျလာသည်။ မူထို့သည် အဝေးတစ်နေရာမှာထိုလူကို အဝေးမှ လှမ်းကြည့်လိုက်ကာ သူ့မျက်လုံးတွေထဲတွင် ကြောက်ရွံ့စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေသည်။
“မင်း၊ မင်း၊ မင်း…”
သူစကားပြောဖို့ကို မထိန်းနိုင်ဖြစ်နေကာ အဲ့ဒီစကားလုံးအနည်းငယ်မှလွဲ၍ တခြားဘာမှ မပြောနိုင်တော့ပေ။
ရှောက်ကျန့်သည် အဝေးမှနေ လူသေအလောင်းတွေကို ဖြတ်ကျောက်ကာ နီးကပ်လာသည်။ သူသည် ဧကရာဇ်မင်းထံ လျှောက်သွားကာ လူအိုကြီးအား ခေါင်းမှ ခြေဖျားအထိ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းတွေ အနည်းငယ် လှုပ်ရှားသွားကာ သူပြောလာသည်။
“ခင်ဗျားက ဒီလိုမျိုးအရှုံးသမားပဲ"
အဲ့ဒီတုန်းကရော အခုရော။
မူထို့သည် နှစ်မီတာအကွာတွင် ရပ်သွားသည့် ပုံရိပ်ကိုကြည့်လိုက်ကာ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ သူ့အသွေးတွေ အသားတွေကို စားပြီးတော့ ဘယ်လိုလုပ် သူ့ကိုပြန်ခုန်အုပ်ချင်နိုင်ရတာလဲ?
သို့ပေမယ့် သူ့ဘေးမှာ အမြဲစောင့်ကြပ်နေတတ်သည့်သူကို သူကြောက်သည်။
ကျန်းတန်းဟယ်၏ ချပ်ဝတ်တန်ဆာသည် သွေးတွေဖြင့် လွှမ်းနေသည်။ သွေးတွေက သူ့ချပ်ဝတ်တန်ဆာမှ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားကာ သူခြေလှမ်းတိုင်း သွေးစွန်းနေသည့် ခြေရာတွေကို ချန်ရစ်ထားကြသည်။
ဒါတောင် ရှောက်ကျန့်နားမှာ စောင့်ကြပ်နေတဲ့ သူ့မျက်လုံးတွေထဲရှိ ဆုံးဖြတ်ချက်ဟာ ခိုင်မာနေဆဲပင်။ သူက သူ့ရဲ့သွေးစွန်းနေတဲ့ ဓားကို မူထို့ဆီပြလိုက်သည်။
မူထို့သည် သူ့အား လာကယ်တင်ရန် သူလျှို့ဝှက်လေ့ကျင့်ထားသည့် စစ်တပ်ရောက်လာမည့်အချိန်ကိုစောင့်ရန် အချိန်ဆွဲဖို့ ကြိုးစားလိုက်သည်။ သူ့ရဲ့ ကောင်းမွန်တဲ့ အကြံအစည်တွေဟာ ဒီလူရဲ့အကာအကွယ်ကို မဆန့်ကျင်နိုင်လောက်မှန်း သူတကယ် မမျှော်လင့်ထားမိပေ။ စောစောကသာ သိခဲ့ရင် သူ့ကိုသူ့နားမှာ ထားမိမှာမဟုတ်ပေ!
