အခန်း (၁၃၀)
Vol. 9 Ch. 130
လမ်းတစ်လျှောက်တွင် သူတို့မရပ်ကြပေ။ ရှောင်းကောကဘဲ အလွန်အကဲဆတ်နေတာကြောင့်ဖြစ်မည် သူမတို့တွေ မြို့တော်သို့ အပြေးအလွှားရောက်သွားသလို ခံစားလိုက်ရသည်။
နေ့ခင်းဘက်တွင် သူတို့သည် ခဏသာအနားယူကြသည်။ ခရိုင်တွေထဲသို့ ညဘက်မှသာ ရောက်ကြသည်။ ရှောင်းကောတို့ မခံနိုင်မည်ကို တရားသူကြီး စိုးရိမ်တာကြောင့်ဖြစ်မည်၊ မဟုတ်ပါက သူတို့သည် ညဘက်တွင်လည်း ခရိုင်တွေထဲပင် မ၀င်ဘဲ သူတို့ရောက်သည့်အရပ်၌ အနားယူနေကြမည်မှာ သေချာသည်။
တရားသူကြီးသည် ပုံမှန်လျှင် လူတစ်ယောက်အားစေလွှတ်ကာ သူမတို့ခံနိုင်လားဟု မေးခိုင်းတတ်သည်ကြောင့် ရှောင်းကော ဤသို့ခန့်မှန်းမိခြင်းဖြစ်သည်။ သူသည် ဤကဲ့သို့ တစ်နေ့လျှင် အနည်းဆုံး လေး၊ ငါးခါလောက် လုပ်တတ်သည်။
စောစောရောက်ကာ အိမ်သို့မြန်မြန်ပြန်နိုင်ပါက ဘာပြဿနာမှမရှိဟု ရှောင်းကောခံစားရသည်။
ပေကျင်း၌
"အရှင်မင်းကြီး"
ကျန်းတန်းဟယ်တစ်ယောက် မနက်စောစောတွင် ရှောက်ကျန့်၏ အိပ်ခန်းဆီသို့ ဆင့်ခေါ်ခံရသည်။ ရှောက်ကျန့်သည် နောက်ကျမှရောက်လာသူအား ကြည့်ကာ အလျင်မလိုစွာဖြင့် ထိုင်လိုက်သည်။
"ထိုင်"
ယခုတွင် နံနက်စောစောဖြစ်ကာ သူတို့နှစ်ယောက်လုံး ဘာမှမစားရသေးကြောင်း ရှောက်ကျန့်သိသည့်အတွက် အတူတူစားနိုင်သည်။ ဘယ်လိုပဲဆိုဆို နှစ်ယောက်သား စားပွဲခုံတစ်ခုတည်းမှာ မစားရသည်မှာ ကြာလှပြီဖြစ်သည်။
ကျန်းတန်းဟယ် ခေါင်းညိတ်ပြကာ ထိုင်ချလိုက်သည်။
နန်းတော်မှ အစေခံက ဟင်းလျာတွေကို မြန်မြန်တည်ခင်းလာသည်။ ကျန်းတန်းဟယ်သည် ရှောက်ကျန့် စစားသည်အထိ စောင့်နေလိုက်သည်။
ရှောက်ကျန့်လည်း ကျန်းတန်းဟယ်၏ လုပ်ရပ်ကို သတိပြုမိကာ အတော်လေး စိတ်ပျက်သွားသည်။ _'အရင်တုန်းကဆို သူတို့နှစ်ယောက်ကြားမှာ ဒီလို ထူးထူးခြားခြား ပြုမူစရာကိုမလိုဘူး။ ဒါပေမယ့် အခုတော့… ဟင်းး…'_
နှစ်ယောက်စလုံး ဘာစကားမှမပြောဘဲ စားသောက်ချိန်တွင် အလေ့အကျင့်ကောင်းကို ထိန်းသိမ်းထားကြသည်။
စားသောက်ပြီးနောက် သူတို့နှစ်ယောက် ပင်မခန်းမဆီပြောင်းလိုက်ကြသည်။ ယနေ့ဟာ နားရက်ဖြစ်သည်မို့ မနက်ပိုင်းညီလာခံလုပ်စရာမလိုပေ။
၎င်းဟာ ရှောက်ကျန့်အတွက် ရှားရှားပါးပါး အားလပ်ရက်လည်းဖြစ်သည်။ သူသည် နဂါးပလ္လင်ပေါ်တွင်ထိုင်ကာ ရပ်နေဆဲဖြစ်သည့် ကျန်းတန်းဟယ်အား ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "မင်းဘာလို့ ပိုပိုပြီး ခပ်ခွာခွာဖြစ်လာတာလဲ?"
