အခန်း (၁၂၉)
Vol. 9 Ch. 129
_'ညလယ်ခေါင်မှာ ဘာလုပ်နေကြတာလဲ?" ရှောင်းကောသည် ထူးဆန်းသည့်မြင်ကွင်းကိုကြည့်ရင်း အံ့ဩသွားသည်။ သူမစိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပြေးလွှားနေသည်။ “ အဲဒီလူတွေက မြို့ထဲကိုဝင်ဖို့ စောင့်နေတဲ့အစား တစ်ယောက်ယောက်ကို စောင့်နေတာများလား? ဝတ်ရုံခြုံထားတဲ့သူတွေကို စောင့်နေကြတာများလား? ဒါပေမဲ့ သူတို့သယ်လာတာက ဘာတွေလဲ?'_
ရှောင်းကော ကောင်းကောင်းမမြင်ရသည်ကြောင့် သူမရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ အမှောင်ထဲတွင် ပုန်းနေလိုက်သည်။ သူမသည် ဂိတ်တံခါးဆီသို့ အနီးကပ်ကြည့်ရန် ကြိုးစားလိုက်သည်။
အစောပိုင်းက ဒေါသူပုန်ထကာ အော်ဟစ်နေသည့် အမျိုးသားမှာ မြို့တံခါးစောင့်တပ်သားများဆီမှ ကန်ထုတ်ခြင်းခံလိုက်ရသည်။ သူက တစ်စုံတစ်ယောက်ကို ကျိန်ဆဲနေသည့်ပုံပင်။ သူသည် လဲကျရာကနေ ထလာပေမယ့် အမြန်ပြန်ကန်ချခံရပြန်သည်။ သူ့ပတ်ဝန်းကျင်ရှိ လူတွေကတော့ အေးအေးဆေးဆေးဖြင့် သူတို့အလုပ်ကိုသာ ဆက်လုပ်နေကြသည်။ ဤသည်မှာ မကြာခဏ ဖြစ်ပျက်နေသည့် မြင်ကွင်းတစ်ခုဟု ပင်ထင်ရသည်။
ထိုလူသည် တပ်သားနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ကာ နောက်တစ်ခေါက် မြေပြင်ပေါ်ကျသွားသည့်အချိန် အိတ်ထဲတွင် ထည့်ထားသည့်အရာဟာ ပြန့်ကြဲသွားတော့သည်။
ရှောင်းကော မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ နှလုံးခုန်နေတာ ရပ်လုမတတ်ပင်- ၎င်းဟာ အလောင်းတစ်လောင်းပင်!
သွေးတွေ ဖုံးလွှမ်းနေသည့် ကိုယ်လုံးတီး အလောင်းတစ်လောင်းဆိုတာ သိသာလှသည်။
ရှောင်းကောမှာ ပုံမှန်လိုပင်အသက်ရှူဖို့ မဝံ့မရဲဖြစ်နေမိသည်။ သူမ၏ တည်ရှိနေမှုကို လျှော့ချရန် အကောင်းဆုံးကြိုးစားလိုက်သည်။ စောစောက သယ်လာတဲ့အရာတွေအကုန်လုံးက အလောင်းတွေဘဲလား?
