← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

"ဟားဟားဟား…”

ရှောင်းကော သူ့ကိုထိလိုက်သည်နှင့် ကျွမ်းကျွမ်းနိုးလာသည်။ သို့ပေမယ့် သူမလက်တွေက သူ့အပေါ်ကို ရောက်နေပြီဖြစ်သည်။ သူမ ဘယ်လို လုပ်လမ်းတစ်ဝက်မှာ ရပ်နိုင်ပါ့မလဲ?

ဆိုတော့…

ကျွမ်းကျွမ်း၏ ရယ်သံကြောင့် ပြတင်းပေါက် အပြင်ဘက်ရှိ စာငှက်တွေတောင် ထိတ်လန့်သွားရသည်။

"မေမေ၊ မေမေ၊ သားထပြီ။ ဟားဟား သားကိုလွှတ်ပေးပါ ဟားဟား....."

ကျွမ်းကျွမ်း ပြင်းထန်စွာ ရယ်မောရင်း အသက်ရှုကြပ်လာသည်။ ရှောင်းကော သူ့ကိုမလွှတ်ပေးခင် သုံးကနေတစ်အထိ ရေလိုက်သည်။ "အိပ်ပျော်ချင်ယောင်ဆောင်နေသေးလား ကြည့်ရအောင်"

အမှန်ပင်။ စောစောကတည်းက ကျွမ်းကျွမ်း အိပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။ ရှောင်းကော သူ့ကို ပထမတစ်ကြိမ် ခေါ်လိုက်ကတည်းက သတိထားမိသည်။ ထိုအချိန်တွင် သူ့မျက်လုံးတွေ လှုပ်ရှားနေပြီး နှုတ်ခမ်းတွေကိုလည်း တင်းတင်းစိထားသည်။ ရှောင်းကော အနားကပ်လာသည်နှင့်အမျှ သူ့အသက်ရှူသံတွေ မြန်လာသည်။ သူ အိပ်ပျော်ဟန်ဆောင်နေတာ သိသာလှသည်။

"မေမေ့ကို ပြန်စဖို့ သားငယ်ပါသေးတယ်"

ကျွမ်းကျွမ်း၏ နှာခေါင်းလေးကို ညှစ်ပြီးနောက် ရှောင်းကော စားပွဲတွင်ပြန်ထိုင်ကာ သူအဝတ်အစားလဲရန် ထားပေးလိုက်သည်။

ကျွမ်းကျွမ်း နှာမှုတ်လိုက်သည်။ သူ့ မေမေက တကယ် အံ့သြစရာပဲ...

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သူတို့ စထွက်ရန်အတွက် အသိပေးတာဖြစ်ကြောင်း ရှောင်းကော မှန်းဆမိသည်။

သေချာပေါက်ပင်၊ သူမ တံခါးဖွင့်လိုက်သည်နှင့် ကွမ်ရှီးက ရပ်နေ၏။

"စထွက်ပါတော့မယ်"

ရှောင်းကောလည်း သူမအဆင်သင့်ဖြစ်ကြောင်းပြရန် ခေါင်းညိတ်ပြလိုက်သည်။ ကွမ်ရှီးသည် ရှောင်းကောအား အစားအစာအခြောက်ပေးခဲ့သည့် တပ်သားဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူသည် ရှောင်းကောနှင့် အဆက်အဆံ အရှိဆုံးသူဖြစ်သည်။ မကြာသေးမီကပင် သူတို့ စကားစမြည်ပြောကြရင်း သူမ သူ့နာမည်ကိုမေးခဲ့တာဖြစ်သည်။ မဟုတ်ပါက ရှောင်းကောအနေဖြင့် ခရီးတစ်လျှောက်လုံး သူ့ကို “ဟေး” ဆို၍သာ ခေါ်နေရလိမ့်မည်။

ပြင်ဆင်တာပြီးသည်နှင့် ရှောင်းကောသည် သူမ၏ အိတ်ကိုလွယ်ကာ ဝင်ပေါက်တွင်ရပ်ထားသည့် ရထားလုံးဆီ ပြန်သွားလိုက်သည်။

“မေမေ၊ မြို့တော်က ဘယ်လိုမျိုးလဲဟင်?”

ယနေ့ မြို့တော်သို့ရောက်မည့်အကြောင်းကို ရှောင်းကောပြောခဲ့သည်အား ကျွမ်းကျွမ်း သတိရသွားသည်။ 'မြို့တော်က သူတို့ရွာလိုများလား?'

