← Chapters

လက်ဆောင်ကောင်းတစ်ခု ပြင်ဆင်ခြင်း

Vol. 20 Ch. 197

လက်ဆောင်ကောင်းတစ်ခု ပြင်ဆင်ခြင်း

Vol. 20 Ch. 197

ချန်ဟွိုက်အန်က အရိုးကြွေထည် ဗောဓိသတ္တကို ဓားတစ်ချက်တည်းနှင့် သတ်နိုင်သောစွမ်းအား ရှိကြောင်းကို လင်းဟောက်က လုံးဝ မယုံကြည်နိုင်ပေ။

ထိုစဉ်က အခြေအနေမှာ အလွန်စိုးရိမ်ရပြီး ချန်ဟွိုက်အန်ကလည်း ရုတ်တရက် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ရှန့်ရှောင်ယွမ်က တိုက်ပွဲမှတ်တမ်းတင် ကိရိယာကို ပြန်လည်စစ်ဆေးသောအခါ ဝမ်ရှိုယီနဲ့ အရိုးကြွေထည် ဗောဓိသတ္တတို့ တိုက်ပွဲက ထွက်ပေါ်လာတဲ့ ရိုက်ခတ်မှု လှိုင်းများကြောင့် ထိုကိရိယာ ပျက်စီးသွားကြောင်းကို သိလိုက်ရသည်။ အပြင်ပန်းကြည့်လျှင် အကောင်းအတိုင်း ဖြစ်နေသော်လည်း အတွင်းပိုင်း အစိတ်အပိုင်းများကတော့ လုံးဝကို ပြာပုံ ဖြစ်သွားလေပြီ။ ဒရုန်းတွေလည်း ထိုနည်းတူပင်။ ချန်ဟွိုက်အန် ပထမဆုံး မိုးကြိုးအဆောင်ကို စတင်အသုံးပြုလိုက်သည်နှင့် ထိုဒရုန်းများအားလုံးက မူးနေသောလူများလို ကောင်းကင်ပေါ်မှ ထိုးကျကုန်တော့သည်။

စိတ်ဝိညာဉ်ချီစွမ်းအင်များ အလုံးအရင်းနှင့် ထွက်ပေါ်လာတာနဲ့အမျှ ထိုကဲ့သို့ နည်းပညာ ပစ္စည်းများမှာ တဖြည်းဖြည်းနှင့် ခေတ်နောက်ကျလာနေလေပြီ။

လူတိုင်း ချန်ဟွိုက်အန်ကို လူနာဆောင်တွင် သွားကြည့်ကြသောအခါ ဝမ်ရှိုယီ၏ အငွေ့အသက် အနောက်ကို လိုက်လာသော လင်းဟောက်နှင့် ထိပ်တိုက်တိုးကြလေသည်။

ထို့‌ကြောင့်ပင် ခုနကလို အခြေအတင် ကိစ္စများ ပေါ်ပေါက်ခဲ့ခြင်းပင်။

“လင်းဟောက်၊ ငါ နင့်ကို သတိပေးပြီးသား... နင် ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ပို့ချင်ရင်ပို့၊ လင်းမိသားစုကိုတော့ ဆွဲမထည့်နဲ့။” လင်းချန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့ရင်း လှည့်ထွက်သွားသည်။

သူ၏ စကားများက သူ၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေ၏။ ချန်ဟွိုက်အန်က ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည့်အတွက် နောက်ဖြစ်လာမည့် ကိစ္စများအတွက် မိမိကို အပြစ်တင်မည် မဟုတ်ကြောင်းကို သူ သိနေသည်။

လင်းဟောက်၏ မျက်ဝန်းများထဲ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

မိုက်မဲတဲ့ညီမလေး... ဝမ်ရှိုယီက ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ တပည့်ပဲ။ အရိုးကြွေထည် ဗောဓိသတ္တကို သတ်လိုက်တဲ့ ဂုဏ်ပုဒ်က ချန်ဟွိုက်အန်ဆီ ရောက်သွားတယ်ဆိုရင်တောင် ငါက ဝမ်ရှိုယီဆီ ရောက်အောင် လွှဲပေးမယ့် နည်းလမ်းကို ရှာရမှာပဲ။ ငါသာ ဝမ်ရှိုယီကို လင်းမိသားစုထဲ ဆွဲသွင်းနိုင်ရင် ငါတို့ရဲ့ ကောင်းစားမယ့်နေ့တွေ တကယ် ရောက်လာမှာ။ မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုတာ သူနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။

