အခန်း (၁၄၅)
Vol. 10 Ch. 145
အချိန်ခဏကြာသည်အထိ မည်သူကမှ စကား မပြောခဲ့ပေ။
ရှောင်းကောသည် ရှောက်ကျန့်ဘက်မှ ပြောလာသည်ကို စောင့်နေသည့်အတွက် စကား မစခဲ့ချေ။
ရှောက်ကျန့်သည်လဲ ဘာပြောရမည်ကို စဥ်းစားနေသည့်အတွက် စကားမစခဲ့ချေ။
အစက ရှောက်ကျန့်သည် ရှောင်းကောကို လာဘ်ထိုးကာ အတင်းအကျပ် နေခိုင်းဖို့ရန် စဥ်းစားခဲ့သည်။ ပြောရလျှင် ရှောင်းကောသည် ကျေးလက်ဒေသက ဆိုတာ သူ သိသည်။ သူမက စာမတတ်၊ ပညာမသင်ခဲ့ဖူးသော မိန်းကလေး ဖြစ်သည်။ သူမသည် ရွာမှ တစ်ခါမှ မထွက်ခဲ့ဖူးသည့်အတွက် အတော်အတန် စဥ်းစားဉာဏ် မရှိလောက်ချေ။ ရှောက်ကျန့်သာ ကျန်းတန်းဟယ်၏ လက်ရှိ ရာထူးနှင့် လစဥ် ဝင်ငွေကို ပြောလိုက်လျှင် သူမကို လွှမ်းမိုးနိုင်ဖို့ လုံလောက်သည်။
သို့ပေမဲ့ အခုအချိန်အတွင် သူထိုကဲ့သို့ လုပ်ရန် တွန့်ဆုတ်နေခဲ့သည်။
ရှောင်းကော၏ ဝတ်စားဆင်ယင်ပုံ၊ ပြုမူပုံ၊ သူမကိုယ်သူမ ထိန်းသိမ်းနိုင်ပုံတွေကို ခွဲဖြာရလျှင် ရှောက်ကျန့်အတွက် သူမအပေါ် အမြင်ကို ပြန်သုံးသပ်ရုံမှအပ ရွေးစရာ မရှိတော့ချေ။
သူ အရင်က ရှောင်းကောနှင့် ပတ်သတ်ပြီး တွေးခဲ့သည့်ပုံစံနှင့် ယခု သူမြင်နေရသော ရှောင်းကောသည် အတော်လေး မကိုက်ညီနေပေ။
ရှောင်းကောသည် သူမ၏ သတ္တိများကို စုစည်းပြီး ရှောက်ကျန့်ကို လျင်မြန်စွာ မော့ကြည့်လိုက်သည်။ ဧကရာဇ်သည် တစ်ချိန်လုံး မိန်းမနှင့် အရက် လိုက်စားသူ ဖြစ်သည်လို့ ရှောင်ကော ထင်နေခဲ့သော ကြောင့် သူမသည် ဧကရာဇ်ကို အတော်အတန် အပျော်အပါးလိုက်စားသူ ဖြစ်လိမ့်မည်လို့ မျှော်လင့်ထားခဲ့သည်။
သို့ပေမဲ့ ဧကရာဇ်က ခန့်ညားပြီး သန်မာတဲ့ ပုံတောင် ပေါက်နေသေးသည်။ ယခင်က ရှောက်ယိသည် တော်တော်လေး ကြည့်ကောင်းသည်ဟု သူမ ထင်ခဲ့မိသည်။ ယခုမှသာ ထိုကောင်လေးသည် ဖခင်၏ အမွေကို ဆက်ခံထားမှန်း သိလိုက်ရသည်။
“ ကိုယ်တော်ကြားတာ မင်း အခုမတိုင်ခင်တည်းက ရှောက်ယိနဲ့ သိပြီးသားဆို?”
