အခန်း (၁၂၇)
Vol. 9 Ch. 127
'ကောင်းပြီ! သူ မအိပ်ရလဲ ကောင်းတာပဲ! ကျန်းတန်းဟယ်နဲ့ နေ့တိုင်းဈေးဝယ်ထွက်ရလဲ ကောင်းတယ်! နေ့တိုင်း အကောင်းဆုံးပန်းရောင်တွေကိုသာ ရွေးပေးလိုက်ရင်လည်း အဆင်ပြေတယ်! ဒါပေမဲ့ အခု ဒီလူက တံခါးကိုဖြိုချပစ်လိုက်ပြီးတော့ သူ တံခါးစောစောလာမဖွင့်တာကို အပြစ်လာတင်နေသေးတယ်!'
_'ကျန်းတန်းဟယ်၊ မင်းသာ ငါ့ရဲ့အထက်လူကြီးမဟုတ်နေရင် သံအိတ်အရွယ် ငါ့လက်သီးအရသာကို မင်းမြည်းကြည့်နေရလောက်ပြီ'_
လီရှို့ကျီရဲ့အကြည့်တွေဟာ ပြင်းထန်လွန်းပုံရကာ ကျန်းတန်းဟယ် နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်မိသည်။ "မေ့လိုက်တော့၊ မေ့လိုက်တော့ တခြားတစ်ယောက်ကိုပဲ ရှာလိုက်တော့မယ်"
သူ့မျက်လုံးတွေထဲ မကျေမနပ်မှုတွေဖြင့် ပြည့်နှက်နေကာ သူ့ဘာသာသူရေရွတ်လိုက်သည်။
လီရှို့ကျီတစ်ယောက် သူ့နောက်ကိုအမီလိုက်ပြီး လက်သီးအကြီးကြီးတစ်လုံး ဘယ်လောက်တောင် ကျွေးချင်နေလိုက်သလဲ။ ဒီလိုမှဘဲ သူ့ကိုဘယ်တော့မှ ထပ်ပြီးမနှိပ်စက်နိုင်တော့မှာ။
သို့ပေမယ့် နောက်ဆုံးမှာတော့ လီရှို့ကျီတစ်ယောက် သူ့စောင်ကိုဖယ်လိုက်ကာ ကျန်းတန်းဟယ်ရဲ့အိမ်ဆီ ဒေါသတကြီး လျှောက်သွားလိုက်သည်။
'ဘာကြောင့်လဲလို့ သူ့ကိုမေးရင်တော့...'
'ပြောစရာတောင်မလိုဘူး! အခုကနောက်ကျပြီး အေးနေတာ၊ အိမ်မှာတံခါးမရှိရင် သူဘယ်လိုလုပ် အိပ်ရမှာလဲ?'
လီရှို့ကျီပုံဟာ အတင်းအကျပ် အပေးအယူလုပ်ခိုင်းခံနေရသလိုပင်။ သူ စောင်နှင့်ခေါင်းအုံးကို ကိုင်ကာ ကျန်းတန်းဟယ်၏ အိမ်တံခါးကို ခေါက်လိုက်သည်။
ကျန်းတန်းဟယ်သည် သူ့ရောက်ရှိလာသည်ကို အံ့သြပုံမပေါ်ပေ။ တံခါးကိုဖွင့်ပြီး သူ့ကို ဆွဲသွင်းလိုက်သည်။
တံခါးက ဖြည်းဖြည်းချင်းပိတ်သွားတော့ လီရှို့ကျီတစ်ယောက် မျက်ရည်ဝဲနေသည့် မျက်လုံးတွေဖြင့် တံခါးဆီလှမ်းကြည့်လိုက်သည်။ ဒုက္ခဆင်းရဲထဲ အလွှတ်ခံလိုက်ကသလိုပင်။ တံခါးလုံးဝပိတ်သွားတော့ လီရှို့ကျီ မမြင်ရတော့ပေ။
“ကောင်းပြီ၊ ကောင်းပြီ။ ဒီအထည်နှစ်စကို ကြည့်ကြည့်။ ပန်းရောင်က ငါ့သမီးလေးအတွက် ပိုကောင်းလောက်လား?"