ဝမ်ရှိုယီက ကြည့်ရတာ အသက် ၁၆၊ ၁၇နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီအရွယ်ဆိုတာ နာမည်ကြီးချင်ဇောနဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အရွယ်ပဲ။ သူက အရိုးကြွေထည် ဗောဓိသတ္တကို သတ်တဲ့ ဂုဏ်ပုဒ်ကို ကျိန်းသေပေါက် လိုချင်မှာပဲ။

လင်းဟောက်၏ နှုတ်ခမ်းများက ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး သူက နောက်ထပ်ခြေလှမ်းအတွက် ကြံစည်နေလေပြီ။ ဝမ်ရှိုယီဆိုသည့် ရွှေပေါင်ကို ဖက်ထားနိုင်ရုံတင် မကဘဲ ချန်ဟွိုက်အန်ကိုပါ တစ်ခါတည်း ရှင်းပစ်၍ ရနိုင်ပေသည်။

သို့သော် နောက်စက္ကန့်တွင်တော့ ဝမ်ရှိုယီ၏ မျက်နှာက မည်းမှောင်ကျသွားသည်။ သူက ငယ်ရွယ်ပုံပေါ်သော်လည်း သူ၏ အားကောင်းလှသော စွမ်းအားတွေကြောင့် ထွက်ပေါ်လာသည့် ဖိအားက ကြောက်မက်ဖွယ် ကောင်းလှ၏။

“မစ္စတာလင်း... ပထမဆုံးအနေနဲ့ အရိုးကြွေထည် ဗောဓိသတ္တကို အုပ်ချုပ်ရေးမှူးချန်က သတ်လိုက်တာပါ။ ကျွန်တော် အကြာကြီး တိုက်ခဲ့ပေမဲ့ ဘာမှ မလုပ်နိုင်ခဲ့ဘူး... အုပ်ချုပ်ရေးမှူးချန်သာ ဝင်မကူညီခဲ့ရင် ကျွန်တော် အခုလောက်ဆို အလောင်းဖြစ်နေလောက်ပြီ။ သူက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပဲ။ ခင်ဗျားက ကျွန်တော့် ကျေးဇူးရှင်ကို စော်ကားတယ်။ အဲဒါက ကျွန်တော့်ကို အရမ်းကို ဒေါသထွက်စေတယ်။ နောက်ပြီးတော့ ခင်ဗျားဆီမှာ ရိုသေမှု မရှိတာကိုလည်း မြင်နေရတယ်။ ခင်ဗျားတို့ မိသားစုကလည်း ဒီအတိုင်းပဲ ဆိုရင်တော့ ခင်ဗျားတို့ရဲ့ နေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မှာပဲ။ ကျွန်တော် လင်းမိသားစုထဲ မဝင်ပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ခင်ဗျားကို ကျွန်တော် မမြင်ချင်တော့ဘူး။”

သူ၏စကား ဆုံးသည်နှင့် ဆေးရုံတစ်ခုလုံး သင်္ချိုင်းကုန်းလို တိတ်ဆိတ်သွားတော့သည်။

ချန်ဟွိုက်အန်က ဝမ်ရှိုယီကို တိတ်တဆိတ် လက်မထောင်ပြလိုက်၏။

မိုက်တယ်... ဒီကလေးက ငယ်ပေမဲ့ ပါးစပ်က တကယ် အဆိပ်ပြင်းတာပဲ။ လင်းမိသားစုကို စောစောစီးစီး သေချင်းဆိုးနဲ့ သေပါစေလို့တောင် ကျိန်ဆဲလိုက်သေးတယ်။

ချန်ဟွိုက်အန်က ဝမ်ရှိုယီ၏ လစာကို တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၅၀၀ ချက်ချင်း တိုးပေးရန် ဆုံးဖြတ်လိုက်၏။

လင်းဟောက်၏မျက်နှာ ဖြူဖျော့သွားပြီး နီရဲလာသည်။ သို့သော် သူက ဝမ်ရှိုယီကိုတော့ ပြန်မဟောင်ရဲပေ။ သူက အတင်းပြုံးပြရင်း အရှက်ပြေမည့် နည်းလမ်းကိုသာ ရှာလိုက်ရသည်။ “ညီလေးဝမ်။ မင်း ငါ့အပေါ်ရော လင်းမိသားစုအပေါ်ရော အထင်လွဲနေသလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ဖိတ်ခေါ်မှုကတော့ ရှိနေတုန်းပါပဲ။ စိတ်ပြောင်းသွားရင် ငါ့ဆီကို လာခဲ့ပါ... အကျိုး ခံစားခွင့်တွေက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုထက် အများကြီး ပိုကောင်းစေရမယ်လို့ ငါ အာမခံပါတယ်။”

ဝမ်ရှိုယီက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြီး ပြောလိုက်၏ “ဘာမှ အထင်မလွဲပါဘူး...”

