← Chapters

မြေခွေးအိုကြီး

Vol. 20 Ch. 192

မြေခွေးအိုကြီး

Vol. 20 Ch. 192

ထိုအဓိပ္ပာယ်မရှိသော သီချင်းသံကြောင့် တင်းမာနေသော အခြေအနေမှာ ရုတ်တရက် ရပ်တန့် သွားသည်။

ရှေ့ဆုံးတွင် ရပ်နေသော ဝမ်ရှိုယီမှာ တစ်ချက်တုန်သွားပြီး မျက်နှာနှင့် မြေကြီး စိုက်မတတ် ဖြစ်သွားခဲ့သည်။

သူက ချန်ဟွိုက်အန်နှင့် အခြားသူများဘက်သို့ လှည့်ကာ ဒေါသတကြီး စိုက်ကြည့်ရင်း အော်လိုက်သည်။

“ခင်ဗျားတို့ ဘာလို့ အခုထိ ဒီမှာ ရှိနေသေးတာလဲ။ အသေခံချင်နေကြတာလား...”

“ကျွန်မတို့က မိစ္ဆာနှိမ်နင်းသူဗျူရိုကပါ...”

ကျောက်ရင်းက သူ၏ အကြည့်ကို အရိုးကြွေထည်မယ်တော်ထံမှ ဝမ်ရှိုယီဆီသို့ လွှဲလိုက်ပြီး သူ့ကို အကဲခတ်လိုက်သည်။

“မိစ္ဆာတွေကို နှိမ်နင်းပြီး ပြည်သူတွေ ဘေးကင်းဖို့ လုပ်ဆောင်တာက ကျွန်မတို့ရဲ့ တာဝန်ပဲ။”

“မိစ္ဆာနှိမ်နင်းသူဗျူရိုလား။ ခင်ဗျားတို့အကြောင်း ကြားဖူးပါတယ်။”

ဝမ်ရှိုယီက အင်္ကျီလက်ထဲမှ တွန့်ကြေနေသော အဆောင်နှစ်ခုကို ထုတ်လိုက်ရင်း လေးနက်သော လေသံဖြင့် ဆိုသည်။

“ဒါပေမဲ့ ဒီအရိုးကြွေထည်မယ်တော်က ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ သိရော သိရဲ့လား။ အခြေခံအုတ်မြစ်အဆင့် အလယ်အလတ်ပဲ။ ခင်ဗျားတို့ရဲ့ ဗိုလ်ချုပ်အဆင့်တွေက ချီသန့်စင်ခြင်း အလယ်အလတ်ကနေ အထွတ်အထိပ်လောက်ပဲ ရှိတာ။ ဒီအရိုးကြွေထည် မယ်တော်က တပ်မှူးအဆင့်နဲ့ ဘုရင်အဆင့်ကြားမှာ ရှိနေတာ။ ခင်ဗျားတို့က သူရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါကို သိရက်နဲ့... တကယ်ပဲ ဆက်တိုက်ချင်နေတုန်းလား။”

မည်သူမျှ ပြန်မဖြေကြ။ သို့သော် ဝမ်ရှိုယီကတော့ သူတို့အားလုံးက သူ့နောက်ကွယ်တွင် မယိုင်မလဲ ပြတ်ပြတ်သားသား ရပ်တည်နေကြသည်ဟု ထင်မြင်သွားသည်။ သူ့မျက်ဝန်းများမှာ ခံစားချက်များကြောင့် စိုစွတ်လာရ၏။

ဒါ... ဒါက လူသားဆန်မှုပဲ။ မျှော်လင့်ချက် မရှိမှန်း သိနေတာတိုင် သူတို့က နတ်ဘုရားများနှင့် တစ္ဆေများကို ဓားမြှောက်၍ ရင်ဆိုင်ရဲကြသေးတယ်။

ငါ့လူမျိုးတွေအတွက် ဂုဏ်ယူလိုက်တာ...

ဒီနေ့ သေရမယ် ဆိုရင်တောင် လူသားမျိုးနွယ်ဝင်တွေ ထွက်ပြေးဖို့ အခွင့်အရေးရအောင် ဒီအရိုးကြွေထည် မယ်တော်ကို တားဆီးထားပေးရမယ်...