ကျန်းတန်းဟယ်၏ အိပ်ရာနှင့်စားပွဲများတွင် ရောင်စုံအထည်များဖြင့် ဖုံးလွှမ်းနေသည်။ လီရှို့ကျီ ဝင်လာသည့်အခါ အထည်ဆိုင်ထဲ ရောက်သွားသလို သူခံစားလိုက်ရသည်။
လီရှို့ကျီ ပါးစပ်အကျယ်ကြီးဟကာ သမ်းလိုက်ပြီး သူ့မျက်လုံးထောင့်ကနေ မျက်ရည်တွေစီးကျလာသည်။
သူ့မျက်လုံးအောက်က အမဲဝိုင်းတွေဟာ ပိုကြီးလာပုံရသည်။ အိမ်ထဲသို့ ဝင်လာကတည်းက သူ့မှာအထည်တစ်ဒါဇင်ကျော်လောက်ကို ကူရွေးပေးခဲ့ပြီးပြီဖြစ်သည်။ ဒီအချိန်မှာ အရောင်တွေကို သူ မခွဲခြားနိုင်တော့ဘူးလို့တောင် ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးဟာ မီးခိုးရောင်တွေသာဖြစ်နေ၏။
ကုတင်က သူနဲ့လက်မအကွာလောက်ဘဲ ရှိနေတာကိုသတိပြုမိတော့ လီရှို့ကျီ အဲဒီဘက်ကို ဖြည်းဖြည်းလေး ရွေ့သွားလိုက်သည်။ သူ ကုတင်ပေါ်တက်ခါနီးတွင် သူ့မျက်နှာ၌ အပြုံးတစ်ခုပေါ်လာသည်။
ကျန်းတန်းဟယ်က သူ့ကို ချက်ချင်းပြန်ဆွဲခေါ်လိုက်ပြန်သည်။
"မေးရအုံးမယ်၊ ဒီပုံတွေထဲမှာ ဘယ်ပုံက ပိုကောင်းလောက်လဲ?"
လီရှို့ကျီယိုင်လဲသွားတော့သည်။ ' F*ck! သူ့အိမ်ထဲမှာ လေဝင်နေလဲ သူ ဂရုမစိုက်တော့ဘူး! အများဆုံးဖြစ်ရင် အအေးမိရုံဘဲ။ အနည်းဆုံးတော့ သူ ဒီညှဉ်းပန်းနှိပ်စက်မှုတွေကို ဖြတ်သန်းရတော့မှာ မဟုတ်ဘူး!'
လီရှို့ကျီတစ်ယောက် သုန်မှုန်နေတာကို သိသိသာသာမြင်လိုက်ရတာကြောင့် ကျန်းတန်းဟယ် သူ့ကို ကရုဏာသက်စွာဖြင့် လွှတ်ပေးလိုက်သည်။
လီရှို့ကျီ ဝမ်းသာအားရဖြင့် အိပ်ရာထဲအမြန်ဝင်လိုက်သည်။ သူ မအိပ်ခင် ကျန်းတန်းဟယ်က တိုးတိုးလေးပြောလာသည်။
“စောစောအိပ်။ မနက်ကျရင် ငါတို့ဖိနပ်ဆိုင်ကို အရင်သွားကြည့်ကြမယ်”
လီရှို့ကျီ ပါးစပ်ထဲကနေ သွေးတွေအန်ထွက်လာတော့သည် _'ငါထွက်တော့မယ်!'_
ကျန်းတန်းဟယ် အထည်တွေကိုဖယ်လိုက်ပြီး သူ့စောင်ကို အခြားကုတင်ဆီ သယ်သွားလိုက်သည်။ သူ့အခန်းထဲတွင် ကုတင်နှစ်လုံးရှိသည်။
လီရှို့ကျီ၏ လူသတ်ချင်နေတဲ့အကြည့်ကို လျစ်လျူရှုကာ သူ့မိသားစုအကြောင်းတွေးရင်း ပျော်ရွှင်စွာဖြင့် အိပ်ပျော်သွားသည်။
တစ်ဖက်တွင် လီရှို့ကျီတစ်ယောက် မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာသည်။ သူ စောင်ထောင့်ကိုကိုက်ကာ ကျန်းတန်းဟယ်ရဲ့ ခေါင်းအနောက်ဘက်ကို ကြည့်လိုက်သည်။ 'နောက်ထပ် အိပ်မပျော်တဲ့ညဖြစ်လာတော့မှာဘဲ...'
.....
"မေမေ၊ သားတို့ အခုဘယ်မှာလဲဟင်?"