လင်းဟောက် - “...”

လင်းဟောက်က တက်ကြွစွာ ရောက်လာခဲ့သော်လည်း အရှက်တကွဲ ပြန်သွားခဲ့ရသည်။

ထိုစကားဝိုင်းက အမှန်တကယ်ကို အလွဲလွဲအချော်ချော်ပင်။

ချန်ဟွိုက်အန်က ဟွမ်ကူပေ ရောက်လာသည်ကို မြင်သောအခါ ဆုကြေးငွေအကြောင်း ချက်ချင်း မေးတော့သည်။

“အရိုးကြွေထည် ဗောဓိသတ္တ သေသွားတဲ့ တိုက်ပွဲမှတ်တမ်း မရှိဘူးဆိုပေမဲ့ ခင်ဗျားရော လင်းချန်ရော ကိုယ်တိုင် မြင်လိုက်တာပဲ။ အစပိုင်း ကျွန်တော် သတ်လိုက်တဲ့ အရိုးကြွေထည် မိန်းကလေး အယောက်၁၀၀ကျော်ကို အပိုဆုလို့ပဲ သဘောထားလိုက်။ အရိုးကြွေထည် ဗောဓိသတ္တအတွက် ဆုကြေးတော့ အနည်းဆုံး ပေးသင့်တယ် မဟုတ်လား။”

“ဆုကြေးကို ထုတ်ပေးလို့ရပါတယ်။” ဟွမ်ကူပေက ငိုမဲ့မဲ့ အပြုံးကြီးနှင့် ပြန်ဖြေသည်။ “ဒါပေမဲ့ ဌာနချုပ်က ခင်ဗျား ဘယ်လိုတိုက်ခဲ့လဲ၊ ဘယ်လိုပစ္စည်းတွေ သုံးခဲ့လဲဆိုတဲ့ အသေးစိတ် အစီရင်ခံစာ တောင်းနေတယ်။ နောက်ပြီးတော့ စစ်ဆေးဖို့အတွက် အဲဒီပစ္စည်းကို သူတို့ဆီ အပ်နှံဖို့လည်း တောင်းဆိုနေတယ်။ စစ်ဆေးမှု ပြီးသွားမှပဲ ဆုကြေးကို ထုတ်ပေးမယ်တဲ့။”

“ဪ...” ချန်ဟွိုက်အန်၏ နှုတ်ခမ်းများက အန္တရာယ်ရှိသော အပြုံးတစ်ခု အဖြစ်သို့ တွန့်ကွေးသွားသည်။ “ကျွန်တော် မှတ်မိသလောက် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ ဒီလို စည်းမျဉ်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ တကယ်လို့ ကျွန်တော်က ငြင်းလိုက်ရင်ကော။”

“တကယ်လို့ ငြင်းမယ်ဆိုရင်... ခင်ဗျား ဘုရင်အဆင့်မိစ္ဆာကို သတ်ခဲ့တယ်ဆိုတဲ့ သက်သေ မရှိတော့ဘူးပေါ့...” ဟွမ်ကူပေက ချန်ဟွိုက်အန်၏ မျက်လုံးများကို မကြည့်ရဲဘဲ အကြည့် လွှဲလိုက်ရတယ်။ သူ့စိတ်ထဲတွင်တော့ မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်က ငတုံးများ၏ ဘိုးဘေး ၁၈ဆက်ကိုပါ ကျိန်ဆဲနေမိလေပြီ။

ဒီငတုံးတွေက အခင်းဖြစ်တဲ့နေရာကို လာကြည့်ကြရဲ့လား။ သူတို့က ဒီလူကို လာကစားလို့ ရတယ်လို့ ထင်နေတာလား။ သူ့ရဲ့ ဝိညာဉ်လက်နက်ကိုတောင် သူတို့က တောင်းရဲတယ်ပေါ့။

ဒါကို သုံးဖို့ သူ့ရဲ့သက်တမ်းကို ရင်းထားရရင်တောင်...