ဤအကွာအဝေးမှပင် ရှောင်းကောသည် အလောင်းပေါ်ရှိ သွေးစွန်းနေသည့် အစင်းကြောင်းများကို မြင်နေရသည်။ ရှောင်းကော ချက်ခြင်းပဲ အကြည့်လွှဲလိုက်သည်။ လူသေအလောင်းကို သူမ မမြင်တာကြာလှပြီ။ နောက်တစ်ကြိမ်ထပ်တွေ့တဲ့အခါ သူမ တကယ်အသားမကျသေးပေ။
ဂိတ်တံခါးနားကလူတွေ ဖြည်းဖြည်းချင်း လူစုခွဲသွားတော့ အဲ့ဒီကတပ်သားတွေပဲ ကျန်ခဲ့ကာ သူတို့အချင်းချင်း စကားပြောနေကြသည်။ ခေါင်းဆောင်ဟုထင်ရသည့် တပ်သားတစ်ဦးသည် ရှောင်းကောရှိနေသည့်ဘက်ဆီ လှမ်းကြည့်လာသည်။
ရှောင်းကောသည် သူမကောင်းကောင်းပုန်းနေကြောင်း သေချာသော်လည်း တစ်ခဏမလှုပ်ရဲပေ။ ထိုနေရာတွင် မှောင်နေကာ မီးတိုင်လည်းမရှိပေ။ သေချာတာကတော့ သူ သူမကိုကြည့်နေတာ မဟုတ်ပေ။ ဖြစ်နိုင်ချေတစ်ခုပဲရှိသည် - သူက သူမနောက်ရှိ ရထားလုံးတန်းကို ကြည့်နေတာဖြစ်သည်။
တပ်သားအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်သူက တစ်ခုခုပြောလိုက်တော့ အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံး ခရိုင်ထဲပြန်ဝင်သွားကြကာ ခရိုင်ဂိတ်တွင် စောင့်နေသူ လူနှစ်ယောက်သာကျန်တော့သည်။
အားလုံးတိတ်ဆိတ်သွားကြောင်း သေချာပြီးနောက် ရှောင်းကော ဖြည်းညှင်းစွာထကာ သူမ၏ရထားလုံးဆီ အမြန်ပြန်သွားလိုက်သည်။ နောက်ဆုံးတော့ သူမရထားလုံးထဲ ရောက်လာကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ သူမခြေထောက်တွေတော့ တုန်နေတုန်းပင်။
သို့ပေမယ့် သူမကြောက်လို့တော့ မဟုတ်ပေ။ ယခင်က ဖုတ်ကောင်များနှင့် အလောင်းများသည် သူမအတွက် မြင်ဖူးနေကြပင်။ ဒီအလောင်းတစ်လောင်းက သူမကိုလုံးဝကြောက်ရွံ့သွားစေဖို့ မလုံလောက်ပေ။ ထိုင်တာများသွားသည်ကြောင့် သူမခြေထောက်တွေ ထုံကျင်နေတာဖြစ်သည်။
ရှောင်းကော ရထားလုံးဆီပြန်ရောက်တော့ သူမမြင်ခဲ့သည့်အရာအကြောင်းကိုသာ တွေးနေမိသည်။ ဖုန့်ခရိုင်သည် လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားပုံရသည်။
သေဆုံးနေသူသည် အမျိုးသမီးဖြစ်ကြောင်း ပုံသဏ္ဍာန်အရ ရှောင်းကော ပြောနိုင်သည်။ ဒါပေမယ့် ဘာလို့ကိုယ်လုံးတီးဖြစ်နေရတာလဲ?
ဒါ့အပြင် ဂိတ်တံခါးတွင်စောင့်နေကြသူများမှာ အမျိုးသားတွေဘဲ ဖြစ်ကြသည့်ပုံပင်။
ယနေ့ သူမတွေ့ခဲ့သည့်အရာကို ရှောင်းကောရုတ်တရက် သတိရသွားမိသည်။ အဲဒီတုန်းက သူမသတိမထားမိခဲ့ပေမဲ့ အခုသူမစဉ်းစားကြည့်တော့ အမှန်ပင်။ ဂိတ်တံခါးတွက် စောင့်နေကြသည့်လူတွေဟာ ယောက်ျားတွေချည်းပင်။
_'ဒါနဲ့ဘာဖြစ်လို့လဲ …?'_
“ မေ့လိုက်တော့၊ မေ့လိုက်တော့" ရှောင်းကော ခေါင်းခါလိုက်သည်။ ဒါက သူမနဲ့မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် သူမ ဒီကနေ ထွက်သွားရတော့မှာ။
သွေးအေးခြင်းအတွက် ရှောင်းကောကို အပြစ်တင်လို့မရပါချေ။ တကယ်လို့ သူမ သိခဲ့ရင်ရော? သူမဟာ ပိုက်ဆံမရှိ၊ အာဏာမရှိသည့် မိန်းကလေးတစ်ဦးမျှသာဖြစ်သည်။ ဤခရိုင်၌ လူသတ်မှုအတွက် အပြစ်ဒဏ်မရှိပေ။ သူမအနေနဲ့ ဒီမြို့ဆီ ဘာပြန်လာစရာရှိသေးလို့လဲ?
