အခန်း (၁၁၀)
Vol. 8 Ch. 110
ဟုတ်တယ်! အဲဒီနေ့က စတာပဲ…
ထိုနေ့ခရိုင်မှ ပြန်ရောက်သည့်အခါ ကျွမ်းကျွမ်း ဤကဲ့သို့ ပြုမူလာသည်ကို ရှောင်းကောရုတ်တရက် သတိရသွားမိသည်။
_'အဲဒီနေ့ ပြန်လာတော့ သူတို့ဘာထပ်လုပ်ကြပါလိမ့်'_
အိုးဟုတ်သား။ ရှောင်းကော သတိရသွားသည်။ ကျွမ်းကျွမ်း ချင်းအန့်မင်နဲ့အတူမနေခဲ့ရဘဲ စောစောပြန်လာရလို့ မပျော်မရွှင် ဖြစ်နေတာများလား?
အဲဒါလည်း မဖြစ်နိုင်ဘူး။ ကျွမ်းကျွမ်းက သေချာပေါက် အဲ့ဒီလိုမဟုတ်ဘူး။
ရှောင်းကော ထိုအကြံကို ချက်ချင်းပယ်လိုက်သည်။ သူမအပေါ် ကျွမ်းကျွမ်း၏ အချစ်က အစစ်အမှန်ပင်။ သူ့ဦးလေးကို သူအရမ်းချစ်သော်လည်း သူမကတော့ စာရင်းမှာ နံပါတ်တစ် ဖြစ်တာတော့သေချာသည်။ အဲ့ဒါကိုတော့ သူမလုံးဝသေချာသည်။
_'ဒါဆို ဘာဖြစ်နိုင်မလဲ?'_
ရှောင်းကော ကြက်သွန်မြိတ်တွေကို မလှီးတော့ဘဲ သူမလက်ထဲမှ ဓားကိုသာ စိုက်ကြည့်နေမိသည်။ ထိုအချိန် ကျွမ်းကျွမ်း ရောက်လာသည်။ သူ ဝင်လာသည်နှင့် ရှောင်းကောအား ပြောလိုက်သည်။ "မေမေ၊ သား ဗိုက်ဆာတယ်"
ရှောင်းကော လန့်သွားကာ သူမလက်တွေ တုန်သွားသည်။ ဓားသည် သူမလက်ကို လှီးမိလုနီးနီးပင်။ ဒါကိုမြင်တော့ ကျွမ်းကျွမ်း အမြန်ပြေးကာ ရှောင်းကော၏ လက်ကို ဖမ်းကိုင်လိုက်သည်။ သူ ပိုလို့တောင် နောင်တရသလို ခံစားလိုက်ရသည်။ သူ ဘာလို့ ရုတ်တရက်အသံထွက်ပြီး သူ့အမေကို လန့်အောင်လုပ်လိုက်ရတာလဲ?
ရှောင်းကောက ကျွမ်းကျွမ်းကို နှစ်သိမ့်လိုက်သည် “ဘာမှမဖြစ်ဘူး။ ကျွမ်းကျွမ်း မေမေ့လက်ကို ကြည့်အုံး။ အဆင်ပြေတယ်။ အဆင်ပြေတယ်"
ကျွမ်းကျွမ်းသည် သေချာကြောင်းမခံစားရမီ သွေးထွက်မထွက် သေချာစစ်ဆေးလိုက်သည်။
ရှောင်းကော၏ အစောပိုင်း အတွေးတွေဟာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။ ယခု သူမတွေးနေမိတာကတော့ ချက်ပြုတ်တာ ဖြစ်သည်။ ကျွမ်းကျွမ်းက ဗိုက်ဆာနေပြီဖြစ်သည်။
"ကျွမ်းကျွမ်း၊ ကြက်ဥဖောက်လိုက်။ မေမေတို့မှာ ငရုတ်သီး၊ ကြက်ဥနဲ့ ဖက်ထုပ်တွေ ရှိတယ်"
ရှောင်းကောသည် ငရုတ်သီးများကို အလျင်အမြန် ခုတ်ထစ်ပြီး ကျွမ်းကျွမ်းအား ကြက်ဥဖောက်ခိုင်းလိုက်သည်။ ကျွမ်းကျွမ်း၏ အမူအရာဟာ ပုံမှန်အတိုင်းဖြစ်နေကာ နာနာခံခံဖြင့် ခေါင်းညိတ်လိုက်သည်။
ညရောက်လာသည်။ ရှောင်းကော အိပ်ရန်ပြင်ဆင်နေကာ ကျွမ်းကျွမ်းအား အိပ်ရာထဲ ချလိုက်သည်။ သူမ ဖယောင်းတိုင်မီးများကို မှုတ်လိုက်ကာ ခေါင်းအုံးပေါ်တွင် လှဲလိုက်ချိန် သူမစိတ်တွေ ရုတ်တရက် ကြည်လင်လာသည်။ သူမ တစ်ခုခုကို သတိရသွားသည်!
