အခန်း (၁၄၄)
Vol. 10 Ch. 144
“ကိုယ့်ကို ပေး”
ကျန်းတန်းဟယ်သည် ကျန်းကျန်း၏ လက်အတွင်းမှ အိတ်အသေးကို လက်တစ်ဖက်နှင့် ယူလိုက်သလို ရှောင်းကော၏ အိတ်များကိုလဲ ယူလိုက်သည်။ ထို့နောက်တွင် အနောက်ကိုလှည့်ကာ ဘိုးဘေး ခန်းမအတွင်းသို့ ဝင်သွားခဲ့သည်။
အနောက်တွင် ကျန်ခဲ့တာဆိုလို့ ကျန်းတန်းဟယ်၏ အေးစက်ပြီး အားပြင်းသော ကျောဘက်မြင်ကွင်းသာ။
ရှောင်းကောနှင့် ကျွမ်းကျွမ်းသည် တိတ်ဆိတ်စွာ အချင်းချင်း ကြည့်လိုက်ကြသည်။
????
“ဝင်ကြမယ်”
ရှောင်းကောသည် ရယ်ချင်စိတ်ကို ထိန်းလိုက်ရင်း ကျောင်းကျောင်း၏ အနောက်မှ ခန်းမအတွင်းသို့ ဝင်လိုက်သည်။
သူမ မနေ့က ထွက်မသွားခင်ကတည်းက ရှောင်းကောသည် ပူဆွေးခြင်းဝတ်စုံရယ်၊ အမွှေးတိုင်တွေရယ်ကို ကြိုတင်ပြီး ခန်းမအတွင်း ထားထားပြီးပြီ ဖြစ်သည်။ သို့မှသာ သူမ အရှေ့နှင့် အနောက် အကြိမ်ကြိမ် သွားနေစရာ မလိုမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်တည်းက ခန်းမကို စောင့်ကြည့်ပေးနေကြသော အစောင့်များ ရှိသည်။ အကယ်၍ ဒီနေရာကို မည်သူမှ မစောင့်ကြပ်ပေးနေရင်တောင် ဘယ်သူကမှ အမွှေးတိုင်တို့ ပူဆွေးခြင်း ဝတ်စုံတို့ကို ခိုးယူလိမ့်မည်လဲ မဟုတ်ပေ။
“ ကျွမ်းကျွမ်း ခေါင်းမော့ထား”
ရှောင်းကောသည် ကျွမ်းကျွမ်းကို ကူညီပြီး မဝတ်ပေးခင် သူမ၏ ကြိုးကို အရင် စည်းလိုက်သည်။
ကျွမ်းကျွမ်း ခေါင်းမော့လိုက်သည့် အတွက် ကျွမ်းကျွမ်း၏ လည်ပင်းအောက်မှ ကြိုးကို ရှောင်းကော စည်းလို့ရသွားသည်။
“ မေမေ သားတို့ ဒီညနေကျရင် အိမ်ပြန်မှာလား?”