ရှောက်ကျန့်အနေနှင့် သူဘာတွေ တွေးနေလဲဆိုတာကို ပြောနိုင်ကာ တကယ်ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ ဒီလို တုံးအအနဲ့လူက နန်းတော်တစ်ခုလုံးကို ဘယ်လို ဖျက်စီးနိုင်ခဲ့လဲဆိုတာ သူ သိချင်မိသွားသည်။
"ကောင်းပြီ၊ မစောင့်နဲ့တော့။ သွားကြရအောင်"
ဒီစကားတွေက ကျန်းတန်းဟယ်ကို ပြောနေတာပင်။
ရှောက်ကျန့်၏ မျက်လုံးတွေထဲ စိတ်ပျက်ခြင်းတွေဖြင့် ပြည့်နှက်နေသည်။ ဒါက ပျင်းစရာကောင်းလာတယ်လို့ သူခံစားရသည်။ သူ့အချိန်တွေကို ဖြုန်းဖို့မတန်တဲ့ ဒီလူဆီမှာ အချိန်တွေမဖြုန်းချင်တော့ပေ။ သူသွားရမယ့်လမ်းကိုပဲ ပို့ပေးလိုက်သင့်သည်။
ကျန်းတန်းဟယ်လည်း အမိန့်ကိုနာခံကာ ဓားတစ်ချက်ဝင့်လိုက်ပြီး ထိုလူ၏ အသက်ကိုနှုတ်ယူရန် ရှေ့တိုးလာသည်။ ထိုအခိုက်တွင် မုထို့သည် သူအားလုံးဆုံးရှုံးသွားပြီမှန်း သိလိုက်ရသည်။ သူ့ဂုဏ်ပုဒ်ကိုတောင် ဂရုမစိုက်အားတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခယတောင်းပန်တော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးဝတ်ရုံဟာလည်း ဖရိုဖရဲတွေဖြစ်ကာ သွေးတွေ စွန်းထင်းသွားတော့သည်။ သူ့တစ်ကိုယ်လုံးတွင် အသက်မဲ့နေသည့် အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့သည်။
ထိတ်လန့်တုန်လှုပ်နေသည့်လူဟာ သူ၏ပုံမှန်ရှိနေကျ စိတ်ကြီးဝင်မှုတွေ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။
ရှောက်ကျန့် သူ့ကိုဒီလိုမြင်တော့ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတကယ် စိတ်ပျက်မိသည်။ ဒီလူဟာ ကလဲ့စားချေထိုက်သူဟု သူမထင်ခဲ့မိသည်။ ဤလူဟာ ထိုမျှလောက်ထိ အရည်အချင်းမရှိသူဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။ ရှောက်ကျန့် ရင်ထဲ စိတ်ပျက်မှုတွေဖြင့် ပြည့်နှက်သွားတော့သည်။
သူ စိတ်မရှည်တော့ဘဲ ကျန်းတန်းဟယ်ကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းတန်းဟယ်လည်း အချက်ပြတာကိုရလိုက်ကာ ထိုလူ၏ လည်ကို လှီးဖြတ်လိုက်သည်။
မူထို့ လဲကျသွားသော်လည်း သူတောင့်တနေသည့် နဂါးပလ္လင်ပေါ်တွင်သာ သူ့အကြည့်တွေက တည်မြဲနေ၏။ အချိန်ခဏလောက် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သူအသက်ရှုရပ်သွားတော့သည်။ သူ့မျက်လုံးတွေထဲ နောင်တတရားတွေဖြင့် ပြည့်နှက်နေသည်။ အဲ့ဒီတုန်းက သူ ရှောက်ကျန့်ကိုသာ သတ်ခဲ့ရင်.....
