အခန်း (၁၂၀)
Vol. 8 Ch. 120
သူမတို့အိမ်ပြန်ရောက်တော့ ခြံတံခါးနားတွင် ပြန်ဖို့ပြင်နေသည့် ယန်ကျားကို တွေ့လိုက်ရသည်။
"အစ်ကိုကျား!"
ကျွမ်းကျွမ်း သူ့ကိုအရင်မြင်လိုက်ကာ အဝေးမှနေ လက်ပြလိုက်သည်။
ယန်ကျား ခြေလှမ်းတွေရပ်လိုက်သည်။ ကျွမ်းကျွမ်း၏ အသံကို သူမှတ်မိလိုက်ပြီး သူ့ကိုလက်ပြန်ပြလိုက်သည်။
"အစ်မ"
ယန်ကျား ရှောင်းကောကိုမြင်တော့ နှုတ်ဆက်လိုက်သည်။
ရှောင်းကောလည်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ လက်ထဲမှ စာအုပ်တွေကို အရမ်းတန်ဖိုးထားစွာကိုင်ထားသည့် သူ့ကို သူမ ကြည့်လိုက်သည်။ သူ လာရောက်ရခြင်း အကြောင်းပရင်းကို သူမအကြမ်းဖျင်းခန့်မှန်းနိုင်လိုက်သည်။
"စာအုပ်တွေဖတ်ပြီးပြီလား?"
ကျွမ်းကျွမ်း တံခါးဖွင့်နိုင်ရန် သော့ကိုကမ်းပေးလိုက်ရင်း ရှောင်းကောပြောလိုက်သည်။
“အင်း၊ ဟုတ်တယ်။ ဖတ်ပြီးပြီ။ ကျွန်တော် နောက်ထပ်နည်းနည်းလောက် ထပ်ငှားဖို့ စိတ်ကူးထားတာ…”
ယန်ကျား ရှက်ရွံ့စွာဖြင့်ခေါင်းညိတ်ပြရင်း သူ့စကားသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ သူ့အသံဟာ ကျိုးကြောင်းမသင့်သည့် တောင်းဆိုမှုတစ်ခု လုပ်နေရသလိုပင်။
ရှောင်းကော သူ့အမူအရာကိုမြင်တဲ့အခါ ရယ်လိုက်သည်။ "ကျွမ်းကျွမ်းလဲ အားလုံးကုန်အောင် မဖတ်နိုင်ဘူးလေ။ စိတ်မပူနဲ့၊ အများကြီး ငှားလို့ရတယ်"
ရှောင်းကော၏ စကားဟာ ယန်ကျားကိုထိရှမိသွားစေတော့သည်။ သူ ဘာပြောရမှန်းမသိတော့ဘဲ သူမကို ကျေးဇူးတင်ရုံသာ တတ်နိုင်တော့သည်။
သူ ကျေးဇူးတင်နေတာကို ရှောင်းကော တားလိုက်သည်။ "ဘာမှမဟုတ်တဲ့ဟာကို၊ ရတယ်"
အဲ့ဒီအချိန် ကျွမ်းကျွမ်းက ပြေးလာသည်။ သူ ရှောင်းကောဆီ သော့ကမ်းပေးလိုက်ပြီး အခုလေးတင်ဝယ်လာသည့် စာအုပ်တွေကိုယူရန် မြည်းလှည်းဆီသွားလိုက်သည်။ သူက ယန်ကျားကိုပြောလိုက်သည်။ "အစ်ကိုကျား၊ စိတ်မပူနဲ့။ ဒီစာအုပ်တွေက ဒီနေ့ မေမေဝယ်ပေးခဲ့တဲ့ စာအုပ်အသစ်လေးတွေ။ သား ကိုယ်တိုင်ရွေးခဲ့တာ။ အထဲသွားပြီး အစ်ကိုဖတ်ချင်တာရှိလား သွားကြည့်ရအောင်!"
