ပိဿာ ၅၀၀
Vol. 20 Ch. 198
“နောက်သုံးရက်ကြာရင် ကျုံးကျိုးလျို့ဝှက်နယ်မြေ ပွင့်တော့မယ်။ ဘိုးဘေးက မင်းတို့ကို အားပေးစကား ပြောထားပြီးသားမို့လို့ ဒီနေ့တော့ ငါ ထပ်မပြောတော့ဘူး... လျို့ဝှက်နယ်မြေ အထဲကနေ ဂိုဏ်းအတွက်ရော ကိုယ့်အတွက်ပါ အကျိုးရှိမယ့် အရင်းအမြစ်တွေ ရယူဖို့က မင်းတို့ရဲ့ ပန်းတိုင်ဆိုပေမဲ့ အားလုံးထက် ဘေးကင်းလုံခြုံရေးက အရေးကြီးဆုံးပဲ...”
ဓားကျောင်းတော် ဂိုဏ်းချုပ်ခန်းမရှေ့တွင် တပည့်အုပ်ကြီး စုဝေးရပ်တန့်နေသည်။ စုချီနျန်နှင့် အကြီးအကဲများက သူတို့ရှေ့တွင် တည်ငြိမ်သော မျက်နှာထားများဖြင့် ရပ်နေကြသည်။
နှစ်စဉ်နှစ်တိုင်း ကျုံးကျိုးလျို့ဝှက်နယ်မြေ ပွင့်ချိန်က ဂိုဏ်းအဆင့်အတန်းများကို အကြီးအကျယ် အပြောင်းအလဲဖြစ်စေသော အချိန်လည်း ဖြစ်သည်။
အထူးသဖြင့် ယခုတစ်ကြိမ်တွင်တော့ ဆယ်နှစ်မှ တစ်ကြိမ်သာ ကြုံရမည့် လျို့ဝှက်နယ်မြေ အကြီးရော အငယ်ပါ တစ်ပြိုင်နက် ပွင့်မည့်အချိန် ဖြစ်သည်။ ဆိုလိုသည်မှာ အခြေတည်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူများသာမက ထိုအဆင့်အထက်ရှိ ထိပ်တန်း ကျင့်ကြံသူများ၊ အကြီးအကဲများနှင့် ဂိုဏ်းချုပ်များပင် ကိုယ်တိုင် ပါဝင်လှုပ်ရှားကြလိမ့်မည်။
လျို့ဝှက်နယ်မြေထဲတွင် ရှေးဟောင်းရတနာများနှင့် အထွတ်အမြတ်ကျင့်စဉ်များ မရေမတွက် နိုင်အောင် ရှိနေသည်။ ရရှိလာသမျှ အရာတိုင်းက ဂိုဏ်း၏ အင်အားကို သိသိသာသာ မြှင့်တင် ပေးနိုင်သည်။
သို့သော်လည်း အကယ်၍ ထိပ်တန်းတပည့်များ သို့မဟုတ် ဂိုဏ်းအကြီးအကဲများသာ အတွင်းထဲ သေဆုံးသွားပါက ဂိုဏ်းအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လျို့ဝှက်နယ်မြေက အခွင့်အရေးများ ပြည့်နှက်နေသလို အန္တရာယ်များလည်း အပြည့်ပင်။
ထောင်ချောက်များနှင့် အခင်းအကျင်းများက စိုးရိမ်စရာ အနည်းဆုံး အရာများ ဖြစ်သည်။ အကြီးမားဆုံးသော ခြိမ်းခြောက်များမှာ “ရှေးဟောင်းအကြွင်းအကျန်”များပင်။
ကျုံးကျိုးလျို့ဝှက်နယ်မြေသည် တစ်ချိန်က ရှေးဟောင်းစစ်တလင်းကြီး ဖြစ်ခဲ့ဖူးသည်။