ရှောင်းကော ခဏတာ တွေးတောလိုက်သည်။ ရှောက်ကျန့် အဘယ်ကြောင့် ဒီခေါင်းစဥ်ကို ပြောလိုက်လဲ သူမ နားမလည်ပေ။ ရှောင်းကော သတိကြီးစွာ ပြောလိုက်သည်။
“အရင်က ယုံဟိုင်ခရိုင်မှာ အကြိမ်ရေတစ်ချို့ တွေ့ခဲ့ဖူးပါတယ်။ ရှောက်ယိ… အိမ်ရှေ့မင်းသားနဲ့ ကျွမ်းကျွမ်းနဲ့က ရွယ်တူပဲဆိုတော့ သူတို့နှစ်ယောက်က လွယ်လွယ် ရင်းနီးသွားကြပြီး အချင်းချင်း သိသွားခဲ့ကြတာပါ”
ရှောင်းကောသည် ထိုကောင်လေးကို နာမည်တပ် ခေါ်တော့မလို ဖြစ်ခါနီးမှ အိမ်ရှေ့မင်းသားမှန်း သဘောပေါက်သွားခဲ့သည်။ သူမ ဘယ်လိုလုပ် အိမ်ရှေ့မင်းသားကို နာမည်တပ်ပြီး ခေါ်ရဲပါ့မလဲ?
“ အဆင်ပြေပါတယ်။ မင်း သူ့ကို ရှောက်ယိလို့ပဲ ဆက်ခေါ်လို့ရတယ်။ တန်းဟယ်နဲ့ ကိုယ်တော်နဲ့က မိတ်ဆွေကောင်းတွေပဲ။ မင်း နာမည်တပ်ပြီး ခေါ်လို့ရပါတယ်”
ရှောက်ယိအကြောင်း ပြောတုန်းက ရှောင်းကော၏ တွန့်ဆုတ်သွားမှုကို ရှောက်ကျန့် သတိထားမိခဲ့သည်။ ဥပဒေအရ ပြောရလျှင် အိမ်ရှေ့မင်းသား၏ နာမည်ကို ပြောခွင့်မရှိပေ။ သို့ပေမဲ့ ကျန်းတန်းဟယ်နှင့် ရှောက်ကျန့်ကြားရှိ ရင်းနီးမှုကို အခြေခံရမည် ဆိုလျှင် ယခုလိုမျိုး သူစိမ်းဆန်ဆန် ပြုမူဖို့ မလိုအပ်ဘူးလေ။
ရှောင်းကောသည် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
“ တန်းဟယ်က နောက်နှစ်ကျရင် မွေးရပ်မြေကို ပြန်ဖို့လုပ်နေတာ မင်းကော ဘယ်လိုထင်လဲ?”
အဘယ်ကြောင့်ရယ်မသိ ရှောက်ကျန့်သည် ရှောင်းကောအပေါ် ချော့တစ်လှည့် ခြောက်တစ်လှည့် နည်းလမ်းက အသုံးမဝင် လောက်ဘူးဟု ခံစားနေရသည်။ ထို့ကြောင့် သူ တစ်ခြားနည်းလမ်းနှင့် ချဥ်းကပ်ပြီး သူမ၏ အတွေးကို နားထောင်လိုက်တာပဲ ပိုကောင်းမည်။
ရှောင်းကော၏ နှလုံးသည် တစ်ခဏ ခုန်သွားခဲ့သည်။ ရှောက်ကျန့်၏ ဆိုလိုရင်းကို သူမ နားမလည်ပေ။ သူမ၏ စိတ်တွင်း၌ ဖြစ်ပေါ်နေသော မြင်ကွင်းက ဖြစ်မလာခဲ့ဘူး။ ဧကရာဇ်က ဒီလောက် ချဥ်းကပ်ရ လွယ်တယ်လား?
