← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

"ဒီတစ်လော လီကျောက်ဒီကို ဘာလို့မတွေ့တာလဲ?"

"ဘယ်သူသိမှာလဲ? အဲဒီနေ့က မုဆိုးမစုန့်တစ်ယောက် သူ့တကိုယ်လုံးကို ဆီးတွေနဲ့ ပက်ထည့်တယ်လို့ကြားတယ်"

ဒီစကားကြားတော့ အမျိုးသမီးက ပါးစပ်ကိုအုပ်လိုက်သည်။ သူမ မျက်နှာဟာလည်း ရွှင်လန်းမှုအပြည့်နှင့်ပင်။ "နင်ပြောတာ တကယ်လား?"

"ဟုတ်တယ်ဆို! ငါ မုဆိုးမစုန့်ဆီက ကြားတာ!”

လီကျောက်ဒီ၏ ကံဆိုးမှုဟာ သူတို့အတွက်ပျော်စရာကောင်းနေသလိုမျိုး ကျန်အမျိုးသမီးသည်လည်း ရယ်မောကာရွှင်မြူးနေကြသည်။

ထိုအမျိုးသမီးနှစ်ယောက် စကားပြောရင်း အဝေးကို လျှောက်သွားကြသည်။ သူတို့ဟာ လီကျောက်ဒီ၏ အနားတွင် အမြဲတစေကပ်နေကြကာ သူမအား ကပ်ဖားရပ်ဖားလုပ်ကြသူတွေဖြစ်သည်။ ဒီနှစ်ယောက် သူမနောက်ကွယ်တွင် သူမအကြောင်းပြောနေသည်ကို လီကျောက်ဒီသိပါ့မလား?

ရှောင်းကောနှင့် အမျိုးသမီးယန်တို့လည်း အနီးနားတွင်ရှိနေကာ ထိုစကားဝိုင်းအား ကြားလိုက်သည်။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။ လီကျောက်ဒီတစ်ယောက် အတော်လေး သနားစရာကောင်းသော်လည်း သူမကိုယ်တိုင်က ထိုအရာကို ယူဆောင်လာခဲ့တာဖြစ်သည်။ သူမအနေဖြင့် မည်သည့်စာနာမှုနှင့်မှ မထိုက်တန်ပါချေ။

ရှောင်းကောက ကုန်းကာမြက်ဆက်ရိတ်နေခဲ့သည်။ အမျိုးသမီးယန်က မြည်းလှည်းပေါ်တွင် ထိုင်ကာ ပျင်းပျင်းရိရိဖြင့် စကားစမြည်ပြောနေသည်။ ထိုအမျိုးသမီးနှစ်ဦး ထွက်သွားပြီးနောက် အမျိုးသမီးယန်က ပြောလာသည်။ "အမျိုးသမီးစုန့်ကတော့ ငါလုပ်ချင်နေတာကို လုပ်လိုက်တာပဲ။ ကွက်တိပဲ၊ ဟားဟား"

ရှောင်းကော ဘေးပတ်ဝန်းကျင်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ အနီးအနားတွင် မည်သူမျှ မရှိခဲ့ပါချေ။ မဟုတ်ပါက ဆိုးရွားသည့် အကျိုးဆက်တွေ ရှိလာနိုင်သည်။

အမျိုးသမီးယန်လည်း ပတ်ပတ်လည်အား လှည့်ကြည့်လိုက်သည်။ အပြင်တွင် အချိန်ဖြုန်းနေသည့်သူတွေ တော်တော်များသည်။ လီကျောက်ဒီသည် သစ်ပင်များအောက်၌ စုရုံးနေသည့်အဖွဲ့တွင် မရှိတော့ပေ။ ကြည့်ရသည်မှ ယခု သူမကိုယ်တိုင် ကောင်းကောင်းပြုမူနေသည့်ပုံပင်။

"လီကျောက်ဒီ ကြောက်သွားပြီလို့ နင်ထင်လား? ဒါက မဖြစ်နိုင်ဘူး။ သူ့အကျင့်အရဆို မုဆိုးမစုန့်ကို ဘယ်လိုလုပ်အရှုံးပေးနိုင်ရမှာလဲ?"

အမျိုးသမီးယန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူမကို မတွေ့ခဲ့ရပေ။ တော်တော်ထူးဆန်းသည်။

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ လီကျောက်ဒီဟာ ထိန်းထားတတ်သည့် ပုံစံမျိုးနှင့်မတူပေ။ ဒါမှမဟုတ်၊ သူမကို ဒီလိုဆက်ဆံတဲ့အတွက် မုဆိုးမစုန့်ကို ပြန်လက်တုံ့ပြန်ဖို့ စဉ်းစားနေတာများလား?

