အခန်း (၁၁၄)
Vol. 8 Ch. 114
"ကျွမ်းကျွမ်း၊ အဆင်ပြေတယ်၊ မေမေဘအဆင်ပြေတယ်"
ရှောင်းကောမှာ ကျွမ်းကျွမ်းဘက်မှ သူမကို လွှတ်ထားစေချင်သော်လည်း သူက နားလည်မှုလွဲသွားတော့သည်။ ရှောင်းကော အဆင်မပြေဖြစ်နေသော်လည်း သူစိတ်အေးစေရန် ဒီစကားတွေပြောတာလို့ သူထင်သွားသည်။ ထို့ကြောင့် သူသည် သူမကို ပိုလို့တောင် ဆွဲလိုက်သေးသည်။
ရှောင်းကောက ပြောလိုက်သည်။ “ကျွမ်းကျွမ်း၊ မေမေ့ကိုလွှတ်ပေး။ မေမေ သား ခေါင်းကို ထပ်မခေါက်ချင်ဘူးနော်"
နောက်ဆုံးတော့ ရှောင်းကောမှာ ကျွမ်းကျွမ်းဆီကနေ အဆွဲခေါ်ခံလိုက်ရကာ ခွေးခြေခုံပေါ် ထိုင်လိုက်သည်နှင့် အဆုံးသတ်သွားတော့သည်။
“ကျေးဇူး သားလေး…”
ရှောင်းကော ကျွမ်းကျွမ်းအား ပြုံးပြကာ ကျေးဇူးတင်လိုက်သည်။
ကျွမ်းကျွမ်းက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။ "မလိုပါဘူး"
ကောင်းပြီ၊ ဒါကိုအားပေးတာလို့ မှတ်ယူကြတာပေါ့....
ရှောင်းကောမှာ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေသော်လည်း စကားတစ်ခွန်းမှ ထွက်မလာပါချေ။ သူမ မပြောချင်တာမဟုတ်ပေ။ သို့ပေမယ့် သူမခြေထောက်တွေ ဘာကြောင့် ကျင်နေရသလဲဆိုတာ ဘယ်သူမှမသိပါချေ။
ကျွမ်းကျွမ်းလည်း ဘာစကားမှမပြောဘဲ ရှောင်းကောကိုကြည့်နေသည်။ သူမကို သူမျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ကြည့်နေသည်။ သူ့တွင်ပြောစရာရှိနေသည့်ပုံပင်။
ရှောင်းကော ကျွမ်းကျွမ်းအား သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။ "ကျွမ်းကျွမ်း ဘာဖြစ်လို့လဲ?"
ကျွမ်းကျွမ်းသည် သပ်သပ်ရပ်ရပ် ခေါက်ထားသည့် စာရွက်တစ်ရွက်ကိုထုတ်ကာ ရှောင်းကောအား ပေးလိုက်သည်။
ရှောင်းကော ထိုစာရွက်အား ဖွင့်ကြည့်လိုက်သည်။ စာရွက်ပေါ်တွင် ချောမောသည့်လူတစ်ယောက်၏ မျက်နှာပေါ်လာသည်။
ပထမတွင် ရှောင်းကော သူ့ကိုမမှတ်မိလိုက်ပေ။ သူမမှာ အရမ်းချောသည့် သရုပ်ဆောင်တစ်ယောက်လို့ ထင်နေခဲ့သည်။
သူမ ကျွမ်းကျွမ်းအား ဘယ်သူလဲလို့မေးချင်လိုက်သော်လည်း မော့ကြည့်လိုက်သည့်အခါ ကျွမ်းကျွမ်းကသူမကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ "မေမေ၊ ဒါဖေဖေလားဟင်?"
“ဖေဖေ” ဟူသော စကားလုံးဟာသူနှင့် သိပ်မရင်းနှီးပေ။ ထိုစကားလုံးအား ထုတ်ပြောရန် အချိန်အတော်ယူလိုက်ရသည်။
ရှောင်းကော အံ့ဩသွားသည် _'ဒါက ကျန်းတန်းဟယ်လား?'_
ထို့နောက် သူမခေါင်းငုံ့ကာ ပန်းချီကားထဲမှ လူကို သေသေချာချာ ကြည့်လိုက်သည်။ ဟုတ်မဲ့ပုံပင်… အဲဒီမျက်လုံးတွေလေ? ရှောင်းကော ကျွမ်းကျွမ်းကို မော့ကြည့်လိုက်တော့ သူတို့တွေက အရမ်းကိုတူနေသည်......