အများကြီး စဥ်းစားပြီးသည့်နောက်တွင် ရှောင်းကော ပြန်ဖြေကြားလိုက်သည်။
“ ဒီငယ်သားက ကျန်းတန်းဟယ်၏ အမြင်ကို လေးစားပါတယ်”
ကျန်းတန်းဟယ်သည် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်လိမ့်မည်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် သူမသည် ကျန်းတန်းဟယ် အတွက် ဆုံးဖြတ်ပေးမည် မဟုတ်သလို သူ့၏ ဆုံးဖြတ်ချက်ကိုလဲ သက်ရောက်မှု ဖြစ်စေမှာ မဟုတ်ပေ။
ရှောက်ကျန့် ဆွံ့အသွားခဲ့သည်။ ရှောင်းကော အခုလို ပြောလာမည်ဟု သူ မထင်ထားခဲ့ပေ။ ခဏတာ အံ့သြမှုကနေ သက်သာလာပြီးနောက် ရှောက်ကျန့် ရယ်လိုက်သည်။
ရှောင်းကော မျက်မှောင် ကြုတ်သွားခဲ့သည်။ ရှောက်ကျန့် ဘာကြောင့် ပြုံးသွားလဲဆိုတာ သူမ နားမလည်ပေ။ သို့ပေမဲ့ ရှောင်းကော ဘယ်လောက်ပဲ ရဲတင်းနေသည် ဖြစ်စေ သူမ ဧကရာဇ်ကိုတော့ မေးခွန်း ထုတ်ရဲမည် မဟုတ်ပါ။
“ မင်းတို့နှစ်ယောက်က တော်တော်လေး စည်းလုံးကြတာပဲ။ တစ်ယောက်က အရမ်းတွေ လယ်သမားလုပ်ချင်နေပြီး ကျန်တစ်ယောက်ကလဲ ထောက်ပံ့ပေးနေတယ်။ ကိုယ်တော် ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”
ရှောက်ကျန့်သည် ရယ်နေတာကိုရပ်ပြီး သူ့အရှေ့က အမျိုးသမီးကို အကဲခတ်လိုက်သည်။ သူမက ဘယ်လိုလုပ် သာမာန် ရွာသား ဖြစ်နေခဲ့တာလဲ? သူမသည် အပြောလဲကောင်းပြီး အသိဉာဏ်လဲ ရှိသည်။
ရှောင်းကောသည် ရှောက်ကျန့်၏ စကားကို အဘယ်သို့ တုံ့ပြန်ရမည် မသိသောကြောင့် တိတ်တိတ်နေဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ရှောက်ကျန့်သည် စာအုပ်ပိတ်ပြီး သက်ပြင်းချလိုက်ကာ
“ထားပါတော့…”
“အရှင်မင်းကြီး စစ်သူကြီးကျန်းက အခစားဝင်ဖို့ ခွင့်တောင်းနေပါတယ်”
ရှောက်ကျန့် ရယ်လိုက်ကာ “ကျန်းတန်းဟယ်က ငါ သူ့မိန်းမကို ဝါးစားပစ်မှာ စိတ်ပူနေတာလား?”
“ဝင်ခိုင်းလိုက်ပါ”
ထိုစကားကြားပြီးနောက်မှာ ကျန်းတန်းဟယ် ရောက်လာခဲ့သည်။ ရှောင်းကောလဲ တံခါးဝကို မော့ကြည့်လိုက်သည်။
ကျန်းတန်းဟယ်သည် ဝင်ဝင်ချင်း ရှောင်းကောကို အရင် ကြည့်လိုက်သည်။ သူမ လုံခြုံတာ အတည်ပြုပြီးသော အခါမှ သူ့၏ အကြည့်ကို ပြန်ရုတ်ပြီး ရှောက်ကျန့်ကို နှုတ်ဆက်လိုက်သည်။
ရှောက်ကျန့်သည် လက်ဝှေ့ပြပြီး ကျန်းတန်းဟယ်ကို ထိုင်ဖို့ရန် အချက်ပြလိုက်သည်။။“ ဟန်ဆောင်နေတာ ရပ်လိုက်တော့ ကိုယ်တော် မင်းမိန်းမကို ဝါးစားပစ်မယ်များ ထင်နေတာလား?”
ကျန်းတန်းဟယ်သည် ဝင်လာကတည်းက အကြည့်က ချင်းရှောင်းကောထံတွင် ကျရောက်နေတာ ဖြစ်သည်။
“ဒီ ကျန်းတန်းဟယ်ကတော့!”
