← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

မြင်းလှည်း အသေအချာမရပ်ရသေးခင်၊ ကျန်းတန်းဟယ်မှာ စိတ်လှုပ်ရှားစွာဖြင့် အဝတ်စတွေအား သိမ်းကာခုန်ချလိုက်သည်။ သူ ဆိုင်တစ်ခုဆီသွားလိုက်သည်။

"ဘာလုပ်တာလဲ?"

ကျန်းတန်းဟယ် တစ်ဘက်သို့ အလျင်စလို လျှောက်သွားသည်ကို လီရှို့ကျီကြည့်နေလိုက်သည်။ သူဘာတွေ့လိုက်သလဲဆိုတာကို သိချင်သည့်အတွက် လီရှို့ကျီ သိချင်စိတ်ဖြင့် သူ့နောက်လိုက်သွားလိုက်သည်။

ကျန်းတန်းဟယ်သည် ဆံပင်အလှဆင်ပစ္စည်းရောင်းသည့်ဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။

ဆိုင်ရှင်က ခေါင်းငုံ့ကာ ဆံပင်စည်းနေသည်ကြောင့် ရုတ်တရက် သူ့ပတ်ဝန်းကျင် မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ ပထမတော့ မိုးအုံ့သွားသည်ဟု သူမ ထင်လိုက်သည်။ သူမ မော့လိုက်ကာ ဆိုင်သိမ်းဖို့ပြင်ကာမှ အရာရှိဝတ်စုံနှင့် အမျိုးသားတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါချေ။ ထိုလူသည် မကောင်းသည့် ရည်ရွယ်ချက်ဖြင့်လာသည်ဟု သူမ ထင်သွားသည်။ သူမ အလွန်တုန်လှုပ်သွားကာ နေရာတွင်ပင် အေးခဲသွားတော့သည်။ သူမလက်ထဲရှိ ပန်းလေးဟာလည်း မြေပြင်ပေါ်ကျသွားတော့သည်။

ကျန်းတန်းဟယ်မှာ သူမ၏ ထူးဆန်းသည့် အပြုအမူကို သတိမထားမိလိုက်ပေ။ ဈေးဆိုင်တွင် ခင်းကျင်းပြသထားသည့် ဆံပင်အဆင်တန်ဆာမျိုးစုံကို ကြည့်ရင်း သူ့မျက်လုံးတွေက တောက်ပနေသည်။

ဘယ်တစ်ခုကို ရွေးရမလဲလို့ သူတွေးနေရင်းစိတ်ဝင်စားစရာကောင်းသည့် ဒီဇိုင်းနှင့်အရောင်စုံသည့်ပန်းတစ်မျိုးက သူ့ကို ရုတ်တရက် ဆွဲဆောင်သွားတော့သည်။

"ဒါက ဘာပန်းလဲ?"

အမျိုးသမီးမှာ ကြောင်အနေကာ ထိုယောက်ျား၏ လက်ဆီ လှမ်းကြည့်လိုက်သည်။ ထိုတော့မှ သူသည် ဆံပင်အဆင်တန်ဆာဝယ်ရန် ရောက်လာကြောင်း သိလိုက်ရသည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဈေးလာဝယ်ဆိုတာမြင်တော့ သူမပြန်ရွှင်လန်းလာသည်။

“ဒါက ခေါင်းလောင်းပြာပန်းပါ။ အဖြူရောင်ဖျော့ဖျော့ပွင့်ချပ်တွေနဲ့လှပတဲ့ အပြာရောင်လက်စွပ်လဲရှိတယ်။ အိမ်က အမျိုးသမီးအတွက် အကောင်းဆုံးလက်ဆောင်ပဲ!”

ထိုအမျိုးသမီးဟာ လျှာသွက်လှသည်။ ကျန်းတန်းဟယ်ယူကာ အနီးကပ်ကြည့်လိုက်သည်။ လှသည်ဟု သူထင်မိသည်။ အရောင်ကလည်း လှသလို လက်ရာကလည်း အရမ်းအနုစိတ်သည်။

"ပြီးတော့ ဒါလေးရော။ ဒါက နှင်းဆီနီပါ။ လူတိုင်းအကြိုက်ဆုံးပဲ။ ပြီးတော့ ဒါက နှင်းပန်း။ ထာဝစဉ် အတူရှိတယ် လို့ဆိုလိုတာ။ ပြီးတော့ ဒါက ပန်းရောင်ပန်းပွင့်လေးပါ။ ကလေးရှိရင် ဒီဟာကို ဝယ်လို့ရတယ်။ ပြီးတော့ ဒါက ခတ္တာပန်း။ အနံ့ခံကြည့်။ ရနံ့သင်းသင်းလေး…”