“ရှင်ပြောတာ လုံးဝမှန်တယ်...” ရုတ်တရက် နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ဝေးကွာသွားသည်။ “ဒါဆို ဒီအရိုးကြွေထည်မယ်တော်ကို ရှင်ပဲ တာဝန်ယူလိုက်တော့။ ကျွန်မတို့ နောက်တန်းကနေ အားပေးနေမယ်။”

ဝမ်ရှိုယီ ခေါင်းကို ဝှေ့ယမ်းကြည့်လိုက်ရာ ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးထွက်သွား၏။

“တရားမျှတသောသူရဲကောင်းများ”ဟု သူ ထင်ထားသူများသည် ပတ်ဝန်းကျင်က အရိုးကြွေထည် မိန်းကလေးများကို ရှင်းလင်းပြီးနောက် အဝေးသို့ လှည့်ထွက်သွားကြပြီ ဖြစ်သည်။

“..အဟက်”

ဝမ်ရှိုယီ ခါးသီးစွာ ရယ်မောလိုက်သည်။

ရပါတယ်။ ဒါက ငါ ဖြစ်စေချင်တဲ့အတိုင်းပဲလေ။ သူတို့ ဘေးကင်းရာကို ထွက်သွားဖို့ပဲ။

သူက အရိုးကြွေထည် ဗောဓိသတ္တဘက်သို့ ပြန်လှည့်လိုက်စဉ် မျက်ဝန်းထဲမှ ဝမ်းနည်းရိပ်များ ပျောက်ကွယ်သွားပြီး ဒေါသနှင့် သတ်ဖြတ်လိုစိတ်များက အစားထိုးဝင်ရောက်လာခဲ့သည်။

ချွမ်း...

ရှေးဟောင်းစီရင်ချက်ဓား ကို အိမ်ထဲမှ ဆွဲထုတ်လိုက်သည်။

ဝမ်ရှိုယီက ဟိန်းဟောက်သံနှင့်အတူ ရှေ့သို့ ပြေးဝင်သွားတော့သည်။

“ယုတ်မာတဲ့သတ္တဝါ... ခင်ဗျားရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့...”

အပျက်အစီးများအနီးရှိ သဲသောင်ခုံလေးတစ်ခု၏ နောက်ကွယ်မှနေ၍ ထိုအဖွဲ့က လျို့ဝှက် ဆန်းပြားသော လူငယ်လေး အပြင်းအထန် အရိုက်ခံနေရသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့် နေကြသည်။

သူတို့ထဲတွင် စိတ်အနုဆုံးဖြစ်သော ရှန့်ရှောင်ယွမ်က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ကျွန်မ သွားပြီး သူ့ကို ကုသပေးသင့်လား။ အနည်းဆုံးတော့... သူ့အလောင်းကို သိမ်းပေးဖို့ ကူညီသင့်တာပေါ့...”

“အဲဒီလူကိုယ်တိုင်က ပြောခဲ့တာပဲလေ။ ဒီမိစ္ဆာက အနည်းဆုံး တပ်မှူးအဆင့် ရှိတယ်ဆိုတယ်တဲ့။ ငါတို့သာ ဝင်သွားရင် အလကား သေရုံပဲ ရှိမယ်။”

“ကပ္ပတိန်ကျောက် ပြောတာ မှန်တယ်...”

ဟွမ်ကူပေက သူ့ကို လက်မထောင်ပြလိုက်သည်။ သူက မိမိကိုယ်မိမိ အတိုင်းအဆ သိသော သူများကို သဘောကျသည်။

“ဒီကောင်လေးက ပဟေဠိတစ်ခုပဲ...” ဝမ်ရှိုယီ တစ်ယောက် လေလှိုင်းဒဏ်ကြောင့် လွင့်ထွက် သွားသည်ကို ကြည့်ရင်း လင်းချန်က တိုးတိုးလေး ဆိုသည်။

“သူက ဒီဒေသကလူ မဟုတ်တာတော့ သေချာတယ်။ ဒီလောက် အရိုက်ခံနေရတာတောင် မတ်တပ်ရပ်နိုင်သေးတယ်။ အနည်းဆုံးတော့ သူကိုယ်တိုင်လည်း ဗိုလ်ချုပ်အဆင့် ရှိမှာပဲ။ ဒါပေမဲ့ ဒီလောက်အစွမ်းထက်တဲ့ ကျင့်ကြံသူမျိုး အရင်က တစ်ခါမှ မကြားဖူးဘူး။ သူက အရမ်းကို ငယ်လွန်းနေသေးတယ်...”