ဒါ့အပြင် သူမတစ်ယောက်တည်း မဟုတ်ပါချေ။ သူမတွင် ကျွမ်းကျွမ်းလည်း ရှိသေးသည်။
ရှောင်းကော ခေါင်းငုံ့ကာ ကျွမ်းကျွမ်းကို ပုတ်ပေးလိုက်သည်။ သူမသည် နံရံအားအသာ မှီလိုက်သည်။ အိပ်မပျော်ပေမယ့် မျက်လုံးမှိတ်ပြီး အနားယူတာက ပိုကောင်းသည်။
နောက်တစ်နေ့နံနက်တွင် သူမကို တစ်စုံတစ်ယောက် လှုပ်နေသည်ကြောင့် ရှောင်းကောနိုးလာသည်။ သူမ လုံးဝအိပ်မပျော်သေးတာကြောင့် လှုပ်ရှားမှုအချို့ကို ခံစားလိုက်ရသည်နှင့် နိုးလာသည်။
"ဘာဖြစ်လို့လဲ ကျွမ်းကျွမ်း?"
ရှောင်းကော မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွမ်းကျွမ်းတစ်ယောက် သူ့ဗိုက်ကိုကိုင်ထားကာ သူမအား ရှက်ရွံ့စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"မေမေ၊ သားအလေးသွားချင်တယ်"
သူ့ကိုဒီလိုမြင်လိုက်ရတော့ အအေးကြောင့် သူဗိုက်နာနေတာဟု ရှောင်းကောထင်လိုက်သည်။ သူမလွယ်အိတ်ထဲမှ စာရွက်တချို့ကို အမြန်ထုတ်လိုက်ကာ သူ့အားရထားလုံးပေါ်ကနေ ချီသွားလိုက်သည်။ ယခုအချိန်တွင် ကျွမ်းကျွမ်းတစ်ယောက် သူ့ဘာသာသူ လမ်းလျှောက်မနိုင်တော့ပေ။ ရှောင်းကောကိုသာ အားကိုးရတော့သည်။
ရှောင်းကောသည် သိပ်အဝေးကြီး မသွားပါချေ။ သူမသည် ကျွမ်းကျွမ်းအတွက် သီးသန့်နေရာတစ်ခုကိုရွေးချယ်ပြီးနောက် သူ့ကို အောက်ချပေးလိုက်ကာ ခပ်လှမ်းလှမ်းသို့သွား၍ စောင့်နေလိုက်သည်။
ကျွမ်းကျွမ်းသည် လေအေးကြောင့် ဗိုက်အောင့်နေပုံရသည်။ ဆက်တိုက်ဆိုသလို သူ့လေလည်သံကို သူမကြားနေရသည်။ ရှောင်းကောတွင် တခြားအတွေးမရှိပါချေ။ ထူးဆန်းသည်။ အခြားသူသာဆိုလျှင် ရှောင်းကောအနေဖြင့် ၎င်းကို ရွံရှာဖွယ်ကောင်းသည်ဟု တွေးမိလိမ့်မည်ပင်။ သို့ပေမယ့် ကျွမ်းကျွမ်းနှင့် ပတ်သက်လာရင်တော့၊ ယခု သူအလေးသွားနေသည့် အသံကတောင် အရမ်းချစ်စရာကောင်းနေသည်။ ရှောင်းကောမှာ သူမဘာကြောင့် ဒီလိုခံစားနေရလဲဆိုသည်ကို သေချာမသိပါချေ။
ကျွမ်းကျွမ်းအတွက် ရှောင်းကော၏ အရာအားလုံးသူ့အပေါ် ဘက်လိုက်မှုဟု သတ်မှတ်နိုင်သည်။ သားဖြစ်သူက ဘာပဲလုပ်လုပ် သူမစိတ်ထဲတွင် အကောင်းသာမြင်သည်။
အားလုံးတိတ်ဆိတ်သွားသည့်အခါ၊ ကျွမ်းကျွမ်းပြီးသွားလောက်ပြီဟု ရှောင်းကော မှန်းဆလိုက်သည်။ သူမရှိနေသည့်နေရာတွင်သာရပ်သာ သူ သူမဆီလာမှာကို စောင့်နေလိုက်သည်။
ရထားလုံးသို့ အပြန်လမ်းတွင် သူတို့အတွက် အစားအသောက်တွေ ယူလာပေးသည့် တပ်သားနှင့်တိုးသည်။ အရင်တစ်ခေါက် သူမအား အစာခြောက်ပေးခဲ့သည့် တပ်သားနှင့်အတူတူပင်။
သူ့ထံမှ ပန်းကန်ပြားများကို ယူပြီးနောက် ရှောင်းကော ရုတ်တရက်သူ့ကိုတားလိုက်ကာ မေးလိုက်သည်။ "ဟေး ကျွန်မတို့ မနေ့တုန်းက ဘာလို့ခရိုင်ထဲ ဝင်လို့မရတာလဲ?"
