အခန်း (၁၂၆)
Vol. 9 Ch. 126
တရားသူကြီးလျှိုသည် ယာဉ်တန်းရှေ့ရှိ ရထားလုံးတွင်ထိုင်ကာ ရှောင်းကောတို့၏ ရထားလုံး နောက်ကနေလိုက်လာသည်။ ခေါင်းတလားကို သယ်လာသည့် ရထားလုံးဟာ အနောက်တွင်ရှိ၏။ နှစ်ဘက်စလုံးတွင် တပ်သားတွေ နှစ်တန်းတန်းစီကာ အနောက်မှ လူဆယ်ယောက်ကျော်လောက် လိုက်လာသည်။
ရှောင်းကောသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သူမတစ်သက်တာတွင် ထိုသို့သောအခွင့်ထူးခံ ခံစားရခြင်းမှာ ကျန်းမိသားစုနှင့် ပေါင်းသင်းပြီးမှ များစွာအကျိုးခံစားခဲ့ရသည်။
ချင်းအန့်မင်၏ အကြံပေးချက်ကို စွဲစွဲမြဲမြဲ ရင်ထဲမှတ်ထားကာ ရှောင်းကောသည် အမွှေးစက္ကူများကို တစ်ကြိမ်လျှင်တစ်ခါ ကြဲလိုက်သည်။ သူ၏ ခန့်မှန်းချက်အရ ကြဲသည့်အမွှေးစက္ကူပမာဏကို ထိန်းချုပ်ရန်လိုသည်။ ဤအမွှေးစက္ကူများသည် မြို့တော်သို့ရောက်သည်အထိ ကြဲရမည်ဖြစ်သည်။ သူမအနေဖြင့် နောက်ထပ် ရပ်ဝယ်ရန်မလိုပါချေ။
တရားသူကြီးလျှိုသည် ရထားလုံးပေါ်၌ တည်ငြိမ်စွာထိုင်နေကာ ဝမ်းသာအားရတွေးတောနေသည်။ သူမအား မြို့တော်သို့ ခေါ်ဆောင်သွားပေးပါက သူမည်သို့ဆုချီးမြင့်ခံရမလဲဆိုတာ သိချင်မိသည်။ ရာထူးတိုးမှာလား? ရာထူးမတိုးရင်တောင် တခြားအကျိုးခံစားခွင့်တွေ ရှိလောက်သည်။
ဒါကိုစဉ်းစားရင်း တရားသူကြီးလျှိုက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့နောက်က ရထားလုံးပေါ်ရှိ ရှောင်းကောကို ကြည့်နေပုံဟာ ကံကြမ္မာနတ်ဘုရားကို ကြည့်နေသလိုပင်။ လမ်းတစ်လျှောက်တွင် သူမကိုကောင်းကောင်း ဂရုစိုက်ရမည်။ သူ့အနာဂတ်က သူမအပေါ် မူတည်နေသည်။
“မိန်းကလေးကျန်း ဘယ်လိုနေလဲဆိုတာ သွားမေးလိုက်။ သူမ သက်သောင့်သက်သာရှိရဲ့လား? ရပ်ပြီး အနားယူဖို့ လိုသေးလားလို့?"
တရားသူကြီးလျှိုက အပြင်မှတပ်သားတွေကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ညွှန်ကြားလိုက်သည်။ သူ၏ အဓိကအလုပ်မှာ ချင်းရှောင်းကောကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။ အခြားအရာအားလုံးဟာ ပမွှားပင်။
“ဟုတ်ကဲ့!”