သူ အကြာကြီး မနေရတော့ဘူး ဆိုရင်တောင်...

အသက်ရှင်နေသရွေ့တော့ သူက ကြောက်စရာကောင်းတဲ့ အင်အားစုတစ်ခုပဲ။

“စိတ်ဝင်စားစရာပဲ... အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်။” ချန်ဟွိုက်အန်က ဒေါသ လုံးဝ မထွက်သည့်အပြင် ရယ်ပင် ရယ်နေပါသေးသည်။

သူ သာမန်လူတစ်ယောက် ဖြစ်နေတုန်းက ထိုကဲ့သို့ အခြေအနေမျိုးများနှင့် ကြုံခဲ့ဖူးသည်။ သူ့မိဘများ၏ နစ်နာကြေးငွေ အတော်များများက အလွဲသုံးစား လုပ်ခံခဲ့ရသည်။ ထိုစဉ်က သူ ဘာမှ မတတ်နိုင်ခဲ့ပေ။ လော်ရှီးဖော်ကသာ သူ့ကို ကူညီဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။

သူဟာ နိုးထသူ ဖြစ်လာပြီး မိစ္ဆာနှိမ်နင်းသူဗျူရို၏ အုပ်ချုပ်ရေးမှူး ဖြစ်လာလျှင် ထိုကဲ့သို့ ပြဿနာများနှင့် မကြုံရနိုင်တော့ဟု ထင်ခဲ့သော်လည်း... တကယ်တမ်းမှာ သူ ရိုးအခဲ့ခြင်းသာ။

တချို့အရာများက လုံးဝ မပြောင်းလဲနိုင်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။ လူများ၏ လောဘ၊ အမြင်ကွယ်မှုများနဲ့ မိုက်မဲမှုများပင်။

“ကျွန်တော် အဲဒီပစ္စည်းကို အပ်ပါ့မယ်... ခဏလေး စောင့်ပါ။”

ချန်ဟွိုက်အန်က ထိုင်ခုံတစ်ခုတွင် သွားထိုင်ပြီး ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်၏။

“အုပ်ချုပ်ရေးမှူးချန်၊ ကျွန်တော်နဲ့လင်းချန် ဌာနချုပ်နဲ့ စကားပြောပေးရမလား။” ချန်ဟွိုက်အန်၏ ထူးထူးခြားခြား တည်ငြိမ်နေမှုကြောင့် ဟွမ်ကူပေ၏ ကျောရိုးထဲ စိမ့်တက် သွားသည်။ သူ တကယ့်ကို မကောင်းသော ခံစားချက်ကြီး ရနေ၏။ တစ်ခုခု ကပ်ဘေး ဆိုက်တော့မလိုမျိုးပင်။

သူ၏ အကြည့်များက ဆေးရုံကုတင်ပေါ်မှာ ကြောင်အမ်းအမ်း ဖြစ်နေသော ဝမ်ရှိုယီဆီ ရောက်သွားသည်။ ဝမ်ရှိုယီက အခြေအနေကို ပြေလည်အောင် ကူညီပေးနိုင်မလားဟူ၍ သူ တွေးလိုက်မိ၏။ သို့သော် သူ အကြံပြုရန် ပြင်လိုက်စဉ်မှာပင် ချန်ဟွိုက်အန်က ဂရုမစိုက်သော ပုံစံဖြင့် လက်ကာပြလိုက်သည်ကို မြင်လိုက်ရသည်။

“မလိုပါဘူး။ ကျွန်တော့်အတွက် ရဟတ်ယာဉ်တစ်စီးပဲ ပြင်ပေးထားပါ။ ကျွန်တော် ကိုယ်တိုင် အဲဒီပစ္စည်းကို မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်ဆီ သွားပို့ပေးလိုက်မယ်။”

ဟွမ်ကူပေ တုန်လှုပ်သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရ၏။ “ခင်ဗျား... ခင်ဗျား ဘာလုပ်ဖို့ ကြံစည်နေတာလဲ။”

