အခန်း (၁၃၄)
Vol. 9 Ch. 134
အနီနှင့် အဝါရောင်တွေ၊ လက်နက်ကိုင် အစောင့်တွေ၊ မိန်းမစိုးတွေနှင့် နန်းတော်အစေခံတွေ။ ဤနေရာရှိ အသေးစိတ် အချက်အလက်တိုင်းသည် ဤသည်ဟာနန်းတော်ဖြစ်ကြောင်း ရှောင်းကောအား ပြောပြနေသည်။
"ဟင်?!"
ရှောင်းကော အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ 'နန်းတော်လား?'
" မေမေ? မေမေ?"
ရှောင်းကော ဘာဖြစ်နေမှန်း ကျွမ်းကျွမ်းမသိပေ။ 'သူမ ကန့်လန့်ကာကို မ လိုက်ရုံဘဲ မဟုတ်ဘူးလား? ဘာလို့ကြက်သေသေနေတာလဲ?'
ရထားလုံး အပြင်ဘက်ရှိ၊ ကွမ်ရှီးလည်း ရှောင်းကော၏ အာမေဋိတ်အသံတွေကို ကြားနေပုံရသည်။ အပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ်တွင် ပေါ်လာသည်။
ရှောင်းကော နှလုံးဟာ ပြင်းပြင်းထန်ထန်ကိုခုန်နေသည်။ သူမ၏ နားထဲတွင် နှလုံးခုန်သံတွေဖြင့် ပြည့်နှက်နေသည်—ကျွမ်းကျွမ်း ပြောတာကို သူမ လုံးဝမကြားပေ။
'ဘာဆက်လုပ်ရမှာလဲ? ဘာဖြစ်နေတာလဲ? ဘာလို့ သူမတို့တွေ နန်းတော်ထဲ ရောက်နေတာလဲ?' ဆိုတာတွေကိုသာ ရှောင်းကော တွေးနေနိုင်တော့သည်။
'ဘုရားရေ၊ သူမတော့ ပထမဆုံးနန်းတော်မှာနေရတဲ့သူဖြစ်တော့မှာပဲ!'
"မေမေ၊ မေမေ?"
ကျွမ်းကျွမ်း ရှောင်းကော၏ ပခုံးအားမှီကာ သူမအား အော်ခေါ်လိုက်သည်။
"သားလေး မေမေကြားတယ်"
ရှောင်းကောမှာ စိတ်နှင့်ကိုယ်မကပ်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ 'သူမတို့တွေ ဘာလို့ နန်းတော်ကို လာခဲ့တာလဲ? သူမပဲ ထင်ယောင်ထင်မှား ဖြစ်နေတာများလား? ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်နေလို့များလား? ဟုတ်တယ်၊ အခုခေတ်လို ခရီးသွားလေ့လာရတဲ့ နေရာတစ်ခုမို့လို့ဖြစ်မယ်!'
'မဖြစ်နိုင်ဘူး။ ဒါက ရှေးခေတ်လေ။ နန်းတော်ကပဲ ဒီလိုမျိုးဖြစ်နိုင်တာ!'
ရှောင်းကောသည် ကျွမ်းကျွမ်းအား ငြိမ်ငြိမ်လေးချလိုက်ကာ ကန့်လန့်ကာကို တိတ်တဆိတ်နှင့် သေးသေးလည်းမလိုက်သည်။ သူမ ပတ်ပတ်လည်ကို သေသေချာချာ ကြည့်လိုက်သည်။ 'သူမ သတိထားရမည်။ တီဗီထဲမှာဆို နန်းတော်က တားမြစ်နေရာမဟုတ်လား?'
ရထားလုံးသည် ကျောက်လမ်းပေါ်တွင် ဆက်သွားနေသည်။ မြင့်မားသည့်နံရံများသည် နေရောင်ခြည်ကို ပိတ်ဆို့ထား၏။ လမ်းတစ်လျှောက်တွင် ရထားလုံးအားမြင်သည့် နန်းတွင်းအစေခံများနှင့် မိန်းမစိုးများသည် ရထားလုံးတစ်ဖက်သို့ အရိုအသေပြုရန် အပြေးလာကြသည်။
'မဟုတ်ဘူး၊ ဒါက ရထားလုံးကြောင့်မဟုတ်တာ သေချာတယ်။ ကွမ်ရှီးကြောင့်ပဲ..'
