အခန်း (၁၁၂)
Vol. 8 Ch. 112
"မေမေ၊ ဘာလို့ အရမ်းနှေးနေတာလဲ?"
ကျွမ်းကျွမ်းက စိတ်လှုပ်တရှားဖြင့် ရှောင်းကောကို အလျင်အမြန်လုပ်ရန် စိတ်အားထက်သန်စွာ တိုက်တွန်းလာသည်။
ရှောင်းကောသည် အိမ်မှထွက်လာသည့် အချိန်မှစ၍ သူမမြည်းလှည်းကို အေးအေးဆေးဆေးအရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။ ရံဖန်ရံခါ သူမ မြည်းနှင့်လမ်းလျှောက်ရန် ဆင်းတတ်သည်။ ကျွမ်းကျွမ်း သူမအား ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ သူမကတော့ မတုန်မလှုပ်ပင်။
ကောင်လေးသည် ရှောင်းကော၏လရင်ခွင်ထဲမှ စိုးရိမ်စိတ်လှုပ်ရှားစွာဖြင့် ထလာသည်။
သူမရင်ခွင်ထဲမှ သူထွက်သွားသည်နှင့် ရှောင်းကောဆင်းကာ မြည်းနှင့်အတူ လမ်းလျှောက်ပြန်သည်။
"ကျွမ်းကျွမ်းရယ်၊ စိတ်မပူပါနဲ့။ အချိန်ကိုကြည့်အုံး။ အခုထိ မှောင်နေတုန်းပဲလေ။ မေမေတို့ အချိန်ရတယ်"
စောနေသေးသည်။ သူတို့ ခရိုင်ကို ပုံမှန်အရှိန်နှင့်သွားမည်ဆိုလျှင် အာရုဏ်တက်ချိန်၌ ရောက်လိမ့်မည်။
ကျွမ်းကျွမ်း သူမကို ဘယ်လောက်ပဲ အလျင်စလိုလုပ်နေပါစေ ရှောင်းကောကတော့ အချိန်ဆက်ဆွဲနေသည်။ သူမသည် မြည်းလှည်းကို ခရိုင်ဘက်သို့ ဖြည်းညှင်းစွာဖြင့် မောင်းလာခဲ့သည်။
အာရုဏ်တက်လာပြီးတဲ့အခါ၊ သူတို့ ခရိုင်ဂိတ်တံခါးသို့မရောက်မီ အချိန်နည်းနည်းပိုကုန်သွားသည်။ ခရိုင်ထဲသို့ဝင်လာသည့်အခါ၊ ရှောင်းကောသည် ချင်းအန့်မင်ဆီသို့ ဦးစွာသွားရောက်လိုသည့် ကျွမ်းကျွမ်း၏ တောင်းဆိုမှုကို မလိုက်နာခဲ့ပေ။ ထိုအစား ဖက်ထုပ်ဆိုင်ကိုရှာတွေ့လိုက်ကာ ဖက်ထုပ်နှစ်ပန်းကန်မှာလိုက်သည်။
ရှောင်းကောမှာ အရုဏ်မတက်မီကပင် အိပ်ရာမှထလာခဲ့ရကာ အတော်အတန်ဝေးသည့် အကွာအဝေးသို့ ထွက်လာခဲ့ရသည်။ ယခု သူမဗိုက်ထဲတွင် ပူနွေးသည့်ဖက်ထုပ်များဝင်လာတော့ ၎င်းဟာ သူမကိုတကယ်အံ့ဩရစေသည်။
“မေမေ…”
ကျွမ်းကျွမ်းလည်း ရှောင်းကောပေးထားသည့် ဖက်ထုပ်ကို စားနေလိုက်သည်။ ဖက်ထုပ်ကြောင့် အပူလောင်မှာစိုးသည့်အတွက် သူ့အား မပေးခင် သူမမှုတ်ပေးလိုက်သည်။
"စားရအောင်။ စားပြီးရင် မေမေတို့သွားကြမယ်"
ရှောင်းကောမှာ ကျွမ်းကျွမ်း ဘာပြောမယ်ဆိုတာ သိသည်။ သူမတို့စားပြီးပါက သူ့ကိုချင်းအန့်မင်ဆီ ခေါ်သွားပေးမယ်လို့ ကတိပေးလိုက်သည်။
ကျွမ်းကျွမ်း ခေါင်းညိတ်ပြလိုက်ကာ ရှောင်းကော အအေးခံထားသည့် ဖက်ထုပ်တွေကို စားလိုက်သည်။