ရှောင်းကော ပြောခဲ့သည့်စကားကို ကျွမ်းကျွမ်း မှတ်မိနေသည်။ အဖိုးအဖွားများ၏ မြုပ်နှံမှု ပြီးသွားတာနှင့် သူမတို့သည် အိမ်ကို တိုက်ရိုက် ပြန်ကြမှာ ဖြစ်သည်။ သို့ပေမဲ့ ကျွမ်းကျွမ်း အခုချိန်ထိ သူ၏ သူငယ်ချင်း ရှောင်ယိကို မနှုတ်ဆက်ရသေးချေ။ သူ၏ သူငယ်ချင်းသည် နန်းတွင်း၌ သူ့ကို စောင့်နေဆဲ ဖြစ်သည်။
“ ဒီနေ့ မဟုတ်ဘူး ရက်အနည်းငယ် လောက်နေပြီးမှ ပြန်ကြမယ်”
ရှောင်းကော မပြောရသေးခင် ပူဆွေးခြင်း ဝတ်စုံကို ဝတ်ပြီးပြီဖြစ်သော ကျန်းတန်းဟယ်က ဝင်ပြောလိုက်သည်။ ယခုအချိန်တွင် သူ ကျွမ်းကျွမ်းကို အနည်းငယ် မနာလိုမိသည်။ ဘယ်အချိန်မှများ ရှောင်းကောသည် သူ အဝတ်ဝတ်တာကို ကူညီပေးမလဲဆိုတာ သူ သိချင်မိသည်။
ကျန်းတန်းဟယ် ထို့သို့ပြောရခြင်းမှာ အကြောင်းအရင်း ရှိပါသည်။ ဘယ်လိုပဲ ဖြစ်စေ ရှောက်ကျန့်သည် ရှောင်းကောနှင့် ကျွမ်းကျွမ်းကို သွားခွင့်ပြုမည် မဟုတ်ချေ။ ရှောက်ကျန့်သည် သူ၏ ပန်းတိုင်ကို အခုထိ မရသေးပေ။ အဘယ့်ကြောင့် ရှောင်းကောနှင့် ကျွမ်းကျွမ်းကို သွားခွင့်ပြုမည်နည်း? တရားသူကြီးလျို ရောက်လာကတည်းက အနောက်ကနေ တော်ဝင် သက်တော်စောင့် ကျစ်ရှီးက အနီးကပ် လိုက်ပါနေတာကို ကြည့်တာနှင့် သိနိုင်သည်။
တစ်ဖက်က ပြောရမည်ဆိုလျှင် သူကိုယ်တိုင်လဲ ရှောင်းကောတို့ကို မသွားစေချင်သေးပေ။ ကျန်းတန်းဟယ်သည် အခုချိန်အထိ ရှောင်းကောနှင့် အခြေအနေ တိုးတက်အောင် မလုပ်နိုင်သေးသလို ကျွမ်းကျွမ်းနှင့် စကားပြောပြီး သူတို့၏ ဆက်ဆံရေးကို ပိုကောင်းအောင်လဲ လုပ်ချိန်လည်းမရသေးပေ။ အကြံအသစ်တွေ မလုပ်နိုင်ခင်မှာ သူမတို့ကို ဒီမှာ ရက်တစ်ချို့ နေအောင် လုပ်နိုင်ဖို့ လိုအပ်သည်။
ရှောင်းကော မျက်မှောင် ကြုတ်သွားခဲ့သည်။ သူမလဲ ကျစ်ရှီးကို မြင်မိပြီး ကျစ်ရှီးသည် ဘုရင်၏ ယုံကြည်ရသော ကိုယ်ရံတော်တွေထဲက တစ်ယောက်ဆိုတာ သိသည်။ ကျစ်ရှီး အဘယ်ကြောင့် ဒီနေရာ ရောက်နေလဲ သိသာသည်။ ဘာအကြောင်းကြောင့်ဖြစ်စေ သူမတို့ ဒီနေ့ သွားလို့ရမည် မဟုတ်ပေ။
ဒါလဲ အဆင်ပြေပါသည်။ ဒီအခွင့်အရေးကို ယူပြီး သူမ၏ သူငယ်ချင်းများအတွက် လက်ဆောင်များ ဝယ်ယူလို့ရသည်။ ကျန်းတန်းဟယ်နှင့် ကျွမ်းကျွမ်းကို ရက် တစ်ချို့အတွက် အချိန်ပိုဖြုန်းခိုင်းလို့လဲ ရသည်။
သူမနှင့် ကျန်းတန်းဟယ်၏ ဆက်ဆံရေး အတွက်ကတော့ သူမ နောက်မှသာ စဥ်းစားတော့မည်။ ကျန်းတန်းဟယ်နှင့် ကျွမ်းကျွမ်းကို ပိုပြီး သိကျွမ်းလာစေတာဖို့က အရေးကြီးသည်။ ဒါက ကျွမ်းကျွမ်းအတွက် အဖေဖြစ်သူနှင့် ဆက်နွယ်နိုင်ရန်အတွက် အခွင့်အရေးကောင်း တစ်ခုပဲလေ။
ရှောင်းကောအတွက် ကန့်ကွက်စရာ မရှိချေ။ သူမသည် ကျွမ်းကျွမ်းကို ပြောလိုက်သည်။ “ ဟုတ်တယ် ပြန်ဖို့ကိစ္စကို မေမေတို့ ရက်နည်းနည်းနေပြီးမှ ပြောကြမယ်”
ကျွမ်းကျွမ်းတစ်ယောက် ထိုစကားကို ကြားပြီး ပျော်သွားခဲ့သည်။ “ ဒါကောင်းတယ်!”