_'ကွမ်ရှီးရဲ့ရာထူးက ဘာများလဲ? သူက တရားသူကြီးလျှိုအနားမှာ နေရတဲ့ နိမ့်ကျတဲ့ အမှုထမ်းတစ်ယောက်ပဲ မဟုတ်ဘူးလား?'_
"ကွမ်ရှီး"
ရှောင်းကောသည် အကျယ်ကြီး မပြောရဲပေ။ အသက်ရှုသံလေးဖြင့်သာ သူ့နာမည်ကိုခေါ်ရဲသည်။
ပထမတော့ ကွမ်ရှီးက သူနားကြားမှားတာဟု ထင်လိုက်သည်။ သို့သော် တစ်ချက်ကြည့်လိုက်တော့ ရထားလုံးပြတင်းပေါက်ကနေ လက်သေးသေးလေးထုတ်လာသည်။ သူ့အာရုံကို ဆွဲဆောင်ရန် ကြိုးစားနေသလိုမျိုး လျှင်မြန်စွာ လှုပ်ယမ်းနေသည်။
"ဘာဖြစ်လို့လဲ?"
ကွမ်ရှီး အရှိန်လျှော့ကာ ရထားလုံးနားတွင် လျှောက်လိုက်သည်။
"ဒါက နန်းတော်မဟုတ်ဘူးမလား?"
ကွမ်ရှီးသည် သူမ ကြားချင်သည့်အရာကို ပြောပြပေးလိမ့်မည်ဟု ရှောင်းကောမျှော်လင့်သည်။
ကွမ်ရှီး ခေါင်းခါလိုက်လိုက်တော့ ရှောင်းကော မျက်လုံးတွေ တောက်ပလာသည်။ သူမ မပြုံးရသေးခင်မှာဘဲ ကွမ်ရှီးက နောက်ထပ်တစ်ခွန်း ပြောလာတာကို သူမကြားလိုက်ရသည်။
"ဒါက နန်းတော်ပဲ"
ခေါင်းယမ်းပြီးနောက်၊ ကွမ်ရှီးသည် ရှောင်းကော၏ တစ်ခုတည်းသောမျှော်လင့်ချက်ကို ချိုးဖျက်ကာ ရက်စက်ကြမ်းကြုတ်သည့် အမှန်တရားကို ထုတ်ဖော်လိုက်သည်။
ရှောင်းကော ရထားလုံးထဲပြန်ဝင်ကာ ကျွမ်းကျွမ်းကို သူမ၏ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူမသည် ရထားလုံးထိပ်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေမိသည်။ 'ဘာတွေဖြစ်နေတာလဲ? သူမတို့တွေ တည်းခိုဖို့လိုက်ရှာရင်းနဲ့ အခုတော့ ဘုရင့်နန်းတော်ကို ရောက်လာကြပြီ။'
ထို့နောက် ရှောင်းကောသည် ရုတ်တရက် ခေါင်းပြူကာ ကွမ်ရှီးကို အနီးကပ်ကြည့်လိုက်သည်။ ရလဒ်အနေဖြင့် သူမရင်ခွင်ထဲရှိ ကျွမ်းကျွမ်းမှာ လှုပ်ယမ်းသွားတော့သည်။
"ကွမ်ရှီး၊ ကျွန်မတို့ကို ဘာလို့ နန်းတော်ဆီခေါ်လာတာလဲ?"
ကျန်းမိသားစုမှာ ဘယ်လိုကျောထောက်နောက်ခံမျိုး ရှိနေတာလို့ နန်းတော်ဆီ လာခွင့်ရတာလဲဟု သူမတွေးမိသည်။ သူမ အရမ်းကြောက်လန့်နေကာ ခြေထောက်နဲ့ဗိုက်တွေ အားနည်းသွားသလို ခံစားလိုက်ရသည်။ 'ဒါက ရယ်စရာမကောင်းဘူးနော်။'
ကွမ်ရှီး ရှောင်းကောကိုကြည့်ကာ သူမအား စိတ်ဝင်စားစရာကောင်းသည့် အပြုံးတစ်ပွင့်ပေးလိုက်သည်။ သူသည် စကားတစ်ခွန်းမှမပြောဘဲ ရှောင်းကောအား ကျောခိုင်းကာ ရှေ့သို့သာလျှောက်သွားလိုက်သည်။
"ဟေး ဟေး ကွမ်ရှီး!"