ထိုစကားကို ကြားသည့်အခါမှာ ရှောင်းကော အံ့သြသွားခဲ့သည်။ ဝင်လာပြီး သူမ၏ ဘေးတွင် ထိုင်နေသော ကျန်းတန်းဟယ်ကို ရှောင်းကော ထူးဆန်းစွာ ကြည့်လိုက်သည်။
ကျန်းတန်းဟယ်သည် ရှောက်ကျန့်၏ စနောက်မှုကို လျစ်လျူရှုထားခဲ့သည်။ ရှောင်းကော၏ အကြည့်ကို ခံစားမိသောကြောင့် သူမကို ပြန်ပြီး ကြင်နာစွာ လှည့်ကြည့်လိုက်သည်။
ရှောင်းကော တစ်ခုခု ဖြစ်သွားမည်ကို သူ တကယ်စိတ်ပူနေခဲ့တာ ဖြစ်သည်။ သုဿာန်မှ ထွက်လာပြီးပြီးချင်း ရှောင်းကောနှင့် ကျွမ်းကျွမ်းကို ဧကရာဇ်က ဆင့်ခေါ်ထားကြောင်း လီရှို့ကျီထံမှ သိခဲ့ရသည်။ သူ ချက်ချင်းပဲ လီရှို့ကျီကို နန်းတော်သို့ မောင်းပို့ခိုင်းခဲ့သည်။ ရှောင်းကော အဆင်ပြေတာကို သူ့မျက်လုံးနဲ့ ကိုယ်တိုင် အတည်ပြုပြီးမှ သူ စိတ်သက်သာရာ ရသွားတာ ဖြစ်သည်။
ရှောင်းကော ချက်ချင်း သူမ၏ အကြည့်ကို လွှဲလိုက်တော့သည်။ ကျန်းတန်းဟယ်၏ အကြည့်ကြောင့် သူမ ရေနွေးပူ လောင်းခံရသကဲ့သို့ ခံစားနေရသည်လေ။
ကျန်းတန်းဟယ် စိတ်ပျက်သွားခဲ့ပေမဲ့ သူ ချက်ချင်း ပြန်ထိန်းလိုက်သည်။ သူ၏ ပြင်းပြတဲ့ မေတ္တာကို အသုံးပြုပြီး သူမ၏ နှလုံးသားကို အနိုင်ရအောင် လုပ်မည်။ တစ်ရက်တော့ သူမ သူ့ကို လက်ခံလာလိမ့်မည်လို့ သူ ယုံကြည်သည်။
ရှောင်းကောသည် ကျန်းတန်းဟယ်ကို မကြည့်နေရင်တောင် သူ၏ တောက်လောင်နေသည့် အကြည့်တွေကို ခံစားနေရသည်။ မသက်သာသလို ခံစားရသောကြောင့် သူမ အနည်းငယ် အဝေးကို တိုးထိုင်လိုက်သည်။ ရှောင်းကော လုပ်ချင်နေတာဆိုလို့ ပြင်းပြနေသည့် ကျန်းတန်းဟယ်ထံမှ ထွက်ပြေးချင်နေရုံသာ။ သူ့၏အကြည့်က သူမကို အရမ်း လွှမ်းမိုးနိုင် နေသည်။
အဆုံးမှာတော့ ရှောက်ကျန့်သည် ကျန်းတန်းဟယ်ကို ဆက်ပြီး မကြည့်နေနိုင်တော့ပေ။ သူသည် ရှောင်းကောကို ကျီရှားကို ကြည့်ပေးဖို့ အကူအညီ တောင်းလိုက်ပြီး ထူးဆန်းတဲ့အခြေအနေမှ ရှောင်းကောကို ကယ်တင်ပေးလိုက်တော့သည်။
ရှောင်းကောသည် ရှောက်ကျန့်ကို ကျေးဇူး အလွန်အမင်း တင်မိပြီး ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။ ထို့နောက်မှာ ကျန်းတန်းဟယ်၏ မျှော်လင့်နေသော အကြည့်များကို လျစ်လျူရှုရင်း ထွက်လာခဲ့လိုက်သည်။
ရှောင်းကော သေချာသည်။ သူမ၏ ဘဝမှာ ယခုလောက် တစ်ခါမှ အမြန် မပြေးဖူးလောက်ပေ။
အပြင်ဘက်သို့ ရောက်သောအခါတွင် မိန်းမစိုးစုသည် တစ်ခြား မိန်းမစိုးငယ်ကို ရှောင်းကောကို ကန်နင်း နန်းဆောင်သို့ ပို့ပေးရန် တာဝန်ပေးလိုက်သည်။
လမ်းတစ်လျှောက်တွင် လှပသော ရှုခင်းများကို ရှောင်းကော တွေ့နေရသည်။ မြင်သမျှကို ယုံကြည်လို့ရသည်။ သူမ အရင်က စာအုပ်ထဲ၌သာ ဖတ်ဖူးခဲ့သော မြင်ကွင်းတို့သည် ယခု သူမ၏ အရှေ့တွင် မြင်နေရသည်။ ဒီအရာက သမိုင်းဝင် နန်းတော် ဥယျာဥ်များလား?