ကျန်းတန်းဟယ် အံ့အားသင့်သွားသည်။ ရှောက်ကျန့် သူ့ကိုပြောနေတာဖြစ်မှန်း သူသိသည်။ “အင်း၊ ဧကရာဇ်မင်းနဲ့ သူ့လက်အောက်က ငယ်သားကြားမှာ သိသာထင်ရှားတဲ့ ခြားနားမှုတွေရှိပါတယ်…”
သက်ပြင်းရှည်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျန်းတန်းဟယ်သည် အလင်းရောင်အား ကျောခိုင်းထားသည့်လူကို မော့ကြည့်လိုက်သည်။ အထီးကျန်ဆန်သည့်ခံစားချက်က သူ့ဆီကနေ ထွက်ပေါ်နေ၏။ ကျန်းတန်းဟယ် အံ့ဩသွားသည်။ " ဧကရာဇ်မင်း နန်းမတက်ခင်ကထက် ဘာကြောင့် ပိုပြီးပင်ပန်းနေရတာလဲ?"
သူ့စိတ်ထဲတွင် ပြေးလွှားနေသည့် စကားလုံးတွေဟာ ပါးစပ်ကနေ ထွက်လာသည်။ ရှောက်ကျန့်သည် စိတ်ရှုပ်နေသည့်အကြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။ “ဒီမတိုင်ခင်ကတော့ ငါလိုချင်တာက လက်စားချေဖို့ပဲ။ အခု ငါအောင်မြင်သွားလို့ ရာဇပလ္လင်ပေါ် ထိုင်နေရပေမဲ့ ပျော်သလိုမခံစားနေရဘူး"
ထိပ်ဆုံးတွင် အမြဲတမ်း အထီးကျန်နေရသည်။
ကျန်းတန်းဟယ်မှာ သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိသလို ပြဿနာကိုဖြေရှင်းဖို့ ပေးစရာအကြံဉာဏ်လည်း မရှိပေ။ ဤသည်မှာ ဧကရာဇ်မင်းများ ရှေးခေတ်ကတည်းက နေထိုင်ခဲ့သည့် ပုံစံဖြစ်သည်။ 'သူဘာလုပ်ပေးရမလဲ?'
:ကျန်းတန်းဟယ်တစ်ယောက် နေရာတွင်မှာဘဲ သစ်သားတုံးတစ်တုံးလို ရပ်နေပြီး စကားမဆက်လာတော့ သူဘယ်လို ဆက်သရုပ်ဆောင်ရမှာလဲ? သူပြင်ဆင်ထားတဲ့ စကားလုံးတွေကို ဘယ်လိုထုတ်ပြောရမှာလဲ?'
ကူကယ်ရာမဲ့စွာဖြင့် သူစကားဆက်ပြောကာ အဓိကအကြောင်းအရာဆီ ဖြည်းဖြည်းချင်းသာ သွားနိုင်တော့သည်။
"မင်းသာ အိမ်ပြန်သွားရင် ငါဘယ်လိုဖြစ်နေမယ်လို့ထင်လဲ?"
ရှောက်ကျန့်သည် သနားဟန်ဆောင်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း ပြောရမည့်အစား "ငါ" ဟု ရည်ညွှန်းသုံးလိုက်သော်လည်း ကျန်းတန်းဟယ်မှာ ထိုစကားကိုကြားသည့်အခါ ဒေါသတကြီးဖြစ်သွားသည်။ 'ဆိုတော့ သူပြောချင်နေတာက ဒါပေါ့။ စကားတွေအများကြီးပြောပြီးတော့ သူ့ကို ဆက်နေဖို့ပဲ တောင်းဆိုလာပြန်ရော။"
သူက သရုပ်ဆောင်နေဆဲဖြစ်သည့် ရှောက်ကျန့်ကိုကြည့်လိုက်သည်။ 'ဒီကာလတစ်လျှောက်မှာ၊ သူဟာ ခြိမ်းခြောက်မှုတွေနဲ့ ကတိအမျိုးမျိုးကို သုံးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ သနားစရာကောင်းသလိုဟန်ဆောင်ပြီး သူ့ကိုဖျောင်းဖျဖို့ကြိုးစားနေတာလား?'