ထိုနေရာတွင် ပျက်စီးသွားသော ဂိုဏ်းပေါင်း ထောင်ချီရှိနေပြီး စစ်ပွဲအတွင်း သေဆုံးခဲ့ကြသည့် ကျင့်ကြံသူ အရေအတွက်မှာလည်း မရေတွက်နိုင်အောင်ပင်။ သူတို့၏ ဝိညာဉ်များသည် အချိန် ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားကြသော်လည်း ခန္ဓာကိုယ်များကတော့ အကောင်းအတိုင်း ကျန်နေခဲ့သည်။ နှစ်ထောင်ချီ ကြာလာသောအခါ ကျန်ရစ်သော အတွေးစ အကြွင်းအကျန်များက လျို့ဝှက်နယ်မြေ၏ ပုပ်သိုးနေသော စိတ်ဆန္ဒများနှင့် ပေါင်းစပ်သွားပြီး အလောင်းတွေကို အသိဉာဏ်မရှိဘဲ သတ်ဖြတ်လိုစိတ် တစ်ခုတည်းသာ ရှိသည့် သတ္တဝါများအဖြစ် ပြန်လည် ရှင်သန်လာစေခဲ့သည်။ ၎င်းတို့ကို “ရှေးဟောင်းအကြွင်းအကျန်” များဟု ခေါ်ကြသည်။
အချို့ဆိုလျှင် လျို့ဝှက်နယ်မြေထဲတွင် အသက်ရှင်နေသော ရှေးဟောင်းကျင့်ကြံသူများနှင့်ပင် တွေ့ခဲ့ရသည်ဟု ဆိုကြသည်။
သို့သော် ခိုင်လုံသောသက်သေ မရှိတာကြောင့် ထိုကဲ့သို့ တွေ့မြင်မှုများကို ရှေးဟောင်း အကြွင်းအကျန်များနှင့် တွေ့ခြင်းသာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြသည်။
“အတိုချုပ်ပြောရရင် ကျုံးကျိုးလျို့ဝှက်နယ်မြေက အင်မတန်ကို အန္တရာယ်များတယ်... ဒါကို သာမန်ဂိုဏ်းတာဝန် တစ်ခုလို သဘောမထားကြနဲ့။ မင်းတို့ ဝင်သွားတာနဲ့ ဂိုဏ်းရဲ့ အချက်ပြမှုကို လိုက်ပြီး ချက်ချင်း ပြန်စုကြ။ ဘယ်လို အခြေအနေမျိုးမှာမှ တစ်ယောက်တည်း ခွဲမသွားနဲ့။ လျို့ဝှက်နယ်မြေက ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်ပြတ်နေတာ။ ငါရော အကြီးအကဲတွေရော မင်းတို့ကို လာမကယ်နိုင်ဘူး။ မင်းတို့က မင်းတို့နဲ့ မင်းတို့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေကိုပဲ အားကိုးရမှာ။ နားလည်လား။”
“နားလည်ပါပြီ။ ဂိုဏ်းချုပ်...” တပည့်များက တပြိုင်နက် ပြန်ပြောလိုက်ကြသည်။
“ကောင်းပြီ။ မနက်ဖြန် ငါတို့ ကျုံးကျိုးကို ထွက်ခွာမယ်။ ဒီည ကောင်းကောင်း အနားယူပြီးတော့ အားအင်တွေ မွေးထားကြ...”