ကျွမ်းကျွမ်းဟာ သူမနှင့်တူသည်ဟု ရှောင်းကောအမြဲခံစားခဲ့ရသော်လည်း ယခုတော့ကျန်းတန်းဟယ်နှင့် ပိုတူနေသည့်ပုံပင်။
"မေမေ၊ ဒါတကယ်ပဲ ဖေဖေလား?"
ကျွမ်းကျွမ်းမှာ အတည်ပြုချက်ကို ထပ်မံရယူရန် ကြိုးစားလာသည်။
ရှောင်းကောလည်း သိပ်မသေချာပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းတန်းဟယ် ဘယ်လိုပုံစံလဲဆိုတာ သူမတကယ်မမှတ်မိတော့ပေ။
"ဒါကို ဦးလေးပေးခဲ့တာလား?"
အဆုံးတွင် ရှောင်းကောသည် အတော်ကြာတုံ့ဆိုင်းနေပြီးမှ ပန်းချီကား၏ မူလအစကို မေးရန်ဆုံးဖြတ်လိုက်သည်။
“ဦးလေး သားကိုပေးခဲ့တာ။ အဘွားအိုတစ်ယောက်က ယူလာပေးတာလို့ ဦးလေးပြောတယ်"
ရှောင်းကောသည် ကျွမ်းကျွမ်း ရှင်းပြနေသည်ကိုနားထောင်ရင်း သူမဘာသာတွေးလိုက်မိသည် _'အဘွားအိုဆီကလား? အောင်သွယ်တော်များလား?'_
အောင်သွယ်တော်သည် ကျန်းတန်းဟယ်၏ ပုံတူအားယူလာကာ သူ့ကိုယ်စားလက်ထပ်ခွင့်တောင်းခဲ့ခြင်း ဖြစ်နိုင်သည်။
စာရွက်သည် ဟောင်းနွမ်းကာစုတ်ပြဲနေသည်ကို ရှောင်းကော မြင်လိုက်ရသည်။ အနည်းငယ် အဝါရောင်သန်းနေကာ အတော်လေး ဟောင်းနွမ်းနေပုံရသည်။ ၎င်းအား အောင်သွယ်ရန်အတွက် သုံးသည်လားဆိုတာ ရှောင်းကော မသေချာပါချေ။
ကျွမ်းကျွမ်းလည်း ရှောင်းကော၏ အမူအရာကိုကြည့်ကာ ဤသူသည် သူ့အဖေဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
ရှောင်းကောလက်ထဲမှ ပုံတူစာရွက်ကို သူဂရုတစိုက်ယူလိုက်ကာ အခန်းထဲသို့ပြန်ပြေးသွားသည်။
ဒီတစ်ခါတော့ ကျွမ်းကျွမ်းက သူတို့အိပ်ခန်းထဲကို ပြေးဝင်သွားတာဖြစ်သည်။ သူဘာဆက်လုပ်မယ်ဆိုတာကို သိချင်နေသည့် ရှောင်းကောမှာ သူမ၏ခြေထောက်တွေကို ကန်ကြည့်လိုက်တော့ ခြေထောက်တွေ မကျင်တော့မှန်း သိလိုက်ရသည်။ သူမထကာ အခန်းဆီလျှောက်သွားလိုက်သည်။
ပိတ်ထားသည့်တံခါးပေါ်လက်တင်ကာ သူမတုံ့ဆိုင်းသွားမိသည်။ နောက်ဆုံးတွင် သူမသည်အခန်းထဲသို့မ၀င်ရန် ရွေးချယ်လိုက်သည်။ သူမ တံခါးအား အသာဟကာ အထဲသို့ လှမ်းကြည့်လိုက်သည်။
ကျွမ်းကျွမ်းကို မှန်ရှေ့တွင်တွေ့လိုက်ရသည်။ သူသည် ပုံတူစာရွက်ကို လက်တစ်ဖက်တွင် ကိုင်ထားကာ အခြားလက်တစ်ဖက်နှင့် သူ့မျက်နှာညှစ်နေသည်။ မှန်ထဲတွင် ဆင်တူနေသည့် မျက်နှာနှစ်ခုကိုယှဉ်ကြည့်ရင်း သူ့ဘာသာသူ ပြုံးနေခဲ့သည်။