ခန်းမဆောင်ထဲရှိ အလောင်းတွေမှ သွေးညှီနံ့တွေ ထွက်နေ၏။ ကျန်းတန်းဟယ် အသက်ရှုသွင်းလိုက်ကာ ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ ရှောက်ကျန့်လည်း ခန်းမဆောင်ထဲမှ ထွက်လာလိုက်သည်။
အပြင်မှာရှိသည့် ၀န်ကြီးတွေအားလုံး မြေပေါ်ဗိုက်ထိမတတ်ဝပ်တွားနေကြသည်။ လူတိုင်းတွင် သူတို့ကို ချိန်ထားကြသည့် သွေးတွေလွှမ်းနေသည့် ဓားတစ်လက်စီရှိနေကြသည်။
သူတို့တွေကို အလောင်းတွေ ဝိုင်းထားကြသည်။ အလောင်းတွေထဲတွင် နန်းတော်အစေခံတွေ၊ မိန်းမစိုးတွေ၊ ကိုယ်လုပ်တော်တွေ၊ ဝန်ကြီးတွေနှင့် မူထို့၏ စစ်ကူစစ်သည်တွေ ပါဝင်ကြသည်။
လူတိုင်းရဲ့မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့နေကြသည့်အကြည့်တွေရှိနေ၏။ သူတို့မသေခင် ကြောက်စိတ်တွေပြည့်နေတယ်ဆိုတာ သေချာပေါက်ပင်။
၀န်ကြီးတွေက မြေပြင်ပေါ်တွင် ဝပ်တွားထားကြကာ မော့မကြည့်ရဲကြပေ။ ဒီခရီးစဉ်မှာ သူတို့အသက်တွေဆုံးရှုံးလိမ့်မယ်ဆိုတာ ဘယ်သူက သိမှာလဲ? လူတိုင်းက တရားရုံးတော် ညီလာခံသတင်းကို ရပြီးနောက် အိမ်မှ ရုံးတော်၀တ်ရုံများဝတ်ကာ အပြေးအလွှားရောက်လာကြတာဖြစ်သည်။ သူတို့ နန်းတော်ထဲရောက်သည်နှင့် ဖမ်းကာ ဒီကို ပို့လိုက်ကြ၏။
မရေမတွက်နိုင်သည့် လူတွေဟာ သူတို့မျက်စိရှေ့တွင် သေဆုံးသွားကြသည်။ ရုန်းကန်ပါက သတ်ပစ်မည်ပင်။
နောက်ဆုံးတွင် ကျန်လူများ ငြိမ်သက်သွားကြတော့သည်။ ရုန်းကန်ဖို့ရော စကားပြောဖို့ပါ မရဲကြတော့ပေ။ အကြောက်ကြီးသည့် အရပ်ဘက်အရာရှိတချို့ဆို သူတို့၏ ဆီးအိမ်ကို အကြာကြီးမထိန်းထားနိုင်ကြပေ။ ဒါတောင်မှ သူတွေဟာ လှုပ်ရှားမှုသေးသေးလေးတောင် မလုပ်ရဲကြပေ။ သူတို့ရဲ့ ဆီးတွေဟာ သူတို့ရဲ့အဝတ်အစားတွေမှ မြေပြင်ပေါ်ကို စီးကျသွားကြသည်။
ထိုအချိန်တွင် သူတို့အားလုံး မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေကြရသည်။ ရံဖန်ရံခါ တုန်ရီသွားကြသည့် သူတို့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက အလောင်းတွေနှင့် သူတို့ကြားရှိ ကွာခြားချက်ကိုပြောဖို့ ခက်လှသည်။
ရှောက်ကျန့် လူအုပ်ကို ကြည့်လိုက်ကာ သူတို့နှင့် မည်သို့ ရင်ဆိုင်ရမည်ကို တွေးလိုက်သည်။
ဤလူများ အားလုံးက သူ့ကို လက်မခံကြသေးသည့် ဝန်ကြီးတွေပင် ဖြစ်သည်။ သူ သူတို့ကို သတ်လိုက်သင့်လား? အသက်ရှင်ခွင့်ပေးလိုက်သင့်လား?