ဖက်ထုပ်များကို အအေးခံထားပြီးဖြစ်သော်လည်း ၎င်းတို့ဟာ ဟင်းရည်ပူပူထဲမှ လတ်လတ်ဆတ်ဆတ်ထုတ်လာတာဖြစ်သည်။ ရှောင်းကောမှာ ဖက်ထုပ်တွေကိုအေးအောင် ကြိုးစားခဲ့ရသလောက်၊ ဖက်ထုပ်တွေကတော့ အတော်လေး ပူနေသေးသည်။ ကျွမ်းကျွမ်း ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ၊ သူ မစားခင် ဖက်ထုပ်တွေကို မှုတ်ရသေးသည်။
ရှောင်းကောသည့် သူ့အစားအစာကို ပြင်းပြင်းထန်ထန် မှုတ်နေသည့် ကျွမ်းကျွမ်းကိုကြည့်ကာ တိတ်တဆိတ် ရယ်မောလိုက်သည်။ ဒါက သူ့ကို ဖက်ထုပ်စားဖို့ သူမခေါ်လာရသည့် အကြောင်းရင်းပင်။ ဖက်ထုပ်တွေဟာ ဟင်းရည်ပူပူထဲမှ ခပ်လာသည်ကြောင့် ၎င်းတို့အားကုန်အောင်စားရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။
စားသောက်ဆိုင်သို့ ရောက်သည့်အခါ၊ ချင်းအန့်မင်လည်း ကျွမ်းကျွမ်းနှင့် စကားပြောရန် အားနေလိမ့်မည်ပင်။
ရှောင်းကော သူမ၏ ပန်းကန်ကို ချလိုက်ကာ နောက်ဆုံး ဟင်းရည်တစ်ငုံကို သောက်လိုက်သည်။ သူမ သက်ပြင်းချလိုက်သည်။ အရမ်းကောင်းတယ်။ သူမတစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ မနက်ခင်း အအေးဒဏ်ကို ဖက်ထုပ်ပြုတ်ပူပူဖြင့် ဖယ်ထုတ်လိုက်သည်။
ကျွမ်းကျွမ်းလည်း စားပြီးသွားတဲ့အခါ ရှောင်းကောက သူဌေးအား ငွေရှင်းရန်ပြောလိုက်သည်။ သူမသည် ကြေးဒင်္ဂါးခြောက်ပြားကို ချထားလိုက်ကာ ထွက်လာလိုက်သည်။ နောင်တွင်လည်း ထိုကဲ့သို့ အရသာရှိသည့် အစားအစာများကို များများစားသင့်သည်။
အခုက သွားရမယ့်အချိန်ရောက်ပြီပင်။
ကျွမ်းကျွမ်းမှာ မြည်းလှည်းပေါ်တက်ရဖို့ မစောင့်နိုင်တော့ပေ။ ရှောင်းကော သူ့အား ကောင်းကောင်းထိုင်နေရန်ပြောလိုက်ကာ လှည်းကို စမောင်းနှင်လိုက်သည်။
ရှောင်းကောမှာ လှည်းအားစားသောက်ဆိုင် အဝင်ဝတွင် ရပ်ရုံမျှသာရှိသေးကာ ကျွမ်းကျွမ်းတစ်ယောက် လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ရှောင်းကော ထိတ်လန့်သွားကာ သူ့ကိုဆူဖို့လုပ်လိုက်သည်။ သို့သော် သူမလှည့်ကြည့်လိုက်တော့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။
ဟင်းး…
ရှောင်းကောလည်း ဝင်မသွားခင် မြည်းလှည်းအား ချည်လိုက်သည်။
သူမ ဝင်လိုက်သည်နှင့် ကျွမ်းကျွမ်းမှာ ချင်းအန့်မင်၏ လက်ကိုကိုင်ထားကာ အိမ်နောက်ဖေးဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။
ရှောင်းကော မှန်းထားသည့်အချိန်က ကွက်တိပင်။ ရူယီနှင့် အခြားသူတွေလည်း အနားယူနေကြသည်။
"ညီမရှောင်းကော"
ရူယီက ရှောင်းကောအား ထိုင်ရန်လက်ပြလိုက်သည်။ ရှောင်းကောလည်း ခေါင်းညိတ်လိုက်ကာ ထိုင်လိုက်သည်။
"ကျွမ်းကျွမ်း ဘာဖြစ်လို့လဲ?"