တပ်သားတစ်ယောက်က ထိုစကားကိုကြားသည့်အခါတွင် ချက်ချင်းပင် အနောက်ရှိ ရှောင်းကော၏ ရထားလုံးဆီ ပြေးသွားသည်။ သူက ရထားလုံးကို အသာလေးခေါက်လိုက်သည်။ ရှောင်းကော ထိုအသံကိုကြားသောအခါ ကန့်လန့်ကာကို ဖယ်လိုက်သည်။
“ကျွန်တော်တို့ ခရိုင်တရားသူကြီးက နားဖို့လိုသေးလားလို့ မေးခိုင်းလို့ပါ"
"မလိုပါဘူး၊ ဆက်သွားကြတာပေါ့"
ရှောင်းကောမှာ ထူးဆန်းသလိုခံစားရပေမယ့် တခြားဘာမှ မပြောခဲ့ပေ။ သူတို့ခရီးကို မြန်မြန်သွားတာက ပိုကောင်းသည်။ မြန်မြန်ရောက်လေလေ ပိုကောင်းလေပင်။
သူတို့သည် နေ့လည်ခင်းတွင် ယုံဟိုင်ခရိုင်မှ ထွက်လာကြသည်။ သူတို့သည် လမ်းတစ်လျှောက်တွင်မရပ်ဘဲ ယုံရှို့ခရိုင်သို့ ဦးတည်သွားကြသည်။ ထိုနေရာသို့ ရောက်သောအခါ မှောင်နေပြီဖြစ်သလို အားလုံးခရီးနည်းနည်းပန်းနေကြသဖြင့် ခရိုင်ထဲသို့ ဝင်ကာ တစ်ညတာတည်းခိုရန် တည်းခိုခန်းကို ရှာကြသည်။
ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ဟာ မနက်ကတည်းက မနက်စာပဲ စားခဲ့ကြသည်။ ယခု သူတို့ဗိုက်ဆာနေကြပြီ။
တရားသူကြီးလျှိုသည် ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့အတွက် အခန်းတစ်ခန်းပေးလိုက်ကာ သူမတို့အတွက် စားစရာအချို့ကိုမှာပေးသည်။
အခြားသူများလည်း စားသောက်ပြီး အနားယူကြသည်။ ရှောင်းကောတို့လို ရထားလုံးပေါ်မှာဘဲ ထိုင်နေရတဲ့ သူတွေအတွက်တော့ အဆင်ပြေပေမယ့် ခြေလျင်သွားရသည့် တပ်သားတွေနှင့် မြင်းစီးသူတွေအတွက်တော့ ခက်ခဲလှသည်။ ကံကောင်းထောက်မစွာဖြင့်၊ တရားသူကြီးလျှိုသည် ထောက်ထားစာနာတတ်သည့် အရာရှိတစ်ဦးဖြစ်ကာ တပ်သားတွေကို ဆက်ပြီးမညှင်းပန်းပါချေ။ အလှည့်ကျ အနားယူနိုင်စေရန် အဆိုင်းအလိုက် တာဝန်များကို ထမ်းဆောင်စေသည်။
ညစာစားပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းအား ဆေးကြောသန့်စင်ပေးကာ အိပ်ရာဝင်ရန် ကူညီပေးလိုက်သည်။
ကလေးဟာ ခရိုင်မရောက်ခင်မှာကတည်းက အိပ်ငိုက်နေတာဖြစ်သည်။ နေ့ခင်းဘက်တွင် သူ တစ်ရေးမှ မအိပ်ခဲ့ပေ။ ညစာစားချိန်တွင် သူ မူးနောက်နောက်မဖြစ်နေစေရန် သူမအစာဝင်အောင် ကျွေးလိုက်သည်။
မူးဝေနေစွာဖြင့် ကျွမ်းကျွမ်းက ရှောင်းကောအား သူ့မျက်နှာတွေ ပါးစပ်တွေ သုတ်ခွင့်ပေးထားသည်။ အိပ်ရာနှင့်ထိလိုက်တာနဲ့ ရှောင်းကောမှာ သူ့ကိုသတိပေးစရာတောင်မလိုဘဲ သူ့ဘာသာသူ စောင်အောက်ထဲဝင်လိုက်သည်။ ကုတင်ပေါ်တွင် သက်တောင့်သက်သာရှိသည့် အနေအထားကိုရှာပြီးနောက် မကြာခင်မှာဘဲ သူအိပ်ပျော်သွားတော့သည်။
ကျွမ်းကျွမ်း အိပ်ပျော်ရန် ပုတ်ပေးဖို့တောင်မလိုတာကိုမြင်တော့ ရှောင်းကော ရွှင်မြူးစွာဖြင့် သူ့နှုခေါင်းလေးကို အသာပွတ်လိုက်သည်။