ကျွမ်းကျွမ်း ကန့်လန့်ကာကို ဖယ်လိုက်ပြီး အမွှေးစက္ကူကို ပစ်လိုက်သည်။ ထို့နောက် သူလှည့်ကာ ရှောင်းကောကို နှုတ်ခမ်းစူလိုက်သည်။ သူ့လက်နှစ်ချောင်းက သူ့တင်ပါးတွေကို ပွတ်လိုက်သည်။ သူ သိပ်ပြီးအဆင်မပြေသည့်ပုံပင်။
"မေမေတို့.....ဖုန့်ခရိုင် ရောက်ပြီ"
ရှောင်းကော ကန့်လန့်ကာကိုဖယ်လိုက်ကာ အပြင်ကို ကြည့်လိုက်သည်။ ဖုန့်ခရိုင်၏ ခရိုင်တံခါးအထက်တွင် ထွင်းထုထားသည့် စကားလုံးတွေကို သူမ အခုလေးတင်ဖတ်လိုက်ရသည်။
ရှောင်းကောလည်း အဆင်မပြေနေပေ။ ရထားလုံးပေါ်တွင်သာ သူတို့တစ်နေကုန် နေကြရသည်။ လမ်းကြောင်းအရ သူတို့သည် ကျောက်မိသားစုဆိုင်တွင် ရပ်သင့်သည်။ သို့သော်လည်း ထိုအစား ခရိုင်ကိုဖြတ်သွားသည့်အခါ ယာဉ်တန်းသည် လမ်းလွှဲသွားခဲ့သည်။
နေ့လယ်စာစားရန် ရပ်နားရုံကလွဲ၍ ရှေ့ကိုသာ ခရီးဆက်ကြသည်။
သူတို့တွေ ညဘက်ကျလျှင်တော့ ခရီးသွားတာကို ရပ်လိမ့်မည်လားဟု ရှောင်းကောသိချင်မိသည်။ သူတို့တွေ ခရိုင်တစ်ခုတွင် ရပ်လိမ့်မည်ဟု သူမတကယ်မျှော်လင့်မိသည်။ အနည်းဆုံးတော့ သူတို့တွေ တည်းခိုခန်းတွင်နေလို့ရသည်။ ညမိုးချုပ်သွားလျှင် လမ်းတွင် စခန်းချရမည်ပင်။ ရှောင်းကောအနေဖြင့် တောထဲတွင် တစ်ညတာလုံး မနေချင်သလို ရထားလုံးပေါ်၌လည်း မနေချင်တော့ပေ။
"လာ၊ မေမေနှိပ်ပေးမယ်"
ကျွမ်းကျွမ်း မသက်မသာဖြစ်နေတာကို ရှောင်းကော မြင်တာကြောင့် သူ့ကို သူမပေါင်ပေါ် ဆွဲတင်လိုက်သည်။ ထို့နောက် သူ့ကို ညင်သာစွာနှိပ်နယ်ပေးလိုက်သည်။
ရှောင်းကောဆီမှ အနှိပ်ခံရတာကြောင့် ကျွမ်းကျွမ်း အများကြီးသက်သာလာကာ သူ၏နာကျင်မှုကြောင့် ညည်းညူတာတွေ ရပ်တန့်သွားတော့သည်။
“ကောင်းပြီ မေမေ အနှိပ်ခံဖို့အလှည့်ရောက်ပြီ”
ကျွမ်းကျွမ်း ထလိုက်ကာ သူမဆီသို့ သူ့လက်လေးတွေကို ဆန့်လိုက်သည်။
"မလိုပါဘူး!"
ရှောင်းကော အလွန်လန့်သွားကာ သူမရဲ့အသံဟာလည်း အက်ကွဲသွားတော့သည်။ “ကျေးဇူးပဲ သားလေး သားရဲသိတတ်မှုကို မေမေလက်ခံပါတယ်။ ဒါပေမယ့် မေမေ့ကိုနှိပ်ပေးဖို့ကိုတော့ မေ့လိုက်ပါတော့..."