"အိမ်မှာ လက်စားပြန်ချေဖို့ လျှို့ဝှက်စီစဉ်နေတာဖြစ်မယ်"

ရှောင်းကော ထိုစကားများကို ပြောပြီးသည့်အခါ၊ အမျိုးသမီးယန်လည်း အမှန်ဖြစ်နိုင်သည်ဟုတွေးမိကာ သူတို့ပြောနေတာကို ဆက်ပြောသည်။

“အစ်မ၊ အစ်ကိုယန်နဲ့ အစ်မရဲ့ခဲအိုတို့ ပြန်လာတော့မယ်ဆိုတော့ အစားအသောက်ကောင်းကောင်း မပြင်ဆင်ထားသင့်ဘူးလား?”

ရှောင်းကော သူမ၏ဓားရှည်ကို ချလိုက်သည်။ ခြင်းတောင်းထဲတွင် မြက်တွေနှင့်ပြည့်နေပြီဖြစ်သည်။ အိမ်ပြန်ဖို့အချိန်တန်ပြီ။

ထိုစကားကိုကြားသည့်အခါ အမျိုးသမီးယန် ရှက်သွားသည်။ သူမသည် သူမ၏ယောက်ျား ပြန်လာမည်ကို စောင့်မျှော်နေသည်မှာ သိသာလှသည်။ " ကြိုပြင်ဆင်ထားပြီးပါပြီ!"

ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်ကပင် အမျိုးသမီးယန်သည် စျေးမှ ပစ္စည်းတော်တော်များများကို ဝယ်ခဲ့သည်။ ပွဲတော်အတွင်း များများစားစား မစားခဲ့ကြသဖြင့် အိမ်တွင် နောက်ထပ်ဆယ်ရက်ကြာအောင် စားရန်လုံလောက်သည်။

အမျိုးသမီးယန်သည်လည်း သူမခင်ပွန်း ပြန်လာမည်ကို စောင့်မျှော်နေခဲ့သည်။ ထိုသတင်းအား ယောက္ခမဖြစ်သူ ကြားသိရသည့်အခါ ဝမ်းသာပီတိဖြစ်ကာ သားနှစ်ယောက်ပြန်လာမည်အား စောင့်မျှော်နေခဲ့သည်။

ရှောင်းကောလည်း အမျိုးသမီးယန်နှင့် စကားဆက်ပြောလိုက်သည်။ သူမလည်း သူမအစားမပျော်ဘဲမနေနိုင်ပါချေ။ သူတို့မိသားစုမှာတွင် အမျိုးသားနှစ်ယောက်ရှိကာ နှစ်ယောက်လုံး ဘေးကင်းစွာဖြင့် ပြန်လာကြမည်။ ဤသည်မှာ ပျော်ရွှင်စရာ အချိန်အခါဖြစ်သည်။ တခြားအမျိုးသားတွေ အသက်ဆုံးရှုံးခဲ့ရသော်လည်း အမျိုးသမီးယန်၏ ခင်ပွန်းယန်ဖုန်းနှင့် သူ၏အစ်ကိုယန်ကျားတို့မှာ အသက်ရှင်လျက် ရှိနေသေးသည်။

ရှောင်းကော မြည်းလှည်းအားလှည့်ကာ ကျွမ်းကျွမ်းကို လှမ်းကြည့်လိုက်သည်။ အခုလေးတင် သူတို့အတူတူ ထွက်လာကြတာဖြစ်သည်။ ကျွမ်းကျွမ်း တစ်ဖက်တွင် နွားများကို ကျောင်းနေစဉ် သူမက မြက်လာရိတ်သည်။ ယခု သူမ မြက်ရိတ်ပြီးသွားသည့်အတွက် ကျွမ်းကျွမ်းလည်းပြီးသင့်နေပြီ။ ထုပ်ပိုးကာ အိမ်ပြန်ဖို့ အချိန်တန်ပြီဖြစ်သည်။

အမျိုးသမီးယန်၏ မျက်လုံးတွေက စူးရှသည်။ အကြည့်တစ်ချက်ဖြင့် ကျွမ်းကျွမ်းတစ်ယောက် ဖြည်းဖြည်းချင်း ပြန်လာနေသည်ကို သူမမြင်လိုက်ရသည်။ သူမက ရှောင်းကောအား ညွှန်ပြလိုက်သည်။ ရှောင်းကော သူ့ကိုမြင်သည့်အခါ ခပ်ကျယ်ကျယ်အော်ခေါ်လိုက်သည်။

