← Chapters

အလားအလာ အများအပြား

Vol. 20 Ch. 196

အလားအလာ အများအပြား

Vol. 20 Ch. 196

ချန်ဟွိုက်အန်နှင့် ကင်ဆာမိစ္ဆာနဂါးတို့၏ စိတ်တိုက်ပွဲမှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။

သုံးရက်တိုင်တိုင် သူက လေ့ကျင့်ရေးအခန်းထဲအောင်းကာ အစားမစား၊ ရေမသောက်ဘဲ နေခဲ့သည်။

ထိုသုံးရက်အတွင်း သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်များမှာ လုံးဝကုန်ခမ်းသွားပြီး မိစ္ဆာချီစွမ်းအင် များမှာမူ အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့သည်။

တစ်ချိန်က အစွမ်းထက်ခဲ့သော ကင်ဆာနဂါးမှာလည်း ခေါင်းတစ်လုံးတည်းသာ ကျန်တော့သည် အထိ သန့်စင်ခြင်း ခံလိုက်ရသည်။

ချန်ဟွိုက်အန်က ၎င်းကို သနားညှာတာ၍ ချန်ထားခဲ့ခြင်းတော့ မဟုတ်။

ကင်ဆာနဂါးက ၎င်း၏ခန္ဓာကိုယ်ထဲရှိ နဂါးချီစွမ်းအင်ကို အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့်ပင်။

“ခွေးမသား... ငါ့ကို အကျပ်မကိုင်နဲ့။ နဂါးချီစွမ်းအင်က ငါ့ထိန်းချုပ်မှုအောက်မှာ ရှိတာ။ ငါသာ အဲဒါကို ပေါက်ကွဲအောင်လုပ်ရင် မင်းရဲ့ခန္ဓာကိုယ်က အစိပ်စိပ်အမွှာမွှာ ဖြစ်သွားမှာ...”

“ဪ... ဟုတ်လား။”

ချန်ဟွိုက်အန်က နဂါး၏ ကျန်ရှိနေသော ခေါင်းပေါ်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်၏။

သူ၏ လက်သည်းများပါသော လက်ချောင်းများဖြင့် နဂါး၏နှာတံကို နှစ်ချက်မျှ ပုတ်လိုက်သည်။

“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်ရဲတယ်ပေါ့။”

“ခင်ဗျားရဲ့ ကင်ဆာမိစ္ဆာဆဲလ်တွေ ကျေးဇူးနဲ့ ကျုပ်က ကောင်းကင်မိစ္ဆာကျင့်စဉ် ပထမတွဲကို တတိယအဆင့်အထိ ကျင့်ကြံပြီးသွားပြီ။ ကျုပ်ရဲ့ခန္ဓာကိုယ်က မိစ္ဆာခန္ဓာ ဖြစ်သွားပြီ။ ခင်ဗျားရဲ့ နဂါးချီစွမ်းအင်ကို ဘယ်လောက်ပဲ ပေါက်ကွဲအောင်လုပ်လုပ် ကျုပ်ကို ဘာမှလုပ်လို့မရဘူး။”

ချန်ဟွိုက်အန်၏ မျက်လုံးများ မကောင်းဆိုးဝါးဆန်စွာ တောက်ပလာ၏။

“ဒီနေ့ကစပြီး ခင်ဗျား ကင်ဆာမိစ္ဆာဆဲလ်အသစ်တစ်ခု ကွဲပွားလိုက်တိုင်း ကျုပ်က တစ်ခု စားပစ်မယ်။ တကယ်လို့ မကွဲပွားဘူးဆိုရင်တော့ ခင်ဗျားကို အသေရိုက်မယ်။ ခင်ဗျားကို ဘယ်တော့မှ အေးအေးဆေးဆေး မနေစေရဘူးလို့ ကတိပေးတယ်။ ခီးခီးခီးခီး...”