သူ သူမကို လျစ်လျူရှုလိုက်တာ မြင်တော့ ရှောင်းကောအနည်းငယ်စိုးရိမ်သလို ခံစားလိုက်ရသည်။ သို့သော် သူမ အသံမကျယ်ရဲပေ။ သူမ အသံတိုးတိုးဖြင့်သာ အော်ခေါ်မိသည်။
သို့ပေမယ့် ဒီလူ ကွမ်ရှီးက သူမ ခေါ်တာကိုကြားတာတောင် တကယ်ကြီး လျစ်လျူရှုလိုက်သည်။ 'သူက သူမကို သံသယတွေနဲ့ လန့်အောင်လုပ်နေတာပဲ!'
ရှောင်းကော ဘာမှမတတ်နိုင်တော့တာကိုမြင်တော့ ကန့်လန့်ကာကို လွှတ်လိုက်ကာ ထိုင်ခုံဆီ ပြန်သွားလိုက်သည်။
ကျွမ်းကျွမ်းမှာ ရှောင်းကော ဘာဖြစ်နေသလဲဆိုတာ မသိသည့်အတွက် သူ့မျက်လုံးဝိုင်းဝိုင်းတွေဖြင့် သူမကိုအပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။
_'နန်းတော်? နန်းတော်က ဘာလဲ?'_
ကျွမ်းကျွမ်းသည် ရှောင်းကောကို ကြည့်ကာ သူမကို မနှောင့်ယှက်ပေ။ ယခုအချိန်တွင် ရှောင်းကောသည် သူမ၏ ကိုယ်ပိုင်အတွေးထဲတွင် နစ်မြောနေသည်။ ကျွမ်းကျွမ်းလည်း သူမရင်ခွင်ထဲတွင် နာခံစွာဖြင့် ထိုင်နေလိုက်သည်။
ရထားလုံးက ရှေ့ကိုဆက်သွားနေသည်။ ယခုအချိန်တွင် ရှောင်းကောသည် စက္ကန့်တိုင်းအား တစ်နှစ်ကဲ့သို့ ခံစားနေရသည်။ သူမ မထိုင်နိုင်တော့ပေ။ သူမ၏ တင်ပါးအောက်တွင် ဆူးများရှိနေသလို ခံစားရသည်။ သူမ ကန့်လန့်ကာကို ရုတ်လိုက်ကာ အပြင်ကိုကြည့်လိုက်သည်။
နန်းတော်သည် သူမထင်ထားသည်ထက် ပိုကျယ်သည်။ နန်းတော်၏ အကျယ်သည် မက်မွန်ပွင့်ရွာသုံးရွာစာလောက်ရှိသည်ဟု သူမခန့်မှန်းမိသည်။
ရှောင်းကော၏ မျှော်လင့်စောင့်စားနေမှုအောက်တွင် ရထားလုံးသည် နောက်ဆုံးတော့ ရပ်သွားတော့သည်။
ရှောင်းကော မလှုပ်ရဲ့ပေမယ့် အပြင်မှာ လှုပ်လှုပ်ရှားရှားဖြစ်နေတာကို နားစွင့်နေမိသည်။ တစ်ချိန်တည်းမှာပင်၊ သူမသည် ကျွမ်းကျွမ်းအား တိတ်တိတ်လေးနေရန် သတိပေးဖို့လည်း မမေ့ပေ။ သူ့အနေဖြင့် မနက်ဖြန်အထိ စကားပြောခွင့်မရှိပေ။
ကျွမ်းကျွမ်းက သူနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့နှုတ်ခမ်းကို တင်းတင်းပိတ်ကာ ရှောင်းကောကို ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းကောသည် ရထားလုံးပေါ်မှ နားကိုစွင့်ကာ အပြင်မှအသံများကို ငြိမ်သက်စွာ နားထောင်နေသည်။
"စစ်သူကြီးကွမ် အဆင်ပြေရဲ့လား?"
