အခန်း (၁၀၆)
Vol. 8 Ch. 106
ဒါပေမယ့် တစ်ယောက်ယောက်ကတော့ ရှောင်းကောကို သွားခွင့်မပေးပါချေ။
“ရှောင်းကော…”
အမျိုးသမီးယန်က ရှောင်းကောကို ဝမ်းသာအားရ လှမ်းခေါ်လိုက်ကာ သူမနောက်ကို လိုက်သွားချင်သည်။
သူမမှန်း ရှောင်းကောမြင်ပြီးနောက် မြည်းလှည်းကိုရပ်ကာ စောင့်လိုက်သည်။
အမျိုးသမီးယန်၏ အသံဟာ မကျယ်သော်လည်း မတိုးပါချေ။ အနီးအနားတွင် ရပ်နေသည့်သူတွေလည်း သူမအသံကို ကြားရသည်။
လီကျောက်ဒီကလည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ ရှောင်းကော၏ နာမည်ကို သူမကြားလိုက်ရတဲ့အခါ အလိုလို ဆဲရေးချင်မိသွားသည်။ "ကျွတ်စ်၊ ရှင် ဘာလို့ မုဆိုးမကို ခေါ်နေတာလဲ?"
လီကျောက်ဒီက သူမ၏ ကျယ်လောင်သည့် အသံကြောင့် နာမည်ကြီးသည်။ သူမသည် တမင်အသံမတိုးလိုက်ပေ။ ရှောင်းကော အပါအဝင် လူတိုင်း သူမပြောသည်ကို ကြားလိုက်ရသည်။
ရှောင်းကော၏ အမူအရာမှာလည်း မည်းမှောင်သွားတော့သည်။ သူမ မသိစိတ်ကနေ ကျွမ်းကျွမ်းရဲ့ နားရွက်တွေကို အုပ်လိုက်ကာ လီကျောက်ဒီကို စိုက်ကြည့်လိုက်သည်။ တခြားအချိန်တွေမှာ လီကျောက်ဒီ သူမကို ဒီလိုခေါ်လျှင် သူမ ဂရုမစိုက်မိလောက်မှာမဟုတ်ပေ။ သို့ပေမယ့် ဒီနေ့တော့ သူမ ကျွမ်းကျွမ်း ရှေ့မှာလုပ်လိုက်တာဖြစ်သည်။ ဒါက ခွင့်မလွှတ်နိုင်စရာပင်။
ရှောင်းကော မီးထမတောက်ခင် သူမရှေ့မှာရှိသည့် အမျိုးသမီးယန်က အရင်မီးထတောက်လာသည်။ ရှောင်းကောကို ခေါ်လိုက်တာက သူမကိုဆဲဆိုလိမ့်မယ်လို့ မထင်ခဲ့ပါချေ။
ရိုက်ချက်တစ်ခုက လီကျောက်ဒီ မျက်နှာပေါ်ကျလာသည်။ သူမ မတုံ့ပြန်မိခင် မြေပြင်ပေါ် လဲကျသွားတော့သည်။ သူမ မျက်နှာကိုအုပ်ကာ အမျိုးသမီးယန်ကို နားမလည်သလိုကြည့်လိုက်သည်။ ခုနက ဘာဖြစ်သွားတာလဲ?