သူမသည် ကျွမ်းကျွမ်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန် ကုတင်ဘေးရှိ ဖယောင်းတိုင်ကို မှုတ်လိုက်သည်။ အခန်းတွင်းရှိ စားပွဲပေါ်တွင်ဖယောင်းတိုင်တစ်တိုင် လင်းနေ၏။
ရှောင်းကော စားပွဲဆီလျှောက်လာကာ ထိုင်လိုက်သည်။ ထို့နောက် ရွာလူကြီးပေးခဲ့သည့် ရိုးရိုးရှင်းရှင်း လက်ဖြင့်ဆွဲထားသည့်မြေပုံကို သူမ ထုတ်လိုက်သည်။ သူ့အဆိုအရ မြို့တော်သို့ သွားလျှင် ဒီလမ်းတွေအတိုင်းသွားရမည်။ သူ မှတ်မိသလောက်ကို အခြေခံကာရေးဆွဲထားတာပင်။ နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ အများကြီးတော့မပြောင်းလဲလောက်ပေ။
ရှောင်းကော သူ့ကို ကျေးဇူးတင်မိသည်။ ဤမြေပုံကြောင့်သာ သူမအနေဖြင့် အချိန်နှင့်တပြေးညီ ရောက်နေသည့်နေရာကို ထောက်လှမ်းနိုင်ကာ မြို့တော်နှင့်မည်မျှနီးလာသည်ကို တွက်ချက်နိုင်သည်။
ဥပမာယူ ဒီနေ့လိုပေါ့။ ရှောင်းကောသည် ယုံဟိုင်ခရိုင်မှ လမ်းကြောင်းအတိုင်းသွားရန် သူမ၏ လက်ချောင်းတွေကို အသုံးပြုခဲ့သည်။ တစ်နေကုန် ခရီးထွက်လာပြီးတဲ့နောက် ယုံရှို့ခရိုင်သို့ ရောက်ရှိလာသည်။
ရှောင်းကော၏ လက်ဟာ ယခုသူမတို့ရောက်နေသည့် ယုံရှို့ခရိုင်တွင်ရှိနေသည်။ သူမတို့ နောက်ထပ်သွားရမယ့်နေရာကတော့…
သူမရဲ့လက်ချောင်းဟာ ကျောက်မိသားစုဆိုင်ဆီ ရောက်သွားသည်။
ဒီနာမည်က ထူးတော့ထူးဆန်းသည်။ ရှောင်းကောသည် လမ်းတွင် သူမတို့ဖြတ်လာခဲ့သည့် ခရိုင်မြို့များ၏ အမည်များကို ကြည့်လိုက်သည်။ နာမည်အမျိုးမျိုးရှိ၏။ ကုံးလို့ခရိုင်ဆိုသည့် နာမည်လည်းရှိသည်။
ရှောင်းကော ရယ်လိုက်မိသည်။ ရှေးခေတ်ကလူတွေဟာ ခရိုင်မြို့တွေကို နာမည်ပေးတဲ့အခါ အမှန်တကယ်ကိုဘဲ ကြုံသလိုပေါ့ပေါ့ပါးပါးသာ ပေးကြသည်။
ရှောင်းကော တွက်ကြည့်လိုက်သည်။ အကယ်၍ သူမတို့ဟာ မြေပုံပေါ်ကလမ်းကြောင်းအတိုင်း သွားပါက မြို့တော်သို့ မရောက်မီ ခရိုင်မြို့ပေါင်း ၁၃ မြို့ကို ဖြတ်သန်းရမည်ဖြစ်သည်။
ရှောင်းကော မထိန်းနိုင်ဘဲ သမ်းလိုက်မိသည်။ သူမ ပါးစပ်ကိုအုပ်ကာ မျက်ရည်တွေကို သုတ်လိုက်သည်။
မနက်အစောကြီးစထွက်မှာမို့ ရှောင်းကော စောစောအိပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမ ထကာ မြေပုံကိုသိမ်းလိုက်သည်။ ဖယောင်းတိုင်မီးကို မှုတ်ပြီးနောက် အမှောင်ထဲတွင် သူမအိပ်ရာပေါ် တက်လိုက်သည်။ ကျွမ်းကျွမ်းအား စမ်းလိုက်ကာ သူမရင်ခွင်ထဲအသာလေးထည့်ကာဖက်ထားလိုက်သည်။ သိပ်မကြာခင်မှာပဲ သူမလည်း အိပ်ပျော်သွားသည်။
မြို့တော်တွင်