ရူယီက ရှောင်းကောကို စိတ်ဝင်တစား မေးလိုက်သည်။ ကျွမ်းကျွမ်းမှာ ဆိုင်ထဲကိုဝင်လာသည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် ချင်းအန့်မင်အား အိမ်ထဲသို့ ဆွဲခေါ်သွားသည်။
ရှောင်းကောမှာ ရူယီ၏ မေးခွန်းကိုကြားသည့်အခါ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
ရှောင်းကော၏ အမျိုးသားဟာ စစ်မြေပြင်တွင် သေဆုံးသွားကြောင်း ရူယီသိထားသည်။ ကျွမ်းကျွမ်းဟာ မွေးကတည်းက သူ့အဖေကို တစ်ခါမှ မတွေ့ဖူးခဲ့ပါချေ။ ရှောင်းကော၏ စကားကိုကြားသည့်အခါ သူမလည်း ကလေးအပေါ်ဂရုဏာသက်မိကာ သူ့အတွက် ရင်နာမိသွားသည်။
"ဟေး အစ်မတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ?"
ရှောင်းကော စိတ်ရှုပ်ရသည်ဆိုတာက ရှားသည်။ ကျွမ်းကျွမ်းရင်ထဲမှ ကြိုးထုံးကို ဘယ်လိုဖြေရမလဲဆိုတာ သူမ တကယ်မသိပါချေ။
ဒါကို ရူယီကြားသည့်အခါ သူမလည်း အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ “ကျွမ်းကျွမ်း အခြေအနေက အစ်မငယ်ငယ်တုန်းက အခြေအနေ အတိုင်းပါပဲလား။ အဲဒီတုန်းက အမေနဲ့တွေ့ရဖို့ အမြဲတောင်းဆိုနေခဲ့တာ"
ရူယီက ဘယ်ဘက်လက်ထဲ မျက်နှာကိုအပ်ထားကာ သူမ၏ အမှတ်တရတွေဆီ ပြန်တမ်းတလိုက်မိသည်။
“အဲဒီတုန်းက အစ်မက ငယ်ငယ်လေးပဲ ရှိသေးတာ။ အနီးနား ဈေးဆိုင်တွေကကလေးတွေနဲ့ မှောင်သွားတဲ့အထိကိုဆော့လေ့ရှိတယ်။ အဲဒီအချိန်မှာ ကလေးတွေရဲ့ အမေတွေက ညစာစားဖို့ အိမ်ပြန်ဖို့ လာခေါ်တတ်ကြတယ်။ သူတို့နဲ့မတူတာက အစ်မမှာတော့ အဖေတစ်ယောက်ပဲရှိတယ်။ အဲဒီတုန်းကတော့ နားမလည်ခဲ့ဘူးလေ။ အစ်မက အရမ်းစိတ်မကောင်းဖြစ်မိလို့ အမေ့ကို ပြန်ခေါ်ပေးဖို့ အဖေ့ကို ဆက်တောင်းဆိုခဲ့တာ။ အစ်မအဲ့ဒီလိုပြောတိုင်း အဖေကငိုတယ်။ အဲဒီတုန်းက အစ်မ နားမလည်ခဲ့ဘူး။ အသက်ကြီးလာမှ သိလာတော့ အမေ့ကို မရှာတော့ဘူး။ အဖေတစ်ယောက်ရှိရုံနဲ့တင် လုံလောက်တယ်လို့ ခံစားရတော့တယ်"
ရှောင်းကောလည်း သူမပြောပြသည်ကို တိတ်တိတ်လေး နားထောင်နေပေးသည်။ "ကျွန်မသိပြီ… "
"ညီမရှောင်းကော၊ သိပ်စိတ်မပူပါနဲ့။ ကောင်လေးက ငယ်သေးတယ်။ သေချာပေါက် သူလည်း သူ့မိဘတွေကို လိုချင်တာပေါ့။ အခုညီမတို့ရွာက အမျိုးသားတွေပြန်လာတော့ ကျွမ်းကျွမ်းလည်း သူတို့ကိုမြင်ရင် စိတ်မသက်မသာ ခံစားရလိမ့်မယ်။ သူကြီးလာရင်တော့ အခြေအနေတွေက ပိုကောင်းလာမှာပါ"
ရူယီပြောတာကို နားထောင်ပြီးနောက် ရှောင်းကော ခေါင်းညိတ်လိုက်ကာ ဘာမှတော့မပြောလိုက်ပေ။
လူတွေဟာ ကိစ္စတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ကာ အချိန်နှင့်သာ တိုက်စားသွားစေတတ်သည်။ သို့ပေမယ့် ဒီလိုလုပ်တာတကယ်ရော မှန်ရဲ့လား?