ကျန်းတန်းဟယ်သည် အမှတ်တရ ကမ္ပည်းတိုင် အရှေ့တွင် အမွှေးတိုင် နှစ်ချောင်းဆီ ထွန်းညှိလိုက်သည်။
မင်္ဂလာရှိသော အချိန်ကို ရောက်လာပြီ ဖြစ်ကြောင်း အပြင်ဘက်မှ ကြေညာသံကို ကြားလိုက်ရ၏။ မြုပ်နှံဖို့ အချိန်ကျပြီပင်။
ကျန်းတန်းဟယ်သည် မနေ့ညက လူတစ်ယောက်ကို မှာကာ နေရာတစ်ခုကို စီစဥ်ထားပြီး မင်္ဂလာရှိသော အချိန်အတွင်း မြုပ်နှံခြင်းကို ဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်ပြီး ကျွင်းကို တူးခိုင်းထားသည်။
ကျန်းတန်းဟယ်သည် ရှောင်းကော အရှေ့တွင် ရပ်လိုက်ပြီး သူမတို့နောက်က ကျွမ်းကျွမ်းက လိုက်ပါလာသည်။
ခေါင်းတလားကို မြေကြီးတွင်းအတွင် ချပြီးချိန်တွင် ကျန်းတန်းဟယ်မှ ဦးဆောင်ပြီး ရှောင်းကောနှင့် ကျွမ်းကျွမ်းနှင့် အတူ ခေါင်းတလားကို မြေဖို့ရန် ဆောင်ရွက်ကြသည်။ တစ်ယောက်ချင်းစီသည် လက်ဝါးအပြည့် မြေကြီး ဆုပ် ယူကာ ကျွင်းအတွင်း ပစ်လိုက်သည်။
ကျန်းတန်းဟယ်နှင့် ရှောင်းကောတို့ ဆောင်ရွက်အပြီးတွင် ကျန်သော သူများက လိုအပ်သည်အထိ မြေကို ဖို့လိုက်သည်။ မြုပ်နှံမှု ပြီးဆုံးပြီးနောက်တွင် ကျန်းတန်းဟယ်သည် တစ်ခြားသော အုတ်ဂူများတွင် အမွှေးတိုင်များ လိုက်လံ ထွန်းလိုက်သည်။ ရှောင်းကောသည် ကျွမ်းကျွမ်းကိုပါ အတူလိုက်သွားခိုင်းလိုက်သည်။
ရှောင်းကောသည် အနောက်လှည့်ပြီး ခန်းမ အတွင်း ပြန်ဝင်သွားခဲ့သည်။ ခန်းမအတွင်း၌ ယောက္ခမ နှစ်ဦးအတွက် ကမ္ပည်းတိုင်ကို ထားလိုက်ပြီး အမွှေးတိုင်နှစ်ခုဆီ ထပ်မံ ထွန်းပေးလိုက်သည်။
သူမ အပြင်ကို ထွက်လာတဲ့အခါမှာ တရားသူကြီးလျိုက သူမကို စောင့်နေခဲ့သည်။ တရားသူကြီးလျိုသည် သူမကို တွေ့တာနှင့် သူမဆီကို ချက်ချင်း လျှောက်လာခဲ့ပြီး ရှောင်းကော၏ အနောက်ကို ကြည့်လိုက်လေသည်။
တရားသူကြီးလျို ဘယ်သူ့ကို ရှာနေလဲ ရှောင်းကော သိသည်။ ကံမကောင်းစွာနှင့် ထိုသူသည် အနားမှာ မရှိနေပေ။ ရှောင်းကော တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကျန်းတန်းဟယ်က မြုပ်နှံတဲ့နေရာမှာ”
ထိုစကားကို တရားသူကြီး လျို ကြားသည့် အခါမှာ သူအနည်းငယ် ရှက်သွားခဲ့သည်။ 'သူ့ အပြုအမူက အရမ်း သိသာ သွားတာလား?'