မိန်းမဆန်ဆန်အသံတစ်ခုက စကားပြောလာသည်။
"မိန်းမစိုးစု၊ စောင့်နေရစေမိလို့ တောင်းပန်ပါတယ်"
ကွမ်ရှီး၏ အသံကို ထပ်ကြားလိုက်ရသည်။
ရှောင်းကောသည် ရထားလုံးအားမှီကာ အပြင်မှ အသံများကို သေချာနားထောင်နေ၏။ 'စစ်သူကြီး ကွမ်? ဒါဆို ကွမ်ရှီးက တော်ဝင်အစောင့်တစ်ယောက်ဖြစ်တဲ့ အဆင့်နိမ့်ကိုယ်ရံတော် မဟုတ်ဘူးလား? ဒါပေမဲ့ ဒီလိုအသေးအဖွဲကိစ္စတွေမှာ ဧကရာဇ်ကိုယ်ရံတော်က ဘာလို့ပါနေရတာလဲ?'
"မင်းကို ဒီမှာစောင့်နေဖို့ ငါ့ကိုအမိန့်ပေးထားလို့ပါ။ သူ အထဲမှာလား?"
မိန်းမစိုးစု၏ အသံသည် ရထားလုံးနားသို့ နီးကပ်လာသည်။
ရှောင်းကော အမြန်မတ်မတ်ထိုင်လိုက်ကာ တည်ငြိမ်ဟန်ဆောင်လိုက်သည်။
ခဏအကြာ၊ အပြင်ဘက်မှနေ ကွမ်ရှီး၏ အသံနှင့်အတူ ရထားလုံးအား အပြင်ဘက်မှ ခေါက်လာကာ ရှောင်းကောအား ရထားလုံးထဲမှ ထွက်လာရန် အချက်ပြလိုက်သည်။
ရှောင်းကော ကျွမ်းကျွမ်းနားထဲသို့ ခပ်တိုးတိုးလေးပြောလိုက်သည်။ “ဘာမှ မပြောနဲ့နော်။ မနက်ဖြန်အတွက် အောင့်ထားအုံး"
ကျွမ်းကျွမ်း သူမ၏ညွှန်ကြားချက်များကို နားလည်ကြောင်း သေချာသွားမှ ရှောင်းကော ကျွမ်းကျွမ်းအားချီကာ ရထားလုံးထဲမှ ထွက်လာလိုက်သည်။
ရှောင်းကော စိတ်ကူးထားသလောက်လဲ ကြောက်စရာမကောင်းပါချေ။ အပြင်၌ လူသိပ်မရှိပေ။ မိန်းမစိုး၊ ကွမ်ရှီး၊ အစောင့်အနည်းငယ်ကလွဲကာ တခြားဘယ်သူမှရှိမနေပေ။ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။
ရှောင်းကော ပတ်ပတ်လည်ကို တစ်ချက်ကြည့်ကာ ခေါင်းငုံ့လိုက်သည်။ ဘာဖြစ်နေမှန်း သူမ မသိရသေးပေ။ သူမ သတိထားရမည်။
"ဒါက မိန်းကလေးချင်း ဖြစ်ရမယ်"
မေးလိုက်တာဖြစ်သော်လည်း ခိုင်မာသည့်လေသံဖြင့် ပြောလိုက်တာဖြစ်သည်။ မိန်းမစိုးစုသည် သူမအား အကဲခတ်လိုက်ကာ သူမြင်လိုက်ရသည်ကို ကျေနပ်နေပုံရသည်။ သူမ၏ လိမ္မာပါးနပ်မှုကို သူ အလွန်ကျေနပ်နေ၏။ ရထားလုံးထဲမှထွက်လာသည့်အချိန် ပတ်ဝန်းကျင်ကို လိုက်ပတ်ကြည့်မနေပေ။ ယင်းအစား နာနာခံခံဖြင့် ခေါင်းငုံ့ထားသည်။ သူမ၏ အပြုအမူကြောင့် သူအလွန်သဘောကျသွားသည်။
“ဟုတ်ကဲ့"
ရှောင်းကော ကွမ်ရှီးအား တစ်ချက်ကြည့်လိုက်ကာ သူမသည် မိန်းကလေးချင်းဖြစ်ကြောင်း အတည်ပြုခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်တွင်၊ မိန်းမစိုးစုသည် သူမရင်ခွင်ထဲရှိ ခေါင်းမည်းမည်းလေးကို သတိပြုမိလိုက်သည်။ သူက အံ့ဩတကြီးဖြင့် အသံပြုလာသည်။ “ဒါက?”