ချန်ဟွိုက်အန်၏ မျက်လုံးထဲက ရူးသွပ်မှုများကို မြင်လိုက်ရသောအခါ ကင်ဆာမိစ္ဆာနဂါးသည် ပထမဆုံးအကြိမ်အဖြစ် တကယ့် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ ထို့အပြင် နောင်တလည်း ရသွား၏။

ယခင်က ချန်ဟွိုက်အန်တွင် စိတ်ဝိညာဉ်ချီစွမ်းအင် ကုန်ခမ်းသွားချိန်တွင် ၎င်းက မိစ္ဆာ ချီစွမ်းအင်ကို ခိုးယူရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် မိစ္ဆာချီစွမ်းအင်မှာ ထိန်းချုပ်၍မရပေ။

၎င်းက စွမ်းအင်အနည်းငယ်ကို စုပ်ယူလိုက်သည်နှင့် တပြိုင်နက် အရှင်လတ်လတ် ဝါးမျိုခြင်း ခံလိုက်ရတော့သည်။

ထို့ကြောင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး ဆုံးရှုံးခဲ့ရပြီး ခေါင်းတစ်လုံးတည်းသာ ကျန်တော့ခြင်းပင်။

နဂါးချီစွမ်းအင်ကို နောက်ဆုံးလက်နက်အဖြစ် အသုံးမချခဲ့လျှင် ၎င်းသည် လုံးဝ ချေမှုန်း ခံလိုက်ရပြီး ဖြစ်ပေလိမ့်မည်။

“ကျုပ် စိတ်ဝိညာဉ်ချီစွမ်းအင်ကို ပြန်ကျင့်ကြံတော့မယ်။ အဲဒါကြောင့် ခင်ဗျား ကြိုးစားထား။ ကျုပ်အတွက် အစာတွေ အများကြီး ထုတ်ပေးနိုင်အောင်လို့။”

ချန်ဟွိုက်အန်က နဂါးခေါင်းပေါ်မှ ခြေထောက်ကို ဖယ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

ထို့နောက် ပျောက်ကွယ်သွားတော့သည်။

သူ၏ ကင်ဆာမိစ္ဆာဆဲလ်များမှ ဖန်တီးထားသော သွေးရောင်ဝံပုလွေသာ ကျန်ရစ်ခဲ့၏။

၎င်းက အားနည်းနေသော နဂါးကို အစာငမ်းနေသည့်ပုံစံဖြင့် စိုက်ကြည့်နေသည်။

“ဒီကောင်ကတော့...”

ဇာတ်လမ်းက မှိန်ဖျော့သွားသည်နှင့်အမျှ ကင်ဆာနဂါး၏ ဆဲဆိုသံများလည်း ပျောက်ကွယ် သွားခဲ့သည်။

တကယ့် လက်တွေ့တွင်။

“ခွေးမသား... မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ မင်းရဲ့ အရိုးတွေကို ပြာဖြစ်အောင် ကြိတ်ပစ်မယ်...”

ချန်ဟွိုက်အန် မျက်လုံးပွင့်လာသည်။ သူ၏ လက်များကို အောက်သို့ ချလိုက်ရာ လေ့ကျင့်ရေး အခန်းအတွင်းရှိ သွေးမြူခိုးအားလုံးကို ချက်ချင်း စုပ်ယူပစ်လိုက်၏။

သာမန်ကျင့်ကြံသူများသည် ခန္ဓာကိုယ်သန့်စင်ရာတွင် ထွက်လာသည့် အညစ်အကြေးများကို စွန့်ပစ်ကြသော်လည်း ကောင်းကင်မိစ္ဆာကျင့်စဉ်ကမူ ၎င်းတို့ကို ပြန်လည်အသုံးပြုခွင့် ပေးသည်။

ရှေးခေတ်က နံပါတ်တစ် မိစ္ဆာကျင့်စဉ်ဟူ၍ ခေါ်ထိုက်ပေသည်။

ပြုပြင်ပြောင်းလဲခံထားရသည့်တိုင် တကယ့်ကို ရူးသွပ်လောက်စရာပင်။

ချန်ဟွိုက်အန် ထရပ်ကာ ကိုယ်လက်ဆန့်လိုက်၏။

ခြင်ဆီသန့်စင်ခြင်းမှ ထွက်လာသော အညစ်အကြေးများက အက်ကွဲနေသော ပိုးအိမ်တစ်ခုကဲ့သို့ အရေပြားမှ ကွာကျသွားပြီး ၎င်းအောက်တွင် ကြေးနီရောင်သန်းကာ အစွမ်းထက်သော ကြွက်သားများကို မြင်တွေ့လိုက်ရသည်။