“စိတ်အေးအေးထားပါ အစ်ကိုကြီးရာ...” ချန်ဟွိုက်အန်ရဲ့ အပြုံးက သူတော်စင် တစ်ယောက်လို နူးညံ့နေ၏။ သူက ခေါင်းပင် မဖော်ဘဲ ပြောလိုက်သည်။ “ဒါက ဝိညာဉ်လက်နက် သေးသေးလေးပါ။ ဒီလောက်နဲ့ ဆက်ဆံရေး အပျက်ခံရမလား။ ကျွန်တော်က ဌာနချုပ်နဲ့ တော်တော်လေး ရေစက်ရှိတယ်လို့ ခံစားနေရလို့ပါ။ ရာထူးတက်ကတည်းက ကျွန်တော် တစ်ခါမှ မသွားဖူးသေးဘူး။ အခု အခွင့်အရေးရတုန်း သွားပြီးတော့ ဂါရဝပြုသင့်တယ် မဟုတ်လား။ ပတ်ဝန်းကျင်ဆိုတာ လူမှုဆက်ဆံရေးက အရေးကြီးတယ်လေ။ ဒါကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။”

ဟွမ်ကူပေက သံသယများနှင့် ပြည့်နေတုန်းပင်...

သို့သော် ချန်ဟွိုက်အန်က ပြဿနာရှာမည့်ပုံစံ မပေါက်နေသောကြောင့် သူ တွေးမိသည်က...

သူ တကယ်ပဲ လောကဝတ်တွေကို နားလည်သွားတာလား။

အမှန်တကယ်တွင် သူက ချန်ဟွိုက်အန်ကို ဌာနချုပ်ဆီ လက်ဆောင်အချို့ ပေးဖို့ အကြံပြု ချင်နေတာ ကြာခဲ့လေပြီ။ မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်က အရင်လို မဟုတ်တော့။

ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ မဟာမိုးကြိုးကျောင်းတော်တို့ နိုးထလာသည်နှင့်အမျှ ဌာနချုပ်က ဆယ်နှစ်လုံးလုံး အချိန်ပေးပြီး ဖော်ခဲ့ရသည့် ချီစွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ဆိုသည်မှာ ရယ်စရာတစ်ခု ဖြစ်သွားခဲ့လေပြီ။ ယခု အင်အားအကြီးဆုံး နိုးထသူများသာ စည်းမျဉ်းများကို သတ်မှတ်နေကြ၏။ အင်‌မော်တယ်နန်းတော်၏ ဝင်ခွင့်စာမေးပွဲကိုဖြေမည့် ပထမဆုံးအသုတ် အလောင်းအလျာများထဲ ၇၀%က သူဌေးကြီးများ၏ မိသားစုများ ဖြစ်နေကြလေပြီ။

၎င်းက မိစ္ဆာနှိမ်နင်းသူဗျူရို၏ အထက်လူကြီးများကို တစ်ညတည်းနှင့် လုံးဝ အပြောင်းအလဲ ဖြစ်သွားစေခဲ့သည်။

သူ့ဆန်စားရင် သူ့အမိန့်ကို နာခံရမယ် မဟုတ်လား။

မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ဆက်ရှင်သန်ချင်လျှင် စည်းမျဉ်းများအတိုင်း ကစားတတ်ရန် လိုပေသည်။

ချန်ဟွိုက်အန်က ကျိုးကြောင်းဆင်ခြင်တတ်သူ တစ်ယောက် ဖြစ်သည်။

ဌာနချုပ်က ရတနာကို လိုချင်တယ်ဆိုမှတော့ အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ တစ်ခုခု ပို့ပေးရမှာပေါ့။

ဒါပေမဲ့ ဓားဓာတ်လုံးကိုတော့ ပေးဖို့ စိတ်ကူးမရှိဘူး။

ဓားဓာတ်လုံး ဟုတ်လား။ အဲဒါ ဘာကြီးလဲ။

သူတို့ဆီကို အဲဒီထက် အများကြီး ပိုကောင်းတဲ့ အရိုးကြွေထည် ဗောဓိသတ္တရဲ့ သွေးကြွေထည် ပုလင်းကို ပေးလိုက်မှာပါ။

ဒါပေမဲ့ အဲဒီမတိုင်ခင် အဘိုးကြီးစုရဲ့ အကူအညီနဲ့ ဒါကို နည်းနည်း ပြုပြင်ဖို့ လိုသေးတယ်။ အဲဒါမှ တကယ့်ကို ခမ်းနားတဲ့ လက်ဆောင်ကောင်းတစ်ခု ဖြစ်မှာပေါ့။

...

All Chapters