အခန်း (၁၀၇)
Vol. 8 Ch. 107
လရောင်အောက်တွင် မည်သူဖြစ်သည်ကို ရှောင်းကောတွေ့လိုက်ရသည်။ အမျိုးသမီးယန်ပင်!
_' သူ ဒီမှာ ဘာလုပ်နေတာလဲ?'_ ရှောင်းကော သူမအား အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိသည်။
အမျိုးသမီးယန် သူမအနောက်ကို ကြည့်လိုက်တော့ ဘယ်သူ့ကိုမှ မတွေ့ပေ။ သူမလုပ်နေတာတွေကို ဆက်လုပ်သည်။
_' ဒီပျက်နေတဲ့ တံခါးကို ဘာလို့ဖွင့်မရတာလဲ?'_ မစ္စယန်က သော့ကို ဖွင့်ရန်ကြိုးစားလိုက်သည်။
လီကျောက်ဒီ၏ အိမ်တွင် သစ်သားတံခါးရှိသည်။ တံခါးတစ်ချပ်တည်းမဟုတ်ပေ။ လမ်းနှစ်လမ်းအတွက် နှစ်လမ်းသွားတံခါးဖြစ်သည်။ အမျိုးသမီးယန် တံခါးကို အတွင်းဘက်သို့ တွန်းကာ လက်ထည့်ပြီး သော့ကြီးအား လက်လှမ်းလိုက်သည်။
ဘယ်လိုတောင် အတွက်မှားရတာလဲ!
အမျိုးသမီးယန် တံခါးအားကန်ပစ်ချင်စိတ်ကို အောင့်ထားရသည်။ လီကျောက်ဒီကို သင်ခန်းစာတစ်ခုပေးဖို့ ဘာလို့ အရမ်းခက်ခဲရတာလဲ?
အမျိုးသမီးယန် အိမ်ဘေးသို့ လျှောက်သွားကာ နံရံအမြင့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ အရပ်နှင့်တိုင်းကြည့်လိုက်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
"စမ်းကြည့်မယ်!"
သူမနောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သုံးအထိရေတော့မည့်အချိန် အနောက်မှ ခပ်တိုးတိုးအသံတစ်သံ ထွက်ပေါ်လာသည်။
"အကူအညီလိုသေးလား?"
အမျိုးသမီးယန် အံ့ဩသွားသည်။ သူမကို ဖမ်းမိသွားပြီလားဟု ထင်သွားကာ ပါးစပ်ကိုအမြန်ဖုံးလိုက်သည်။
ရှောင်းကော၏ ပြုံးနေသည့် မျက်နှာကို မြင်လိုက်ရမည်ဟု သူမ မမျှော်လင့်ထားပါချေ။
ခဏအကြာ အမျိုးသမီးယန် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူမရင်ဘက်အား ပွတ်ကာ ရှောင်းကောအား လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည် "ငါ့ကို လန့်သေအောင်သွားလုပ်နေတာပဲ!"
ရှောင်းကောအနေဖြင့် မစ္စယန်၏ တုံ့ပြန်မှုမှတဆင့် သူမ အသက်ရှုနေပုံကိုကြည့်ရုံဖြင့် ဆိုးဆိုးရွားရွား ထိတ်လန့်သွားကြောင်း ပြောနိုင်သည်။
လုံးဝမနာသော်လည်း ရှောင်းကော လက်မောင်းကို ပွတ်လိုက်ကာ အမျိုးသမီးယန်အား ပြေရာပြေကြောင်းပြောရန် သွားလိုက်သည်။
"ညလယ်ကြီးကို အစ်မဒီမှာ ဘာလုပ်နေတာလဲ?"
အမျိုးသမီးယန် ရှောင်းကောကို မျက်လုံးလှိမ့်ပြလိုက်သည်။ "လီကျောက်ဒီကို သင်ခန်းစာပေးမလို့လေ!"