လွန်ခဲ့သော နှစ်များတွင် ကျုံးကျိုးသို့ မသွားမီ တစ်ဂိုဏ်းလုံးမှာ တင်းကျပ်နေသော လေးကြိုး တစ်ခုကဲ့သို့ အလွန် စိုးရိမ်တကြီး ဖြစ်နေခဲ့ကြသည်။
သို့သော် ယခုနှစ်တွင်တော့ မတူတော့ပေ။
စုချီနျန်နှင့် တပည့်များအားလုံးမှာ ယုံကြည်မှုအပြည့်ရှိသော အပြုံးများကိုယ်စီဖြင့် လျို့ဝှက် နယ်မြေကို လုယူရန် စိတ်အားထက်သန်နေကြသည်။
၎င်းတို့အားလုံးက ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များတင်မကဘဲ အသက်ကယ် ရတနာများနှင့် ကာကွယ်ရေးပစ္စည်းများကိုပါ အလျှံပယ် ပေးသနားထားသော ဘိုးဘေး၏ ကျေးဇူးကြောင့်ပင်။
ထိုကဲ့သို့ ဘိုးဘေးမျိုး ရှိနေမှတော့ သူတို့ ဘာများ ထပ်လိုဦးမည်နည်း။
တပည့်များက ဓားပျံများကို စီးကာ လျိုရှားတောင်ထွတ်သို့ ပြန်သွားကြသော်လည်း လီချင်းရန် တစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး စုချီနျန်ကို နှုတ်ဆက်ရန် ရှေ့သို့ တိုးလာခဲ့သည်။
“ဪ၊ ချင်းရန်ပါလား။” စုချီနျန်က သူ့မုတ်ဆိတ်ကို ပွတ်ရင်း မျက်လုံးလေး မှေးကာ ပြုံးလိုက်သည်။ “မင်း လျိုရှားတောင်ထွတ်ကို ပြန်မသွားသေးဘူးဆိုတော့... ဘိုးဘေးက ငါ့အတွက် အမိန့်တစ်ခုခု ပေးလိုက်လို့လား။”
“ဆရာက ဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲဆီက သွေးအချို့ လိုချင်လို့ပါ။” လီချင်းရန်က ယဉ်ကျေးစွာ ဦးညွှတ်ရင်း ပြောလိုက်သည်။ “တကယ်လို့ အစောင့်အရှောက်သားရဲ အဆင်မပြေဘူးဆိုရင် ဂိုဏ်းချုပ်ရဲ့ သွေးဆိုရင်လည်း ရပါတယ်လို့ ဆရာက မှာလိုက်ပါတယ်။”
“...အစောင့်အရှောက်သားရဲရဲ့ သွေး ဟုတ်လား။” စုချီနျန် ခဏတာ ရပ်တန့်သွားပြီး မုတ်ဆိတ် ပွတ်နေသည့် လက်မှာလည်း လေထဲတွင် တန့်သွားသည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူက မေးလိုက်သည်။ “ဒါက ဘာအတွက်လဲဆိုတာ ဘိုးဘေး ပြောခဲ့လား။ မပြောနိုင်ရင်လည်း ရပါတယ်။ ငါ အခုချက်ချင်း သွားယူပေးမယ်။ ဒါနဲ့ သွေးက ဘယ်လောက်တောင် လိုတာလဲ။ ပိဿာ ၅၀၀ လောက်ဆိုရင်ရော လုံလောက်ပါ့မလား။ အဲဒီထက် ပိုရင်တော့ အစောင့်အရှောက် သားရဲ သွေးထွက်လွန်ပြီး သေသွားနိုင်တယ်...”
“အာ... အဲဒီလောက်အထိ မဟုတ်ပါဘူး...” လီချင်းရန်က လက်ကို ခါယမ်းရင်း ခပ်ခြောက်ခြောက် ရယ်လိုက်သည်။
တကယ်ပါပဲ... ပိဿာ ၅၀၀ ဆိုရင် သနားစရာ သားရဲကြီး သေသွားမှာပေါ့...