ရှောင်းကော အိပ်ပျော်နေသည့် ကျွမ်းကျွမ်းမျက်နှာကို ကြည့်ကာ အနည်းငယ် စိတ်ညစ်သွားမိသည်။ ဒီတော့ ဘာဖြစ်ခဲ့တာလဲ?
ခရိုင်တွင် ထုတ်ပြန်ကြေညာချက်ဘုတ်အား ကြည့်ရန် ရပ်လိုက်သည့်အချိန် ထိုဘုတ်ပေါ်ရှိ စကားလုံးများကို ကျွမ်းကျွမ်း ဖတ်တတ်သည်။ ထိုအချိန်မှစ၍ ကျွမ်းကျွမ်းစိတ်ထဲတွင် အတွေးများနေခဲ့သည့်ပုံပင်။
ရှောင်းကောသည် အသေးစိတ်အချက်အလက်များကို သေချာစဉ်းစားလိုက်သည်။ ပထမထုတ်ပြန်ချက်တွင် ကျွမ်းကျွမ်း အခြေအနေက ကောင်းမွန်နေဆဲဖြစ်သည်။ သူက ရှောင်းကောနဲ့တောင် ဟာသလုပ်နေသေးသည်။ ဒုတိယကြေညာချက်ကို တင်လိုက်သည့်အခါ၊ ကျွမ်းကျွမ်းစကားပြောတာ ရပ်သွားသည့်ပုံပင်။
ဒုတိယကြေညာချက်မှာ စစ်စခန်းရှိ သာမာန်ပြည်သူ များအား ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်ခွင့်ပြုခြင်းနှင့် ပတ်သက်တာ ဖြစ်သည်။ ကျွမ်းကျွမ်းက သူ တစ်ခါမှမတွေ့ဖူးတဲ့ သူ့အဖေကို မှတ်မိနေသေးတာများလား?
ဒါက သူဘာကြောင့် စိတ်အခြေအနေမကောင်းသလဲဆိုတာ ပြနေတာပင်။
ဒါပေမယ့် သူမ ဘာလုပ်သင့်လဲ? ရှောင်းကောလည်း ဤကိစ္စကို မည်သို့ဖြေရှင်းရမည်မှန်း အမှန်တကယ်မသိပါချေ။ ကျွမ်းကျွမ်းက သူ့အဖေကို သတိရနေသည်။ သူ့အတွက် အဖေတစ်ယောက်ကို သူမ ဘယ်မှာသွားရှာရမှာလဲ?