ရှောင်းကော သူ့နာမည်ကို မသိပါချေ။ တပ်သားက ခြေလှမ်းတွေကိုရပ်လိုက်ကာ ရှောင်းကောကိုပြောပြလာသည်။ "မနေ့က ကျွန်တော်တို့ အကြာကြီးစောင့်ခဲ့တာတောင် ဘယ်သူမှ မြို့ထဲမဝင်ရတာတွေ့လိုက်တယ်။ ကျွန်တော်တို့ သွားမေးကြည့်တော့ ပိတ်ထားလို့ပြောတယ်။ ခရိုင်ထဲကို ဒေသခံရွာသားတွေပဲ ဝင်လို့ရတယ်တဲ့"
"ဒါပေမဲ့ ကျွန်မတို့ဆီမှာ ခရိုင်တရားသူကြီးလျှို ပါတယ်လေ..."
တရားသူကြီးလျှိုသည် အရာရှိတစ်ဦးဖြစ်သည်။ ဖုန့်ခရိုင်က သူ့ကို မျက်နှာသာပေးရမှာမဟုတ်ဘူးလား?
တပ်သားက ခေါင်းခါလိုက်သည်။ "ခရိုင်တရားသူကြီးလျှိုက သတ္တမအဆင့်အရာရှိဖြစ်ပြီးတော့ ဖုန့်ခရိုင်ရဲ့ တာဝန်ရှိသူကတော့ ပဉ္စမအဆင့်အရာရှိပါ"
သူပြောပြီးတာနဲ့ ဘာတွေဖြစ်နေလဲဆိုတာ ရှောင်းကောနားလည်သွားတော့သည်။ တရားသူကြီးလျှိုဂာ အဆင့်နိမ့်အရာရှိတစ်ဦးမျှသာဖြစ်သည်။ ယုံဟိုင်ခရိုင်ကနေ ထွက်သွားပြီးသည်နှင့် သူ၏ရာထူးဟာ သိပ်မကြီးတော့ပါချေ။
ထိုတပ်သားက စကားအပိုမပြောပေ။ ရှောင်းကောအား နှုတ်ဆက်စကားပြောပြီးသည်နှင့် သူထွက်သွားတော့သည်။
ရှောင်းကောသည် ကျွမ်းကျွမ်း၏ လက်များကို ဆေးကြောပေးစေချင်သော်လည်း သူတို့၏ လက်ရှိအခြေအနေက ခွင့်မပြုပါချေ။ ကျွမ်းကျွမ်းလည်း စိတ်မသက်မသာဖြစ်မိသည်။
အရင်တုန်းကတော့ သူ့တွင်လက်ကို သေချာဆေးကြောတတ်သည့် အလေ့အကျင့်မရှိခဲ့ပါချေ။ သူသည် တစ်လလျှင်တစ်ကြိမ်သာ လက်ဆေးလေ့ရှိသည်။ သို့သော် အစားမစားမီနှင့် အစာစားပြီးသည့်အချိန်တိုင်း လက်ဆေးရန် သူအမေက သူ့ကိုသင်ပေးသည့်အချိန်မှစ၍ လက်မဆေးရလျှင် သူမသက်မသာ ဖြစ်သလိုခံစားရတော့သည်။
ရှောင်းကောသည် ကျွမ်းကျွမ်းတစ်ယောက် သူ့လက်တွေကိုမသုံးဘဲ စားသောက်နေသည်ကို မြင်သည့်အခါ ရယ်ချင်သွားသည်။ သူဟာ ယခုတော့ အသန့်ကြိုက်တတ်သူဖြစ်လာသည်။
“မေမေ…”
ကျွမ်းကျွမ်းသည် ဤအခြေအနေတွင် စိတ်မသက်မသာခံစားနေရသဖြင့် ရှောင်းကောကို သနားသလိုကြည့်လိုက်သည်။