ရှောင်းကော သူ့အသံကြောင့် လန့်ဖျပ်သွားကာ အမြန်ပြန်ဖြေလိုက်သည်။ "ဒါက ကျွန်မရဲ့သား ကျန်းချင်းဝမ်ပါ"
ကျွမ်းကျွမ်း သူ့နာမည်ကိုကြားသည့်အခါ ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းပြန်ငုံ့ကာ ရှောင်းကော၏ ရင်ခွင်ထဲ ပြန်တိုးဝင်လိုက်သည်။ သူက ရှောင်းကောရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာကာ လိုက်လည်းကြည့်မနေသလို ဘာမှလည်းမပြောပေ။
မိန်းမစိုးစုသည် ကျွမ်းကျွမ်း၏ ချစ်စဖွယ်အသွင်အပြင်ကြောင့် သိသိသာသာကို သဘောကျသွားတော့သည်။ ဒီလို ရင်းနှီးနေတဲ့မျက်နှာကို ကြည့်ပြီး သူကပြောလိုက်သည်။ “တူလိုက်တာ! တူလိုက်တာ!"
ရှောင်းကောမှာ သူ့မှတ်ချက်ကြောင့် နားမလည်ဖြစ်သွားသည်။ 'သူ ဘာကိုပြောတာလဲ?'
ဒါကိုကြားတော့ ကွမ်ရှီး ချောင်းဟန့်လိုက်သည်။ မိန်းမစိုးစုမှာ သတိပြန်ဝင်လာကာ သူ မပြောသင့်တာကို ပြောမိလုနီးပါးဖြစ်သွားကြောင်း သိလိုက်ရသည်။ သူ့ပါးစပ်ကို အမြန်ပုတ်လိုက်ကာ ပြောလိုက်သည်။ “ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။ ခရီးထွက်လာရတော့ ဗိုက်ဆာနေတော့မယ်။ ထမင်းစားချိန်ရောက်ပြီလေ"
ရှောင်းကော မိန်းမောစွာဖြင့် အိမ်ထဲဝင်သွားလိုက်သည်။ ထို့နောက် သူမသည် အလွန်ကျယ်ဝန်းကာ ခမ်းနားထည်ဝါသည့် အခန်းတစ်ခုတွင်ထိုင်ကာ နန်းတော်မှ အစေခံများက ပန်းကန်များ တူများကို စားပွဲပေါ် ခင်းကျင်းလာတာကို ကြည့်နေမိသည်။ စားပွဲပေါ်တွင် အစားအသောက် အစုံအလင်ရှိနေသည်။ သက်သတ်လွတ်နှင့် အသားဟင်းများ ရှိသည်။ အသားတချို့သည် ကုန်းတွင်းပိုင်းတွင် နေထိုင်သည့် တိရစ္ဆာန်များမှဖြစ်ကာ အချို့မှာ ပင်လယ်၌နေထိုင်သည့် တိရစ္ဆာန်တွေဖြစ်သည်။
ရှောင်းကော အံ့သြသွားသည်။ ' သူမ ဒါကထောင်ချောက်တစ်ခုလို့ ဘာကြောင့်များ ခံစားနေရတာပါလိမ့်?'
ကျွမ်းကျွမ်းလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ ဘာတွေဖြစ်နေတာလဲ? သူ ရှောင်းကောကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲ အဖြေကိုတောင်းခံနေသလိုပင်။
ရှောင်းကောလည်း သူ့ကိုငုံ့ကြည့်ကာ မျက်လုံးချင်းဆုံ၍ သူမလည်း မသိကြောင်းပြနေသည့်အကြည့်တစ်ချက်ပေးလိုက်သည်။
သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားမလည်စွာဖြင့် စိုက်ကြည့်နေမျကြသည်။ သို့ပေမယ့် ဒီလိုပြင်းထန်သည့်အခြေအနေကို အတူလက်တွဲရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
အရင်စားမယ်၊ နောက်မှပြောကြတာပေါ့။