ကျွမ်းကျွမ်း၏ ဖြူဖွေးနူးညံ့သည့် မျက်နှာလေးကို ကြည့်ရင်း ရှောင်းကော တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူမ ဟိုဘက်လှည့် ဒီဘက်လှည့်လုပ်ရင်း အိပ်မပျော်ခဲ့ပေ။ အာရုဏ်တက်ချိန်မှသာ မျက်လုံးမှေးစင်းလာသည်။
သို့ပေမယ့် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်သံတွေကြောင့် မကြာခင်မှာဘဲ သူမနိုးလာခဲ့သည်။ ရှောင်းကော ဆတ်ခနဲ ထထိုင်လိုက်သည်။ သူမ မူးဝေသွားကာ သူမ၏ အမြင်အာရုံမှာလည်း မည်းမှောင်သွားသည်။ သူမလန့်ဖျပ်သွားကာ မျက်လုံးကိုမှိတ်ပြီး အမြန်ပြန်လှဲချလိုက်သည်။
“အို၊ ဆိုးလိုက်တာ" ခေါင်းမူးခြင်းသည် သူမအား သတိလစ်သွားစေလုနီးနီးပင်။ သူမအနေဖြင့် အိပ်ရာထဲမှ ရုတ်ခြည်းမထသင့်ပေ။
ရှောင်းကော မျက်လုံးတွေကိုမှိတ်ကာ ခဏနေလိုက်တော့ အပြင်ဘက်မှ အသံတွေ ထပ်မံ ကျယ်လောင်လာသလိုပင်။ ရှောင်းကော သေချာနားထောင်ကြည့်ပေမယ့် သိပ်မကြားရပေ။ သူမသည် ရံဖန်ရံခါ အော်ဟစ်ငိုယိုသံတွေကိုသာ ကြားနေရသည်။
ရှောင်းကော အိပ်ယာမှထကာ သူမ၏ အဝတ်အစားကို ဝတ်ဆင်လိုက်သည်။ ကျွမ်းကျွမ်းအား မနှိုးတော့ဘဲ ဖြစ်ပျက်နေတာတွေကို ကြည့်ရန် တစ်ယောက်တည်း ထွက်လာလိုက်သည်။
အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ခြံအပြင်ဘက်မှ ငိုကြွေးသံများကို ပို၍ရှင်းလင်းစွာကြားလိုက်ရသည်။ အသံမထွက်အောင် ဖုံးလိုက်သည့်အသံတွေလည်း ကပ်ပါလာသည်။ မျက်မှောင်ကြုတ်ရင်း ရှောင်းကော အိမ်ရှေ့တံခါးဆီ လျှောက်သွားလိုက်သည်။ ဘာတွေဖြစ်နေတာလဲ?
သူမတံခါးကိုဖွင့်ကာ အသံလာရာရင်းမြစ်ဆီ လျှောက်လာတဲ့အချိန် အိမ်ထဲမှထွက်လာသည့် အမျိုးသမီးယန်နှင့် ဝင်တိုးခဲ့သည်။ ဆူညံသံကြောင့် အမျိုးသမီးယန်လည်း နိုးလာတယ်ဆိုတာ သိသာလှသည်။
"အစ်မ"
အမျိုးသမီးယန် သက်ပြင်းချကာ ရှောင်းကောနောက်သို့ လိုက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးမှာ အကြောင်းရင်းကို ခန့်မှန်းလာကြသည်။ သူတို့ရောက်သည့်အခါ အတူတူပြန်လာကြသည့် အမျိုးသားတချို့သည့် သူတို့သက်ဆိုင်ရာအိမ်ရှေ့တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ပြန်လာတာကို စောင့်နေကြတဲ့ အမျိုးသမီးတွေက တံခါးရှေ့တွင် ငိုနေကြသည်။
နေ့ရောညပါ တွေးနေမိတဲ့လူကို နောက်ဆုံးမြင်လိုက်ရတော့ အမျိုးသမီးတွေမှာ မျက်ရည်တွေစီးကျလာပေမယ့် ပြုံးရယ်နေကြသေးသည်။ သားသမီးများပင်လျှင် သူတို့ဖခင်၏ ရင်ခွင်ထဲ၌ ပျော်ရွှင်စွာ အဖက်ခံထားကြသည်။