“မေမေ့ကို ခေါ်လည်း အသုံးမဝင်ဘူးနော်"
ရှောင်းကောက ကျွမ်းကျွမ်းအား အဖြေမရှိဟု ထောက်ပြလိုက်သည်။ သူမတို့တွင် ရေမရှိပေ။ ထို့အပြင် တပ်သားများထံ၌ တောင်းရန်လည်း မဖြစ်နိုင်ပေ။ သို့သော် ယခုသူမတွေးမိသည်မှာ ဟင်းချက်ရန်လိုအပ်သည်ကြောင့် သူတို့တွင်ရေရှိလောက်သည်။
ရှောင်းကောမှာ ကျွမ်းကျွမ်းအား ဤကဲ့သို့မြင်ရသည်မှာ စိတ်မချမ်းသာပေ။ သူမ ခေါင်းညိတ်ပြလိုက်ပြီး ခဏစောင့်ခိုင်းလိုက်သည်။
ရှောင်းကော ရထားလုံးပေါ်မှဆင်းတော့ အခြားစစ်သားများအားလုံး တစ်နေရာတည်းတွင် စားသောက်နေကြသည်ကို တွေ့လိုက်ရသည်။ သူမသည် ထောင့်တစ်ခုကိုရှာလိုက်ကာ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။
နေရာလွတ်ထဲတွင် ရေရှိသည်။ ရှောင်းကောအနေဖြင့် သူတို့ဆီကနေ ရေတောင်းမှာမဟုတ်ပေ။ သူမ ရေတစ်ဇလုံဖြည့်ကာ နေရာလွတ်ထဲမှ ထွက်လာလိုက်သည်။
ကျွမ်းကျွမ်း ဝမ်းသာအားရဖြင့် သူ့လက်ကိုဆေးကြောကာ သန့်ရှင်းသွားသည့်လက်ဖြင့် ကျေနပ်စွာလက်ခုပ်တီးလိုက်သည်။
ရှောင်းကော ဆင်ခြေရှာကာ ရေဇလုံကိုပြန်ယူသွားလိုက်သည်။ သူမသည် နေရာလွတ်ထဲသို့ လျှပ်တပြက်ဝင်လိုက်ပြီး အပြင်မထွက်မီ သူမလည်း လက်ဆေးကြောလိုက်သည်။
ရထားလုံးက အကြာကြီးမရပ်နေပေ။ ခဏအကြာစထွက်တော့သည်။ လမ်းမကြီးသို့ ပြန်ရောက်လာသောအခါ ရှောင်းကောသည် ခရိုင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အခြားတပ်သားတစ်စုက ဂိတ်တွင် စောင့်ကြပ်နေကြသည်။ အချို့က မတ်တတ်ရပ်နေကာ ကျန်သူများမှာ ငြိမ်သက်စွာထိုင်နေကြသည်။
ရှောင်းကော၏ မျက်လုံးတွေ မည်းမှောင်သွားသည်။ ဖုန့်ခရိုင်သည် အဝေးတစ်နေရာတွင် တဖြည်းဖြည်းမှိန်ဖျော့လာသည်နှင့်အမျှ ရှောင်းကောတည်ငြိမ်စွာဖြင့် အဝေးကို အကြည့်လွှဲလိုက်သည်။