ကျောက်တုံးများနှင့် ပန်းခြံထဲတွင် ရေကန်လေးနှင့် ကြာပန်းများ ရွှေငါးများ ရှိပြီး ပန်းရောင်စုံများလဲ ရှိသည်။
ရှောင်းကောသည် အသက်ကို ရှုသွင်းလိုက်ပြီး မတူညီလှတဲ့ မြင်ကွင်းအမျိုးမျိုးက သူမ၏ နှလုံးသားထဲ စွဲထင်ဝင်ရောက် နေခဲ့သည်။
လမ်းတစ်လျှောက်တွင် မိန်းမစိုးငယ်သည် သူမတို့ ဖြတ်သန်းသွားတဲ့ နေရာအမျိုးမျိုးကို မိတ်ဆက်ပေးသည်။ အတွင်းနန်းတော်က ကြီးပေမဲ့ ဗလာဖြစ်နေတဲ့နေရာ များသည်။ ပြောရလျှင် မောင်းမဆောင်အတွင်းရှိ နေထိုင်ရသော မိန်းကလေးများက အသတ်ခံရတာ များသည်။ ကျန်တဲ့သူများက ထွက်ပြေးရင်ပြေး မဟုတ်ရင် အရင်တည်းက နယ်နှင်ဒဏ် ပေးခံထားရသည်။ လက်ရှိ ဧကရာဇ်သည် မောင်းမဆောင်အကြီးကြီးဖြင့် အပျော်မကျူးတတ်သည့်အတွက် သူ့တွင် မိဘုရား တစ်ပါးသာ ရှိပြီး သူမသည် အတွင်းနန်းတော်တွင် နေထိုင်သည်။
အတွင်းနန်းတော်၏ ဝင်ပေါက်ကို ရောက်သော အခါတွင် အရင် မဝင်သေးပဲ မိန်းမစိုးငယ်သည် ရှောင်းကောကို မိတ်ဆက်ပေးသည်။
“ ဒါက ကန်နင်း နန်းတော်ရဲ့ ဝင်ပေါက်ပါ။ အိမ်ရှေ့မင်းသားက ဒီမှာနေပါတယ်။ ယောင်ရှို့ခန်းမက ဒါရဲ့ အနောက်ဘက်မှာ ရှိပြီး လက်ရှိ မိဖုရား နေထိုင်ပါတယ်”
ရှောင်းကောသည် သူမ၏ အနောက်ကို ကြည့်လိုက်သည်။ မိဖုရားက အနောက်ခန်းမမှာ နေတာ ထူးဆန်းသည်။
“ ခြေလှမ်း သတိထားအုံး”
“အိုး.. ကျေးဇူးပါ”
ရှောင်းကောသည် သူမရပ်နေသည့် နေရာကို အာရုံမစိုက်မိခဲ့ပေ။ သတိပေးသံကို ကြားသည့် အခါမှသာ ခိုက်မိတာကို ရှောင်ဖို့ သတိပြုမိခဲ့သည်။
“ ဒီအစေခံက မထိုက်တန်ပါဘူး..”
ရိုးရိုးရှင်းရှင်း ကျေးဇူးတင်စကားကို ဒီလို အတည်ပေါက်ကြီး တုံ့ပြန်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ? ရှောင်းကော ပါးစပ် ဟမိ သွားပေမဲ့ သူမ ဘာမှ မပြောလိုက်ပေ။
မိန်းမစိုးသည် ရှောင်းကော အတွင်းသို့ ဝင်သွားတာကို ကြည့်ပြီးမှ ထွက်သွားခဲ့သည်။
“မေမေ!”
ကျွမ်းကျွမ်းသည် ပင်မဆောင်တွင် ရှောက်ယိကို စာဖတ်ပြနေပြီး ရှောက်ယိသည် သူ့ဘေးတွင် ထိုင်နေခဲ့သည်။
ကျွမ်းကျွမ်း၏ မျက်လုံးများက လျှင်သည်။ မိခင်ဖြစ်သူကို ချက်ချင်း တွေ့သွားခဲ့သည်။
ကျီရှားသည် ရှောင်းကောကို မြင်သောအခါမှာ ပြုံးပြီး ကျွမ်းကျွမ်းကို ချီးကျူးလိုက်သည်။
“ ရှောင်းကောရဲ့ ကျွမ်းကျွမ်းလေးက အရမ်းတော်တာပဲ။ ဒီအရွယ်လေးနဲ့ စာလုံးတွေ အများကြီး ဖတ်နိုင်နေပြီ။ သူက ဉာဏ်ကြီးရှင်လေးပဲ ဖြစ်ရမယ်”
ကျွမ်းကျွမ်းသည် စာအုပ်ကို ချလိုက်ပြီး ရှောင်းကောအနားကို ရောက်လာကာ အမေဖြစ်သူကို ဖတ်လိုက်သည်။ ကျီရှား၏ ချီးကျူးစကားကို ရှက်ပြုံးလေးနှင့် နားထောင် ရင်းပေါ့။
ရှောင်းကော ပျော်သွားခဲ့သည်။ ကိုယ့်ကလေး ချီးကျူးစကား ပြောခံရတာကို မကြိုက်သည့်သူ အဘယ်မှာ ရှိမည်နည်း?