ကျန်းတန်းဟယ်သည် ဘေးနားတွင် ရပ်ကာ မည်းမှောင်နေသည့် အမူအရာဖြင့် ငုံ့ကြည့်နေသည်။ သူ သတ်ဖြတ်ရတာနှင့် အသားကျနေသော်လည်း အဆင်မပြေဖြစ်နေတုန်းပင်။ ကံကောင်းထောက်မစွာဖြင့် သတ်ဖြတ်ရမှာတွေက ပြီးတော့မည်ပင်။
ဒီညကို သူဖြတ်ကျော်ပြီးပါက အိမ်ပြန်ကာ တစ်သက်လုံး ဤနေရာနှင့် ဝေးဝေးတွင် နေနိုင်ပြီဖြစ်သည်။
ရှောက်ကျန့်က နှုတ်ဆိတ်နေသည်။ မြေပြင်ပေါ်တွင် ဝပ်တွားနေကြသည့် ဝန်ကြီးတွေကတော့ သူဘာတွေးနေမှန်း မပြောနိုင်ပေ။ ကုန်ဆုံးသွားသည့် နာရီတိုင်းတွင် သူတို့ ဒုက္ခရောက်ကြရသည်။ သူတို့ မသေချင်သေးပေ။ သူတို့သာသိခဲ့လျှင် သူ့ကိုအရင်ကတည်းက ထောက်ခံခဲ့ကြမည်ပင်။
သူတို့အနားရှိ ငွေရောင်ဓားတွေဟာ ကျားတစ်ကောင်လို ခက်ထန်နေ၏ — သူတို့ကို အချိန်မရွေး ခုတ်ပိုင်းပစ်လိုက်မည့်ပုံပင်။
ဤအခိုက်အတန့်တွင် သွေးများ လွှမ်းနေသည့် လီရှို့ကျီသည် ကျန်းတန်းဟယ် နံဘေးသို့ ရောက်လာပြီး တစ်စုံတစ်ခုကို ပြောလိုက်သည်။
ကျန်းတန်းဟယ် ခေါင်းညိတ်ပြလိုက်ကာ ရှောက်ကျန့်နားကို လျှောက်သွားလိုက်သည်။ “အရှင်၊ မြို့ပြင်က စစ်သည်တွေကို အကုန်ရှင်းပစ်ပြီး ကျွန်တော်တို့ လူတွေနဲ့ အစားထိုးပြီးပါပြီ။ ဒီဝန်ကြီးတွေပဲ ကျန်ပါတော့တယ်”
ရှောက်ကျန့်က သူသဘောပေါက်ကြောင်းပြကာ ခေါင်းညိတ်ပြလိုက်သည်။ သူ အောက်ရှိ ဝန်ကြီးတွေကို ဂရုမစိုက်သလို ကြည့်ကာ ထိုခဏ၌ပင် စိတ်ပိုင်းဖြတ်လိုက်သည်။
ကျန်းတန်းဟယ် သူ့မျက်လုံးတွေကို ကြည့်ကာ ထိုဝန်ကြီးတွေ၏ ကံကြမ္မာကို သဘောပေါက်လိုက်သည်။ သူ့ရင်ထဲ တင်းကျပ်သွားရသည်။ သူတို့တွေ မလွတ်မြောက်တော့မည့်ပုံပင်။
ချက်ချင်းပင် အော်ဟစ်သံများက နန်းတော်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။ ခြွင်းချက်မရှိ၊ သူတို့အားလုံး အသတ်ခံလိုက်ရသည်။
တစ်ညအပြီးတွင် နန်းတော်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ အလောင်းများကို လှည်းများဖြင့် တွင်းထဲသို့ ထည့်ခံလိုက်ရသည်။ အလောင်းပုံရှိ ထိပ်ဆုံးတွင် မူထို့၏အလောင်းရှိနေသည်။ အလောင်းတွေအား ဆီလောင်းကာ မီးရှို့လိုက်သည်။ ချက်ခြင်းပင် လူသေအလောင်းများဆီမှ အနက်ရောင် မီးခိုးတွေ ထွက်လာတော့သည်။
သုံးရက်လောက် မီးရှို့ခဲ့ရသည်။
နောက်သုံးရက်ကြာသည့်အခါ နန်းတော်သည် မူလအခြေအနေသို့ အမြန်ပြန်ရောက်လာတော့သည်။ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့် ရှောက်ကျန့်သည် နဂါးဝတ်ရုံကို ၀တ်ထားသည်။
"ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ"
ရှောက်ကျန့် ပြုံးကာ အားလုံးကို ဖိနှိပ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ကျွန်ုပ်ရဲ့ဝန်ကြီးတွေ ကျေးဇူးပြုပြီးထကြပါ”