သူက ချန်ဟွိုက်အန်ဘက်သို့ လှည့်လိုက်သည်။ “အုပ်ချုပ်ရေးမှူးချန်။ ဘယ်လိုမြင်လဲ။” ချန်ဟွိုက်အန်က ဘာမှမပြောဘဲ ဖုန်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။

သူ တွက်ချက်မှု မှားသွားခဲ့သည်။ သူ အရိုးကြွေထည်မယ်တော်နှင့် စတွေ့ခဲ့စဉ်က တစ်ဖက်လူကို ချီသန့်စင်ခြင်း အထွတ်အထိပ် ရန်သူတစ်ယောက်လိုသာ ခံစားခဲ့ရ၏။

သူ၏ ကောင်းကင်မိစ္ဆာကျင့်စဉ်ပထမတွဲနှင့် ချီသန့်စင်ခြင်း ဒုတိယအဆင့် ကျင့်ကြံမှုနှင့်ဆိုလျှင် သူ့လို ပါရမီရှင်တစ်ယောက်အတွက် ထိုရန်သူကို လက်ဖျောက်တစ်ချက်တီးပြီး အလွယ်တကူ သတ်နိုင်မည် ဖြစ်သည်။

သို့သော် ယခုတော့ နာရီဝက်အတွင်းမှာတင် ထိုမိစ္ဆာက သိသိသာသာ အဆင့်တက်လာခဲ့သည်။

သူက ဒုတိယအဆင့်ထဲကို ဝင်သွားလေပြီ။ အရိုးကြွေထည် ဗောဓိသတ္တ အသွင်ပြောင်းလဲခြင်း။

ဒါက တကယ့် ဘော့စ်ကြီးပဲ။ ဒါ မတရားဘူး။ သူ့ကို မတိုက်နိုင်တာ မဟုတ်ဘူး။ ကျိန်းသေပေါက် နိုင်မယ်ဆိုတဲ့ နည်းလမ်း မရှိသေးတာပဲ။

အဲဒါကြောင့်... မသေချာရင် ကောင်မလေးကိုပဲ မေးရမှာပေါ့။ ဒီတစ်ခါတော့ လီချင်းရန်ဆီက ကျင့်စဉ်တွေကို တောင်းမှာ မဟုတ်ဘူး။ ဒီလောက်ကြီးမားတဲ့ စွမ်းအား ကွာဟချက်ကို ပညာရပ်အသစ် အချို့နဲ့ တိုက်ဖို့က မဖြစ်နိုင်ဘူး။

ငါ လိုချင်တာက ပစ္စည်းတွေပဲ။

“ချင်းရန်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဓားကျောင်းတော်က တပည့်တွေကို ငါ ကံကောင်းခြင်းတွေ ပေးခဲ့တယ် မဟုတ်လား။”

သူက အသံကိုနှိမ့်ကာ အခြားသူများနှင့် ဝေးရာသို့သွား၍ ဖုန်းထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

“ဆရာ... ရောက်လာပြီပဲ...”

လီချင်းရန်က တရားထိုင်ရန် ပြင်ဆင်နေသော်လည်း ဆရာ၏ တည်ရှိမှုကို အာရုံခံမိသည်နှင့် တပြိုင်နက် ချက်ချင်းပင် တက်ကြွသွားသည်။

“ဆရာ၊ အဲဒီမိစ္ဆာကြီးကို နှိမ်နင်းပြီးပြီလား။ ဒဏ်ရာရော ရသွားသေးလား။”

ချန်ဟွိုက်အန်က သောင်းကျန်းနေသော အရိုးကြွေထည် ဗောဓိသတ္တကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ရုပ်တည်နှင့် လိမ်ညာလိုက်၏။