ခဏအကြာ လီရှို့ကျီလည်း ဈေးဆိုင်ဆီ ရောက်လာသည်။ သူနီးကပ်လာသည်နှင့်တပြိုင်နက်၊ ကျန်းတန်းဟယ်သည် ဆံပင်အဆင်တန်ဆာများဝယ်ရန် အပျော့နည်းနှင့် ဆွဲခံထားရ‌ကြောင်း တွေ့လိုက်ရသည်။ ဆိုင်ရှင်နှင့် ကျန်းတန်းဟယ်မှာ မပြီးကြသေးပေ။ တစ်ယောက်ကလည်း ဆက်ရောင်းကာ တစ်ယောက်က ဆက်ဝယ်သည်။

လီရှို့ကျီ ကျန်းတန်းဟယ်နောက်တွင် တိတ်တဆိတ်ရပ်နေကာ ထိုအမျိုးသမီးအား ရပ်ရန် အရိပ်အမြွက်ပြလိုက်သည်။

ထိုအမျိုးသမီးလည်း ရောင်းတာကျေနပ်သွားတာကြောင့် အရောင်းနည်းပရိယာယ်ကို ရပ်တန့်လိုက်တော့သည်။ သူမသည် ကျန်းတန်းဟယ်၏ ပိုက်ဆံကိုယူကာ နှစ်ယောက်သား ပြုံးပြုံးရွှင်ရွှင်ဖြင့် လမ်းခွဲလိုက်ကြသည်။ သူမသည် နောင်တွင် ဤလူကဲ့သို့ ရက်ရောသည့် ဖောက်သည်များကို လိုချင်မိသည်။ ထို့သူတွေကြောင့် သူမအနေဖြင့်ပိုက်ဆံအတွက် စိတ်ပူစရာမလိုလောက်တော့ပေ။

အမျိုးသမီးသည် ပျော်ရွှင်စွာဖြင့် ငွေကိုရင်ဘတ်ရှိအိတ်ကပ်ထဲသို့ထည့်ကာ ဆိုင်သိမ်းရန် ထုပ်ပိုးလိုက်သည်။ ယခုတစ်ကြိမ်တွင် သူမအတွက် တစ်လစာလောက်ရှာနိုင်ခဲ့သည်။ အိမ်စောစောပြန်ကာ အနားယူလို့ရပြီ ဖြစ်သည်။

လီရှို့ကျီသည် ဆံပင်အလှဆင်တန်ဆာများကို ကိုင်ဆောင်ထားသည့် ကျန်းတန်းဟယ်ကို ကြည့်ကာ ဆွံ့အနေမိသည်။ သူ့ကြောင့်သာမဟုတ်ရင် သူတစ်ဆိုင်လုံးကိုတောင် ဝယ်ခဲ့လောက်မည်။

ကျန်းတန်းဟယ်မှာ လီရှို့ကျီ၏ သဘောမကျသည့် အကြည့်ကို မမြင်လိုက်ပေ။ သူသည် ဆံပင် အလှဆင်တန်ဆာအပုံကို စားပွဲပေါ်ဂရုတစိုက် တင်လိုက်သည်။

စားပွဲတစ်ခုလုံး ဆံပင်အလှဆင်အသုံးအဆောင်များဖြင့် ပြည့်နှက်သွားသည်။ အစတုန်းကတော့ သူအများကြီးမတွေးခဲ့မိပေမယ့် အခုတော့ အများကြီးဝယ်ခဲ့မိတာကို သူသဘောပေါက်လိုက်သည်။ သေချာပေါက်ကို ဒါက လီရှို့ကျီ တွေးနေသလိုပင်။

ဒါက ဘာမှမဟုတ်ဘူးလို့ ကျန်းတန်းဟယ် ခံစားရသည်။ ရှောင်းကောနှင့် သူတို့သမီးလေး ထိုအလှဆင်ပစ္စည်းများကို တပ်ထားမည်ပုံကိုတွေးကြည့်ကာ သူမတတ်နိုင်ဘဲ ပျော်ရွှင်ကျေနပ်သလို ခံစားလိုက်ရသည်။