လူတိုင်း အံ့ဩသွားကြသည်။ သူတို့ရှေ့က အခြေအနေကို ကြည့်ရင်း အချိန်တွေက ရပ်သွားသလိုပင်။
လီကျောက်ဒီ တုံ့ပြန်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ ခုန်ထလိုက်ကာ သူမပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ဆဲဆိုလာတော့သည်။ သူမသိသမျှ ယုတ်ညံ့သည့်ဆဲဆိုမှုတွေအားလုံးကို သွန်ထုတ်လာတော့သည်။ သူမပြောသည့်စကားအများစုမှာ မုဆိုးမများနှင့် ပတ်သက်နေသည်။ လီကျောက်ဒီမှာ အမျိုးသမီးယန်အား ထိုသို့မလုပ်ရဲသည်ကြောင့် သူ့ဒေါသတွေအားလုံး ရှောင်းကောဆီကိုသာ ပုံချလိုက်သည်။
သူမ ခုန်ထလာသည့်အခါ သူမအနားရှိ လူတွေက သူမကိုထိန်းရန်ကြိုးစားလာတာကြောင့် သူမကိုလှုပ်ရှားဖို့ ခက်သွားစေ၏။ အမျိုးသမီးယန်လည်း သူမရှိနေသည့်နေရာတွင်သာ ရပ်နေကာ မရှောင်ပါချေ။ မည်သို့ပင်ဆိုဆို လီကျောက်ဒီ သူမအား ဖမ်းမမိနိုင်ချေ။
အမျိုးသမီးယန် လီကျောက်ဒီအား မထီမဲ့မြင်ပြုကာ ကြည့်လိုက်ပြီး သူမဆွလိုသည့် မျက်နှာမျိုး ဆက်လုပ်ထားဆဲပင်။ လီကျောက်ဒီသာ anime ဇာတ်ကောင်ဖြစ်ပါက သူမ၏ဆံပင်တွေဟာ သေချာပေါက် ထောင်နေလိမ့်မည်ပင်။
လီကျောက်ဒီသည် မုဆိုးမတွေအကြောင်း အဆက်မပြတ် တစ်ဖျစ်တောက်တောက်ပြောနေချိန်တွင် သူမအား ထိန်းထားကြသည့် ကြင်နာတတ်သူတချို့မှာ ဒေါသတကြီး ဖြစ်လာကြတော့သည်။ လူအုပ်ကြားတွင် ခိုကာ သူတို့ လီကျောက်ဒီအား နောက်ကျောမှ တိုက်ခိုက်ကြတော့သည်။
ဆဲဆိုနေဆဲဖြစ်သည့် လီကျောက်ဒီဟာ ရုတ်တရက် တစ်စုံတစ်ယောက်က သူမ၏ခါးနောက်ဘက်အား ဆွဲဆိတ်လိုက်သလို ခံစားလိုက်ရသည်။ သူမ အော်ဟစ်ဆဲဆိုကာ ခါးကို တင်းတင်းကိုင်ရင်း ထိုဘက်လှည့်ကာ ကျိန်ဆဲလိုက်သည်။ ရုတ်တရက် သူမလက်ကို ထပ်ကိုက်ခံလိုက်ရပြန်သည်။ လီကျောက်ဒီ အကြီးအကျယ် ဒေါသထွက်သွားတော့သည်။ သူမသည် ဘေးပတ်ပတ်လည်ရှိ လူတွေထိခိုက်ဒဏ်ရာသွားမည်ကို ဂရုမစိုက်တော့ဘဲ လက်နှစ်ဖက်အား အားကုန်လှုပ်ရှားလိုက်သည်။
ချက်ခြင်းဆိုသလိုပင် ဆဲရေးတိုင်းထွာသံတွေ ထွက်ပေါ်လာတော့သည်။ သူမကို ထိန်းထားသည့် ကြင်နာတတ်သူတွေဟာလည်း သူမဆီမှ အရိုက်ခံလိုက်ရကာ ဒေါသတွေ ထွက်လာကြတော့သည်။ သူမအား အမြဲတစေ ဖော်လံဖားလုပ်ကြသည့်သူတွေတောင်မှ သူမအား သူတို့ရဲ့ မကျေမနပ်ဖြစ်မှုတွေကို ဖွင့်ထုတ်ရန် တိတ်တဆိတ် တိုက်ခိုက်တော့သည်။
အခြေအနေဟာ လီကျောက်ဒီမှ လူအုပ်ကြီးကို တိုက်ခိုက်ရာကနေ လူအုပ်ကြီးမှ သူမအား တိုက်ခိုက်သည်အဖြစ်သို့ ပြောင်းသွားတော့သည်။ မြင်ကွင်းက လက်ဖျားခါလောက်စရာပင်။ မျက်နှာကို ကုတ်တယ်တဲ့သူတွေ၊ ဆံပင်ဆွဲတဲ့သူတွေ၊ တခြားသူတွေကို မြေပြင်ပေါ်လှဲချကာ ကန်ကြသည့်လူတွေရောပင်။
ရှောင်းကော လုံးဝကို ထိတ်လန့်သွားတော့သည်။ သူမ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါချေ။ လီကျောက်ဒီ စတင်ဆဲဆိုကတည်းက ရှောင်းကောသည် ကျွမ်းကျွမ်း၏ နားများကို ဖုံးကွယ်ထားခဲ့သည်။ နောက်ပိုင်းတွင် အုပ်စုဖွဲ့ တိုက်ခိုက်လာသည့်အခါ သူမ သူ့မျက်လုံးတွေကို ပိတ်ထားလိုက်သည်။ ကြည့်ရသည်နှင့်ပင် နာကျင်နေရကာ ရုန်းရင်းဆန်ခတ်ဖြစ်မှုကနေ သူ့ကို ကာထားရမည်ပင်။