ရှောင်းကောသည် ရူယီ၏ မျက်လုံးတွေထဲမှ တိတ်ဆိတ်မှုကို ကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ သူမ ကြီးပြင်းလာသည့်အခါ ကိစ္စတွေဟာမှေးမှိန်သွားရုံသာဖြစ်ကာ မေ့ပျောက်မသွားပါချေ။
ပတ်ဝန်းကျင်က အနည်းငယ် အုံ့မှိုင်းသွားသည်ဟု ခံစားလိုက်ရသဖြင့် ရှောင်းကောလည်း အကြောင်းအရာကို ပြောင်းလိုက်သည်။ "စကားမစပ်၊ အစ်မရောဘယ်လိုနေလဲ? ပင်ပန်းနေလား?"
ရှောင်းကော၏ အသံကြောင့် ရူယီလည်း အမြန်သတိပြန်ဝင်လာသည်။
“မဆိုးပါဘူး။ နေ့တိုင်း ဒီအတိုင်းပဲ လုပ်နေတာဆိုတော့"
လုပ်ငန်းအကြောင်းပြောသည့်အခါ ရူယီကတော့ အပျော်ဆုံးပင်။ သူမသည် ဝမ်းနည်းပူဆွေးနေသည့်ခံစားချက်များကို ချက်ချင်းဖယ်ထုတ်လိုက်သည်။
"ညီမရှောင်းကော၊ ဘယ်အသားလုံးက အရောင်းရဆုံးလဲဆိုတာသိလား?"
ရူယီက ရှောင်းကောကို လျှို့ဝှက်ဆန်းကြယ်သလိုကြည့်လိုက်သည်။
အများဆုံးလား? ရှောင်းကော သူမ မသိကြောင်းပြကာ ခေါင်းယမ်းပြလိုက်သည်။
"ဟင်းအနှစ်နဲ့ဝက်သားလုံးပဲ!"
သူမပြောပြီးသွားတော့ ရှောင်းကောက နားလည်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ " ဆိုတော့၊ အဲ့ဒါပေါ့လေ"
“စားသုံးသူတွေကတော့ အဲ့ဒါကအရသာရှိပြီး ပါးစပ်ထဲမှာ အနှစ်တွေ စိမ့်ထွက်လာတယ်လို့ တုံ့ပြန်ကြတယ်"
ရှောင်းကောက ဂရုတစိုက်နားထောင်နေကာ ရူယီကတော့ ဝမ်းသာအားရဖြင့် အဆက်မပြတ်ပြောနေသည်။ စားသုံးသူတွေထဲမှ တုံ့ပြန်မှုဟာ အရမ်းအရေးကြီးသည်။
ရှောင်းကော ထိုစကားကိုကြားသည့်အခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ရူယီနှင့် အခြားသူများသည် အသားလုံးကောင်းများကို ပြုလုပ်နိုင်ကြသော်လည်း ကင်းမွန်ချောင်းများပါရှိပါက ပိုလို့တောင်အံ့သြဖွယ်ကောင်းလာဦးမည်ပင်။ ကြွပ်ကြွပ်ရွရွပုံစံလေးကို တွေးမိရင်း သူမ သရေတွေပါ ယိုလာရသည်။ ဤနေရာတွင် ကင်းမွန် ဒါမှမဟုတ် ပင်လယ်စာများ ရနိုင်လောက်သလားဟု သူမတွေးမိသည်။
ရှောင်းကော သက်ပြင်းချလိုက်တာကိုကြည့်ပြီး ရူယီက တစ်ခုခုဖြစ်တယ်လို့ ထင်သွားသည်။ "ဘာဖြစ်လို့လဲ?"
“ဘာမှမဖြစ်ပါဘူး။ ကင်းမွန်တွေသာရှိရင် ပိုကောင်းလိမ့်မှာ"
ရှောင်းကောက ရူယီအား သူမစိတ်ထဲမှာရှိနေသည့်အရာကို ပြောပြလိုက်သည်။ ရူယီလည်း သူမဘာတွေတွေးနေလဲဆိုတာ သိနိုင်လောက်မည်ပင်။
ရှောင်းကော ရူယီအား မျှော်လင့်သလိုကြည့်ကာ သူမသိတယ်လို့ ပြောလာမှာကို မျှော်လင့်နေမိသည်။
"ကင်းမွန်? အဲ့ဒါကဘာလဲ?"