သူသည် မျက်နှာနှစ်ခုစလုံးအပေါ် ကျေနပ်နေပုံရသည်။
ရှောင်းကော တံခါးကိုညင်သာစွာပိတ်ကာ ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။ သူမ ကျွမ်းကျွမ်းကို မနှောင့်ယှက်ချင်ပေ။ သူ့အတွက် အဖေတစ်ယောက် သူမ မရှာပေးနိုင်မှတော့ သူ့ဘာသာသူ ပုံတူနှင့်ယှဉ်ခွင့်ပေးထားလိုက်သည်။ ဒါဟာ သူ့အဖေနှင့် ရင်းနှီးမှုယူသည့်အချိန်ဟု မှတ်ယူနိုင်မည်ပင်။
ရှောင်းကောသည် ရင်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်ဖြင့် နေ့လယ်စာပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။ သူမပြီးသွားသည့်အချိန်ထိ ကျွမ်းကျွမ်းတစ်ယောက် အခန်းထဲမှ မထွက်သေးပေ။ ရှောင်းကော တူတွေကိုချကာ အခန်းဆီသွားလိုက်သည်။ သူမသည် တံခါးကိုအနည်းငယ်တွန်းကာ အထဲသို့ လှမ်းကြည့်လိုက်သည်။
အတော်ကြာနေပြီဖြစ်သော်လည်း ကျွမ်းကျွမ်းတစ်ယောက်မှာ မှန်ရှေ့တွင်ထိုင်နေဆဲပင်။ သူသည် သူ၏ပုံအား စစ်ဆေးနေကာ ပုံတူအတိုင်း ကိုယ်ဟန်ပြနေသည်။
ရှောင်းကော တံခါးကိုပိတ်ကာ သူမလက်ကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ချလိုက်သည်။ နောက်ဆုံး သူမလက်ကို ထပ်မြှောက်လိုက်ပြန်သည်။
ဒေါက်၊ ဒေါက်၊ ဒေါက်
"ကျွမ်းကျွမ်း၊ ထမင်းလာထွက်စားတော့လေ"
“အိုး! သားအခုလာပြီ!"
ရှောင်းကောသည် ထိုကဲ့သို့တက်ကြွသည့် အသံကို ကြားလိုက်ရသည့်အတွက် အံ့ဩသွားသည်။ ကျန်းတန်းဟယ်ရဲ့ပုံတူမှာ ဘာမှော်အစွမ်းတွေ ရှိလို့ပါလိမ့်?
ရှောင်းကောလည်း စားပွဲဆီပြန်သွားလိုက်ကာ ခေါက်ဆွဲတွေကို စားပွဲပေါ် မခင်းကျင်းခင် ခပ်ထည့်လိုက်သည်။
ကျွမ်းကျွမ်း ထွက်လာသည့်အခါ သူပြုံးနေတာမရပ်တော့ပေ။ သူ့ရဲ့ပါးရိုးတွေဟာ သူ့မျက်နှာကနေလွင့်ထွက်သွားတော့မတတ်ပင်။ ရှောင်းကောမှာ မနာလိုတောင်ဖြစ်သွားမိသည်။
"မေမေ၊ ဒီနေ့စားရတာ အရမ်းအရသာရှိတယ်"
ကျွမ်းကျွမ်း ခေါက်ဆွဲတစ်လုတ်စားကာ ရှောင်းကောကို ချီးကျူးလိုက်သည်။ သူ့မျက်နှာကြွက်သားတွေကို ချဲ့ကားလွန်းတာကြောင့် ရှောင်းကော ရယ်လိုက်မိသည်။
"ကောင်းပြီ စားရအောင်!"