ကျွမ်းကျွမ်းလည်း သူမအသံကိုကြားသည့်အခါ၊ နွားနှစ်ကောင်အား ဦးဆောင်ကာ ရှောင်းကောဆီ အရှိန်မြှင့်ကာလာတော့သည်။

အမျိုးသမီးယန်တစ်ယောက် တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလို အံ့ဩတကြီးအော်လာသည်။ "ရှောင်းကော နင့်ရဲ့နွားတွေ ကြီးလာတာ အရမ်းမြန်တာပဲ!"

အမျိုးသမီးယန်က ဘာကိုအော်ပြောနေသလဲဆိုတာ ရှောင်းကော သိချင်သွားသည်။ သူမ အမျိုးသမီးယန်ပြောသည်ကို ကြားတော့ နွားတွေကို ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် နွားတွေအား ထိန်းကျောင်းရန်မှာ ကျွမ်းကျွမ်းတာဝန်ဖြစ်သည်။ သူမက သိပ်ပြီးဂရုမစိုက်မိပေ။ အခုမှ သူမလည်း နွားတွေကို ကြည့်လိုက်တော့ တကယ်ဖြစ်နေသည့်ပုံပင်။ ကျွမ်းကျွမ်းသည် တစ်ဖက်တစ်ချက်စီတွင် နွားနှစ်ကောင်နှင့်အတူ အလယ်မှ လမ်းလျှောက်လာနေသည်။ နွားတွေဟာ ကျွမ်းကျွမ်းထက် နှစ်ဆလောက်မြင့်လာသလိုပင်။

ဝဝကစ်ကစ်ကျွမ်းကျွမ်းလေးဟာ ဘေးနားရှိနွားနှစ်ကောင်နှင့် ယှဉ်ပါက ပိုသေးသွားသလိုပင်။ မကြာမီတွင် ကျွမ်းကျွမ်းတစ်ယောက် နွားတွေကိုကျောင်းတာကို ရပ်ရတော့မည်ပုံပင်။ နွားတွေက ပိုကြီးလာပေမယ့် ကျွမ်းကျွမ်းကတော့ သေချာပေါက် မြန်မြန်မကြီးထွားနိုင်ပေ။ နွားတွေ ပိုကြီးလာပါက ကျွမ်းကျွမ်း မထိန်းနိုင်တော့မည်ကို ရှောင်းကောစိုးရိမ်မိသည်။ နွားတွေက ရှေ့ကိုအတင်းသွားပါက သူဆိုးဆိုးရွားရွား လဲကျနိုင်သည်။

သူမတွင် အချိန်ရှိသည့်အတွက် နွားကျောင်းသည်ကို သူမဘာသာသူမ တာဝန်ယူနိုင်သည်။ နှစ်ကူးပြီးပါက ကျွမ်းကျွမ်း ကျောင်းတက်ရမည့်အချိန်လည်းဖြစ်သည်။

ကျောင်းသွားတာကို ပြောကာမှ ရှောင်းကောလည်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ စုဟွေ့နှင့် ထန်ကျူးတို့ အိမ်တွင်ရှိမရှိ သူမ မသိပါချေ။ သူမ သူတို့ဆီ နှစ်ကြိမ်လောက် သွားခဲ့သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိခဲ့ပါချေ။ ဆရာကောင်းအကြောင်း မေးချင်သည်။

_'နောက်နှစ်ရက်လောက်နေရင် ခရိုင်သွားပြီး သူ့ဆီနောက်တစ်ခေါက် သွားလည်ရင်ရော?'_ ရှောင်းကော စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ကာ ကျွမ်းကျွမ်းလည်း သူမအနားကို လျှောက်လာသည်။

သူတို့ သုံးယောက် အတူတူပြန်ကြသည်။ အမျိုးသမီးယန်သည် လမ်းတစ်လျှောက်တွင် အလွန်ပျော်ရွှင်နေ၏။ သူမသည် ရှောင်းကောနှင့် အဆက်မပြတ်ကို စကားပြောနေခဲ့သည်။ ယနေ့တွင်တော့ သူမသည် အချစ်ထဲနစ်ဝင်နေသည့် ပါးပြင်တွေအမြဲလိုလို ပန်းနုရောင်သန်းနေတတ်သည့် ကောင်မလေးတစ်ယောက်လိုပင်။