ရှောင်းကော ခေါင်းခါလိုက်သည်။ "မေမေလဲ မသိပေမယ့် မြို့တော်က စည်ကားပြီးတော့ အဲဒီမှာနေတဲ့လူတွေလဲ ပိုများတယ်"

ရှောင်းကောတွင်ရော ယခင်ခန္ဓာကိုယ်ပိုင်ရှင်တွင်ရော မြို့တော်နှင့်ပတ်သက်သည့် မှတ်ဉာဏ်တွေမရှိပေ။ ရှောင်းကောလည်း မြို့တော်အစစ်အမှန်ကို ယခင်ကမမြင်ဖူးခဲ့ပေ။ သို့သော် ရုပ်မြင်သံကြားတွင် သူမမြင်တွေ့ခဲ့ရသည့်အချက်အပေါ် အခြေခံရပါက မြို့တော်သည် လှုပ်လှုပ်ရှားရှားဖြင့်စည်ကားနေပြီး လမ်းပိတ်ဆို့မှုတွေလည်း များလောက်သည်။ ဤသည်မှာ ရှောင်းကောတွေးထားသည့်မြို့တော်ပင်။

ကျွမ်းကျွမ်းလည်း မြို့တော်ဆီရောက်ရန် မျှော်လင့်နေမိသည်။ သူ့တွင်ရှိသည့် စာအုပ်တွေရဲ့ စာရေးဆရာတွေဟာ မြို့တော်တွင် နေထိုင်တာဖြစ်သည်။ 'သူ သူတို့ကို တွေ့မှာလား? တွေ့လို့ရှိရင်တော့ သူလက်မှတ်ထိုးခိုင်းမည်!'

ကျွမ်းကျွမ်း အပြင်ကို လှမ်းကြည့်လိုက်သည်။ သူ့နှလုံးဟာ ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မှာကိုမြင်လိုက်ရတော့ ရှောင်းကော သူ့အားအမွှေးစက္ကူ ယူပေးလိုက်ကာ လမ်းတစ်လျှောက် ကျဲခိုင်းလိုက်သည်။

ချင်းအန့်မင် ခန့်မှန်းထားသလိုပင် ရှောင်းကောတွင် အမွှေးစက္ကူတွေ ကုန်တော့မည်။ အုတ်ဂူအသစ်တွင် မီးရှို့ရန် သူမဖယ်ထားသည်သာ ကျန်တော့သည်။ ကျန်ခရီးတွင် ကျဲနိုင်သည့် အပုံတစ်ပုံသာ ကျန်တော့သည်။ အဲဒါတွေကို ချွေတာသုံးပါက ဘိုးဘွားသင်္ချိုင်း‌ဆီရောက်သည်အထိ လောက်လိမ့်မည်။

ရထားလုံးသည် အလွန်လျင်မြန်စွာဖြင့် ခရီးဆက်သည်။ ကျွမ်းကျွမ်းသည် လမ်းတစ်လျှောက်တွင် အပြင်ကိုသာကြည့်နေရာ မြို့တော်၏ မျှော်စင်ဂိတ်တံခါးကို ချက်ချင်းတွေ့လိုက်ရသည်။

"မေမေ၊ မေမေ၊ အဲ့ဒါ မြို့တော်လားဟင်?"

ကျွမ်းကျွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် ရှောင်းကောအားဆွဲကာ အပြင်ကိုကြည့်စေလိုက်သည်။

ရှောင်းကော လိုက်ကာကို မကာ လှမ်းကြည့်လိုက်သည်။ သူမ ပထမဆုံးမြင်လိုက်ရသည်မှာ မြင့်မားကာ ခမ်းနားထည်ဝါလှသည့် မျှော်စင်ဂိတ်တံခါးတစ်ခုဖြစ်သည်။ မျှော်စင်ထဲတွင် လှံတွေ ဒိုင်းတွေကိုင်ထားသည့် စစ်သည် အတန်းတွေရှိ၏။ သူတို့သည် တင်းမာသည့်အမူအရာများဖြင့် ဖြတ်သွားဖြတ်လာ လူအုပ်ကိုကြည့်နေကြသည်။