“ဆရာက ပြောတာကတော့ ကျွန်မတို့ အစောင့်အရှောက်သားရဲနဲ့ ဆင်တူတဲ့ သတ္တဝါ တစ်ကောင်နဲ့ တွေ့ခဲ့လို့ အဲဒီကောင်ကို ယဉ်ပါးအောင် လုပ်နိုင်မလားဆိုတာ လေ့လာဖို့အတွက် လိုချင်တာပါတဲ့။”
“ဪ... ဆင်တူတယ်ဆိုရင် မျိုးရိုးတူ ဖြစ်ဖို့များတယ်။ ရှေးဟောင်းသားရဲတွေက ခေါင်းမာ တတ်တာ... ငါ အရင်က တာ့ဟူကို ယဉ်ပါးအောင် လုပ်ခဲ့တုန်းက တော်တော် ဒုက္ခရောက်ခဲ့ရတာ။ ဒါပေမဲ့ ဘိုးဘေးကသာ တာဟူရဲ့ သွေးကို အစာအဖြစ် သုံးမယ်ဆိုရင်တော့ အဲဒီသတ္တဝါကို လက်အောက်ခံဖြစ်အောင် လုပ်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိတာပေါ့။”
စုချီနျန်က တတွတ်တွတ် ခေါင်းညိတ်ရင်း ဘိုးဘေးကြီးအပေါ် ကြည်ညိုလေးစားမှုများ မျက်လုံးထဲ ပြည့်နေ၏။
“ဒီမှာ ခဏစောင့်။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်...”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ်က ဓားပေါ် ခုန်တက်ကာ ပျံထွက်သွားတော့သည်။
ခဏအကြာတွင် တောင်နောက်ဘက်မှ လူသားမဆန်သော ဆွဲဆွဲငင်ငင် အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
အနည်းငယ် ကြာပြီးနောက် စုချီနျန်က ခါးလောက်မြင့်သည့် သစ်သားစည်ပိုင်းကြီးတစ်လုံးကို ဓားပေါ်တွင် တင်ကာ ပြန်လာခဲ့သည်။ စည်ပိုင်းထဲတွင် အစောင့်အရှောက်သားရဲ၏ သွေးများဖြင့် ပြည့်နေ၏။
“ရော့.. ဒါ ပိဿာလေးငါးဆယ်လောက် ရှိမယ်။ ဘိုးဘေးကြီး စိတ်ကြိုက် သုံးပါစေ။ တကယ်လို့ မလောက်ရင် ငါ့ဆီ ထပ်လာခဲ့။ အားမနာနဲ့။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့သွေး မဟုတ်ဘူးလေ။ ဟဲဟဲ။” စုချီနျန်က စည်ပိုင်းကို လီချင်းရန် ရှေ့တွင် ချပေးလိုက်သည်။
“ဒါဆိုရင် ဆရာ့ကိုယ်စား ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်။”
“ဟားဟားဟား... ဘာမှ မဟုတ်တာတွေပါ။”
တောင်နောက်တွင်တော့ အစောင့်အရှောက်သားရဲ တာ့ဟူခမျာ လကိုကြည့်ပြီး မျက်ရည်တွေ ဝဲကာ အူနေရှာသည်။
သူ၏ အသားအထူဆုံး ကျောဘက်နေရာတွင် ဓားတစ်စင်းက စိုက်ဝင်နေဆဲပင်။
ဒဏ်ရာမှ သွေးများ တစိမ့်စိမ့် ထွက်နေသည်။
ဒဏ်ရာက သိပ်မပြင်းထန်သော်လည်း အရှက်ရခြင်း ဒဏ်ရာထက် ပိုပြီး နာကျင်ရသည်။
လက်စားချေဖို့က ညအိပ်မစောင့်သင့်ဘူး။ မနက်ဖြန် တစ်ဂိုဏ်းလုံး ကျုံးကျိုးကို သွားတဲ့အခါ သိုင်းကျမ်းကျောင်းဆောင်က ထူးဆန်းတဲ့ အဘိုးကြီးနဲ့ ဘိုးဘေးခန်းမက ကြမ်းတမ်းတဲ့ မိန်းမကြီးပဲ ကျန်ခဲ့လိမ့်မယ်။
အဲဒီအချိန်ကျရင် တောင်နောက်ဘက်မှာ စောင့်ကြည့်မယ့်သူ မရှိတော့ဘူး။
စုချီနျန်ကို အတိုးနှင့်တကွ ပြန်ပေးဆပ်စေရမည်ဟု တာ့ဟူ ကျိန်ဆိုလိုက်တော့သည်။
“ချန်ဟွိုက်အန်။ ဒါက မင်း မနေ့က ဘုရင်အဆင့် အရိုးကြွေထည် ဗောဓိသတ္တကို သတ်ဖို့ သုံးခဲ့တဲ့ ရတနာလား။”
မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်၊ အစည်းအဝေးခန်းမ၌ ဖြစ်သည်။
အစောင့်အရှောက်သားရဲ၏ သွေးများနှင့် လူးပေနေသော ကြွေထည် ပုလင်းတစ်လုံးက ချန်ဟွိုက်အန်၏ အရှေ့တွင် ရှိနေသည်။ သူ၏ တစ်ဖက်တွင်တော့ အဘိုးကြီး ငါးယောက် စီတန်းထိုင်နေကြ၏။
ထိုငါးယောက်က မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်၏ လက်ရှိ အုပ်ချုပ်သူများ ဖြစ်ကြသည်။
သူတို့ထဲက လေးယောက်က အထက်တန်းလွှာ မိသားစုများမှ ဖြစ်ပြီး တစ်ယောက်တည်းသာ ဌာနချုပ် မူလအရာရှိဟောင်း ဖြစ်သည်။ ကျန်သော ခေါင်းဆောင်ဟောင်းများက အထုတ်ခံရခြင်း သို့မဟုတ် တခြားနေရာကို ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်ကုန်လေပြီ။
စကားပြောလိုက်တဲ့လူက အလယ်တွင် ထိုင်နေသော ဝမ်မိသားစု အကြီးအကဲ ဝမ်ကျင်းရှန်းပင်။
ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်တို့ မပေါ်ခင်က သူသည် ဟွာရှားနယ်မြေတွင် အင်အားအကြီးဆုံး ဗိုလ်ချုပ်အဆင့် ကျင့်ကြံသူများထဲက တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ့၏ ဘွဲ့နာမည်မှာ “လေပြင်းဓားသွား”ပင်။
သူက ဝမ်မိသားစု၏ ဓားသိုင်းများကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ စတင်နိုးထလာချိန် သူသည် အကျိုးအမြတ်ကို အစောဆုံး ရရှိခဲ့သောသူများထဲ ပါဝင်ပြီး သူ၏ သိုင်းကွက်များမှ ဓားအသိကို နားလည်သဘောပေါက်ခဲ့ကာ သူ၏ စိတ်ထဲတွင် ဓားပုံသဏ္ဌာန် စွမ်းအင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အခုတော့ ခွန်းလွန်အင်မော်တယ်နန်းတော်၏ သင်ကြားမှုများနှင့်အတူ ဒီဖြစ်ရပ်ကို တရားဝင် ရှင်းလင်းချက် ပေးထားပြီးသား ဖြစ်သည်။
၎င်းကို “ဓားစိတ်ဝိညာဉ်အမြစ်” ဟူ၍ ခေါ်ပေသည်။
ထို့ကြောင့် ဝမ်ကျင်းရှန်းက ခွန်းလွန်အင်မော်တယ်နန်းတော်၏ ဝင်ခွင့်လှေကားထစ် ၄၀၀၀အထိ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး အတွင်းစည်းတပည့်အဖြစ် သတ်မှတ်ခံရကာ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေပြီဖြစ်သည်။ မိစ္ဆာနှိမ်နင်းသူဗျူရိုကို မိသားစု ထိန်းချုပ်မှုအောက် လုံးဝရောက်အောင် လုပ်ပြီးသည်နှင့် သူ နန်းတော်ထဲကိုသွားပြီး စစ်မှန်သော အင်မော်တယ် အတတ်ပညာများကို သင်ယူရန် စီစဉ်ထားပြီးသားပင်။
အရင်က သူ အသည်းအသန် လိုချင်ခဲ့တဲ့ ချီစွမ်းအင်စုပ်ယူခြင်းကျင့်စဉ်လား။ ရယ်စရာပဲ။ အဲဒီ အမှိုက်ကျင့်စဉ်က ဌာနချုပ်မှာ တွယ်ကပ်နေတဲ့ ခေါင်းမာတဲ့ ငတုံးတွေအတွက်ပဲ။
“ဟုတ်ပါတယ်...” ချန်ဟွိုက်အန်က ဝင်းပသော အပြုံးဖြင့် သွေးကြွေထည်ပုလင်းကို ရှေ့သို့ တွန်းပို့ရင်း ပြောလိုက်သည်။ “ဒါက ရန်သူကို အနိုင်ယူစေခဲ့တဲ့ ရတနာပါ။”
“သေချာရဲ့လား။ ဒီပုလင်းက ကြည့်ရတာ ကြွေထည်ဖိုတစ်ခုက ထွက်လာတဲ့ ပုံစံပဲ...”