"မှင်တွေနဲ့ငါး? အဲ့ဒါက အရမ်းထူးဆန်းတာပဲ"
_'ငါထင်တယ်။ သူတို့ကင်းမွန်ကို မသိလောက်ဘူးဆိုတာ...'_
ရှောင်းကော ရူယီကို ကူကယ်ရာမဲ့စွာနဲ့ကြည့်လိုက်သည်။ ဒါပေမယ့် သူမဆက်ပြောလိုက်သည်။ “အဲ့ဒါက ပင်လယ်စာပဲ။ ပင်လယ်ထဲက အရာပေါ့"
“ဒီကလူတွေက ပင်လယ်ကို မသွားဖူးကြဘူးလား? မဖြစ်နိုင်တာ"
“…” ရူယီ ခေါင်းခါလိုက်သည်။
“တံငါရွာလေးတွေမှာ ပင်လယ်ထွက်ပြီးငါးဖမ်းတဲ့သူတွေရှိတယ်လေ။ သူတို့က ငါးတွေကို စားဖို့ ဒါမှမဟုတ် ပြန်ရောင်းဖို့ ပင်လယ်ထဲမှာ ငါးသွားဖမ်းကြတာ"
ချင်းအန့်မင်က သူတို့နောက်ကနေ ရုတ်တရက်ပြောလာသည်။
ရှောင်းကော အံ့အားသင့်စွာဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။ ကျွမ်းကျွမ်းက ချင်းအန့်မင်ရဲ့လည်ပင်းကို ပျော်ရွှင်စွာနဲ့ ပွေ့ဖက်ထားကာ သူမကိုလက်ဝှေ့ယမ်းပြလာသည်။ ချင်းအန့်မင်က ပြဿနာကို ဖြေရှင်းပြီးသွားတဲ့ပုံပင်။
ရှောင်းကော မျက်ခုံးပင့်လိုက်သည်။ မဖြစ်နိုင်တာ။ ချင်းအန့်မင်က တကယ် ကျန်းတန်းဟယ်က ဘယ်လိုပုံစံလဲဆိုတာ မှတ်မိနေသေးတာလား! ကောင်းတယ်!
ဒါကို ရူယီကြားတော့ ခေါင်းညိတ်လိုက်သည်။ “သူတို့တွေ ခရိုင်မှာရောင်းလားဆိုတာတော့ အစ်မလဲမသိဘူး"
ချင်းအန့်မင်က ကျွမ်းကျွမ်းကို အောက်ချပေးလိုက်ကာ ရှောင်းကောဆီ သွားခွင့်ပေးလိုက်သည်။
“မြို့တော်မှာပဲ ရောင်းကြတာထင်တယ်။ ခရိုင်ကလူ အများစုက သိပ်မစားကြဘူး။ အဲ့ဒါက တော်တော်ဈေးကြီးတယ်လို့တော့ ကြားဖူးတယ်"
ချင်းအန့်မင်က မှန်းဆကြည့်ရုံပင်။ အသေအချာတော့ သူ မသိပါချေ။ ပင်လယ်ထဲမှ အစားအစာတွေက အရမ်းဈေးကြီးသည့်အတွက် ယုံဟိုင်ခရိုင်မှ လူအများစုအနေဖြင့် ဝယ်ဖို့မတတ်နိုင်ကြဘူးဆိုတာကိုသာ သူကြားဖူးသည်။ ပင်လယ်စာများကို မြို့တော် သို့မဟုတ် ပိုကြီးသည့်မြို့တွေသို့သာ တိုက်ရိုက် ပို့ဆောင်လေ့ရှိသည်။ ၎င်းတွင် ချမ်းသာသည့်သူတွေပိုများကာ သူတို့တွေတွင်ပိုက်ဆံအများကြီးရှိတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ အစားအစာတွေကို စမ်းစားကြည့်ရတာ နှစ်သက်ကြသည်။
ရူယီ ခေါင်းညိတ်လိုက်သည်။ "သိပြီ"
ရှောင်းကော မအံ့သြတော့ပါချေ။ ယုံဟိုင်ခရိုင်သည် အမှန်ပင်သေးငယ်သည့် နေရာတစ်ခု ဖြစ်သည်။ ၎င်း၏ လူဦးရေသည် ၎င်း၏အိမ်နီးချင်းခရိုင်၏ ထက်ဝက်ထက်နည်းသည်ကြောင့် စားသုံးမှုနှုန်းမှာလည်း နည်းပါးသည်။ ပင်လယ်စာများကိုလည်း ဝက်သားဈေးထက် အဆများစွာမြှင့်ကာ ရောင်းချကြသည်ကြောင့် လူများဟာ ဝက်သားကိုသာ ပိုစားကြသည်။ ဝက်သားကသာ ပိုပြီးတန်ကာ၊ အရသာလည်းရှိ၏။ ဒါကြောင့် များများစားစားမရတဲ့ ပင်လယ်စာတွေကို ဘယ်သူက စားချင်မှာတဲ့လဲ?