မြို့တော်မျှော်စင်အောက်ဝင်ပေါက်တွင် နေရာပေါင်းစုံမှ လာရောက်သူများကို အပြုံးမျက်နှာဖြင့် ကြိုဆိုနေပုံရသည့် မျက်နှာကျက်အထိ ကျယ်ပြောစွာ ဖွင့်ထားသည့်တံခါးရှိ၏။ အဝင်ဝတွင် သံချပ်ကာဝတ် တပ်သားများ စောင့်ကြပ်နေသည်။ အပေါ်ထပ်မှ တပ်သားတွေလိုပင် သူတို့၏ အမူအရာဟာလည်း လေးလေးနက်နက်ရှိလှသည်။ လင်းယုန်လိုစူးရှသည့် မျက်လုံးများဖြင့် မြို့ထဲသို့ ဝင်လာကြသည့် လူများကိုကြည့်နေကြသည်။

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ တစ်ပြိုင်တည်း သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ မြို့တော်ဂိတ်‌တံခါးသည် ယခင်က သူတို့ဖြတ်သန်းခဲ့သည့် ခရိုင်ဂိတ်တံခါးများနှင့် အမှန်တကယ် ကွဲပြားလှသည်။ မြင်မြင်ချင်းမှာတင် ခမ်းနားကြီးကျယ်လှသည်။

ရှောင်းကောတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ မြို့အဝင်မျှော်စင်ဂိတ်တံခါးတောင် အထင်ကြီးစရာကောင်းနေပြီ။ အထဲမှာဆိုရင်လဲ ဘယ်လိုများဖြစ်နေမလဲ?

ရထားလုံးသည် ရှေ့သို့ဆက်သွားနေသည်။ မျှော်စင်သာ် အဝေးကကြည့်ရသည်ပင် ခမ်းနားထည်ဝါလှသည်။ အနားကပ်လာသည့်အခါ ပို၍ပင် အထင်ကြီးစရာကောင်းလှသည်။ ထိုအချိန်တွင် ရှောင်းကော မြို့တံခါးကို မော့ကြည့်လိုက်သည်။ အဆုံးမရှိဟု သူမ ခံစားရသည်။

"မေမေ၊ ဒါက မြို့တော်လား?"

ကျွမ်းကျွမ်းလည်း အလွန်စိတ်လှုပ်ရှားနေသည့်ပုံပင်။ မြို့တော်ပဲ! စာအုပ်တွေထဲက မြို့တော်!

"ဟုတ်တယ်။ မေမေတို့ ဒီဂိတ်တံခါးကနေ ဝင်လိုက်ရင် မြို့တော်ကိုရောက်ပြီ”

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ စကားပြောနေသည့်အချိန် ရထားလုံးက ရုတ်တရက်ရပ်သွားသည်။

အပြင်တွင် ဘာတွေဖြစ်နေလဲဆိုတာ သိချင်စိတ်ဖြင့် ရှောင်းကော ခေါင်းထွက်ကြည့်လိုက်သည် _'ဘာလို့ မြို့တံခါးမှာ ရပ်တာလဲ? စာရင်းသွင်းဖို့ လိုလို့လား? ဒါပေမယ့် အရှေ့က လူတိုင်း တန်းဝင်သွားကြတာမဟုတ်ဘူးလား?'_

ရှောင်းကော အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအခိုက်တွင်၊ ရထားလုံးအပြင်ဘက်ရှိလူသည် ရှောင်းကော နားမလည်ဖြစ်သွားသည်ကို ခံစားမိလိုက်သည့်ပုံပင်။ သူက ရထားလုံးနားကပ်ကာ ရှင်းပြလာသည်။

“ဂိတ်စောင့်တပ်သားတွေက ကျွန်တော်တို့ယာဉ်တန်းကရှည်တော့ ဘာလို့လဲဆိုတာမေးဖို့ တားလိုက်တာပါ။ ပြီးရင် မြို့ထဲဝင်လို့ရပါပြီ"

ရှောင်းကောလည်း ကွမ်ရှီး၏ စကားကိုကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။ အမှန်ပင်၊ ခေါင်းတလားတင်ထားသည့် ရထားလုံးနားတွင် တပ်သားများရှိနေသည်။ သူတို့အနေဖြင့် ဘာလဲဆိုတာ သေချာစစ်ဆေးကြည့်ရမည်ပင်။