သူ စားပွဲပေါ်တွင် ပြားနေသည့်အထည်အိတ်နှစ်လုံးကိုလိုက်လိုက်ကာ အဆင်တန်ဆာများကို တစ်ခုစီထည့်လိုက်သည်။ ရှောင်းကောအတွက် ပစ္စည်းများကိုမူ လက်ဝဲဘက်ရှိ အိတ်ထဲတွင်ထည့်ကာ ညာဘက်အိတ်တွင်မူ သူ့သမီးအတွက် ထည့်လိုက်သည်။

ကျန်းတန်းဟယ်သည် ပျော်ရွှင်စွာဖြင့် မက်မွန်ပွင့်ပုံသဏ္ဍာန်ဆံပင်စည်းကြိုးအစုံအား ကောက်ကိုင်လိုက်ပြီး လီရှို့ကျီကို ပြလိုက်သည်။ "ငါ့သမီးလေး ဒါနဲ့ကြည့်ကောင်းလောက်မယ်လို့ မင်းထင်လား?"

လီရှို့ကျီမှာ သူ့လုပ်ရပ်တွေကို သဘောမကျသော်လည်း သူ့စိတ်ကိုထိခိုက်သွားအောင် မလုပ်လိုက်ပါချေ။ သူခေါင်းညိတ်လိုက်ကာ ကြည့်ကောင်းလောက်မယ်လို့ ပြောမလို့ဘဲရှိသေးသည် ကျန်းတန်းဟယ်က ဆက်ပြောလာသည်။ " ဟင်းး မင်းကိုမေးလဲ ဘာထူးလဲ? မင်းက လူပျိုကြီးလေ"

လီရှို့ကျီမှာ ပြောမယ့်စကားလုံးတွေတောင် ပျောက်သွားတော့သည်။

"ဟမ့်!"

သူနှာမှုတ်ကာ ထွက်သွားဖို့ ထလိုက်သည်။ လူပျိုကြီးတစ်ယောက်အနေနဲ့ သူ့အခန်းကို ပြန်သွားပြီး အနားယူသင့်တယ်။ လူပျိုကြီးမဟုတ်တဲ့သူကတော့ တစ်ယောက်ထဲပျော်နေပေါ့!

ကျန်းတန်းဟယ်မှာ လီရှို့ကျီထွက်သွားတာကို သတိမထားမိလိုက်ပေ။ သူ့မျက်လုံးထဲတွင် ဆံပင်အလှဆင်တန်ဆာမျိုးစုံနှင့်သာ ပြည့်နှက်နေသည်။ သူ့စိတ်ထဲမှာတော့ ဒီဆံပင်အလှဆင်တန်ဆာတွေ တပ်ထားသည့် ရှောင်းကောနှင့် သူ့သမီးကို ပုံဖော်ကြည့်မိသည်။

သူ့စိတ်ထဲရှိ ကျေနပ်မှုနှင့် ပျော်ရွှင်မှုတို့ဟာ ပေါက်ကွဲလာတော့မည်။ ဘဝက အံ့ဩစရာပင်။ နွေဦးရောက်ဖို့ မကြာတော့ပေ။ နောက်ထပ် ခြောက်လသာကျန်တော့သည်။ အချိန်တွေကုန်တာမြန်သည်။ သူ့အနေဖြင့် ဤလအနည်းငယ်အတွင်း လက်ဆောင်များအားလုံးကို ပြင်ဆင်ထားကာ အချိန်ကျလာပါက ပြန်ယူသွားရုံပင်။

ကျန်းတန်းဟယ်သည် ဆံပင်အဆင်တန်ဆာများကို ခွဲဝေထုပ်ပိုးကာ ဗီရို၏ အတွင်းဘက်ဆုံးနေရာတွင် ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။

ကျန်းတန်းဟယ်တွင် အနာဂတ်အတွက် ထင်ရှားသည့်ပန်းတိုင်တစ်ခုရှိနေကာ သူ့တွင် စိတ်အားထက်သန်မှုအပြည့်ရှိနေသည်။ အပြင်ထွက်ပြီး ပစ္စည်းထပ်ဝယ်ဖို့ စီစဉ်လိုက်ပေမယ့် နောက်ကျနေပြီဖြစ်သည်။ ဒါ့ပြင် သူ့မှာ ဒီညလုပ်စရာတွေရှိသည့်အတွက် မနက်ဖြန်မှဘဲ ကျန်တဲ့ပစ္စည်းတွေကို ဝယ်တော့မည်။

ကျန်းတန်းဟယ် စိတ်ဓာတ်ကျသွားပြန်သည်။ သူ လီရှို့ကျီအား လှည့်ပတ်ရှာလိုက်သည်။ သူ့ဘာသာသူ တစ်ကိုယ်တည်း ငြီးတွားလိုက်သည်။ “ဒီလူကတော့၊ အမြဲတမ်းတစ်ခွန်းမှ မပြောဘဲ ထွက်ထွက်သွားတယ်!"