ရှောင်းကောမှာ အမျိုးသမီးယန်တစ်ယောက် အဘယ်ကြောင့် ဤမျှထိ စိတ်ဆိုးနေသလဲဆိုတာ သိချင်မိသည်။ သို့သော် ယနေ့ ဒီကိုလာရသည့် အမျိုးသမီးယန်၏ ရည်ရွယ်ချက်ဟာ သူမနှင့် တိုက်ဆိုင်နေသည်။
"ဟေး၊ ညီမကရော ဒီမှာ ဘာလုပ်နေတာလဲ?"
အမျိုးသမီးယန် ရှောင်းကောကိုကြည့်ကာ ပြုံးလျက်မေးလိုက်သည်။ သူမလည်း မကောင်းတာတစ်ခုခုလုပ်မည့်ပုံပင်။
ရှောင်းကော မီးထဲသို့ လောင်စာထည့်ကာ ကျွမ်းကျွမ်းအကြောင်း အမျိုးသမီးယန်အား ပြောပြလိုက်သည်။ ထိုအကြောင်းအား အမျိုးသမီးယန်ကြားသည့်အခါ သူမဒေါသထွက်လာသည်။ ကျွမ်းကျွမ်း တကယ်လန့်သွားတာပဲ!
ကျွမ်းကျွမ်း၏ သနားစရာကောင်းသည့်ပုံစံကို စိတ်ကူးကြည့်ရင်း အမျိုးသမီးယန်က ဆိုးဆိုးရွားရွားခံစားလိုက်ရသည်။ နှစ်ယောက်သား ခဏလောက် ခပ်တိုးတိုး စကားစမြည်ပြောကြသည်။ အဆုံးမှာတော့ လီကျောက်ဒီအား သင်ခန်းစာတစ်ခုပေးမည့် အစီအစဉ်ကို ဆုံးဖြတ်လိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့်၊ လီကျောက်ဒီ၏ မိသားစုသည် သိပ်ပြီး မချမ်းသာပါချေ။ သူတို့အိမ်ရှိ အုတ်တံတိုင်းတွေဟာ နိမ့်သည့်အတွက့် ကျော်တက်ဖို့လွယ်သည်။
ရှောင်းကော တံတိုင်းပေါ်အရင်တက်ကာ အပေါ်တွင် ထိုင်လိုက်သည်။ သူမက အမျိုးသမီးယန်၏ လက်ကိုဆွဲကာ နံရံပေါ်တက်နိုင်ရန် ဆွဲတင်လိုက်သည်။
ရှောင်းကောသည် ခြံဝန်းအတွင်း ဆူညံပွက်လောရိုက်နိုင်သည့် တိရစ္ဆာန်များ ရှိမရှိကြည့်လိုက်သည်။ အမျိုးသမီးယန် ခုန်ချခါနီးတွင် ရှောင်းကော သူမအား တားလိုက်သည်။ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ သူတို့ ဒီလောက်ထိ အလျင်စလိုမလုပ်သင့်ပေ။ ဆူဆူညံညံအသံပြုနိုင်တဲ့ တိရစ္ဆာန်တွေရှိရင် ဘယ်လိုလုပ်မလဲ? လီကျောက်ဒီကို သတိပေးသလိုဖြစ်သွားလိမ့်မယ်။
အမျိုသမီးယန် သူမ၏လက်ကိုဝှေ့ယမ်းကာ ရှောင်းကောနားထဲသို့ တိုးတိုးလေးပြောလိုက်သည်။ "စိတ်မပူနဲ့။ သူတို့တွေ ဘာတိရစ္ဆာန်မှ မမွေးထားဘူး။ သူ့ရဲ့ ပျင်းတတ်တဲ့ပုံနဲ့ဆို တိရိစ္ဆာန်မွေးဖို့မပြောနဲ့ သူ စားဖို့တောင်ဖြေရှင်းဖို့ အခက်တွေ့နေတာ။ ဂရုစိုက်ရမယ့် တိရစ္ဆာန်တွေကို သူက ဘာလို့မွေးမှာလဲ?"