ရှောင်းကော ကျွမ်းကျွမ်းအတွက် အသားတစ်ပိုင်းကိုယူကာ သူ့ပန်းကန်ထဲထည့်ပေးလိုက်သည်။
ကျွမ်းကျွမ်းက ကောင်းကောင်းစားသည်။ သူမထည့်ပေးသမျှကို သူစားသည်။ လုံးဝဂျီးမများတတ်သည်ကြောင့် အစားကျွေးရတာလွယ်သည်။
ညဘက်တွင် ရှောင်းကောသည် အရင်ရေချိုးရန် သွားလိုက်သည်။ ပြီးမှ ကျွမ်းကျွမ်းကို ရေချိုးပေးသည်။
သူမ သူ့ကို ပွေ့ချီပြီးစောင်အောက်တွင်ထည့်ထားလိုက်ကာ သူ့ကိုပေးမလှဲခင် ဆံပင်တွေကို ခြောက်အောင်သုတ်ပေးလိုက်သည်။ သူ့ဆံပင်တွေ လုံးဝခြောက်သွားစေရန် မျက်နှာသုတ်ပဝါ နှစ်ခုကိုသုံးရသည်။
ကျွမ်းကျွမ်း အိပ်ရာမဝင်ခင် မှန်ကိုပြေးကြည့်လိုက်သေးသည်။ သူ့မျက်နှာကို သေချာကြည့်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။
သူ အိပ်ယာပေါ်ပြန်လှဲကာ ရှောင်းကောအား ပုံပြင်ပြောပြရန် အပူကပ်တော့သည်။ ရှောင်းကော ခဏလောက်စဉ်းစားလိုက်ကာ မိခင်မေတ္တာအကြောင်း ပုံပြင်အား အတိုချုံးပြောပြရန် ဆုံးဖြတ်လိုက်သည်။
ကျွမ်းကျွမ်း ဂရုတစိုက် နားထောင်နေတာကိုမြင်တော့ ရှောင်းကော အရမ်းပျော်သွားသည်။
ဟုတ်သည်။ မိခင်တစ်ယောက်အနေနှင့် သူ့နေရာကို ခိုင်မာအောင်လုပ်ရန် အနာဂတ်တွင် မိခင်မေတ္တာအကြောင်းပုံပြင်တွေကို ကျွမ်းကျွမ်းအား သူမပြောပြရတော့မည့်ပုံပင်။
သနားစရာကောင်းသည့် ကျွမ်းကျွမ်းလေးမှာ အိပ်ပျော်နေဆဲဖြစ်ကာ ရှောင်းကော မည်သည်ကိုစီစဉ်နေမှန်း မသိပေ။ သူမဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ရံဖန်ရံခါ ပြုံးပြုံးနေတတ်သည်။
ရှောင်းကော သူ့ကိုကြည့်ကာ ရယ်မောလိုက်သည်။ အရူးလေး၏ သရေတွေရွှဲနေသည့် ပါးစပ်အား လျစ်လျူရှုထားပါက သူဟာတော်တော်ချစ်စရာကောင်းသည်။
နောက်တစ်နေ့တွင် ရွာမှ အမျိုးသမီးတစ်ဦး၏ ကြေကွဲဖွယ် အော်ဟစ်သံကို ကြားလိုက်ရသည်။ ရှောင်းကော လန့်နိုးသွားသည်။ သူမ၏ ပထမဆုံးတုံ့ပြန်မှုဟာ ကျွမ်းကျွမ်း ထိတ်လန့်သွားခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ကျွမ်းကျွမ်းလည်း ထိတ်လန့်သွားသည်။ ရှောင်းကော သူ့ကို အမြန်ပွေ့ဖက်လိုက်ကာ သူ့ကျောပြင်ကို ပွတ်ပေးလိုက်သည်။ သူပြန်အိပ်ပျော်သွားတဲ့အခါ ရှောင်းကောသူ့ကိုလွှတ်လိုက်ပြီး အပြင်ဘက်ရှိ အသံတွေကို သေချာနားထောင်လိုက်သည်။
ခဏကြာတော့ ရှောင်းကောလည်း ပြန်လှဲလိုက်သည်။ သူမ ဘာအသံမှ ထပ်မကြားရတော့ပေ။ အကယ်၍ ကျွမ်းကျွမ်းသာ အထိတ်တလန့်မဖြစ်ခဲ့ပါလျှင် ရှောင်းကောမှာ သူမစိတ်ထင်တာဖြစ်မည်ဟု ထင်မိသွားမှာပင်။