သူ လှုပ်ရှားလိုက်တိုင်း အရိုးများ ဗြောက်အိုးဖောက်သကဲ့သို့ တဂျောက်ဂျောက် မြည်နေ၏။

မှန်ရှေ့တွင် ရပ်ကြည့်လိုက်ရာ သူ့ကြွက်သားများ သိသိသာသာ ကြီးထွားလာသည်ကို သတိပြုမိလိုက်သည်။ အရပ်လည်း ပိုရှည်လာ၏။

“ငါ အနည်းဆုံး ၁.၉မီတာလောက်တော့ ရှိနေပြီ ထင်တယ်...”

သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း ထွားကြိုင်းလွန်းသည်မျိုး မဟုတ်သော်လည်း ဘာခီဟန်မာ အဆင့်သို့ အန္တရာယ်ရှိလောက်အောင် နီးကပ်နေလေပြီ။

“တောက်။ ငါသာ ကင်ဆာမိစ္ဆာဆဲလ်တွေကို အဆုံးမရှိ စုပ်ယူနိုင်ရင် ကောင်းမှာပဲ။”

ချန်ဟွိုက်အန်က သူ၏ တိုးတက်မှုအပေါ် အလွန်ပင် ကျေနပ်နေ၏။

သူ၏ “တရားဝင်” ကျင့်ကြံမှု အဆင့်မှာ စိတ်ဝိညာဉ်ချီသန့်စင်ခြင်း ဒုတိယအဆင့်သာ ရှိသေးသော်လည်း ခန္ဓာကိုယ်အစွမ်းတစ်ခုတည်းနှင့်တင် အခြေခံအုတ်မြစ်အဆင့်ကို အသာလေး ယှဉ်နိုင်သည်။

မိစ္ဆာကျင့်စဉ်များမှာ မြန်ဆန်လှသည်။ သို့သော် ၎င်းတို့တွင် ကန့်သတ်ချက်များ ရှိ၏။

သူ၏ ဆာလောင်မှု တိုးပွားလာနေသည်။ မကြာမီတွင် ကင်ဆာမိစ္ဆာဆဲလ်များဖြင့် လုံလောက် တော့မည် မဟုတ်ပေ။

သူက ပိုမိုသန်မာသော သတ္တဝါများကို ဝါးမျိုရန် လိုအပ်လာပေလိမ့်မည်။

၎င်းမှာ ကင်ဆာနဂါးကို အသက်ချမ်းသာပေးခဲ့သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်၏။

နဂါးချီစွမ်းအင် ပေါက်ကွဲမည်ကို သူ မကြောက်သော်လည်း နဂါးချီစွမ်းအင် ကိုယ်တိုင်မှာ အဖိုးတန်လှပေသည်။

၎င်းကို အလကား အဖြုန်းမခံနိုင်ပေ။

လီချင်းရန်သာ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးကို ဖော်စပ်ပြီးသွားသည်နှင့် ကင်ဆာနဂါး၏ အသုံးဝင်မှုမှာ ကုန်ဆုံးသွားလိမ့်မည်။

ထိုအချိန်ကျလျှင် သူက ၎င်းကို တွန့်ဆုတ်မနေဘဲ သတ်ပစ်ပေလိမ့်မည်။

“အား... အုပ်ချုပ်ရေးမှူးချန်...”

“အုပ်ချုပ်ရေးမှူးချန်က အရမ်းကို မိုက်တာပဲ...”

လေ့ကျင့်ရေးအခန်း အပြင်ဘက်မှ အော်ဟစ်သံများကြောင့် ချန်ဟွိုက်အန်၏ အတွေးများ ပြတ်တောက်သွား၏။ သူ့မျက်ခွံများ တွန့်သွားသည်။

သူ လှည့်ကြည့်လိုက်ရာ သူနာပြုဆရာမ အုပ်စုကြီးမှာ မှန်တံခါးတွင် ကပ်နေကာ စုပြုံ၍ ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူတို့က လွန်ခဲ့သော သုံးရက်ကထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသည်။ အားလုံး၏ ပါးပြင်များမှာ နီမြန်းနေပြီး လက်များဖြင့် မျက်လုံးများကို အုပ်ထားကြသော်လည်း ရှားပါးရတနာတစ်ခုကို တွေ့ရှိထားသကဲ့သို့ လက်ချောင်းကြားမှ ချောင်းကြည့်နေကြလေသည်။

“အုပ်ချုပ်ရေးမှူးချန်မှာ အလားအလာတွေ အများကြီးပဲ...”