ကွမ်ရှီး ပြောပြီးသည်နှင့် ရထားလုံးက စတင်ရွေ့လျားလာသည်။ ကျွမ်းကျွမ်းသည် ကန့်လန့်ကာကို မလိုက်ပြီး အပြင်ကိုလှမ်းကြည့်လိုက်သည်။ သူတို့သည် တပ်သားများကိုဖြတ်ကျော်ကာ မြို့တော်သို့ရောက်လာကြသည်။

ကျွမ်းကျွမ်း ကန့်လန့်ကာကို ကိုင်ထားရတာညောင်းနေမှန်း ရှောင်းကောမြင်တော့ သူမလွှဲယူလိုက်သည်။ ကျွမ်းကျွမ်း ရှောင်းကောအား ချိုချိုသာသာ ပြုံးပြပြီးနောက် ပြင်ပလောကတွင် နှစ်မြှုပ်နေပြန်သည်။

ရှောင်းကောသည် မြို့တော်သို့ ဝင်လိုက်တုန်းကတော့ သိပ်ပြီးမတွေးခဲ့မိပေ။ လမ်းတွေသည် အခြားခရိုင်များထက် ပိုကျယ်ကာ ပြန့်ပြူးသန့်ရှင်းနေပုံပေါ်ကြောင်း သူမသတိပြုမိလိုက်သည်။ အဲဒါကလွဲလို့ ကွာခြားမှုတွေ အများကြီးရှိလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။

သူမ မတတ်နိုင်ဘဲ အနည်းငယ် စိတ်ပျက်သွားမိသည်။ မဖြစ်နိုင်ဘူး။ ဒါကမြို့တော်လေ။

ကျွမ်းကျွမ်း အတွက်တော့ အခြားအတွေးမရှိပါချေ။ သူတို့ မြို့ထဲဝင်လာကတည်းက သူသည် တစ်စုံတစ်ယောက်ကို ရှာနေသကဲ့သို့ ပျော်ပျော်ရွှင့်ရွှင်ဖြင့် လှည့်ပတ်ကြည့်နေ၏။ သူ့စိတ်ထဲတွင် တွေးနေသည့်အရာများသည် ရှောင်းကော၏ အတွေးရထားနှင့် လုံးဝ ကွဲပြားသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ဘဲ လိုက်ကြည့်လိုက်ကြသည်။

ရထားလုံးသည် မြို့တော်ထဲသို့ ဆက်လက်ရွေ့လျားလာသည်နှင့်အမျှ လမ်းမပေါ်တွင် တဖြည်းဖြည်းစည်ကားလာသည်။ လမ်းဟာ ကျယ်သော်လည်း လူတွေကြပ်ပိတ်နေ၏။

ရှောင်းကောသည် အခြားခြားနားချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ တကယ်ကိုပင် မြို့တော်၌ လူတွေအများကြီးရှိသည်။

ဤအခိုက်တွင် ရထားလုံးအရှိန် နှေးသွားသည်ကို သူမ သိသိသာသာ ခံစားလိုက်ရသည်။ ကျွမ်းကျွမ်းကတော့ လူအုပ်ကြီးဆီကနေ ဆွဲဆောင်ခံနေရသည်။

နောက်ဆုံးတော့ ရထားလုံးသည် ထိုနေရာမှ ချောမွေ့စွာ ထွက်ခွာနိုင်ခဲ့သည်။ ရှေ့သို့ ဆက်သွားလာသည်နှင့်အမျှ လမ်းတစ်လျှောက်တွင် အဆောက်အအုံများ ပိုများလာသည်။

ပြန့်ပြူးသည့် လမ်းကြောင်းအတွက် ယာဉ်တန်းသည် အနောက်ဘက် ပရိဝုဏ်အတွင်းလမ်းမှ ဖြတ်သွားသည်။ ဤနေရာသည် လောင်းကစားဧရိယာဖြစ်သည်ကြောင့် နေ့ဘက်၌ လူနည်းကာ ညအချိန်တွင်သာ အသက်ဝင်လှုပ်ရှားလေ့ရှိသည်။

လမ်းတစ်လျှောက်တွင် ဆိုင်းဘုတ်တွေ အများကြီးရှိ၏။ လောင်းကစားဝိုင်းများနှင့် ပြည့်တန်ဆာအိမ်များအားလုံးကို ပိတ်ထားသည်။ နေ့ခင်းဘက်တွင် နေ့ခင်းဘက်တွင် ဤလမ်း၌ လူသိပ်မသွားပေ။

ရှောင်းကော အကြည့်ရုတ်လိုက်ကာ ဆိုင်းဘုတ်များကိုကြည့်နေသည့် ကျွမ်းကျွမ်းကိုငုံ့ကြည့်လိုက်သည်။ သူမ သူ့ကို အမြန်ဖက်လိုက်သည်။ ဒီကလေးက ဘယ်တုန်းက သူမနဲ့အတူ လိုက်ကြည့်နေတာလဲ?