“အဟက်... မင်းဆရာရဲ့ စွမ်းအားနဲ့ဆိုရင် ဒါက ကလေးကစားစရာပါပဲ။ အဲဒီ မိစ္ဆာကြီး ဆိုတာကို ငါ့လက်ချောင်းလေးနဲ့ တို့ပြီး သတ်လိုက်ပြီ။ ဒါပေမဲ့ ငါတစ်ခု စစ်ဆေးချင်လို့။ အဲဒီတပည့်တွေမှာ အဆောင်တွေနဲ့ ဆေးလုံးတွေ ဘယ်လောက်ရှိနေပြီလဲ။”

မှန်ပေသည်။ သူက သူတို့ထံမှ လိမ်ညာတောင်းခံပေတော့မည်။ ပုံရိပ်ယောင် ကောင်မလေး စျေးဆိုင်မှ ပစ္စည်းများကို လီချင်းရန် တစ်ယောက်တည်းသာ အသုံးပြုခွင့် ရှိပေသည်။ သို့သော် အခြားတပည့်များ သူ့ကိုပေးသော ပစ္စည်းမှန်သမျှကို သူ အသုံးပြု၍ရနိုင်သည်။

အရည်အသွေးက စျေးဆိုင်မှ ပစ္စည်းများလောက် မကောင်းနိုင်သော်လည်း ပမာဏ အများအပြား ဆိုလျှင်တော့ အဆင်ပြေနိုင်ပေလိမ့်မည်။

“ဆရာ။ ခဏစောင့်ပါဦး... ကျွန်မ သူတို့ကို အခုချက်ချင်း သွားမေးလိုက်ပါ့မယ်...”

လီချင်းရန်က ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ပြီး ယွဲ့ချန်ချီကို ဆက်သွယ်လိုက်သည်။

နောက်ခံတွင်တော့ ဓားချင်းခုတ်သံများ ပဲ့တင်ထပ်နေ၏။

[“ဆရာ... ကျွန်မက ဉာဏ်အလင်းပွင့်ချင်တာပါ... အရိုက်ခံချင်တာ မဟုတ်ဘူး...”]

[“ဒီကောင်မစုတ်လေး... မင်းကို နာနာလေး ရိုက်ပေးမှ ကျိန်းသေပေါက် ဉာဏ်အလင်းပွင့်မှာ...”]

[“အား... ဓားကျောင်းတော်ဂိုဏ်းချုပ်က ကျွန်မကို သတ်တော့မယ်... ကယ်ကြပါဦး....”]

လီချင်းရန် - “...”

ယွဲ့ချန်ချီကတော့ လုံးဝ အားကိုး၍ မရသည်မှာ သိသာနေသည်။ ထို့ကြောင့် သူ ရှုအန်ကိုသာ ပြောင်းပြီး မေးလိုက်သည်။

ရှုအန်က သူ၏ တောင်းဆိုမှုကို အလေးအနက်ထားသည်။

သူက လျိုရှားတောင်ထွတ်ရှိ တပည့်တိုင်း၏ ကျင့်ကြံဆောင်များသို့ ချက်ချင်း သွားရောက် ရှာဖွေကာ အသင့်ရှိနေသော အဆောင်များနှင့် ဆေးလုံးအားလုံးကို စုဆောင်းလိုက်သည်။

တပည့်တိုင်းက ဆေးဖော်စပ်ခြင်း သို့မဟုတ် အဆောင်ရေးဆွဲခြင်း မကျွမ်းကျင်ကြသော်လည်း အမျိုးအစားတစ်ခုစီကို အနည်းဆုံး အခု၃၀ခန့် စုဆောင်းနိုင်ခဲ့သည်။