တစ်ချက်ကြည့်ရုံနှင့် အကြောင်းရင်းကို ရှောင်းကောသိလိုက်သည်။ ယောက်ျားတချို့ ပြန်ရောက်လာကြောင်း သိလာရသည်။ အမျိုးသားများအားလုံး အုပ်စုကြီးတစ်ခုထဲဖြင့် ပြန်လာလိမ့်မည်ဟု ရှောင်းကောထင်ခဲ့သော်လည်း တစ်အုပ်စုချင်းစီ ပြန်လာကြတာဖြစ်သည်။
ရှောင်းကောကတော့ ဘာမှမခံစားရပါချေ။ ဒီမြင်ကွင်းကို အမျိုးသမီးယန် မြင်လိုက်ရတော့ ရင်ခုန်လွန်းလို့ မျက်ရည်တောင်ကျမိသွားသည်။ သူမခင်ပွန်းသည်လည်း ထိုထဲတွင် ပါမပါသိနိုင်ရန် လူအုပ်ထဲတွင်အတတ်နိုင်ဆုံး ကြိုးစားရှာလိုက်သည်။
ရှောင်းကောကတော့ ကျွမ်းကျွမ်းကို စိတ်ပူသည်။ အမျိုးသမီးယန်သည် ပြန်ရန်ရည်ရွယ်ချက်မရှိဘဲ ထိုနေရာတွင်သာ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် ရှောင်းကောလည်း သူမပြန်တော့မည်ဖြစ်ကြောင်း အသိပေးရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။
အပြန်လမ်းတွင် ရွာမှ အမျိုးသမီးအချို့သည် ရွာအဝင်ပေါက်ဆီသို့ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ ယောက်ျားလေးတွေ ပြန်လာကြပြီဆိုတော့ သူတို့ယောက်ျားတွေလည်း မကြာခင် ပြန်လာတော့မှာပင်။
လူတိုင်း လှလှပပဝတ်စားကာ ရွာဝင်ပေါက်ဆီ အပြေးအလွှားသွား၍ ခင်ပွန်းသည်ကို စောင့်ဆိုင်းနေကြသည်။
ထိုအထဲတွင် အတော်ကြာမပေါ်လာခဲ့သည့် လီကျောက်ဒီလည်းပါသည်။ သူမရဲ့ ဒေါသကလည်း မကြာသေးမီကမှ ပြေလျော့သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူမအမျိုးသား မပြန်လာမီတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ယခုအချိန်တွင် သူမသည် အဝတ်အစားအသစ်ကို ၀တ်ဆင်ထားသည်။ သူမ၏ ဆံပင်အားပြင်ဆင်ထားကာ မျက်နှာတွင်လည်း ပေါင်ဒါမှုန့်လိမ်းထားသည်။
သူမ ရှောင်းကောအနားမှ ဖြတ်သွားတဲ့အခါ စူးစူးရဲရဲ စိုက်ကြည့်လာပေမယ့် တခြားဘာမှ မပြောလာပေ။ သူမသည် ရွာဝင်ပေါက်ကိုသာ အမြန်ရောက်ရန် အလျင်လိုနေသည်ကြောင့် ချင်းရှောင်းကောနှင့် အချိန်ဖြုန်းရန် အချိန်မရှိပေ။
ရှောင်းကော သူမအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ လီကျောက်ဒီရဲ့အဝတ်အစားတွေနဲ့ ဘာလို့ဒီလောက်ထိ ရင်းနှီးနေတာပါလိမ့်?
သူမကိုယ်သူမ ပြန်ငုံ့ကြည့်လိုက်သည် _ 'ငါ့အဝတ်အစားတွေနဲ့ တူလိုက်တာ'_
ရှေးခေတ်မှာလဲ copycat တွေရှိတာပဲဟ....
ရှောင်းကော ခေါင်းကိုအသာယမ်းကာ အိမ်ကိုပြန်လာလိုက်သည်။
သူမအိမ်ပြန်ရောက်သည့်အခါ ကျွမ်းကျွမ်း နိုးလာပြီဖြစ်သည်။ သူ့မျက်လုံးကြီးတွေက လှည့်ပတ်နေကာ ရှောင်းကောနှင့် အကြည့်ဆုံသွားသည်။
"မေမေ၊ အပြင်မှာ ဘာလို့ဆူညံနေတာလဲ?"