ရှောင်းကောလည်း ဒါက ယုတ္တိရှိသည်ဟု ထင်သည်။ သူမနှင့်အတူ နံရံပေါ်မှခုန်ဆင်းလိုက်သည်။ နှစ်ယောက်စလုံးသည် အလုပ်ကြမ်းလုပ်ရာတွင် အသားကျနေပြီဖြစ်တာကြောင့် အရမ်းသွက်လက်ကြသည်။ ဒီအမြင့်ဟာ သူတို့အတွက် အလွယ်လေးပင်။
ရှောင်းကောသည် အသံကို တတ်နိုင်သမျှတိုးအောင် ကြိုးစားလိုက်သည်။ ခြံထဲသို့ရောက်သည့်အခါ ပြတင်းပေါက်ဆီ အသေအချာ လှမ်းကြည့်လိုက်သည်။ ရှောင်းကောနှင့် အမျိုးသမီးယန်တို့ အထဲသို့ကြည့်လိုက်သည်။ လရောင်အောက်တွင် လီကျောက်ဒီတစ်ယောက် ဗိုက်ပေါ်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ဟောက်သံဟာလည်း အလွန်ကျယ်လောင်လှသည်။
ရှောင်းကော တိတ်တိတ်လေး တံခါးဖွင့်လိုက်သည်။ အမျိုးသမီးယန်သည် ခြံဝင်းထဲတွင် ရေပုံးတစ်ပုံးကို တွေ့လိုက်သည်။ နှစ်ယောက်သား ဖွင့်ထားသည့် တံခါးပေါ်တွင် ရေပုံးတင်လိုက်သည်။
ရှုထောင့်ကောင်းကောင်းတစ်ခုရှာကာ အရာအားလုံးကို သေချာပြင်ဆင်ပြီးနောက် သူတို့ထွက်သွားဖို့အသင့်ပြင်လိုက်သည်။ လီကျောက်ဒီ မနက်စောစောထလို့ တံခါးဖွင့်လိုက်တဲ့အချိန် ရေပုံးက သူမကို ရွဲရွဲစိုသွားစေလိမ့်မည်ပင်။
သူတို့နှစ်ယောက် ထွက်သွားခါနီးတွင် လီကျောက်ဒီတစ်ယောက် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လာသည်။
"ငါ နင့်ကို သေအောင်ရိုက်ပစ်မယ်! နံစော်နေတဲ့ မုဆိုးမ!”
နှစ်ယောက်သား ထိတ်လန့်သွားကြသည်။ သူမ နိုးလာပြီဟု သူတို့ထင်သွားသည်။ သူတို့ ဆောင့်ကြောင့်ထိုင်ကာ ခဏလောက် စောင့်လိုက်ပေမယ့် တခြားလှုပ်ရှားမှုတွေ မရှိပါချေ။ လီကျောက်ဒီတစ်ယောက် အိပ်ပျော်ရင်း ယောင်နေသည့်ပုံပင်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ တံတိုင်းနားသွားကာ ထွက်လိုက်သည်။
အပြန်လမ်းတွင် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်သည်။ အမျိုးသမီးယန် အနည်းငယ် နောင်တရမိသွားသည်။ "ဒီလိုမှန်းသိရင် ငါ မစင်တစ်ပုံး ယူလာပါတယ်"
ပြောပြီးနောက် သူမခေါင်းအား ခါယမ်းနေပုံမှ နောင်တရနေသည့်အတိုင်းပင်။
ရှောင်းကောကတော့ အဆင်ပြေသည်။ သူမအား သင်ခန်းစာပေးလိုက်နိုင်သရွေ့ ဘာမဆို အဆင်ပြေသည်။
သူတို့နှစ်ယောက် သက်ဆိုင်ရာအိမ်သို့ ရောက်သည့်အခါ အမျိုးသမီးယန်သည် နေ့ခင်းဘက်တွင် သူမကိုပြောချင်ခဲ့သည့်အရာအား တွန့်ဆုတ်စွာဖြင့် ပြောလာသည်။
"ရှောင်းကော၊ အဲ့ဒီကြွက်စုတ်ပြောတာကို စိတ်ထဲမထားနဲ့"
ပထမတော့ ရှောင်းကောမှာ ဘာကိုပြောတာလဲဆိုတာ မမှတ်မိလိုက်ပေ။ သူမစဉ်းစားနိုင်တာ အဲ့ဒီ 'ကြွက်စုတ်' ဆိုတဲ့စကားလုံးနှစ်လုံးပဲလား?