ဝမ်ကျင်းရှန်းက ကြွေထည်ပုလင်းကို စစ်ဆေးပြီးနောက် ကျန်သော မိစ္ဆာနှိမ်နင်းရေးသမား လေးယောက်ဆီကို လက်ဆင့်ကမ်းလိုက်သည်။
ငြင်းမရသည်တော့ ၎င်းမှာ ကောင်းမွန်သော လက်နက်တစ်ခု ဖြစ်နေဖြင်းပင်။ ပုလင်းထဲမှ စိတ်ဝိညာဉ်ချီစွမ်းအင် လှိုင်းလေးများ ထွက်နေခြင်းက ၎င်းမှာ ဝိညာဉ်ကိရိယာတစ်ခု ဖြစ်ကြောင်း အတည်ပြုပေးနေသည်။
သို့သော် မည်သို့ပင် ကြည့်ကြည့်... ၎င်းက ဓားစွမ်းအင်များကို ထုတ်လွှတ်နိုင်မည့် ပုံစံမျိုးတော့ မဟုတ်ပေ။
ချန်ဟွိုက်အန်က နောက်ဆုံးဓားချက်နှင့် သတ်လိုက်ကြောင်း လင်းချန် ကျိန်ဆိုပြီး မပြောခဲ့လျှင် သူဟာ ဝမ်ရှိုယီ သတ်လိုက်သည်ဟုသာ ထင်မိပေမည်။ ချန်ဟွိုက်အန်က တိုက်ပွဲတိုင်းမှာ မိုးကြိုးအဆောင်များကိုသာ သုံးခဲ့လေသည်။ ဓားသိုင်း သုံးသည်မျိုး တစ်ခါမှ မပြခဲ့ဖူးခဲ့ပေ။
“သေချာတာပေါ့...” ချန်ဟွိုက်အန်က အလွန်တည်ကြည်သော ပုံစံဖြင့် အဘိုးကြီး ငါးယောက်၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ဒီသွေးကြွေထည်ပုလင်းက အရိုးကြွေထည် ဗောဓိသတ္တကို ပြန်ပြီးတော့ နှိမ်နင်းနိုင်ခဲ့တာပါ။ ပုလင်းထဲမှာရှိတဲ့ သွေးကြွေထည် မိန်းကလေးက အရိုးကြွေထည် ဗောဓိသတ္တအပေါ်မှာ နက်ရှိုင်းတဲ့ နာကျည်းမှုတွေ ရှိနေတာလေ။ ခင်ဗျားတို့ ကျင်းသဲမြို့ရဲ့ မီးဖိုဂူ သမိုင်းမှတ်တမ်းတွေကို ဖတ်ပြီးလောက်ပြီ ထင်ပါတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတာ ခင်ဗျားတို့ သိမှာပါ။”
“ဒါဆို... တကယ့် လူသတ်သမားက သွေးကြွေထည်မိန်းကလေးပေါ့။”
“အတိအကျပဲ။”
“ဒါဆို သူ့ကို ဘယ်လို နိုးထအောင် လုပ်ရမလဲ။”
“သွေးလေးနည်းနည်း ထည့်ပေးလိုက်ရုံပါပဲ။”
...