အားလုံး ရန်ဖြစ်နေကြချိန် ရှောင်းကော အမျိုးသမီးယန်အား သူမနှင့်အတူ ပြန်ရန် ပြောလိုက်သည်။ ကျန်လူအုပ်ကြီးကတော့ သူတို့လိုဘာသာ ဆက်လက်တိုက်ခိုက်နေပါစေပင်။
သူတို့တွေဝေးသွားသည့်အခါ ဆူညံသံတွေမရှိတော့ပေ။ ရှောင်းကောနှင့် အမျိုးသမီးယန်တို့ တစ်ပြိုင်တည်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ကြသည်။
ကျွမ်းကျွမ်းက စကားမပြောပေ။ ရှောင်းကော၏ ရင်ခွင်ထဲတွင် နုံးခွေစွာ လှဲနေသည်။ ရှောင်းကော အမျိုးသမီးယန်နှင့် စကားပြောနေချိန်တွင် ကျွမ်းကျွမ်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာထူးဆန်းနေသည်ကို သူမ သတိမထားမိခဲ့ပေ။
လမ်းတွင် အမျိုးသမီးယန်က နာကျင်နေသည့် သူမပါးပြင်တွေကို ပွတ်လိုက်သည်။ “ရွာက ယောက်ျားလေးတွေ ပြန်လာတော့မယ်"
ရှောင်းကော တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်မ ခရိုင်မှာတုန်းက ကြေညာချက်ကို တွေ့လိုက်တယ်"
အမျိုးသမီးယန်၏ မျက်လုံးများသည် အဝေးတစ်နေရာကို လှမ်းကြည့်ရင်း တောင့်တမျှော်လင့်မှုများနှင့် ပြည့်နေ၏။ ရှောင်းကောလည်း သူမ၏အတွေးတွေကို မနှောင့်ယှက်ဘဲ မြည်းလှည်းကိုသာ တိတ်တဆိတ် မောင်းလိုက်သည်။
ရှောင်းကော၏ ရင်ခွင်ထဲတွင် ရှိနေသည့် ကျွမ်းကျွမ်းကို သူတို့နှစ်ယောက်လုံး သတိမထားမိခဲ့ကြပေ။ သူ့နှုတ်ခမ်းကို တင်းတင်းဖိထားကာ သူ့အမေကို တင်းတင်း ဖက်ထားသည်။
အမျိုးသမီးယန်က ရှောင်းကောအား သူမအိမ်တံခါးဝတွင် နှုတ်ဆက်ပြီးနောက် သူတို့သားအမိနှစ်ယောက်ကို ကြည့်ကာ တုံ့ဆိုင်းနေကာ ဘာမှမပြောဘဲ ခေါင်းကိုခါလိုက်သည်။
နှုတ်ဆက်ပြီးနောက် ရှောင်းကောလည်း သူတို့အိမ်ဆီ လှည်းမောင်းသွားလိုက်သည်။ ကျွမ်းကျွမ်းသည် လှည်းပေါ်မှဆင်းကာ ရှောင်းကော လှည်းမောင်းဝင်နိုင်ရန် တံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် သူသည် တိရစ္ဆာန်များကို အစာကျွေး၊ ဥတွေကောက်ကာ မီးမွှေးလိုက်သည်။
တစ်မျိုးဖြစ်နေသည့် ကျွမ်းကျွမ်းအား ရှောင်းကောကြည့်လိုက်သည်။ သူဘာဖြစ်နေတာလဲလို့ သူမတွေးလိုက်မိသည်။ လီကျောက်ဒီရဲ့စကားကို သူကြားသွားတာများလား?
လီကျောက်ဒီရဲ့ လုပ်ရပ်ကြောင့် သူလန့်သွားတာဖြစ်လောက်သည်။
လီကျောက် သူ့အစွယ်တွေကိုထုတ်ကာ မနက်ခင်းတွင် ခြေသည်းများထုတ်ထားပုံကို တွေးကြည့်မိရာ သူမရူးသွပ်သွားသည့်ပုံပင်။ သူမပုံဟာ ရှောင်းကော ကျွမ်းကျွမ်းကို ပြောပြသည့် ပုံပြင်တွေထဲမှ စုန်းမကြီးနှင့်တူနေသည်။ 'သူမြင်ခဲ့ရတာ ကြောက်သွားတာများလား?'
ကျွမ်းကျွမ်းကို သူမကြည့်လေ ပိုပြီးထူးဆန်းသလို ခံစားလာရလေပင်။ သူဟာ ပုံမှန်အလုပ်တွေလုပ်နေပေမယ့် စကားသိပ်မပြောပေ။
ရှောင်းကော အံကြိတ်လိုက်သည်။ ကြောက်စရာကောင်းတဲ့ လီကျောက်ဒီတစ်ယောက် တကယ်ဘဲ ကျွမ်းကျွမ်းကို လန့်အောက်လုပ်လိုက်တာပဲ! သေချာပေါက် သူ့ကိုလွယ်လွယ်နဲ့ လွှတ်ပေးလို့မရဘူး!