“ အဟမ်း.. ဟားဟားဟား”
“ တစ်ကယ်တော့ ဒီလိုဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ မပြန်ခင် ရက်အနည်းငယ် ဒီမှာ နားရမယ်။ မိန်းကလေးချင်း အဆင်ပြေရဲ့လား?”
ရှောင်းကော မျှော်လင့်ထားပြီးသားကိစ္စမလို့ သူမ၏ သဘောတူညီမှုကို ပြရန် ခေါင်းသာ ညိတ်ပြလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ”
တရားသူကြီးလျိုသည် ကျန်းတန်းဟယ် ထွက်မလာမချင်း အချိန်ဖြုန်းနေခဲ့သည်။ သူ့မှာ ပြောစရာစကားတွေ အများကြီး ကျန်သေးသည်။ အပြင်လူတွေ သုဿာန်အတွင်း ဝင်ရောက်ခြင်းက မသင့်တော်သည့် အတွက်ကြောင့်သာ မဟုတ်ရင် သူ အထဲသို့ လိုက်ဝင်ပြီးနေပြီ ဖြစ်သည်။
စကား အရှည်ကြီး ပြောပြီးသွားတဲ့နောက်မှာ ရှောင်းကော တရားသူကြီးလျိုကို စကားဖြတ်မှ ရတော့မည်။
“ ကျွန်မ သင်္ချိုင်းစက္ကူတွေ အရင် သွားယူလိုက်အုံးမယ်”
ရှောင်းကော အပြင်သို့ ထွက်လာခြင်းသည် အမှတ်တရ ကမ္ပည်းတိုင် ထားပြီးနောက်မှာ သင်္ချိုင်းစက္ကူတွေ ယူရန် ဖြစ်သည်။ သူမ ထွက်လာပြီးတာနှင့် တရားသူကြီးလျို ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်လို့ ဘယ်သူက တွေးခဲ့မိမှာလဲ?
“ဒါပေါ့ သွားပါ သွားပါ”
တရားသူကြီးလျိုသည် အနေခက်စွာ ပြုံးလိုက်သည်။
“ဒါက ဆင်ခြေများလား?”
ရှောင်းကောသည် တရားသူကြီးလျိုကို နှုတ်ဆက်ပြီး အမွှေးစာရွက်များကို အတွင်းသို့ ယူသွားလိုက်သည်။ ကျန်းတန်းဟယ်နှင့် ကျွမ်းကျွမ်းသည်လဲ အမွှေးတိုင်များ လိုက်ထွန်း ပြီးသွားတဲ့အတွက် မြုပ်နှံနေရာကို ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ အနားတွင် မည်သူမှ မရှိတော့ပေ။ ခေါင်းတလားကို မြုပ်နှံပေးသွားသော သူများသည်လဲ ထွက်သွားခဲ့ပြီ ဖြစ်သည်။ သုဿာန်အတွင်းတွင် သူမတို့ သုံးယောက်သာ ကျန်နေခဲ့သည်။
ကျွမ်းကျွမ်းနှင့် ကျန်းတန်းဟယ်သည် အုတ်ဂူ အရှေ့တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေကြသည်။ အတိအကျ ပြောရလျှင် သူတို့ နှစ်ယောက်လုံးသည် စကားပြောဖို့ ရှက်နေကြတာ ဖြစ်သည်။
သူတို့ နှစ်ယောက်သည် မကြာမကြာ အချင်းချင်း ကြည့်ကြလိမ့်မည်။ အကြည့်ချင်းသာ ဖလှယ်ကျပြီး အချင်းချင်း စကား မပြောကြပေ။