'ဝမ်းနည်းစရာကောင်းတာက ဒါက သူ့အပေါ်တော့ အလုပ်မဖြစ်ဘူး။'
"အရှင်မင်းကြီး"
ကျန်းတန်းဟယ်သည် လက်သီးဆုပ်လိုက်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ ရှောက်ကျန့်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူဘာစကားမှမပြောသော်လည်း ရှောက်ကျန့် သူ့ဆုံးဖြတ်ချက်ကိုသိသည်။
နောက်ဆုံး လှုပ်ရှားမှုတစ်ခုပဲ လုပ်ဖို့ဘဲကျန်တော့တယ်လို့ သူထင်သည်။ သူ့အနေဖြင့် ချင်းရှောင်းကော ရောက်လာမည်ကို စောင့်နေရုံသာရှိတော့သည်။ ရှောက်ကျန့် မျက်လုံးမှိတ်ကာ သူ့ဘာဟာသူ တွေးနေမိသည်။
ကျန်းတန်းဟယ်သည် နန်းတော်မှထွက်လာပြီးနောက် လေ့ကျင့်ရေးကွင်းသို့ ဦးစွာသွားလိုက်သည်။ အရာအားလုံးကို သူမြန်မြန်ဆန်ဆန် ပြင်ဆင်ရတော့မည့်ပုံပင်။ အရာအားလုံးကို စောစောစီးစီးဖြေရှင်းနိုင်ပါက သူအိမ်မြန်မြန်ပြန်လို့ရမည်ပင်။ 'နောင်ကျရင် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ?'
ဧကရာဇ်၏ စုံစမ်းစစ်ဆေးမှုကြောင့် ကျန်းတန်းဟယ်သည် သူ၏အစီအစဉ်များကို အရှိန်မြှင့်နိုင်ခဲ့သည်။ သူသည် လေ့ကျင့်ရေးကွင်း၌ နေ့ရောညပါ ကုန်ဆုံးခဲ့သည်။ သူ့တွင် လီရှို့ကျီအား လာရှာရန် အချိန်မရှိခဲ့ပေ။ အဲဒါက သူ့ကို ရက်အနည်းငယ်လောက် အနားယူဖို့အချိန်ပေးလိုက်သလိုပင်။
–
အချိန်တွေကုန်တာမြန်သည်။ ယာဉ်တန်းနှင့်အတူ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် မြို့တော်နှင့် မဝေးလှသည့်မြို့ငယ်လေးသို့ ရောက်ရှိလာသည်။ အချိန်နှောင်းသွားသဖြင့် မြင်းများအပါအဝင် အားလုံးသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ခရီးသွားရာမှ မောပန်းနွမ်းနယ်နေခဲ့ကြသည်။ ထို့ကြောင့် ခရိုင်တရားသူကြီးလျှို မှ သူတို့အား တစ်ညနားရန် အမိန့်ပေးလိုက်သည်။
ရက်အတော်ကြာ ခရီးထွက်ခဲ့ပြီးနောက် နောက်ဆုံးတော့ ရှောင်းကောသည် မွေ့ရာနှင့်ကုတင်ပေါ်တွင် လှဲလျောင်းနိုင်တော့သည်။ ကျွမ်းကျွမ်းလည်း ရှောင်းကောအတိုင်းလိုက်ကာ ကုတင်ပေါ်တွင် သက်သောင့်သက်သာလှဲလိုက်သည်။ သစ်သားကြမ်းပြင်ပေါ်တွင် သူတကယ်မအိပ်နိုင်တော့ပေ။ ကုတင်က ပိုအဆင်ပြေသည်။
ရှောင်းကော လှည့်ပတ်ကြည့်ပြီးနောက် သူမရပ်လိုက်ကာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ ပင်ပန်းနေခဲ့သည်။ ခရီးစဉ်အစပိုင်း၌ ခရိုင်အသီးသီးတွင် ရပ်နားရန်အခွင့်အလမ်းများ ရှိနေဆဲဖြစ်သော်လည်း မြို့တော်နှင့် နီးကပ်လာသည်နှင့်အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုမြန်ဆန်လာပုံရသည်။ အားလုံးဟာ ညကတည်းက မောပန်းနွမ်းနယ်နေတာကြောင့်သာမဟုတ်လျှင် တရားသူကြီးလျှိုကတော့ သေချာပေါက် ဆက်သွားခိုင်းမည်ပင်။ သူသည် လူတိုင်းအားမြန်မြန်ရွှေ့သွားကာ အမှောင်ထဲမှာပင် မြို့တော်သို့ အလျင်အမြန်ပေးသွားခိုင်းမည့်ပုံပင်။