ညဘက်တွင် ကျွမ်းကျွမ်းသည် ရေချိုးပြီးနောက် အိပ်ရာပေါ်တက်လာကာ ရှောင်းကောအား တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။ ရှောင်းကောလည်း ကျွမ်းကျွမ်းကို ရင်ခွင်ထဲတွင် ဖက်ထားကာ ဘာပြောရင်ကောင်းမလဲ စဉ်းစားနေလိုက်သည်။
"ကျွမ်းကျွမ်း?"
ရှောင်းကော ကျွမ်းကျွမ်း၏ နာမည်ကို အစမ်းသဘောဖြင့် ခေါ်လိုက်သည်။
ကျွမ်းကျွမ်းသည် သူမခေါ်သည်ကို ကြားသော်လည်း တုပ်တုပ်မလှုပ်ပေ။ ရှောင်းကော၏ လည်ပင်းတွင် သူ့မျက်နှာကို အပ်ထားကာ ပြောလာသည်။ "မေမေ၊ သား အိပ်ချင်နေပြီ"
ဒါကို ရှောင်းကောကြားတော့ ကျွမ်းကျွမ်း ဒီကိစ္စကို မပြောချင်ဘူးဆိုတာ သူမ သိလိုက်ရသည်။ သူမ စိတ်ထဲကနေ သက်ပြင်းချလိုက်ကာ ကျွမ်းကျွမ်း၏ကျောအား ပုတ်လိုက်သည်။ "အိပ်တော့လေ"
_'အိပ်တော့။ မနက်ဖြန်ကျရင် ပိုအဆင်ပြေလာမှာပါ'_
ကျွမ်းကျွမ်း အိပ်ပျော်သွားပြီးနောက် ရှောင်းကော အသာထကာ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြောင်း သေချာရန် ကြည့်လိုက်သည်။
ကျွမ်းကျွမ်း အိပ်ပျော်သွားကြောင်း အတည်ပြုပြီးနောက် ရှောင်းကော အိပ်ရာမှ ထလိုက်သည်။ သူမအဝတ်အစားတွေကို မလဲရသေးပေ။ ရှောင်းကော ကျွမ်းကျွမ်းအား ကြည့်မိလေ ပိုပြီးဒေါသထွက်လာရလေပင်။ သေချာပေါက်ကို ဒီဒေါသဟာ အဲဒီအပေါက်ဆိုးသည့် လီကျောက်ဒီကို ဦးတည်နေတာပင်။
_'ငါတို့ရဲ့ ကျွမ်းကျွမ်းကို ဘယ်လိုတောင် လန့်အောင်လုပ်ရဲရတာလဲ'_
ရှောင်းကော တံခါးအား သာသာလေး ပိတ်လိုက်သည်။ ခြံဝင်းထဲရှိ ခွေးတွေ ဟောင်ခါနီးတွင် သူမဒူးထောက်ကာ ချော့လိုက်သည်။ မည်သည့်အသံကြောင့်မှ ကျွမ်းကျွမ်း နိုးမလာစေရန်ကို သူမ သေချာအောင် လုပ်ရမည်။ အိမ်ရှေ့တံခါးမှ သူမ တိတ်တဆိတ် ထွက်လာလိုက်သည်။ တံခါးကို တင်းတင်းစေ့ထားရုံနှင့် မလုံခြုံသည့်အတွက် သူမ သော့ခတ်ရန် ဆုံးဖြတ်လိုက်သည်။ ကျွမ်းကျွမ်း တစ်ယောက်တည်း အိမ်တွင်ထားခဲ့ရမည်ကို သူမ တကယ်စိတ်ပူစရာမိသည်။
မြန်မြန်လုပ်မည်။ ရှောင်းကော အရှိန်မြှင့်ကာ လီကျောက်ဒီ၏ အိမ်သို့ လျှောက်သွားလိုက်သည်။
အိမ်နှစ်အိမ်ဟာ တစ်အိမ်နှင့်တစ်အိမ် ဝေးကွာလှသည်။ ရွာရှိလမ်းတွေဟာ မှောင်နေကာ လမ်းမီးတွေလည်း မရှိပေ။ ရှောင်းကောသည် သတ္တိရှိရှိဖြင့် ရွာထဲသို့ထွက်လာသည်။ သို့သော် ပိုပြီးလျှောက်မိလာလေ ကြောက်စိတ်တွေပိုတိုးလာလေပင်။ သူမ မနေနိုင်ဘဲ တော်လှန်ရေးချီတက်သံစဉ်ကို ညည်းလိုက်မိသည်။