“ဝါး... အရမ်းကို ကြီးတာပဲ~...”

ချန်ဟွိုက်အန် - “...”

မှန်ပေသည်။ သူ့ကြွက်သားများ ကြီးလာသည်မှာ အမှန်ပင်။

ဒါပေမဲ့ နေဦး... နေပါဦး...

သူ၏မျက်နှာအမူအရာ ခဲသွား၏။

သူ၏အကြည့်မှာ တဖြည်းဖြည်းနှင့် စက်ရုပ်တစ်ရုပ်လို အောက်သို့ နိမ့်ဆင်းသွားသည်။

“ဘာလားဟ....”

ဘုန်း...

လေ့ကျင့်ရေးအခန်း နံရံမှာ ပေါက်ကွဲထွက်သွားတော့သည်။

အခြားတစ်နေရာတွင် ဝမ်ရှိုယီက ဆေးရုံဆောင်မှ ထွက်လာရုံရှိသေးသည်။

ရုတ်တရက် အနီရောင် အလင်းတန်းတစ်ခုမှာ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။

“ဒီအရှိန်မျိုးက... မိစ္ဆာတစ်ကောင်များလား...”

သူ၏မျက်နှာ မှောင်ကျသွား၏။

ဒါက မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ဆေးကုသရေးစင်တာပဲ။ ဒဏ်ရာရထားတဲ့ ဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အပြည့်ရှိနေတာ။ တကယ်လို့ ယုတ်မာတဲ့ မိစ္ဆာတစ်ကောင်သာ ဒီမှာ တိုက်ခိုက်ရင် အသေအပျောက်တွေ အများကြီး ဖြစ်ကုန်လိမ့်မယ်...

“ငါ ဒါကို တားရမယ်။ ယုတ်မာတဲ့ မိစ္ဆာကောင်... အခုချက်ချင်း ရပ်လိုက်စမ်း...”

ဝမ်ရှိုယီ ဓားကိုဆွဲထုတ်ကာ ရှေ့သို့ ပြေးထွက်လိုက်သည်။

“ဖယ်စမ်း... ငါ့မှာ အဝတ် မပါဘူးဟ...” ဒေါသတကြီး ဟိန်းဟောက်သံမှာ ထိုအနီရောင် အရိပ်ထဲမှ ထွက်ပေါ်လာသည်။

ဝမ်ရှိုယီ ဓားချက်ကို ခဏရပ်လိုက်သည်။

နေဦး။ အဲဒါက...လူတစ်ယောက်လား...

သူက ဓားကို မြန်မြန် ပြန်သိမ်းလိုက်သော်လည်း ထိုခဏတာ တုံ့ဆိုင်းမှုမှာ အမှားကြီး ဖြစ်သွားတော့သည်။

ဘုန်း...

ချန်ဟွိုက်အန် သူ့ကို အရှိန်အပြည့်နှင့် ဝင်တိုက်မိသွားခဲ့သည်။

“ဂစ်...”

ဝမ်ရှိုယီ မျက်လုံးများ ပြူးထွက်သွား၏။ သူက တန်ဝက်ခန့်လေးသော ကုန်တင်ကားတစ်စီးနှင့် တိုက်မိသလို ခံစားလိုက်ရပြီး အမြင်အာရုံများ ဝေဝါးသွားခဲ့သည်။

နောက်ဆုံးမြင်လိုက်ရသော မြင်ကွင်းမှာ ငယ်ငယ်က မိဘမဲ့ဂေဟာမှ ကျောင်းအုပ်ကြီး သူ့ကို ကောင်းကင်ဘုံမှ ပြုံးပြနေသော ပုံရိပ်ပင်။

“သူ အသည်းအသန် ဖြစ်နေပြီ။ အထူးကြပ်မတ်ကုသခန်းကို အမြန်ပို့...”