"အရှင်မင်းကြီး၊ အရာရှိလီက တွေ့ခွင့်တောင်းနေပါတယ်"
“သူ့ကို ခေါ်လိုက်ပါ"
မိန်းမစိုးက ခေါင်းငုံ့ကာ အမိန့်ကိုနာခံလိုက်သည်။ ထို့နောက် အရာရှိလီကိုခေါ်ဖို့ အပြင်သို့ထွက်လာသည်။
ခဏအကြာ ခြေသံခပ်တိုးတိုးက နီးကပ်လာသည်။ ရှောက်ကျန့်သည် စုတ်တံကိုချလိုက်ကာ လည်ချောင်းစိုစွတ်စေရန် ရေနွေးကြမ်းတစ်ငုံ သောက်လိုက်သည်။
"ကျွန်တော်မျိုး လီရူသိုက အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်"
လီရူသိုသည် ရှောင်းကောကိုခေါ်ခဲ့သည့် အခွန်ဝန်ကြီးဖြစ်သည်။ ယခုအချိန်တွင် သူသည်ခန်းမအလယ်မှာ ဒူးထောက်နေ၏။ သူသည် နေ့ရောညပါ ခရီးထွက်လာပြီးတဲ့နောက် ယနေ့တွင်မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။ မြို့တော်သို့ ပြန်ရောက်သည့်အခါ သူပထမဆုံးလုပ်တာကတော့ အခြေအနေကို သတင်းပို့တာပင်။ သူ အိမ်မပြန်ရသေးပေ။ သူ့မိန်းမက သူ အိမ်ပြန်ညစာစားမှာကို စောင့်နေသေးသည်။
"ထနိုင်ပြီ"
ရှောက်ကျန့် လက်ဖက်ရည်ခွက်ကိုချကာ သူ့ဆီရောက်လာသူကို ကြည့်လိုက်သည်။ "ဘယ်လိုနေလဲ?"
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး မြို့တော်က ကျန်းမိသားစုရဲ့ ဘိုးဘွားအုတ်ဂူကိစ္စကို ဖြေရှင်းပြီးပါပြီ။ မိန်းကလေးချင်းကတော့ ယုံဟိုင်ခရိုင်ကနေ ဘေးကင်းကင်းနဲ့ ထွက်ခွာလာခဲ့ပြီဆိုပြီး သိရပါတယ်။ မြို့တော်ကိုရောက်ဖို့ ခုနစ်ရက်လောက်တော့ ကြာလိမ့်မယ်လို့ ထင်ပါတယ်"
အခွန်ဝန်ကြီးက မတ်တပ်ရပ်ကာ ပြောလိုက်သည်။
ရှောက်ကျန့်၏ နှုတ်ခမ်းများသည် မဖော်ပြနိုင်သည့်အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ 'အရမ်းကောင်းတယ်'
" မိန်းကလေးချင်း မြို့တော်ကို ဘေးကင်းကင်းနဲ့ရောက်လာအောင် သေချာလုပ်ထားပါ။ ကျန်းမိသားစုက အကြီးအကဲနှစ်ယောက်ကို သူတို့ရဲ့ ဘိုးဘွားအုတ်ဂူမှာ သင်္ဂြိုဟ်ဖို့ သူ့ကိုကူညီပေးလိုက်ပါ"
ရှောက်ကျန့်၏ အသံထဲတွင် ကျေနပ်နေသည့် အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ ဒါကို အခွန်ဌာနဝန်ကြီးကြားသည့်အခါ သူက ဂုဏ်ယူစွာဖြင့် ကျောကိုမတ်ကာ ပြောလိုက်သည်။ လူအိုကြီးလီဟာ အလုပ်တွင် ယောက်ျားနှစ်ယောက်လောက် တာဝန်ကို ထမ်းဆောင်နိုင်သည်။
"အရှင်မင်းမြတ်ရဲ့အမိန့်တော်အတိုင်းပါ"
ရှောက်ကျန့်သူ့ကို လက်ယမ်းပြလိုက်သည်။
ရှောက်ကျန့်ကလွဲလို့ ခန်းမထဲတွင် ဘယ်သူမှမရှိတော့ပေ။ ဒီအချိန်မှာ သူ အရမ်းပျော်နေသည်။ ချင်းရှောင်းကော ဒီနေရာတွင် ရှိနေသရွေ့ ကျန်းတန်းဟယ်တစ်ယောက် အိမ်ပြန်ချင်နေအုံးမယ်ဆိုတာ သူ မယုံပေ။