သူမ တေးသွားကို ညည်းလိုက်သည်နှင့် တကယ်ဘဲ ရဲရင့်သွားသည်ဟု ခံစားလိုက်မိသည်။ အကယ်၍ လူတစ်ဦး၏ ခန္ဓာကိုယ်တွင် မီးသုံးလုံးသာရှိပါက ယခုအချိန်တွင် သူမ၏မီး ၃ လုံးဟာ ပြင်းထန်စွာလောင်ကျွမ်းနေလောက်ပြီဟု ရှောင်းကော ခံစားလိုက်မိသည်။
ရှောင်းကောလည်း တေးသွားအားညည်းဆိုရင်း လီကျောက်ဒီ၏ အိမ်သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ တံခါးဝသို့ သူမ မရောက်မီ တံခါးဝ၌ ခိုးကြောင်ခိုးဝှက် ပုံသဏ္ဍာန်ကို တွေ့လိုက်ရသည်။
ရှောင်းကောသည် ခြေလှမ်းကိုအသာဖော့ကာ လမ်းဘေးရှိ မြက်ပင်များကြားတွင် ပုန်းနေလိုက်သည်။ ထိုလူ၏ လှုပ်ရှားမှုတိုင်းကို သူမကြည့်နေရင်း ဘယ်သူဖြစ်နိုင်မလဲလို့ တွေးလိုက်မိသည်။
_'ညဥ့်နက်ချိန်ကြီး လီကျောက်ဒီရဲ့အိမ်မှာ ဘယ်လိုလုပ် ယောက်ျားတစ်ယောက် ပေါ်လာတာလဲ? သူ့မှာနောက်ထပ်တစ်ယောက်ရှိနေတာများလား?'_
_' မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါ မဖြစ်နိုင်လောက်ဘူး '_
ရှောင်းကော ဒီအတွေးကို အရင်ရှင်းပစ်လိုက်သည်။ ပထမဦးဆုံးအနေဖြင့် ရွာတွင် ယောက်ျားလေးတွေမရှိပေ။ ဒုတိယအချက်အနေနှင့် သူသာ တခြားရွာကဆိုလျှင် မည်သည့်အတွက်ကြောင့် ဒီလောက်အဝေးကြီးမှလာကာ ညဥ့်နက်မှ လီကျောက်ဒီ၏ အိမ်တံခါးကို လာခေါက်ရသနည်း?
_'ဒါလဲ မဟုတ်လောက်ဘူး။ လူတွေက များသောအားဖြင့် ညဥ့်နက်ချိန်မှ ခိုးကြောင်ခိုးဝှက်လုပ်တတ်ကြတာ'_
ဤသည်ကို တွေးရင်းဖြင့် ထိုလူသည် သူမ၏လျှို့ဝှက်ချစ်သူဖြစ်နိုင်သည်ဟု ရှောင်းကောခံစားလိုက်မိသည်။
သူမ အသက်ရှုအောင့်ကာ ဒီထက်ပိုနီးနီးသွားရန် ကြိုးစားလိုက်သည်။ ဝေးလွန်းကာ မှောင်လွန်းနေသည်။ ရှောင်းကောအနေဖြင့် ယောက်ျားလား၊ မိန်းမလားဆိုတာ တပ်အပ်မပြောနိုင်ပေ။ သူမပိုနီးကပ်လာသည်။
မြက်ခင်းပြင်ဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ထိုပုံသဏ္ဍာန်ဟာ တစ်စုံတစ်ခုကို တွေ့သွားသလိုမျိုး ရပ်တန့်သွားသည်ကို သူမမြင်လိုက်ရသည်။ ရှောင်းကောလည်း ထိတ်လန့်သွားပြီး မြက်ခင်းထဲသို့ အမြန်ပြန်ပြေးသွားလိုက်သည်။
သေချာပေါက်ပင်၊ ရှောင်းကော ပုန်းလိုက်သည့်အခိုက်တွင် တစ်ဖက်လူက လှည့်ကြည့်လာခဲ့သည်။ ရှောင်းကော အသက်ရှုအောင့်ကာ ပုန်းနေလိုက်သည်။ သူမ ထိုလူအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
လရောင်၏ အကူအညီဖြင့် နောက်ဆုံးတွင် ရှောင်းကော ကောင်းကောင်းကြီးမြင်လိုက်ရသည်! အဲဒီလူက တကယ်တော့…