“မေမေ…”
ကျွမ်းကျွမ်းတစ်ယောက် ရှောင်းကောကိုအပြစ်ကင်းစွာဖြင့် ကြည့်လိုက်သည်။ သူ့ကမ်းလှမ်းချက်ကို သူမဘာကြောင့်ငြင်းပယ်ရလဲဆိုတာ သူ မသိပါချေ။
ရှောင်းကော အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ နောက်ဆုံးတော့ သူသည် သူမအား အဘယ်ကြောင့် နှိပ်ပေးလို့မရတာလဲဆိုပြီး နားပူနားဆာလုပ်တော့မှာကနေ ရပ်သွားတော့သည်။
သူ့မေးခွန်းတွေကို ဖြေရင်း ရှောင်းကောသည် အမွှေးစက္ကူတွေကို ရထားလုံးပေါ်ကနေ ပစ်ချလိုက်သည်။
ကောင်းကင်မမှောင်ခင်မှာဘဲ ရှောင်းကောမျှော်လင့်ထားသည့်အတိုင်း ရထားလုံးက ရပ်တန့်သွားတော့သည်။
ရထားလုံးရပ်လိုက်သည်နှင့် ရှောင်းကော ကျွမ်းကျွမ်းနှင့်အတူ ရထားလုံးပေါ်မှဆင်းကာ လတ်ဆတ်သည့်လေကို အမြန်ရှူသွင်းလိုက်သည်။ ပထမတော့ ရှောင်းကောမှာ သူမတို့တွေခရိုင်မြို့ကို ရောက်နေပြီလို့ ထင်ခဲ့တာဖြစ်သည်။ သို့ပေမယ့် သူတို့အပြင်မှာဘဲရှိနေသေးတာကို သူမမြင်လိုက်ရသည်။ အတိအကျပြောရလျှင် သူမတို့သည် ခရိုင်မြို့အဝင်ဝတွင်သာ ရှိနေ သေးသည်။
ဤခရိုင်မြို့သည် သူတို့တွေ့ဖူးသည့် တခြားခရိုင်မြို့နယ်တွေနှင့် မတူပေ။
အကြောင်းမှာ ယခင်ခရိုင်မြို့များ၏ ဂိတ်တံခါးများကို ဖွင့်ထားသောကြောင့်ဖြစ်သည်။ သို့သော် ဤခရိုင်မှတံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ ခရိုင်အ၀င်ဝတွင် တပ်သားတွေလည်း ရပ်နေ၏။ မြို့တွင်းသို့ဝင်လာသူတိုင်း စာရင်းသွင်းကာ စစ်ဆေးမှုကိုစောင့်ဆိုင်းရသည်။
စစ်ဆေးကြည့်ရန် ရှောင်းကောရှေ့သို့နှစ်လှမ်းတိုးလိုက်သည်။ ရှေ့မှာဘာတွေဖြစ်နေတာပါလိမ့်?
ခေါင်းဆောင်တပ်သားက ရှောင်းကောကိုတွေ့သည့်အခါ အမြန်လျှောက်လာသည်။ "ကျေးဇူးပြုပြီး ရထားလုံးပေါ် အရင်တက်ပေးပါ။ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့မသိရသေးဘူး"
ရှောင်းကော သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။ ခရိုင်မြို့ထဲသို့ဝင်ရန် စောင့်ဆိုင်းနေသည့် ယာဉ်တန်းရှေ့တွင် သူမ လူတစ်စုကို တွေ့လိုက်ရသည်။
သူမတို့အလှည့် ဘယ်တော့မှရောက်မလဲဆိုတာမသိရပေ။ ရှောင်းကော သူမရဲ့ဗိုက်ကို ပွတ်သပ်လိုက်သည်။ ဒီလိုမှန်းသိရင် သူမ မုန့်တွေယူလာမှာပေါ့။ အနည်းဆုံးတော့ လမ်းပေါ်မှာစောင့်ရင်း မုန့်စားနေပါက ဆာလောင်မှုကိုသက်သာစေနိုင်သေးသည်။
“ဗိုက်ဆာလို့ရှိရင် ကျွန်တော်တို့မှာ အစာခြောက်တွေ ကျန်ပါသေးတယ်။ စားချင်ရင် ယူလို့ရပါတယ်"
ခေါင်းဆောင်အရာရှိက အရမ်းကိုသတိထားမိသည်။ ရှောင်းကော၏ လှုပ်ရှားမှုကို သူမြင်တော့ စားစရာတစ်ထုပ်ကိုယူကာ သူမကိုပေးလိုက်သည်။
"အိုး၊ မဟုတ်တာ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့တွေ ခဏနေကျရင် မြို့ထဲဝင်ရတော့မှာပဲလေ။ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာပေါ့"
အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည့် ရှောင်းကောမှာ ခေါင်းကို ထပ်ခါတလဲလဲခါလိုက်သည်။ အရာရှိကို ကျေးဇူးတင်ကြောင်း သူမပြောပြီးနောက် ကျွမ်းကျွမ်းကိုခေါ်ကာ ရထားလုံးဆီသွားလိုက်သည်။
တရားသူကြီးလျှိုကတော့ အပြင်ဘက်မှ အခြေအနေကို သိပ်ဂရုမစိုက်ပေ။ သူသည် ရထားလုံးပေါ်တွင်သာ ခိုင်ခိုင်မာမာထိုင်နေကာ တစ်ကမ္ဘာလုံးကို ဂရုမစိုက်သည့်ပုံလိုပင်။ မည်သို့ပင်ဆိုစေကာမူ သူ စိုးရိမ်နေစရာမလိုပေ။ လူတိုင်းတွင် သူတို့၏တရားဝင်တာဝန်တွေ ရှိ၏။
ရှောင်းကော ခရိုင်တရားသူကြီးလျှို၏ ရထားလုံးကိုဖြတ်သွားတဲ့အခါ ကန့်လန့်ကာကြားမှ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ရထားလုံး၏ အတွင်းပိုင်းနှင့်၎င်း၏အလှဆင်မှုများကိုလည်း သူမမြင်ခဲ့ရသည်။
ဝိုး!