"မေမေ၊ အဲ့ဒါက ဘာနေရာလဲဟင်?"

ကျွမ်းကျွမ်းမှာ ရှောင်းကော အဘယ်ကြောင့် သူ့ကိုရင်ခွင်ထဲ ဆွဲသွင်းလိုက်သလဲဆိုတာ နားမလည်ပေ။ သို့ပေမယ့် ဒီအချိန်မှာတော့ မူးယစ်ဖွယ်ရနံ့ဆောင် ဆိုသည့်နေရာဟာ ဘယ်လိုနေရာလဲဆိုတာကို သူသိချင်နေသည်။

“ဒါက သေရည်ဆိုင်”

ရှောင်းကောသည် တည်ငြိမ်သည့်အမူအရာဖြင့် ကျွမ်းကျွမ်းကို ကြည့်ကာ ခပ်တည်တည် ပြောလိုက်သည်။

ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်သည် _'သေရည်သောက်ရင် မူးမှာပဲ။ ဒီတော့ ဒါက သေရည်ရောင်းတဲ့ဆိုင်ပေါ့'_

"အဆုံးမရှိပျော်မြူးဖွယ်ရာမြိုင် ဆိုတာကရောဟင်?"

ကျွမ်းကျွမ်းသည် အပြင်ဘက်ရှိ အဖြူရောင်ဆိုင်းဘုတ်ချိတ်ထားသည့် တခြားဆိုင်သို့ လက်ညိုးထိုးပြလိုက်သည်။ ထိုအပေါ်တွင် အနက်ရောင်အစက်အနည်းငယ်ရှိ၏။ သူ ရှောင်းကောအား သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။

ရှောင်းကော တစ်ချက်ကြည့်ဟန်ဆောင်လိုက်ကာ သူ့ကိုဖြေပေးလိုက်သည်။ “အဲ့ဒါက လိမ်းဆေးတွေရောင်းတဲ့နေရာ။ နေမကောင်းဖြစ်ပြီး ပြန်သက်သာလာရင် ပျော်ရွှင်ရတယ်လေ"

ကျွမ်းကျွမ်းမှာ ဉာဏ်အလင်းရသွားသည့်ပုံပင်။ ရှောင်းကော စိတ်ထဲကနေ တောင်းပန်လိုက်သည်။

ထို့နောက် ကျွမ်းကျွမ်းမှာ သူမြင်သမျှဆိုင်းဘုတ်တွေကို မေးတော့သည်။ ရှောင်းကောမှာ ဇာတ်လမ်းမျိုးစုံကို ဖန်တီးခဲ့ရသည်။ သူမ မျက်နှာပေါ်တွင် အပြုံးတပ်ဆင်ထားသော်လည်း သူမရင်ထဲတွင်တော့ ရထားလုံးအမြန်သွားစေရန်သာ ဆန္ဒရှိနေသည်။

"မေမေ၊ ရူယန်မြိုင် ဆိုတာကရော ဘာလဲဟင်? အနီရောင် အမှုန့်ရိပ်သာကရောဟင်? ဆောင်ကြာမြိုင်ဆိုတာကရော....?"

“အဲ့ဒါတွေက… ထင်းရောင်းတာ၊ ရွှံ့နီရောင်းတာ၊ ကြက်တွေရောင်းတာ…”

ရှောင်းကောမျက်နှာပေါ်တွင် မျက်ရည်တွေ စီးကျလာမတတ်ပင် _'ရှေးခေတ်က လူတွေတော့လေ ဘယ်လိုတောင်ပြောင်ပြောင်တင်းတင်း နာမည်ကပ်ရဲရတာလဲ? ဆောင်ကြာမြိုင်တဲ့လား? အနည်းဆုံးတော့ တခြားနေရာတွေလို နာမည်ပေးသင့်တယ်လေ!'_

ဤသည်မှာ အမှန်ပင်မြို့တော်ဖြစ်သည်။ မြို့တော်မှလူတွေတွင် လိုအပ်ချက်တွေ အများကြီးရှိတာပင်။

All Chapters