.....

မက်မွန်ပွင့်ရွာတွင်

ရှောင်းကော နိုးလာသည့်အချိန် နေထွက်ကာစသာရှိသေးသည်။ ရေချိုးခန်း ဆောက်ပြီးပြီဆိုတော့ ရေချိုးဇလုံဝယ်ဖို့ အချိန်တန်ပြီဖြစ်သည်။ ရှောင်းကော အစောကြီးနိုးနေသည်ကြောင့် ရေချိုးဇလုံဝယ်ရန် ခရိုင်သို့ထွက်လာလိုက်သည်။ ကျွမ်းကျွမ်းလည်း တစ်ချိန်တည်းမှာဘဲ နိုးလာကာ သူ့ကိုပါခေါ်သွားရန် အပူကပ်တော့သည်။

ရှောင်းကောက ကျွမ်းကျွမ်းကို သူမနှင့်အတူခေါ်သွားရန် စီစဥ်ထားသည်။ သူ့အား အိမ်တွင် တစ်ယောက်တည်း ထားမသွားဘူးဟု သူမကတိပေးထားသည်ပင်။ ဒါ့အပြင် သူဟာငယ်သေးသည့်ကြောင့် သူမတတ်နိုင်သလောက် သူ့ကိုခေါ်သွားသင့်သည်။ နောက်နှစ် ကျောင်းတက်ရလျှင် သူ့အနေဖြင့် အပြင်သွားရန်အချိန်အများကြီး မရှိလောက်တော့ပေ။

ဒါကိုတွေးမိတော့ ရှောင်းကောအနည်းငယ် ဝမ်းနည်းသွားမိသည်။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ မိခင်ကို မတွယ်တာတော့ပေ။ ဒါဟာ သူမ နှလုံးသားကိုအေးခဲကာ ဝမ်းနည်းလာစေသည်။

"မေမေ၊ မေမေ၊ မေမေ!"

ကျွမ်းကျွမ်း ကျယ်လောင်‌သော် အသံကြောင့် ရှောင်းကော သတိပြန်ဝင်လာသည်။ သူမ၏ စိတ်ကူးယဉ်မျက်ရည်တွေကို သုတ်လိုက်ကာ လှည်းပေါ်မတက်ခင် တံခါးသော့ခတ်လိုက်သည်။

ဒီကောင်လေးကတော့ သူမကို လွမ်းဆွေးနေဖို့ အခွင့်အရေးတောင် မပေးဘူး။

ဒါပေမဲ့ အဲ့ဒါက အမှန်တရားပင်။ ကျွမ်းကျွမ်းနဲ့အတူရှိနေချိန်ဆို သူမဘယ်လိုလုပ် ဝမ်းနည်းရမှာလဲ? သူမမှာ နေ့တိုင်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသည်။

ရှောင်းကောလှည့်ကာ ကျွမ်းကျွမ်းကို ပြုံးပြလိုက်သည်။ သူမ၏ သွားဖြူဖြူတွေ ပေါ်တဲ့အထိ ပြန်တုံ့ပြန်လိုက်သည်။ သားအမိနှစ်ယောက်မှာ ဒီလို သာယာတဲ့ဘဝလေး ရှိနေတာ.....

သူမ ခရိုင်မြို့ကို ရောက်သည့်အခါ ရှောင်းကော အကျပ်ရိုက်တော့သည်။ သစ်သားဇလုံဝယ်ရမလား၊ သံဇလုံဝယ်ရမလား?

သစ်သားဇလုံနှင့်ဆိုလျှင် ဇလုံထဲရေမထည့်ခင် ရေအရင်တည်ရမည်ပင်။

သံဇလုံနှင့်ဆိုပါက ရေနွေးတည်ရင်းနှင့် တစ်ပြိုင်တည်းရေချိုးနိုင်သည်။ ဒါက ပိုအဆင်ပြေသည်။

ဒါပေမဲ့ သံဇလုံနဲ့ဆိုရင် သူမကိုယ်ကို ချက်ပြုတ်နေတာနဲ့မတူသွားဘူးလား? အဲဒါက မမှန်ဘူးလို့ ခံစားရသည်။

ရှောင်းကော သစ်သားဇလုံကိုသာဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ပုံမှန်အတိုင်းက ပိုကောင်းတယ်လို့ သူမခံစားရသည်။ သံအိုးနဲ့က အဆင်ပြေပေမဲ့ မီးပိုကြီးလာတာနဲ့အမျှ ချက်ပြုတ်နေတာနဲ့ မတူနေဘူးလား?