အနည်းဆုံးတော့ ယခုသူတို့တွင် ပျော့ပျောင်းသည့် အိပ်ယာနှင့် ရေနွေးနွေးလေးရှိနေပြီ။ ရှောင်းကောသည် သူမ၏ ညစာပူပူနွေးနွေးလေးကို အပြီးသတ်ပြီးနောက် ရေချိုးရန်အတွက် ရေနွေးဇလုံတည်ပေးရန် စားပွဲထိုးအားတောင်းဆိုလိုက်သည်။
ခရီးက ပင်ပန်းလှသည်။ မနက်ဖြန် သူမတို့တွေမြို့တော်သို့ သွားကြမည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းကောအနေနှင့် သူမနှင့်ကျွမ်းကျွမ်းတို့ သန့်ရှင်းအောင် သေချာလုပ်ရမည်ပင်။ အနည်းဆုံးတော့ သူမတို့တွေ မညစ်ပတ်နေသင့်ပေ။
သူမတို့တွေ ခရီးထွက်ခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ နေ့ခင်းဘက်၌ ရထားလုံးပေါ်၌နေကာ ညဘက်၌လည်း ရထားလုံးပေါ်၌သာ နေကြရသည်။ ရေချိုးဖို့တောင် အချိန်မရှိပေ။ ရှောင်းကောမှာ သူမ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အညစ်အကြေးများစွာ ရှိနေသလိုခံစားရသည်။
ကျွမ်းကျွမ်းဟာ အနည်းငယ်ဖြူသည်ကြောင့် သူမထက် အခြေအနေ ပိုဆိုးသည်။ အကယ်၍ နေရာလွတ်ထဲ၌ ရေအကန့်အသတ်သာမရှိခဲ့လျှင် သူမအနေဖြင့် ကျွမ်းကျွမ်းအား ရေချိုးပေးလိမ့်မည်ပင်။
စားပွဲထိုးက ရေနွေးအား ရေချိုးကန်ထဲသို့ အမြန်လောင်းထည့်လိုက်သည်။ ရှောင်းကော တံခါးကို သော့ခတ်လိုက်ကာ ဖန်သားပြင်တံခါးကို ဖွင့်လိုက်သည်။ ရေအပူချိန်ကို သူမခံစားလိုက်ရသည်။ ပုံမှန်ထက် အနည်းငယ်ပူသော်လည်း ရှောင်းကောကတော့ အဆင်ပြေသည်ဟုထင်သည်။
"ကျွမ်းကျွမ်း အဝတ်အစားတွေ ချွတ်လိုက်။ မေမေ သားကို အရင်ရေချိုးပေးမယ်"
ရှောင်းကောထွက်လာကာ ကျွမ်းကျွမ်းအဝတ်အစားချွတ်နေတာကို ကြည့်လိုက်သည်။ ထို့နောက် ရေချိုးကန်ထဲသို့ ချီသွားလိုက်သည်။
ကျွမ်းကျွမ်းမှာ ရေကိုထိလိုက်သည်နှင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ သူ့လက်များသည် ရေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး သူ့မျက်နှာဟာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။
ရှောင်းကော သူ့ကိုမတားပေ။ လမ်းတွင် ရေမချိုးရတာက သူ့ကိုရူးသွပ်သွားစေမယ်ဆိုတာ သူမ သိသည်။ သူ့ကိုပေးပျော်ခိုင်းထားလိုက်သည်။
ရှောင်းကော သူ့နောက်ကျောကို ပွတ်လိုက်ပြီး ဆပ်ပြာနဲ့ဆံပင်ကို လျှော်ပေးလိုက်သည်။
ရှောင်းကော သူ့ဆံပင်ကို အခြောက်ခံပေးနေချိန်တွင် ဖြူဖြူဖွေးဖွေးကလေးလေးဟာ စောင်အောက်တွင် ရှိနေသည်။
“မေမေ၊ မြန်မြန် ရေချိုးလိုက်လေ။ ရေက ခဏနေကျရင်အေးတော့မှာ"