ရှောင်းကော ရောက်လာသည့် အချိန်မှာမှ သူတို့နှစ်ယောက်ကြားရှိ ထူးဆန်းနေတဲ့ လေထုသည် အနည်းငယ် နွေးထွေးသွားခဲ့သည်။
ကျန်းတန်းဟယ် ထံတွင်လည်း မီးတိုင်တစ်ခု ရှိသည်။ ရှောင်းကောသည် ကျန်းတန်းဟယ်ကို သင်္ချိုင်းစက္ကူ တစ်ဝက်ကို ကမ်းပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူမနှင့် ကျွမ်းကျွမ်းအတွက် ချန်ထားလိုက်သည်။
ရှောင်းကောသည် သင်္ချိုင်းစက္ကူကို အရင် မီးညှိလိုက်သည်။ သင်္ချိုင်းစက္ကူတွေနှင့် ပူဆွေးခြင်း အဝတ်ကို သူမ မီးရှို့ပြီးနောက်မှာ ကျွမ်းကျွမ်းကို ခေါ်ကာ သူမ ထွက်လာလိုက်သည်။ ကျန်းတန်းဟယ်သည် အုတ်ဂူအရှေ့တွင် ရပ်နေတာကို ကြည့်ရလျှင် သူ့ထံတွင် မိဘနှစ်ပါးကို ပြောစရာစကားများ ရှိနေသေးကြောင်း သူမသိသည်။ ကျန်းတန်းဟယ် လုပ်စရာရှိသည့် ကိစ္စကို လုပ်နိုင်ရန်အတွက် သူမတို့ အရင်ထွက်သွားပေးလိုက်တာ အကောင်းဆုံးဖြစ်မည်။
ကျန်းတန်းဟယ်သည် နေရာတင် ရပ်နေခဲ့သည်။ လတ်ဆတ်သော မြေဆီလွှာတွေနှင့် မြုပ်နှံထားသော အုတ်ဂူကို ကြည့်နေရင်း ကျန်းတန်းဟယ်၏ စိတ်ထဲတွင် ခံစားချက်တွေ ရှုတ်ထွေး ရောပြွန်းနေသည်။
ကျွမ်းကျွမ်းနှင့် ရှောင်းကောတို့ ထွက်သွားပြီး တဲ့နောက်မှာ သူ ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားသည်။ ထိန်းထားသော မျက်ရည်များသည် ကျန်းတန်းဟယ်၏ မျက်လုံးအတွင်းမှ အဆက်မပြတ် စီးဆင်းလာခဲ့သည်။
ယောက်ျားတွေသည် ပြင်းထန်စွာ ပူဆွေး နေချိန်မှာ ငိုကြွေးနိုင်ရုံသာ တတ်နိုင်တော့သည်။
“ဖေဖေ… မေမေ..”
ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် အတူ အပြင်ကို ရောက်လာသော အခါမှာ ရထားလုံးတွေနှင့် အစောင့်တွေ အကုန် ထွက်သွားခဲ့ပြီး ကျစ်ရှီးနှင့် လီရှို့ကျီသာ ကျန်ခဲ့တာကို တွေ့လိုက်ရသည်။
“ မရီး”
ရှောင်းကောနှင့် ကျွမ်းကျွမ်း ထွက်လာတာကို မြင်တော့ လီရှို့ကျီက ရှေ့ထွက်လာပြီး ရှောင်းကောကို ဘေးသို့ ခေါ်လိုက်သည်။ သူ ကျစ်ရှီးကို ကျောပေးလိုက်ပြီး ပြောလိုက်သည်။
“ မရီး ကျစ်ရှီးက မရီးနဲ့ ကျွမ်းကျွမ်းကို နန်းတွင်းထဲ ခေါ်သွားမလို့ပါ။ ဘုရင်က မရီးနဲ့ စကားပြောချင်နေလောက်တယ်။ မရီး..”