ကျွမ်းကျွမ်းက ပြောရင်းဖြင့် ယန်ကျားကို အထဲခေါ်သွားလိုက်သည်။
ကျွမ်းကျွမ်း၏ စိတ်အားထက်သန်နေမှုကို ယန်ကျားမငြင်းနိုင်ပါချေ။ ရှောင်းကောအား ယဉ်ကျေးသမှုဖြင့် ခေါင်းညိတ်ပြလိုက်ကာ ကျွမ်းကျွမ်းနှင့်အတူ အိမ်ထဲလိုက်သွားလိုက်သည်။
ရှောင်းကော လှည်းအား ခြံထဲသို့ထည့်ပြီးနောက် ရေချိုးဇလုံကို ကိုယ်တိုင်ရွှေ့ရန်ကြိုးစားလိုက်သည်။
အချိန်အတော်ကြာအောင် ကြိုးစားပြီးတဲ့နောက် သူမ အနည်းငယ်သာ ရွှေ့နိုင်လိုက်သည်။ ကူကယ်ရာမဲ့စွာဖြင့်၊ ရှောင်းကောမှာ ထွက်သွားပြီး နားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ရှောင်းကော မတ်တပ်ရပ်လိုက်ကာ သစ်သားဇလုံကို မှီလိုက်သည်။ သူမ ထင်တာထက် အများကြီးပိုလေးနေ၏။ စောစောက သူမရဲ့ခါးသေးသေးလေးတောင် ကျိုးလုမတတ်ပင်။
ထိုအချိန် ယန်ကျားအိမ်ထဲမှထွက်လာကာ ရှောင်းကောကိုပြောလိုက်သည်။ "ကျွန်တော် ကူရွှေ့ပေးမယ်"
တကယ်တော့ ခုနကတည်းက သူရေချိုးဇလုံကို မြင်လိုက်တာပင်။ ရှောင်းကောဘာသာ မရွှေ့နိုင်လောက်ဘူးဟု ခန့်မှန်းမိတာကြောင့် သူ စာအုပ်တွေချပြီးတာနှင့် ပြန်ထွက်လာလိုက်သည်။
ရှောင်းကော ခေါင်းညိတ်လိုက်သည်။ ကံကောင်းထောက်မစွာနှင့် ယန်ကျားရောက်လာလို့ပင်။ မဟုတ်ပါက သူမအတွက် တကယ်ခက်ခဲနေလိမ့်မည်။
ယန်ကျားက သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ ရှောင်းကောနှင့်အတူ ဇလုံကိုရွှေ့ရန် ကြိုးစားလိုက်သည်။ တစ်ယောက်တစ်ဖက်စီ ကိုင်ထားကြကာ သုံးအထိရေပြီးသည်နှင့် ဇလုံကိုမလိုက်သည်။
ရှောင်းကောမှာ အတော်လေး မတည်မငြိမ်ဖြစ်နေသော်လည်း ယန်ကျား တစ်ဖက်မှထိန်းထားသဖြင့် သူမအနေဖြင့် သိပ်အားစိုက်ထုတ်စရာ မလိုတော့ပေ။
ယန်ကျား၏ အကူအညီဖြင့် ရှောင်းကောလည်း သစ်သားဇလုံအား အသစ်ဆောက်ထားသည့် ရေချိုးခန်းဆီသို့ အောင်မြင်စွာနှင့် ရွှေ့ပြောင်းနိုင်လိုက်သည်။ နေရာတကျ ချပြီးသည့်နောက် ရှောင်းကော အတွင်းပိုင်းကို သေချာကြည့်လိုက်သည်။ ရေချိုးဇလုံက ကွက်တိပင်၊ အတိုင်းအတာကလည်း ပြီးပြည့်စုံသည်။
ရှောင်းကော လှည်းပေါ်မှ ခွေးခြေခုံလေးကို ယူလိုက်ကာ ရေချိုးဇလုံဘေးတွင် ထားလိုက်သည်။ ထို့နောက် ဖိနပ်ကိုချွတ်ကာ အမြင့်ကိုစမ်းကြည့်ရန် တက်လိုက်သည်။