အမျိုးသမီးယန်က လီကျောက်ဒီအား ကြိမ်ဖန်များစွာ ကြိမ်းမောင်းကာ ရှောင်းကောကို နှစ်သိမ့်ပေးသည်။
ရှောင်းကော ညင်သာစွာပြုံးလိုက်သည်။ ဆိုတော့ ဒါကြောင့်ပေါ့။ လူတိုင်းအပေါ် အမြဲကောင်းတတ်တဲ့ အမျိုးသမီးယန်တစ်ယောက် လီကျောက်ဒီကိုတော့ ဘာလို့ဒေါသထွက်ရလဲဆိုတာ သူမ သိချင်နေခဲ့တာဖြစ်သည်။ ဒီတော့ သူမကို မုဆိုးမလို့ ခေါ်တာကြောင့်ပေါ့။
ဆိုတော့ ဒီနေ့ သူမကို မုဆိုးမလို့ ခေါ်လို့ အမျိုးသမီးယန်က ညသန်းခေါင်မှာ လီကျောက်ဒီကို သင်ခန်းစာလာပေးတာပေါ့?
သူမပါးစပ်မှ ထိုမေးခွန်းထွက်လာသည်။ အမျိုးသမီးယန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အိမ်ပြန်ရောက်တော့ တွေးလေ ဒေါသပိုထွက်လာလေပဲ။ ငါလဲအိပ်လို့မရမှတော့ သူ့ကို ထပ်ရိုက်ဖို့ စိတ်ကူးလိုက်တာ"
အမျိုးသမီးယန်၏ ဒေါသထွက်နေသည့် အမူအရာနှင့် သူမ၏ တတွတ်တွတ်ရွတ်နေသည့် ပါးစပ်ကိုကြည့်ရင်း ဒီအခိုက်အတန့်တွင် ရှောင်းကောနွေးထွေးသလို ခံစားလိုက်ရသည်။ သူမဘက်တွင် အချိန်တိုင်း ရပ်တည်ပေးသည့်သူ တစ်ယောက်ရှိတာ အရမ်းကောင်းသည်။
"လီကျောက်ဒီ နောက်တစ်ခါ ပြဿနာထပ်ရှာရင် ငါ သူ့ကို ရိုက်ပစ်မယ်..."
အမျိုးသမီးယန် စကားမဆုံးခင်မှာဘဲ ရှောင်းကော သူမကိုလှမ်းဖက်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ရှောင်းကော တုန်ယင်နေသည့်အသံဖြင့် သူမကို ကျေးဇူးတင်လိုက်မိသည်။ "အရမ်းကျေးဇူးတင်တယ်"
အမျိုးသမီးယန် သတိပြန်ဝင်လာကာ ရှောင်းကော၏ နောက်ကျောကို ပုတ်လိုက်သည်။ သူမ ပြုံးကာ "အစ်မ မင်းကို ဘာအကြောင်းမှမရှိဘဲ ညီမလို့ ခေါ်တယ်ထင်နေတာလား?"