ရထားလုံးဟာလည်း ခရီးဆက်ထွက်သည်။ လမ်းတစ်လျှောက်တွင် သူမတို့တွေ လူတစ်စုနှင့်တိုးသည်။ ထိုသူတို့သည် စုတ်ပြတ်နေသည့်အဝတ်အစားများ ဝတ်ဆင်ထားကြပြီး ဖုန်မှုန့်များဖြင့်လွှမ်းနေသည်။ လူတိုင်းသည် အလွန်ပိန်ပါးကြကာ အရိုးတွေသာရှိတော့သည်။ သူတို့သည် တုတ်များကိုအားပြုကာ နှစ်ယောက်၊ သုံးယောက် အုပ်စုဖွဲ့၍ ဦးတည်ရာမဲ့လမ်းလျှောက်နေကြသည်။
သူမတို့အဖွဲ့ ဖြတ်သွားသည့်အခါ ရှောင်းကောသည် သူတို့ပြောနေတာကိုကြားပြီး သူတို့သာ်အစာငတ်မွတ်ခြင်းမှ ထွက်ပြေးလာကြောင်း သိလိုက်ရသည်။ သူတို့၏ မွေးရပ်မြေတွင် အသက်မရှင်နိုင်တော့သည့်အတွက် ရှင်သန်နိုင်ရန် အစာရှာဖို့ ထွက်လာကြတာဖြစ်သည်။
ထိုတော့မှ နေရာတိုင်းသည် အငတ်ဘေးမှ မလွတ်မြောက်သေးကြောင်းကို ရှောင်းကော သဘောပေါက်လိုက်သည်။ တချို့နေရာတွေမှာတော့ ဒုက္ခရောက်နေဆဲပင်။
သဘာဝနှင့် လူလုပ် ဘေးအန္တရာယ်များသည် လူသားတွေ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သည်။ အသက်ရှင်သန်ဖို့ သင့်တော်သူတွေကို ဘုရားသခင်က စစ်ဆေးတာဟု လူကြီးတွေအမြဲပြောလေ့ရှိသည်။ အသက်ရှင် ကျန်ရစ်သူတွေကတော့ ကျန်ရှိနေမှာဖြစ်ကာ သေဆုံးသွားတွေကိုတော့ ခေါ်ဆောင်သွားမှာဖြစ်သည်။
ရှောင်းကော အကြည့်ကို ရုတ်လိုက်ကာ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ ဤကိုယ်ခန္ဓာ၏ ယခင်ပိုင်ရှင်သည်လည်း ဤသို့ပင်မဟုတ်ပါလော? ရှောင်းကောသာ မရောက်လာခဲ့လျှင် ကျွမ်းကျွမ်းလည်း အသက်ရှင်ကျန်ရစ်တော့မှာ မဟုတ်ပေ။
_'ကံကောင်းလို့၊ ငါရောက်လာခဲ့တာ'_ ရှောင်းကော သူမကိုယ်သူမ ကျေးဇူးတင်စွာဖြင့် တွေးလိုက်မိသည်။ သူမ ခေါင်းငုံ့ကာ ကျွမ်းကျွမ်းကို နမ်းလိုက်သည်။
ကျွမ်းကျွမ်းတစ်ယောက် သူ့မိခင်မရှိဘဲ အသက်ရှင်ရန်ကြိုးစားနေရပုံကို သူမ စိတ်မကူးကြည့်နိုင်ပေ။ 'အလောင်းကိုစောင့်နေရင်း ဗိုက်ဆာနေတဲ့ကလေးတစ်ယောက်....'
ရှောင်းကော နမ်းလိုက်တာကြောင့် ကျွမ်းကျွမ်း အရမ်းဝမ်းသာသွားသည်။ သူ့မျက်နှာပေါ်တွင် ရွှင်မြူးသည့် အပြုံးတစ်ပွင့်ရှိနေ၏။ 'သူ့မေမေကို အချစ်ဆုံးပဲ...'