ရှောင်းကော ပြန်ဆင်းလာကာ ဖိနပ်စီးလိုက်သည်။ သူမ အရမ်းပျော်သွားသည်။ ခွေးခြေခုံ၏ အမြင့်ဟာ ကွက်တိပင်။ ကျွမ်းကျွမ်းအနေဖြင့် ရေချိုးကန်ထဲသို့ အလွယ်တကူ တက်နိုင်သည်။
နောင်တွင် ဈေးဝယ်ထွက်သည့်အခါ သူမနှင့်အတူ ကျွမ်းကျွမ်းကို ခေါ်သွားသင့်သည့်ပုံပင်။ ဟားဟားဟား…
ယန်ကျား ရှောင်းကော၏ ရေချိုးဇလုံကို ကူသယ်ပေးပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာသည်။ ကျွမ်းကျွမ်း သူ့ကိုပြမယ့် စာအုပ်တွေကိုကြည့်ရဖို့ သူအရမ်းစိတ်လှုပ်ရှားနေသည်။ ခုနတုန်းက အပြင်ထွက်ဖို့ အလျင်လိုနေသဖြင့် စာအုပ်တွေကို တစ်ချက်သာ ကြည့်ခဲ့ရသည်။
ရှောင်းကော မြည်းလှည်းအား ဖြုတ်လိုက်ကာ အိမ်ထဲသို့မဝင်ခင် မြည်းအား မြက်တစ်စည်းကျွေးလိုက်သည်။
ရှောင်းကော ကောင်လေးနှစ်ယောက်ကို မနှောင့်ယှက်တော့ဘဲ အခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားလိုက်သည်။ သူမကိုယ်မှ ဖုန်မှုန့်များနှင့် မြက်များကို သန့်စင်ရန်အတွက် သူမအထူးပြုလုပ်ထားသည့် အိပ်ရာဖုန်သုတ်သည့် ဖုန်သုတ်အဝတ်ကိုသုံးကာ သုတ်လိုက်သည်။
သူမအခန်းထဲက ထွက်လာချိန်မှာတော့ အခုတင် ယန်ကျားကို လိုက်ပို့ပေးခဲ့သည့် ကျွမ်းကျွမ်းဟာ သူမ၏ ခြေထောက်နှင့် တိုက်မိပြီး မှောက်ကျလုနီးပါး ဖြစ်သွားသည်။
"အို၊ ကလေး၊ ဖြည်းဖြည်း"
ရှောင်းကော ကျွမ်းကျွမ်းကို လှမ်းဆွဲလိုက်သည်။ ဒီကလေးက ဘယ်လိုလုပ် ဒီလောက်အလျင်လိုနေရတာလဲ?
ကျွမ်းကျွမ်း မတ်မတ်ရပ်လိုက်ကာ ရှက်ရွံ့စွာဖြင့် ရှောင်းကောအား လျှာထုတ်ပြလိုက်သည်။ “အမေ…သားတောင်းပန်ပါတယ်…”
"ရပါတယ်၊ ဒါပေမယ့် နောက်တစ်ခါကျ သတိထားနော် ဟုတ်ပြီလား?"
ရှောင်းကော ကျွမ်းကျွမ်း၏ ဆံပင်တွေကို ပွတ်လိုက်သည်။ သူဟာ ကစားတတ်သည့်အရွယ်သာရှိသေး၏။ သူမ သူ့ကို ပိုဂရုစိုက်သင့်သည်။
“ဟုတ်ကဲ့ မေမေ”
ကျွမ်းကျွမ်း လုံးဝမပျော်နေပါချေ။ ရှောင်းကောပြောသည်ကို သူကြားသည့်အခါ ဟန်မပျက် လက်ခံကြောင်း ထုတ်ဖော်ပြလိုက်သည်။ နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် သူကတိပေးလိုက်သည်။
ရှောင်းကောမှာ ကျွမ်းကျွမ်း၏ တုံ့ပြန်မှုကြောင့် အရမ်းပျော်သွားကာ သူ့ကို မီးဖိုချောင်ထဲ ဆွဲခေါ်လိုက်ပြီး စတင်ချက်ပြုတ်တော့သည်။
"မေမေ သိလား? အစ်ကိုကျားက သားနဲ့ဝါသနာတူတယ်။ သူက ကျောင်းပြန်တက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောတယ်”
"ဟုတ်လား?"