ကျွမ်းကျွမ်းသည် မျက်နှာသုတ်ပုဝါကို ယူလိုက်ကာ သူ့ဘာသာသူ သုတ်ရန် ပြင်ဆင်လိုက်ပြီး ရှောင်းကောအား အမြန်သွားချိုးခိုင်းလိုက်သည်။ ရေအေးသွားလျှင် သူမဖျားသွားလိမ့်မည်။
“မရဘူး၊ သားကိုယ်တိုင် ခြောက်အောင်သုတ်တတ်မှာမဟုတ်ဘူး။ မေမေ သားကိုကူညီပေးမယ်။ ရေက ခပ်မြန်မြန်နဲ့ အေးမှာမဟုတ်ဘူး။ ပူနေသေးတယ်။ သားဆံပင်မခြောက်ရင် ခေါင်းကိုက်ပြီး ဖျားလိမ့်မယ်"
ရှောင်းကော သူ့လက်ကို ကိုင်ကာ ခေါင်းကိုငြိမ်အောင်ထား၍ ဆံပင်ကို ဆက်သုတ်ပေးလိုက်သည်။
ကျွမ်းကျွမ်းဟာ ရှောင်းကောကို ဘယ်သောအခါမှ ငြင်းဆန်မှာ မဟုတ်သည့်အတွက် သူ့ဆံပင်တွေ မြန်မြန်ခြောက်ဖို့ သူ့ရင်ထဲမှာဆုတောင်းနေလိုက်သည်။ ပြီးသွားပါက သူ့မေမေရေချိုးလို့ရပြီ။
ရှောင်းကောကတော့ ကျွမ်းကျွမ်းဘာတွေတွေးနေမှန်း မသိပေ။ သူ့ဆံပင်တွေ လုံးဝခြောက်သွားသည်အထိ မျက်နှာသုတ်ပဝါ နှစ်ထည်ဆက်တိုက် သုံးလိုက်ရသည်။ ထို့နောက် သူမသည် သူ့အားအတွင်းခံဘောင်းဘီ၀တ်ရန် ကူညီပေးလိုက်သည်။
"လိမ်လိမ်မာမာနေပြီး မေမေ့ကို စောင်အောက်မှာ စောင့်နေ။ ဟုတ်ပြီလား?"
ရှောင်းကောသည် သူမ၏အ၀တ်အစားများကိုယူကာ ထိုကောင်လေးအား ညွှန်ကြားလိုက်သည်။ ကျွမ်းကျွမ်းက သူမစကားကို နားလည်ကြောင်းပြတာမြင်မှ သူမရေချိုးရန် လျှောက်သွားလိုက်သည်။
ရှောင်းကော ရေကိုထိကြည့်လိုက်တော့ ပူနေသေးကြောင်း တွေ့လိုက်ရသည်။ သူမ စိတ်သက်သာရာရသွားကာ အဝတ်အစားများကို ချွတ်လိုက်သည်။ သူမဝင်ပြီးသည်နှင့် ရေနွေးတွေဟာ ချက်ချင်းဆိုသလို သူမကိုဖုံးလွှမ်းသွားပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ရှောင်းကော ရေထဲတွင် အကြာကြီးမစိမ်ဝံ့ပေ။ ရေကအေးလာပြီဖြစ်ကာ သူမဖျားရတာကို မကြိုက်ပေ။
သူမကိုယ်သူမ အလျင်စလိုဆေးကြောကာ သန့်ရှင်းသွားကြောင်းသေချာမှ ရှောင်းကောသည် သန့်ရှင်းသည့်အဝတ်အစားများကိုဝတ်ကာ ဆံပင်အခြောက်ခံရန် ကုတင်ဆီသို့ပြန်လာလိုက်သည်။
ရှောင်းကောသည် ဆံပင်ရှည်ကာ ဆံပင်လည်းများသည်ကြောင့် အခြောက်ခံရန် မျက်နှာသုတ်ပုဝါလေးခုသုံးလိုက်ရသည်။
“မေမေ၊ မြန်မြန်လာ။ နွေးတယ်"
ရှောင်းကော မျက်နှာသုတ်ပုဝါတွေကို ချလိုက်တာမြင်တော့ ကျွမ်းကျွမ်းချက်ချင်းပဲ တစ်ဖက်ကို ရွှေ့လိုက်ကာ ရှောင်းကောအိပ်ရန် နွေးထွေးသည့်နေရာလေးကိုဖယ်ပေးလိုက်သည်။
ရှောင်းကောလည်း သူ့ကမ်းလှမ်းချက်ကိုလက်ခံကာ ထိုနွေးထွေးသည့်နေရာတွင်အိပ်ရန် စောင်အောက်သို့ အမြန်တက်သွားလိုက်သည်။
"အရမ်းနွေးတာပဲ!"
ရှောင်းကော လိမ်တာမဟုတ်ပေ။ တကယ့်ကို အရမ်းနွေးထွေးသည်။ ကျွမ်းကျွမ်းကိုယ်ဟာ ဤမျှပူနွေးနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူ့နာမည်အတိုင်းပဲ ကောင်းလိုက်တာ! ရဲရဲတောက်ပြီး သန်မာတယ်။