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်းကောမှာ အံ့အားသင့်သွားမိသည်။ အံ့ဩနေမှုကနေ ကျော်လွန်လာပြီးနောက် သူမ ခံစားမိသမျှမှာ မနာလိုခြင်းပင်ဖြစ်သည်။
ခရိုင်တရားသူကြီးလျှိုတစ်ယောက် လမ်းတစ်လျှောက် ရထားလုံးပေါ်ကနေ ဘာလို့မဆင်းလဲဆိုတာ သူမ သိချင်နေခဲ့တာဖြစ်သည်။ အတွင်းတွင် ကောင်းစွာအလှဆင်ထားသည်ကို သူမ တွေ့လိုက်ရသည်။ သူ့ဘေးတွင် အလှလေးတွေတောင် ရှိသေး၏။
သူမ၏ရထားလုံးပေါ်သို့ ပြန်ရောက်သောအခါ၊ မာကျောသည့် ထိုင်ခုံပေါ်ထိုင်လိုက်ပြီး မာကျောသည့် နံရံတွေကို မှီလိုက်သည်။ သူမမှာ အားကျရလို့ နေမကောင်းတောင်ဖြစ်မိသည်။ ရထားလုံးပေါ်ရှိ တစ်ခုတည်းသော နူးညံ့သည့်အရာမှာ သူမ၏ ရင်ခွင်ထဲတွင်ရှိသည့် ကျွမ်းကျွမ်းသာဖြစ်သည်။
ယှဉ်ကြည့်ပါက ခရိုင်တရားသူကြီးလျှိုကတော့ လှပသည့်အမျိုးသမီးများနှင့် သစ်သီးများပါသည့် နူးညံ့လှတဲ့ချည်အခင်းပေါ်တွင် ထိုင်နေသည်။
ဒါက ဘယ်လိုတာဝန်မျိုးလဲ? ဒါက သူ့အတွက်တော့ လက်တွေ့ကျကျနွေဦးပင်ဖြစ်သည်။
"မေမေ၊ သား ဗိုက်နည်းနည်းဆာနေပြီ..."
ကျွမ်းကျွမ်းမှာ ရှောင်းကော၏ ရင်ခွင်ထဲတွင် ထိုင်ရင်း သူမလည်ပင်းကိုဖက်ထားကာ သနားချင်စဖွယ် ပြောလိုက်သည်။
“ခဏလောက်အောင့်ထားအုံး။ ခရိုင်မြို့ထဲကိုရောက်ရင် မေမေစားစရာတွေ ထပ်ဝယ်ပေးမယ်။ နောက်ထပ်သွားရမယ့် ခရီးလမ်းအတွက်လဲ သိမ်းထားလို့ရတာပေါ့”
ရှောင်းကောမှာ တတ်နိုင်သမျှအမြန်ဆုံး ခရိုင်ထဲသို့ ဝင်နိုင်လောက်မည်ဟုမျှော်လင့်ကာ နှစ်သိမ့်လိုက်သည်။ ဒီတော့မှသာ သူမအပြင်ထွက်ပြီး သူ့အတွက် မုန့်ဝယ်ပေးနိုင်မည်ပင်။
'သူမ ဒါကိုမစဉ်းစားမိဘဲ ဘယ်လိုလုပ် သတိလက်လွတ်ဖြစ်ခဲ့ရတာလဲ? သူမ အပြည့်အဝ မပြင်ဆင်ခဲ့ရဘူးဘဲ။'
ကျွမ်းကျွမ်းသည် မျက်လုံးများကိုပွတ်သပ်ကာ အနည်းငယ် အိပ်ငိုက်နေပုံရသည်။ ရှောင်းကော သူ့ကိုချီလိုက်ကာ နောက်ကျောကိုအသာလေး ပွတ်သပ်ပေးလိုက်သည်။ သူမတို့တွေ တော်တော်နဲ့ မဝင်နိုင်တော့မှတော့ ကျွမ်းကျွမ်းအနေနဲ့တစ်ရေးတစ်မော အိပ်လိုက်တာက ပိုကောင်းသည်။
"အယ်? ဟုတ်သားပဲ!”