ဒါကိုစဉ်းစားမိရင်း ရှောက်ကျန့် ရယ်လိုက်သည်။ ထို့နောက် သူပြုံးနေတာရပ်လိုက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အနီးနားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက်၊ သူ့မျက်နှာပေါ်တွင် လေးနက်သည့်အမူအရာတစ်ခုကို အမြန်တပ်ဆင်လိုက်သည်။
ရှောက်ကျန့်၏ စိတ်ထဲတွင် အကြံဥာဏ်များဖြင့် ပြည့်နှက်နေသည်။ သူငယ်ငယ်တုန်းက သူ့အမေဟာ ဒီစကားတွေကို ဘယ်တော့မှမမေ့ဖို့ သတိပေးခဲ့ဖူးသည်။
အုပ်စိုးသူအရှင်တစ်ယောက်ဟာ မျက်နှာပေါ်တွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို လွယ်လွယ်နှင့် မဖော်ပြသင့်ပေ။ မိမိ၏ ဂုဏ်သိက္ခာနှင့် အညီ လေးလေးနက်နက်ဖြင့် အမြဲထိန်းသိမ်းနေရမည်။
ရှောက်ကျန့် သူ့ရှေ့ကစာအုပ်ကို စိုက်ကြည့်နေမိသော်လည်း သူဧကရာဇ်မဖြစ်မီနှင့် ဖြစ်လာအပြီးတွင် သူ့ဘဝမှ အမှတ်တရတွေပေါ်လာသည်။ တဖြည်းဖြည်းနှင့် နားမလည်နိုင်သည့် အေးစက်မှုတစ်ခု သူ့မျက်လုံးထဲတွင်ပေါ်လာသည်။
“ဧကရာဇ်ဖြစ်ရတာ အထီးကျန်လွန်းတယ်…”
"အရှင်မင်းကြီး၊ ဧကရီဘုရင်မက တွေ့ခွင့်တောင်းပါတယ်"
ရှောက်ကျန့် သတိပြန်ဝင်လာကာစာအုပ်ကို ဖြည်းညှင်းစွာပိတ်လိုက်သည်။ သဘောမကျသည့် အရိပ်အယောင်များ သူ့မျက်လုံးတွေထဲ အသာဖြတ်ပြေးသွားသည်။ သူ့မျက်မှာပေါ်တွင် အပြုံးဖျော့ဖျော့နှင့်အတူ တံခါးဆီလှမ်းကြည့်လိုက်သည်။
“ခေါ်လာခဲ့ပါ"
.....
ကျန်းတန်းဟယ်၏ နေအိမ်တွင်
"လီရှို့ကျီ! လီရှို့ကျီ!"
ကျန်းတန်းဟယ် လီရှို့ကျီ၏ အိမ်တံခါးကိုခေါက်နေသည်။ သူခေါက်လိုက်တိုင်း တံခါးကိုရိုက်ချိုးနေသလို ခံစားရသည်။
လီရှို့ကျီစောင်ကိုဖက်ကာ ကုတင်ပေါ်တွင် လှဲနေသည်။ ပင်ပန်းနွမ်းနယ်နေသည့် သူ့မျက်နှာပေါ်တွင် ပန်ဒါမျက်လုံးတွေလိုမျိုး အမဲကွင်းနှစ်ကွင်းရှိနေသညိ။ သူ ဒေါသတကြီးနဲ့ အပြင်ဘက်တွင် ရပ်နေသူကို နာကျင်စေချင်သလိုမျိုး တံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
_'ဒါက အဆုံးမရှိတော့ဘူးလား?!'_
တံခါးအပြင်ဘက်မှ ဘာသံမှမကြားရစေရန် လီရှို့ကျီ သူ့နားရွက်ကိုစောင်ဖြင့်အုပ်ထားလိုက်သည်။ 'ကျန်းတန်းဟယ်က မကောင်းဆိုးဝါးပဲ!'
အဆုံးတွင် တံခါးသည် ထုနေသည့်အားကိုမခံနိုင်တော့ဘဲ ကျန်းတန်းဟယ်၏ ထုရိုက်မှုအောက်တွင် ပြိုကျသွားတော့သည်။
ကိုးရိုးကားယားနိုင်သည့် တိတ်ဆိတ်မှုအပြီးတွင်...
ကျန်းတန်းဟယ် သူ့လက်ကိုပြန်ရုတ်လိုက်ပြီး ကိုးရိုးကားယားနိုင်စွာဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။ "မင်း စောစောကတည်းက တံခါးဖွင့်လိုက်သင့်တာ"
“?!”
လီရှို့ကျီ ကျန်းတန်းဟယ်ကို စိုက်ကြည့်လိုက်သည်။ _'ဘာတွေလာပြောနေတာလဲ?!'_