ဆိုင်ကိုရောက်တဲ့အခါ သူတို့လိုချင်တဲ့ ရေချိုးဇလုံကို ဝယ်လိုက်သည်။ ဆိုင်ရှင်နဲ့ သူ့ဝန်ထမ်းတွေက ရှောင်းကောနဲ့ ကလေးတစ်ယောက်ထဲဖြစ်နေတာကို မြင်တော့ ဇလုံကို လှည်းပေါ်ကူတင်ပေးလိုက်ကြသည်။ ရှောင်းကောလည်း ရေချိုးဇလုံအတွက် ပေးချေကာ သူတို့ကို ကျေးဇူးတင်လိုက်သည်။ ကျွမ်းကျွမ်းလည်း သူမအတိုင်းလိုက်ကာ ဆိုင်ရှင်နှင့် သူ့ဝန်ထမ်းတွေကို ကျေးဇူးတင်လိုက်သည်။ ကျွမ်းကျွမ်းဟာ အလွန်ချစ်စရာကောင်းသည်ဟု သူတို့ထင်မိသည့်အတွက် ရက်ရောစွာဖြင့် ခွေးခြေခုံတစ်လုံး လက်ဆောင်ပေးလိုက်သည်။

ရှောင်းကော သူတို့ကိုရက်ရက်ရောရော ကျေးဇူးတင်လိုက်ကာ ကျွမ်းကျွမ်းကလည်း သူ့ရဲ့ချစ်စရာကောင်းတဲ့ အပြုံးကို ပြသလိုက်သည်။

ကျွမ်းကျွမ်းနှင့် ထွက်လာပြီးသည့်နောက် ရှောင်းကောမှာ ပြုံးနေသည့်ကောင်လေးကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အမှန်တကယ်ကိုဘဲ ရုပ်ရည်ချောမောတဲ့သူတွေက ဘယ်ခေတ်မှာမဆို အထူးအခွင့်အရေးတွေကို ခံစားခွင့်ရတာဘဲ!

တစ်ဖက်မှာတော့ ကျွမ်းကျွမ်းတစ်ယောက် စိတ်အခြေအနေ ကောင်းနေသည်။ သူက သီချင်းတောင်ညည်းနေကာ ခရိုင်ကိုရောက်နေတဲ့အချိန် သူ့ဦးလေးဆီသွားလည်ဖို့ အတင်းအကြပ် မပြောလာပါချေ။ ရှောင်းကောမှာ ချင်းအန့်မင် ရင်နာနေမှာစိုးသည့်အတွက် အိမ်မပြန်ခင် သူ့ဦး‌လေးဆီသွားကာ ခဏလောက်ကစားပေးရန် ကျွမ်းကျွမ်းအား ဆွဲခေါ်သွားလိုက်သည်။

ရှောင်းကော လှည်း‌မောင်းနေတုန်းမှာ ကျွမ်းကျွမ်းက အနားမှာထိုင်ရင်း သံစဥ်ညည်းကာသီချင်းဆိုနေတတ်သည်။ သံစဉ်တွေကညလွဲနေပေမယ့် သူကတော့ ဆိုနေဆဲပင်။

ရှောင်းကောမှာ နားထောင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်သည်ကြောင့်ဖြစ်မည်။ ခဏအကြာ ကျွမ်းကျွမ်း၏ သီချင်းဆိုသံဟာ သိပ်မဆိုးတော့ပေ။ တကယ်တော့ နားထောင်ရတာ နည်းနည်းတောင် သာယာနာပျော်ဖွယ်ကောင်းလာသည်။

သို့ပေမယ့် လမ်းသွားလမ်းလာတွေက ကျွမ်းကျွမ်းကို ဘယ်လိုကြည့်နေကြမှန်း မြင်သည့်အခါ ရှောင်းကော အမှန်တရားကို သိလိုက်သည်။

ကျွမ်းကျွမ်းရဲ့ သီချင်းဆိုသံဟာ သည်းမခံနိုင်လောက်အောင် ဆိုးရွားနေဆဲပင်။ သူမနားက အဲဒါနှင့် ကောင်းကောင်း အသားကျသွားတာကြောင့်သာ ဖြစ်သည်။

All Chapters