ရှောင်းကော မျက်ရည်တွေဖြင့် ပြုံးလိုက်သည်။ သူတို့ သားသမီးတွေ အိမ်တွင်ရှိနေသေးသဖြင့် နှစ်ယောက်သား နှုတ်ဆက်ကာ အိမ်ပြန်လာကြသည်။
ရှောင်းကော အရင်ဆုံးလက်ဆေးကာ အိမ်ထဲသို့ဝင်လိုက်သည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးဟာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ ရှောင်းကောသည် ဖယောင်းတိုင်ပေါ်ရှိ ပိုလျှံနေသည့် မီးစာများကို ဖယ်ရှားရန်အတွက် ဇာကနာအား သုံးလိုက်သည်။ ဖယောင်းတိုင်မီးဟာ ချက်ချင်းပင် တည်ငြိမ်စွာဖြင့် လင်းထိန်လာသည်။
ရှောင်းကော ဇာကနာအား ချလိုက်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ သူမသည် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူမ မနေနိုင်ဘဲ ကျေနပ်သလို ခံစားလိုက်ရသည်။ သူမ ကုတ်အင်္ကျီကို ချွတ်လိုက်ကာ စောင်အောက်ထဲ ဝင်လိုက်သည်။ ကျွမ်းကျွမ်းသည် သူမရှိနေသည်ကို သတိပြုမိကာ သူမရင်ခွင်ထဲသို့ လှိမ့်ဝင်လိုက်သည်။ ရှောင်းကောလည်း သူ့အား ပုတ်ပေးကာ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်အထိ စောင့်လိုက်သည်။ ထို့နောက် အိပ်ယာမှထကာ ဖယောင်းတိုင်မီးမှုတ်လိုက်သည်။
နောက်တစ်နေ့ အာရုဏ်မတက်ခင်၌။
အပြင်မှထွက်လာသော ဆဲဆိုသံကြောင့် ရှောင်းကော နိုးလာခဲ့သည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွမ်းကျွမ်းက အိပ်ပျော်နေဆဲပင်။ သူနိုးသွားမည်စိုးသည်ကြောင့် ရှောင်းကော သူ့အားစောင်ခြုံပေးကာအိမ်ထဲမှ ထွက်လာလိုက်သည်။
ခြံဝင်းထဲတွင် မတ်တပ်ရပ်ရင်း အသံလာရာဆီ သူမရှာကြည့်လိုက်သည်။ လီကျောက်ဒီ၏ အသံအား ယောင်ဝါးဝါး ကြားနေရသည်။ အရမ်းဝေးသည့်အတွက် တိုးတိုးတိုးတိုး အသံကိုသာ ကြားနေရသည်။
သို့ပေမယ့် သေချာနားထောင်ကြည့်ပါက သူ့အသံအား မှတ်မိနိုင်သည်။ ရွာတွင် သူ့ထက်ကျယ်အောင် ပြောနိုင်သည်သူ မရှိပေ။
အိမ်ထဲပြန်မဝင်ခင် သူမ အကြာကြီးနားမထောင်လိုက်ပေ။ သူမတို့ရဲ့ အစီအစဉ် အလုပ်ဖြစ်သွားသည့်ပုံပင်။
သူမ အခန်းထဲပြန်ရောက်တော့ ကျွမ်းကျွမ်းက လှိမ့်နေသည်။ ရှောင်းကော အိပ်ရာဆီအမြန်သွားကာ သူနှင့်အတူဆက်အိပ်လိုက်သည်။
တစ်ဖက်မှာတော့ လီကျောက်ဒီတစ်ယောက် ဒေါသတကြီး အော်ဟစ်နေ၏။ "ခွေးမ၊ နင် ဝန်ခံလိုက်တာကောင်းမယ်! နှလုံးသားမည်းညစ်နေတဲ့ခွေးမ! ထွက်လာခဲ့!"
ဘာဖြစ်ခဲ့လဲဆိုတော့၊ လီကျောက်ဒီတစ်ယောက် ဝေလီဝေလင်း ဗိုက်နာလာသည်ကြောင့် အိပ်ရာမှနိုးလာသည်။ သူမ အိမ်သာသို့ သွားရန်အလျင်လိုနေသဖြင့် တံခါးဘာကြောင့် ပွင့်ထားနေသည်ကို သတိမထားမိပေ။ သူမ တွန်းလိုက်သည့်အခါတွင် အေးစက်ကာ နံဟောင်နေသည့် ရေတစ်ပုံး အပေါ်မှ ကျလာကာ သူမအား ခေါင်းမှခြေဖျားအထိ စိုသွားစေတော့သည်။
တံခါးဝမှ လေနုလေအေး ဝင်လာသည်ကြောင့် သူမ တုန်ရီသွားမိသည်။ လည်ပင်းအထက်မှာ နှာချေနေရပြီး အောက်မှာတော့ ပြေးလွှားနေရသည်။
တစ်မနက်လုံး ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် သူမ၏ ထက်ရှသည့် မျက်နှာဟာ ပိုပြီးတော့ ထင်ရှားလာသည်။
သူမ ဗိုက်ပြန်ကောင်းလာသည်နှင့် ခြံဝင်းထဲတွင် အော်ဟစ်ဆဲဆိုနေတော့သည်။ လုံးဝကိုဆူညံနေသည့် မြင်ကွင်းပင်။