ရှောင်းကော အနည်းငယ် အံ့သြသွားသည်။ ယန်ကျားသည် ကျောင်းတက်ရန် ပြင်ဆင်နေမှန်း သူမ မသိခဲ့ပေ။
ကျွမ်းကျွမ်း ခေါင်းညိတ်ပြလိုက်သည်။ အဲဒီနောက်မှာတော့ ရှောင်းကောအား ယန်ကျားအကြောင်း ဆက်ပြောပြသည်။ သူ့လို စာဖတ်ရတာ ဝါသနာပါသည့်သူတစ်ယောက်နှင့် တွေ့ဖို့ဆိုတာ မလွယ်ပေ။ ယန်ကျားနဲ့အတူတူ စာဖတ်ခွင့်ရဖို့ သူ ဘယ်လောက်တောင် ဆန္ဒရှိနေလိုက်သလဲ။
ရှောင်းကောဟာ ချက်ပြုတ်နေသော်လည်း ကျွမ်းကျွမ်း၏ စကားတွေကို ဂရုတစိုက် နားထောင်နေသည်။ သူ့စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းကို သူမ သိလိုက်သည်။
ရွာတွင် စာဖတ်ဝါသနာပါသူ တစ်ယောက်မှ မရှိပေ။ ကျွမ်းကျွမ်းကိုယ်တိုင်ကလည်း တခြားကလေးတွေနှင့် ကစားရတာခက်သည်ဟု ပြောခဲ့သည်။ ယခု သူ့လိုမျိုး စာဖတ် ဝါသနာပါသူတစ်ဦးနှင့်ဆုံရကာ အသက်အရွယ်ကွာဟချက်ကြီးသော်လည်း ကျွမ်းကျွမ်းကတော့ ယန်ကျားနှင့် စကားပြောဆိုရသည်ကို သဘောကျမိဆဲပင်။
ရှောင်းကောလည်း ကျွမ်းကျွမ်းနှင့် စိတ်ရှည်ရှည် စကားပြောပေးသည်။ သူမချက်ပြုတ်နေသည်ကြောင့်နှင့် သူ့ကို မမောင်းထုတ်လိုက်ပေ။
ကံကောင်းထောက်မစွာဖြင့်၊ သူမသည် ကမ္ဘာပျက်ကပ်ကာလအတွင်း တစ်ချိန်ထဲတွင် အလုပ်များစွာကို ကျွမ်းကျင်စွာဖြင့် လုပ်ဆောင်နိုင်ခဲ့သည်။ မဟုတ်ပါက၊ ကျွမ်းကျွမ်း၏ အဆက်မပြတ်ပြောဆိုနေသံကို သူမနားထောင်နိုင်လိမ့်မည်မဟုတ်ပေ။
ကမ္ဘာပျက်ကပ်ကာလအတွင်း ရှောင်းကောသည် ဘေးကင်းသည့်စခန်းတွင်ရှိသော်လည်း စခန်းပတ်ပတ်လည်တွင် ဖုတ်ကောင်များအမြဲရှိနေတတ်သည်။ ဘယ်လောက်ပဲ လုံခြုံနေပါစေ သူမ သတိလက်လွတ်မနေရဲပေ။ သတိရှိရှိနှင့် ပတ်ဝန်းကျင်ကို အာရုံစိုက်နေတတ်သည်။
မဟုတ်ပါက သူမချက်ပြုတ်နေစဉ်အတွင်း ဖုတ်ကောင်များဆီမှ တိုက်ခိုက်ခံရပါက သေသည်အထိ အကိုက်ခံရမည်ဖြစ်သည်။
"ကောင်းပြီ စားဖို့အချိန်ကျပြီ"
စကားပြောနေဆဲဖြစ်သည့် ကျွမ်းကျွမ်းအား ရှောင်းကောဆွဲခေါ်လိုက်ကာ ပန်းကန်လုံးနှင့် တူတွေကို သူ့လက်ထဲထည့်ပေးလိုက်သည်။ သူမ အစားအစာများကို အိမ်ထဲသို့ အရင်ယူသွားကာ ကျွမ်းကျွမ်းက သူမနောက်မှနေအနီးကပ်လိုက်လာသည်။
နောက်တစ်နေ့ နေ့လယ်ခင်းတွင်
ရှောင်းကော သူမချုပ်ထားသည့် ဖိနပ်နှစ်ရံကို စားပွဲပေါ်တင်လိုက်သည်။ အသေးတစ်ရံဟာ ကျွမ်းကျွမ်းအတွက်ဖြစ်သည်။ ပိုကြီးသည့်အရံကတော့ သူမအတွက်ပင်။
ရှောင်းကော ကျွမ်းကျွမ်းအား ခေါ်လိုက်ကာ တော်မတော် စမ်းစီးကြည့်ခိုင်းလိုက်သည်။ သူမလည်း သူမဖိနပ်ကို စမ်းစီးကြည့်ချင်သည်။ တကယ်တော့ ဒါဟာသူမ ပထမဆုံး ဖိနပ်ချုပ်တာဖြစ်သည့်အတွက် တော်မတော် မသေချာပါချေ။
ကျွမ်းကျွမ်း ဖိနပ်ကိုယူကာ ရှောင်းကောအနားတွင် ဝင်ထိုင်လိုက်သည်။ သူစီးထားသည့် ဖိနပ်ကို ချွတ်လိုက်ကာ အသစ်တစ်ရံကို ပြောင်းစီးလိုက်သည်။
"မေမေ၊ ဘယ်လိုနေလဲ?"