ထိုအထဲတွင် မရင်းနှီးသော ပစ္စည်းတစ်ခု ပါဝင်နေ၏။ ဓားဓာတ်လုံးပင်။

“...ဒါက ဘာကြီးလဲ။” လီချင်းရန် တုံ့ဆိုင်းသွားသည်။

ဆရာက အဆောင်တွေနဲ့ ဆေးလုံးတွေပဲ တောင်းခဲ့တာ။ ဓားဓာတ်လုံးအကြောင်း သူ မပြောခဲ့ဘူး။

“ဪ... ဒါလား။” ရှုအန်က သူ့ခေါင်းကို အားနာစွာ ကုတ်လိုက်သည်။ “စီနီယာအစ်ကို ကျန့်ဟယ်က ဒါကို ယူသွားပေးဖို့ အတင်းပြောနေလို့ပါ။ ဒါကို ဘိုးဘေးဆီ အကဲဖြတ် ခိုင်းချင်လို့တဲ့။ တကယ်တော့ ငါ နားလည်ပါတယ်။ ကျန့်ဟယ်က သူ့ရဲ့ ဓားဓာတ်လုံးက အသိအမှတ်ပြုခံရလောက်အောင် ကောင်းမကောင်း သိချင်နေတာပါ။ တကယ်လို့ ဘိုးဘေးက ဒါကို မလိုချင်ဘူးဆိုရင် သူ့ဆီ ပြန်ပေးလိုက်လို့ ရပါတယ်။”

လီချင်းရန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဟင်းလင်းပြင်ထဲမှ ဟိန်းထွက်လာသော အသံကြီး ပေါ်လာ၏။

“နေဦး...”

ချန်ဟွိုက်အန်က ဓားဓာတ်လုံးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။

သူ မှတ်မိသလောက်ဆိုလျှင် ၎င်းက မည်သို့သော ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူကိုမဆို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်စွမ်း ရှိသည်။ ထို့အပြင် အခြေခံအုတ်မြစ်အဆင့် အောက်မှ မည်သူ့ကိုမဆို ချက်ချင်း သေစေနိုင်၏။

သူ ကျန့်ဟယ်၏ အချက်အလက်များကို ချဲ့ကြည့်လိုက်သည်။

[ကျန့်ဟယ် - ဓားကျောင်းတော်၏ တိုက်ရိုက်တပည့်]

[တည်ငြိမ်ပြီး နှိမ့်ချတတ်သူ။ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထား။ ဓားအသိ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ထုတ်ပြတတ်သည်]

[အကဲဖြတ်ချက် - အလွန်တရာ ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီး]

ချန်ဟွိုက်အန်က မျက်လုံးကို မှေးလိုက်သည်။

တစ်ခုခုတော့ မှားနေပြီ။ ဒီလောက်အထိ လျို့ဝှက်ပြီး သတိကြီးတဲ့လူမျိုးက သူ့ရဲ့ တီထွင်မှုကို ဘယ်တော့မှ ပုံကြီးချဲ့ပြောမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီဓားဓာတ်လုံးက ရွှေရောင်အနှစ်သာရ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို “အပြင်းအထန်ဒဏ်ရာရစေနိုင်တယ်” လို့ ပြောရင်...

ဒါက တကယ်တမ်း အဲဒီလူကို သတ်ပစ်နိုင်တာမျိုး ဖြစ်လိမ့်မယ်။ ပြီးတော့ သူ့မှာ အဲဒါမျိုး သုံးလုံးတောင် ရှိနေတာ။

“ဒီဓားဓာတ်လုံးမှာ ဟာကွက်တချို့ ရှိနေသေးတယ်။ ငါ အဲဒါကို အနီးကပ် သေသေချာချာ ကြည့်ရှုစစ်ဆေးပေးမယ်...”

ချန်ဟွိုက်အန်က အဆောင်များ၊ ဆေးလုံးများနှင့် ဓားဓာတ်လုံးများ အားလုံးကို သိမ်းကြုံး ယူလိုက်ပြီး ချက်ချင်းပင် ဂိမ်းထဲမှ ထွက်လိုက်တော့သည်။

ရှုအန်မှာ ကြောင်အမ်းကာ ကျန်ရစ်ခဲ့သည်။ “...ဒါကြောင့်လည်း သူက ဘိုးဘေး ဖြစ်နေတာပေါ့။”

လီချင်းရန်ကတော့ ဂုဏ်ယူစွာ ပြုံးလိုက်၏။

ငါ့ရဲ့ ဆရာက အစွမ်းထက်ဆုံးပဲ။ အားလုံးထက် စွမ်းအားအကြီးဆုံးပဲ...

....

All Chapters