ကျွမ်းကျွမ်းထကာ ကုတင်တိုင်ကို မှီလိုက်သည်။ ရှောင်းကော လျှောက်သွားပြီး ဘာပြန်ပြောရမလဲဆိုတာ စဉ်းစားနေမိသည်။
"အမျိုးသားတချို့ စစ်တပ်ကနေ ပြန်လာကြလို့လေ"
ရှောင်းကောပြောလာသည့်အခါ ကျွမ်းကျွမ်း၏ မျက်လုံးထဲတွင် အံ့ဩမှုတစ်စုံတစ်ရာမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းကော မျက်လုံးတွေ မည်းမှောင်သွားရသည်။ မျှော်လင့်ထားသည့်အတိုင်း ကျွမ်းကျွမ်းသည် ထုတ်ပြကြေညာချက်ရှိ စကားလုံးတွေကို မှတ်မိနေခဲ့သည်။ မဟုတ်ပါက သူ ဒီလောက်ထိ တည်ငြိမ်နေမှာမဟုတ်ပေ။
မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တာတွေက ရှောင်းကောနဲ့ကျွမ်းကျွမ်းတို့ကို လုံးဝမထိခိုက်ခဲ့ပါချေ။ သူတို့ နှစ်ယောက်ဟာ သူတို့ရဲ့နေ့စဉ် လှုပ်ရှားမှုတွေကိုသာ ဆက်လုပ်ကြသည်။
ကျွမ်းကျွမ်းလည်း ဤကိစ္စကို မေ့သွားပုံရသည်။ သူသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာကာ ရှောင်းကောနှင့် စနောက်နေသေးသည်။
သူ့ကိုဒီလိုမြင်လိုက်ရတော့ ရှောင်းကော စိုးရိမ်နေပုံမပြပေမယ့် တကယ်တော့ စိုးရိမ်နေမိသည်။
ကျွမ်းကျွမ်းဟာ အပြင်ပိုင်းတွင် မြင်နေရသလောက် တည်ငြိမ်နေလောက်မည် မဟုတ်ပေ။ သူမတွင် ဖြေရှင်းရန်နည်းလမ်းမရှိသည်ကြောင့် ကူကယ်ရာမဲ့ဖြစ်နေရသည်။
ကျွမ်းကျွမ်း ပင်ပန်းနေပါက သူမနှိပ်ပေးနိုင်သည်။ ဗိုက်ဆာပါက ချက်ပြုတ်ပေးလို့ရသည်။ သို့ပေမယ့် အခုတော့ သူ့အဖေကို သတိရနေတာဖြစ်သည်။ ရှောင်းကောတွင် အမှန်တကယ် အဖြေမရှိပါချေ။
ကျွမ်းကျွမ်းတစ်ယောက် သူ့အဖေကို အဘယ်ကြောင့် ဤမျှလောက်ထိ စိတ်ထဲထားနေသည်မှန်း သူမ မသိပါချေ။ သူ့ရင်ထဲတွင် ဖခင်မေတ္တာကို တမ်းတနေသည့်ပုံပင်။ ဖခင်မေတ္တာသည် သူမ၏ မိခင်မေတ္တာဖြင့် အစားထိုးမရနိုင်သည့်အရာဖြစ်သည်။
ယခုအချိန်တွင် ရှောင်းကောမှာ အမှန်တကယ်ကို ရွေးချယ်စရာမရှိပေ။ ကျွမ်းကျွမ်းဘက်က အစပြုကာ သူမကို ပြောပြမည်မဟုတ်သလို သူမအနေဖြင့်လည်း သူထုတ်ပြောလာအောင် လုပ်လို့မရပါချေ။
သို့ပေမယ့် ဒီလိုအသက်ငယ်ငယ်လေးနှင့် စိတ်အနှောင့်အယှက် ဖြစ်စေသည့် အရာ ရှိနေသည့် ကျွမ်းကျွမ်းအား ကြည့်ရင်း သူမ အမှန်တကယ် နေလို့မကောင်းပါချေ။
"ကျွမ်းကျွမ်း"
"မေမေ၊ သားကြက်ဥတွေ ရှိမရှိသွားကြည့်လိုက်အုံးမယ်"
ရှောင်းကော ဘာမှမပြောရသေးခင် ကျွမ်းကျွမ်းက စကားဖြတ်ပြောလာသည်။
သည်လိုနှင့် ကျွမ်းကျွမ်း ပြေးထွက်လာသည်။ ရှောင်းကောသည် ကုတင်ပေါ်တွင် တစ်ယောက်တည်း ထိုင်ကာ ကျွမ်းကျွမ်း၏ ပုံရိပ်သေးသေးလေးအား ကြည့်လိုက်မိသည် _“ ဟင်းး၊ ဘယ်လိုတောင် ဖြေရှင်းလို့မရတဲ့ ပြဿနာလဲ… ”_