“ဒုက္ခပဲ... သူ့မျက်လုံးသူငယ်အိမ်တွေ ကျယ်နေပြီ။ နှလုံးနှိုးစက် ယူခဲ့ကြ...”

တစ်နာရီအကြာတွင်...

ချန်ဟွိုက်အန်က ဆေးရုံကုတင်ဘေးတွင် ထိုင်နေပြီး မမ်မီရုပ်လို ပတ်တီး အထပ်ထပ်နှင့် ဝမ်ရှိုယီကို အားနာစွာ ပြုံးကြည့်နေသည်။

“ဟို... ညီလေး... တောင်းပန်ပါတယ်။ ငါ လောနေလို့ အချိန်မီ မရပ်လိုက်နိုင်တာ...”

“ရပါတယ်... နားလည်ပါတယ်... အဟွတ်...အဟွတ်...”

ဒဏ်ရာများ ရထားသည့်ကြားက ဝမ်ရှိုယီက ပြုံးပြရှာသည်။

“အုပ်ချုပ်ရေးမှူးချန်။ ခင်ဗျားကက အရိုးကြွေထည် ဗောဓိသတ္တကို နှိမ်နင်းခဲ့တာပဲ။ ခင်ဗျားကြောင့် လူတွေအများကြီး ဘေးကင်းခဲ့ရတယ်။ ပြည်သူတွေကိုယ်စား ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။”

ချန်ဟွိုက်အန် ခေါင်းကုတ်လိုက်မိပြီး ပို၍ပင် အားနာသွားသည်။ ဝမ်ရှိုယီက သူ့ကို စိတ်ဆိုးလိမ့်မည်၊ လျော်ကြေးတောင်းလိမ့်မည် သို့မဟုတ် ဆဲဆိုလိမ့်မည်ဟု ထင်ထားခဲ့၏။

ဒါပေမဲ့ “ကျေးဇူးတင်ပါတယ်” တဲ့လား။...

ဒီကောင်လေးက တကယ့်ကို စိတ်ထားဖြူစင်လွန်းတာပဲ...

“ကျွတ်...ဒီလိုလူမျိုးသာ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ လက်ပါးစေအဖြစ် ရှိရင် တကယ့်ကို ရှယ်ပဲ။ ညီလေး၊ ငါ မင်းကို သဘောကျသွားပြီ။ ငါ့ရဲ့ မိစ္ဆာနှိမ်နင်းသူဗျူရိုကို ဝင်ပါလား။ ငါ ကတိပေးတယ်။ အကျိုးခံစားခွင့်တွေကတော့ ထိပ်တန်းပဲ...”

ထိုခဏမှာပင် အသံတစ်ခုက သူတို့ကို ကြားဖြတ်နှောင့်ယှက်လိုက်၏။

“ဝမ်ရှိုယီ။ အလိမ်မခံနဲ့။” သူစိမ်းတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။ “အဲဒီ ချန်ဟွိုက်အန် ဆိုတဲ့သူက လူလိမ် သက်သက်ပဲ...”

ချန်ဟွိုက်အန် လှည့်ကြည့်လိုက်ရာ သူ့အကြည့်များ မှောင်ကျသွားသည်။

အသစ်ရောက်လာသူက သူ့ကို လုံးဝ လျစ်လျူရှုကာ ဝမ်ရှိုယီထံသို့ လျှောက်သွား၏။

“ငါက လင်းဟောက်။ လင်းမိသားစုရဲ့ အမွေဆက်ခံသူပဲ။ မင်းသာ ငါတို့ဆီ ဝင်မယ်ဆိုရင် ငါ မင်းကို J ပြည်နယ်ရဲ့ တရားဝင် အုပ်ချုပ်ရေးမှူးဖြစ်အောင် လုပ်ပေးမယ်...”

“...ဟိုးဟိုး။”

ချန်ဟွိုက်အန်၏ အပြုံး ပြန်လည်ပေါ်ပေါက်လာသည်။

“စိတ်ဝင်စားစရာကောင်းလာပြီ။”

...

All Chapters