“မဟုတ်တာ။ ဘယ်က ဉာဏ်ကြီးရှင်ရမှာလဲ? ကျွမ်းကျွမ်းလေးက စာဖတ်ရတာ ကြိုက်လို့ပါ”
ပုံမှန်လိုပဲ ရှောင်းကော ယဥ်ကျေးမှုကို ပြရမည်လေ။ သို့ပေမဲ့ သူမလည်း ကျွမ်းကျွမ်းက စာလေ့လာသင့်သည်လို့ တွေးမိသည်။ ကျွမ်းကျွမ်းသည် တစ်ကြိမ် ဖတ်ဖူးရုံနှင့် အကုန်လုံးကို မှတ်မိသည်။
“ဒါပေါ့ ဒါပေါ့ ကျွမ်းကျွမ်းက ဉာဏ်ကြီးရှင်လေးပဲ။ သူ ဒီကဗျာကို တစ်ကြိမ်ထဲ ဖတ်ရုံနဲ့ အလွတ်ရသွားတယ်။ သားသာ သူ့လောက် တော်ရင် ဆရာ့ဆီက အဆူခံရမှာကို စိတ်ပူစရာ မလိုတော့ဘူး။ စာအုပ်တွေ အများကြီးလဲ ကူးရေးဖို့ မလိုလောက် တော့ဘူး”
ရှောက်ယိသည် ကျွမ်းကျွမ်းကို အားကျသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။ သူ့၏ အသံတွင် သူငယ်ချင်းဖြစ်သူကို မြှောက်စားလိုမှုများ ပါဝင်နေသည်။
ကျွမ်းကျွမ်းသည် ရှက်ရှက်နဲ့ ခေါင်းကို ကုတ်လိုက်ပြီး
“ မဟုတ်ဘူး ငါ့မေမေပြောတာ စိတ်ဝင်စားမှုက အကောင်းဆုံး ဆရာတဲ့”
ကျီရှားနှင့် ရှောက်ယိသည် စိတ်ဝင်စားစွာ ရှောင်းကောကို ကြည့်လိုက်ပြီး အတူတူ မေးလိုက်ကြသည်။
“ အကောင်းဆုံး ဆရာဆိုတာ ဘာလဲ?”
“ ဆိုလိုတာက လူတစ်ယောက်က တစ်ခုခုကို ပြင်းထန်စွာ စိတ်ဝင်စားသွားပြီဆိုရင် သူက အဲ့ဒီအရာနဲ့ ပတ်သတ်ပြီး အသိပညာကို စတင်ရှာဖွေလိမ့်မယ်။ စူးစမ်းပြီး လေ့ကျင့်လိမ့်မယ်။ အဲ့ဒီလူအတွက် သင်ယူရတဲ့ ဖြစ်စဥ်က ပျော်ရွှင်ပြီး ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ခု ဖြစ်သွားလိမ့်မယ်”
ရှောင်းကောသည် အိုင်းစတိုင်း၏ ထိုစကားလုံးများကို အလွန်လေးစားခဲ့သည်။ ထိုစကားသည် ငယ်စဥ်တည်းက ရှောင်းကော၏ ဆောင်ပုဒ် ဖြစ်ခဲ့ပြီး သူမ ကျွမ်းကျွမ်းကို မျှဝေပေးခဲ့သည်။
ကျွမ်းကျွမ်းလဲ ထိုစကားကို အပြည့်အဝ နားလည်လက်ခံခဲ့သည်။ သူ့၏ စာပေအပေါ် ဦးစွာ စိတ်ဝင်စားမှုကြောင့် သူသည် ပိုပြီး အသိပညာတိုးပွားဖို့ ဆာလောင်စိတ် ဖြစ်လာခဲ့သည်။ သူ့၏ စိတ်ဝင်စားစိတ်ကပဲ သူ့ကို တိုးတက်ဖို့ ရှေ့ကို တွန်းပို့ပေးနေတာ ဖြစ်သည်။