လီရှို့ကျီသည် ရှောင်းကောကို ကြင်နာစွာ သတိပေးလိုက်သည်။
သူ၏ ဆိုလိုရင်းကို သဘောပေါက်တာမို့ ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။
“ စိတ်မပူပါနဲ့ ဘာလုပ်ရမလဲ ကျွန်မ သိပါတယ်”
“ ကျေးဇူးပြုပြီး သွားကြရအောင်”
ရှောင်းကော ပြောလို့ ပြီးသွားတာနှင့် ကျစ်ရှီး၏ အသံကို အနောက်ကနေ ကြားလိုက်ရသည်။
ရှောင်းကောသည် ကျွမ်းကျွမ်းကို ခေါ်ကာ ရထားလုံးအတွင်းသို့ ဝင်လိုက်သည်။ လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းသည် ရှောင်းကောဘေး၌ တိတ်ဆိတ်စွာ လိုက်ပါ လာခဲ့သည်။
သူမတို့ နန်းတော်သို့ ရောက်သည့်အခါမှာ အရင်ကအတိုင်းပင် သူမတို့ကို ကြိုဖို့ မိန်းမစိုးစုက ထွက်စောင့်နေခဲ့သည်။ ကျွမ်းကျွမ်း ရထားလုံးအတွင်းမှ ထွက်လိုက်တာနှင့် ရှောင်ယိနှင့် ကစားဖို့ရန် အတွက် ကျီရှားက ခေါ်ဆောင်သွားခဲ့သည်။
ရှောင်းကောသည် မိန်းမစိုးစု၏ အနောက်မှ နန်းတော်၏ စာဖတ်ဆောင် အတွင်းသို့ လိုက်ဝင်သွားလိုက်သည်။ နန်းတော်ကို အစောင့်အများကြီးဖြင့် တင်းကျပ်စွာ စောင့်ကြပ်ထားသည်။ လှေကားထစ်များကို စတင်တက်လိုက်တာနှင့် ရှောင်းကော၏ နှလုံးသားသည် ထိန်းသိမ်းလို့မရစွာ ခုန်ပေါက် လာခဲ့သည်။ ဒီမြင်ကွင်းက အရမ်းလွှမ်းမိုးနိုင်တာပဲ။
သူမ အသက်ရှု ခဏရပ်လို့ရလျှင် ကောင်းမှာပဲဟု ရှောင်းကော ဆုတောင်းနေခဲ့သည်။ မိန်းမစိုးစုသည် အရင် ကြေညာချက် ပြောလိုက်ပြီး အထဲက ဝင်ခွင့်ပေးသော အခါမှသာ ရှောင်းကောကို ဝင်ခွင့်ပြုလိုက်သည်။
အရှေ့ တံခါးမှဝင်ပြီး တံခါးဘောင်ကို ကျော်လိုက်တာနှင့် ရှောင်းကော အရင်ဆုံး ရလိုက်တာက မှင်ဆေးရည် အနံ့ဖြစ်သည်။
ရှောင်းကောသည် ခေါင်းငုံ့ထားရင် ပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ နေရာတိုင်းမှာ စာအုပ်စင်များ ရှိနေပြီး စာအုပ်တွေ အပြည့် ဖြစ်သည်။ စာအုပ်တွေကိုသာ ကျွမ်းကျွမ်း မြင်လိုက်လျှင် သူ သေချာပေါက် ရူးသွားလိမ့်မည်။ ကျွမ်းကျွမ်း တွေ့လို့ကတော့ ဒီနေရာကို သေလောက်အောင် ကြိုက်သွားမှာပဲ။
ရှောင်းကောသည် အခန်း၏ အလယ်သို့ လျှောက်သွားလိုက်သည်။ သူမ၏ အရှေ့တွင် စားပွဲခုံတစ်ခုရှိသည်။ တစ်စုံတစ်ယောက်၏ စာရွက်လှန်နေရာမှ ထွက်ပေါ်လာသော အသံ တစ်ဖြတ်ဖြတ်ကို ကြားနေရသည်။
ရှောင်းကော ပေါ်လာချိန်မှာ ထိုအသံသည် ရပ်သွားခဲ့သည်။
“ထိုင်ပါ”
ရှောင်းကော သူမ၏ ရိုသေမှုကို မပြရခင်မှာဘဲ ရှောက်ကျန့်က သူမကို ထိုင်ခိုင်းလိုက်သည်။
ရှောင်းကောလည်း မီးစင်ကြည့် ကလိုက်သည်။ နိုင်ငံအုပ်စိုးသူ ဘုရင်မင်းမြတ်နှင့် တွေ့ဆုံရသည့်အတွက် သူမအနည်းငယ် စိတ်လှုပ်ရှား နေသော်လည်း သူမ၏ စိတ်ခံစားချက်တွေကို လျင်မြန်စွာ စမ်းစစ် ထိန်းသိမ်းနိုင်ခဲ့သည်။