ကျွမ်းကျွမ်း သူ့ဖိနပ်အသစ်ကိုစီးကာ မတ်တပ်ရပ်လိုက်ပြီး သူမ မြင်နိုင်စေရန် ပြလိုက်သည်။
ရှောင်းကော ငုံ့ကာကျွမ်းကျွမ်း၏ ခြေဖျားတွေကို ဖိလိုက်ပြီး ဖိနပ်သူ့ခြေထောက်တွင် ကျပ်နေတာရှိမရှိ ကြည့်လိုက်သည်။
"မဆိုးဘူး! မဆိုးဘူး!”
ရှောင်းကော စိတ်အေးသွားသည်။ သူမ ဖိနပ်တောင် ချုပ်တတ်နေပြီဟု တွေးလိုက်မိသည်။ သူမက တကယ် ပါရမီရှင်ပဲ!
"မေမေ? မေမေ!”
ရှောင်းကော သဘောကျစေရန် ကျွမ်းကျွမ်းက လှည့်ပတ်လမ်းလျှောက်ပြလိုက်သည်။ သို့ပေမယ့် သူမကဘေးနားတွင်သာ ရယ်မောနေကာ ဘာမှပြန်မပြောပေ။ ထို့ကြောင့် ကျွမ်းကျွမ်းအသံထွက်ကာ ရှောင်းကောကို အော်ခေါ်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ် ကြည့်လို့ကောင်းတယ်!"
ကျွမ်းကျွမ်း၏ အသံကြောင့် ရှောင်းကောသတိပြန်ဝင်လာသည်။ သူမ သူ့ကို ထပ်ခါတလဲလဲ ချီးကျူးလိုက်သည်။ သူမဘာသာ စိတ်ကူးယဉ်နေမိသလားမသိပေမယ့် သူမ ချုပ်ထားတဲ့ဖိနပ်တွေက စတိုးဆိုင်ကဟာတွေထက် ပိုကြည့်ကောင်းနေသလိုဘဲလားလို့? ဟီးဟီး
ရှောင်းကောလည်း သူမ ဖိနပ်ကို စီးကာ ခြေလှမ်းအနည်းငယ် လှမ်းကြည့်လိုက်သည်။ အဆင်မပြေသလို သူမ မခံစားရပါချေ။ သူမ ချင်းအန့်မင်အတွက် ဖိနပ်အသစ်တွေကို ချုပ်လို့ရပြီထင်သည်။
ဘာဘဲဖြစ်ဖြစ်၊ ချင်းအန့်မင်ဟာ တစ်နေ့လုံး ဖိနပ်စီးထားရတာဖြစ်သည်။ ကွက်တိကျသည့် ဖိနပ်တစ်ရံကို သူမ မချုပ်နိုင်ပါက ချင်းအန့်မင်ခြေထောက်တွေ နာကျင်ရလိမ့်မည်ပင်။
သို့သော် ယခု သူမနှစ်ရံချုပ်ထားပြီးပြီကြောင့် နောက်ထပ်တစ်ရံ ထပ်ချုပ်ဖို့ဆိုတာ အများကြီးလွယ်ကူလာလိမ့်မည်ပင်။
ရှောင်းကောရဲ့ ယုံကြည်မှုတွေ အများကြီးတိုးတက်လာသည်။ ဖိနပ်အသစ်ကို ချွတ်ပြီးနောက်ညအပ်ချည်ခြင်းတောင်းထဲတွင် သူမအထည်တချို့ကို မွှေနှောက်ရှာလိုက်သည်။ သဘက်ခါတွင် ချင်းအန့်မင်အတွက် ဖိနပ်အသစ်တစ်ရံ ပို့ပေးနိုင်ရမည်ဟု သူမစိတ်ပိုင်းဖြတ်လိုက်သည်။