တကယ်တော့ အဲဒါက အမျိုးသမီးယန်တင် မဟုတ်ပါချေ။ ဒီတစ်လောတွင် မက်မွန်ပွင့်ကျေးရွာရှိ တခြားအမျိုးသမီးများအားလုံးလည်း ပျော်ရွှင်မြူးထူးနေပုံရသည်။ ဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ရှောင်းကောလည်းထင်မိသည်။ သူတို့၏ ခင်ပွန်း‌တွေကို မတွေ့ရတာ သုံးနှစ်ကျော်နေပြီဖြစ်သည်။ သူတို့တွေ ဒါကိုစောင့်မျှော်နေကြတယ်ဆိုတာ သေချာသည်။

သို့သော် ဝမ်းနည်းကြေကွဲနေကြသည့် အမျိုးသမီးတစ်စုလည်း ရှိသည်။ ရွာရှိ အမျိုးသမီးဦးရေ၏ ထက်ဝက်ခန့်မှာ မုဆိုးမများဖြစ်သည်။ အစပိုင်းမှာတော့ အရာရာက အဆင်ပြေနေသေးသည်။ အမျိုးသားများ အားလုံးဟာ သူတို့၏ ကံကြမ္မာကို မသိနိုင်စွာဖြင့် စစ်မြေပြင်တွင် ရှိခဲ့ကြကာ အမျိုးသမီးအားလုံး အချင်းချင်း နှစ်သိမ့်ပေးနိုင်ခဲ့ကြသေးသည်။

သို့သော် ယခုတွင် အသက်ရှင်ကျန်ရစ်သူများအားလုံး ပြန်လာကြမည်ဖြစ်သည့်အတွက် ရွာတွင်း လှုပ်ရှားမှုတွေဟာ လုံးဝပျက်ပြားသွားတော့သည်။ မုဆိုးမတွေ အားလုံး စိတ်သောကရောက်ကြရသည်။

များသောအားဖြင့် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခဲ့ဖူးသည့် သူငယ်ချင်းတွေတောင် ဒီအကြောင်းကြောင့် အတူတွဲသွားနေကြတာ ရပ်သွားကြသည်။

ရှောင်းကောနှင့် အမျိုးသမီးယန်ကဲ့သို့ ဆက်ဆံရေးကောင်းသည့် သူများမရှိလုနီးနီးပင်။

အိမ်အပြန်လမ်းတွင် သစ်ပင်အောက်၌ ထိုင်နေကြသူများဟာ သေချာပေါက် မုဆိုးမတွေဆိုတာ သူတို့ပြောနိုင်သည်။ ခင်ပွန်းသည်တွေ ပြန်လာကြမည့် သူတွေဟာတော့ သူတို့၏ အမျိုးသားတွေအား ကြိုဆိုရန် အလုပ်ရှုပ်နေကြလိမ့်မည်ပင်။

ပါးပြင်နီနီဖြင့် အမျိုးသမီးယန်ဟာ ရှောင်းကောနှင့်အတူ လျှောက်လာ‌သည်။ မျှော်လင့်ထားသည့်အတိုင်း လူသွားလမ်းတစ်ဖက်တစ်ချက်တွင် ထိုင်နေကြသည့် အမျိုးသမီးများသည် သူတို့ဘက်အား မုန်းတီးမှုများဖြင့် ကြည့်လာကြသည်။ သို့သော် သူတို့၏အကြည့်တွေဟာ အမျိုးသမီးယန်ဘက်ကိုသာ ဦးတည်နေသည်။

ဒါကို ရှောင်းကော သတိပြုမိသည့်အခါတွင် သူမအရှိန်လျှော့လိုက်ပြီး သူမနောက်တွင်ရှိသည့် အမျိုးသမီးယန်ကို ကာရန် ကြိုးစားလိုက်သည်။ တခြားအမျိုးသမီးတွေက ရှောင်းကောကိုမြင်တော့ အကြည့်လွှဲလိုက်ကြသည်။ ချင်းရှောင်းကောသည် သူမတို့လိုမျိုး မုဆိုးမတစ်ဦးလည်းဖြစ်သည်။

ရှောင်းကောကတော့ ဂရုမစိုက်ပါချေ။ သူမ မုဆိုးမဖြစ်တော့ရော ဘာဖြစ်လဲ? သူမမှာ သားတစ်ယောက်ရှိသေးသည်။ ဘာလို့ ယောက်ျားတစ်ယောက်ကို လိုအပ်မှာလဲ?