သူမ ကျွမ်းကျွမ်းဘေးတွင် ဆက်လှဲလိုက်ကာ အိပ်ပျော်သွားသည်။ မနေ့က ကောင်းကောင်းမအိပ်ခဲ့ရသည့်အတွက် ဒီမနက်တွင် သူမကောင်းကောင်းအိပ်ပျော်ဖို့လိုသည်။
အေးလွန်းသည့် ရာသီဥတုကြောင့်လား မသိသော်လည်း ဒီတစ်လော သူမအတွက် အိပ်ယာမှထရန် ခက်ခဲနေသည်။ စောင်အောက်တွင် နေရသည်မှာ ကောင်းကာနွေးထွေးလှသည်။
သူမမျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ အပြင်တွင် လင်းနေပြီဖြစ်သည်။ နေဖင်ထိုးနေပြီဖြစ်သည်။
ရှောင်းကောထလိုက်ကာ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူအိပ်ပျော်နေသေးသည်။ ယနေ့ခေတ်တွင် တစ်နေ့တာလုပ်နိုင်သမျှသည် စားလိုက်၊ အိပ်လိုက်ပင်ဖြစ်သည်။
ကျွမ်းကျွမ်း၏ ပါးနှင့် ဗိုက်တွေဟာ သိသိသာသာ ကြီးလာသည်။ သူ့လက်တွေ ခြေထောက်တွေဟာလည်း အရင်ကထက် အများကြီး ပိုထွားလာသည်။ အရပ်လည်းမြင့်လာသည်။
သူမ၏ လက်ရှိခန္ဓာကိုယ်ဟာ သူမရဲ့မူလခန္ဓာကိုယ်နှင့် အတူတူပင်။ သူမကိုယ်အလေးချိန် တက်လာသည်နှင့် အဆီတွေဟာလည်း တိုးလာမှာပင်။
ဒီကိုရောက်ပြီးနောက် သူမကောင်းကောင်းစားကာ အမြဲတမ်း စိတ်ချမ်းသာရသည်ကြောင့် ကိုယ်အလေးချိန်အများကြီး တက်လာခဲ့သည်။ သူမ၏ခါးဟာ အဆင်ပြေသေးသော်လည်း သူမခန္ဓာကိုယ်၏ သီးခြားအစိတ်အပိုင်းနှစ်ခုဟာတော့ ကြီးထွားလာခဲ့သည်။ သူမ၏ပုံစံဟာ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ပိုလန်းဆန်းလာသည်။
ရှောင်းကောမှာ ဤကိစ္စအတွက် အတော်လေး ကူကယ်ရာမဲ့ဖြစ်နေခဲ့ရသည်။ သူမကိုယ်အလေးချိန်တက်လာသရွေ့ အဲဒီအစိတ်အပိုင်းတွေဟာလည်း ပိုကြီးထွားလာမှာပင်။ သူမတွင် ရွေးချယ်စရာမရှိပေ။
ရှောင်းကော တက္ကသိုလ်တက်တုန်းက စာမေးပွဲတွေကြောင့် စိတ်ဖိစီးခဲ့ရကာ စိတ်ဖိစီးမှုကိုပြေပျောက်ရန်အတွက် သူမသည် အစားအသောက်တွေကို အားကိုးခဲ့သည်။ ထိုအချိန်တွင် သူမသည် ကိုယ်အလေးချိန်များစွာ တက်လာခဲ့သည်။ တစ်ခါက သူမရပ်ကွက်အဝင်ဝကို ဖြတ်သွားရင်း အဘွားအိုတချို့နှင့် တိုးသည်။
ရှောင်းကော လျှောက်လာသည့်အခါ သူတို့စကားမပြောကြပေ။ သူမ ခပ်ဝေးဝေးရောက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့တွေ သူမအကြောင်းကိုပြောကြတော့သည်။
ရှောင်းကော တစ်ခါတော့ နားစွန်နားဖျားကြားခဲ့ရသည်။ သူတို့ပြောသမျှထဲတွင် အားလုံးဟာ သူမ၏ရင်ဘတ်နှင့်တင်ပါးအကြောင်းတွေပင်။