သူတို့အိမ်ပြန်ရောက်တော့ ရှောင်းကောမြည်းလှည်းချည်နေတုန်းမှာ ကျွမ်းကျွမ်းက သူမနောက်မှနေ သူမေးချင်နေသည့် မေးခွန်းကိုမေးလိုက်သည်။ "မေမေ၊ ဒေါ်ဒေါ်က ဘာလို့ဒီနေ့အရမ်းပျော်နေတာလဲ?"

ရှောင်းကောကြားတွင် ရပ်သွားကာ မီးဖိုချောင်ဘက်ဆီ ဆက်လျှောက်သွားလိုက်သည်။ အမျိုးသမီးယန်က သူမခင်ပွန်းပြန်လာတော့မည်ကြောင့် ပျော်နေသည်ဆိုတာကို ကျွမ်းကျွမ်းအား ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားရင်း သူမပါးစပ်နည်းနည်းဟသွားမိသည်။

“ဘာဖြစ်…. ဘာဖြစ်လို့လဲဆိုတော့ ဒေါ်ဒေါ်က ဒီတိုင်းပျော်နေလို့လေ"

ဒါက ဘာမှမပြောတာထက် ပိုကောင်းသေးတယ်...

ကျွမ်းကျွမ်း၏ အကြည့်ကိုမြင်တော့ ရှောင်းကောထပ်ပြောလိုက်သည်။ "ဒါပေါ့၊ ဒါက တစ်ခုတည်းသောအကြောင်းပြချက်တော့မဟုတ်ပါဘူး။ ရှောင်းဟူနဲ့ ရှောင်းဟွားတို့ရဲ့ ဖေဖေပြန်လာတော့မယ် ဆိုတဲ့အချက်ကြောင့်လဲပါတယ်"

ကျွမ်းကျွမ်း ထိုစကားကိုကြားသည့်အခါ အေးစက်စက်တုန့်ပြန်လိုက်ပြီး အိမ်ထဲဝင်သွားလိုက်သည်။

ရှောင်းကောမှာ အသင့်ပြင်ထားကာ ကျွမ်းကျွမ်း၏ မေးခွန်းကို စောင့်နေတာဖြစ်သည်။ ဒါပေမယ့် အဲဒါက ဘာလဲ?

သူမသည် ငရုတ်သီးတွေကို ခုတ်ထစ်နေတာ ရပ်လိုက်ပြီး ကောင်လေး၏ ထွက်သွားသည့်ပုံကို ကြည့်လိုက်သည်။ သူမ နားမလည်ဖြစ်သွားသည်။ သူဘာဖြစ်နေတာလဲ?

ရှောင်းကော သူမခေါင်းအား ခပ်ပြင်းပြင်းပွတ်လိုက်ကာ ခေါင်းအသာငုံ့လိုက်သည်။ သူမ လွန်ခဲ့သည့်နှစ်ရက်ကတည်းက ထိုမေးခွန်းကို စဉ်းစားနေခဲ့တာဖြစ်သည်။ ကျွမ်းကျွမ်းဘာဖြစ်နေတာလဲ?

ဒီကလေးက အခုထိ လူပျိုဖော်ဝင်တဲ့အရွယ်လဲမဟုတ်သေးဘူး။ သူ့ကို နားလည်ဖို့ဘာလို့ဒီလောက်ခက်ရတာလဲ...

သူမ ပါးစပ်ဟကာ ကျွမ်းကျွမ်းကို ပြန်ခေါ်လိုက်ချင်ပေမယ့် နောက်ဆုံးမှာတော့ မ‌ခေါ်လိုက်ရပေ။ သူ့ကိုမေးရင်တောင် အကြောင်းပြချက်ကို သူသေချာပေါက်ပြောပြမှာမဟုတ်ပေ။ ဒီကလေးက ပါးစပ်က တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။ သူ မပြောချင်ဘူးဆိုလျှင် သံတူရွင်းနှင့် ကော်လျှင်တောင် ပြောမည်မဟုတ်ပေ။

ရှောင်းကော ကြက်သွန်မြိတ်တွေကို လှီးနေရင်း ကျွမ်းကျွမ်း၏ ပုံမှန်မဟုတ်သည့်အပြုအမူကို တွေးနေမိသည်။ သူ ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ...

All Chapters