အခန်း (၂၁၀၁-၂၁၀၂)
Vol. 151 Ch. 2101-2102
အဆတစ်ရာစနစ် စာစဥ်(၁၅၁)
အခန်း(၂၁၀၁)
“ဝိညာဥ်နန်းတော်က လူတွေနဲ့ ဒီလောက်မြန်မြန်ဆန်ဆန် ပြန်ဆုံမယ်လို့ မထင်ထားမိဘူး.. ခုနက လူက လီဆွန်းနတ်ဘုရင် ဟုတ်မဟုတ်တော့ မသေချာဘူး”
ဟောင်ထျန်းဓားဂိုဏ်းထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည့် ဧရာမ အနက်ရောင်ငှက်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
မဟာမြေရိုင်းနယ်မြေတွင် သူသတ်ဖြတ်ခဲ့သည့် ယိုစစ်မင်သည် ဝိညာဥ်နန်းတော်မှ လီဆွန်းနတ်ဘုရင်၏ ကိုယ်ပွားတစ်ခု ဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် လီဆွန်းနတ်ဘုရင်သည် သူ့ကို လိုက်လံသတ်ဖြတ်ရန် အတွက် ထာဝရဟင်းလင်းပြင်ရှိ ကျန်းဝူကောင်းကင်နယ်မြေ အထိ ဝိညာဥ်နန်းတော်မှ လူများကို စေလွှတ်ခဲ့၏။
ယခုတော့ သူနှင့် ဝိညာဥ်နန်းတော်သည် ကံကြမ္မာအရ ပြန်လည် ဆုံတွေ့နေခဲ့ချေပြီ။
သူ့အထင် သူနှင့် လီဆွန်းနတ်ဘုရင် ကြားမှ ရန်ငြိုးသည် အေးအေးဆေးဆေး ပြီးဆုံးသွားမည် မဟုတ်လောက်ပေ။
သို့သော်လည်း သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရန်အတွက် ဖိအားသိပ်မရှိချေ။
နတ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ ဆိုလျှင်ပင် အနိုင်မရနိုင်သည့်တိုင် အသက်ဘေးလွတ်အောင် ထွက်ပြေးနိုင်လိမ့်မည် ဖြစ်သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ တစ်ဆင့် သူသိထားသော သတင်း အချက်အလက်များအရ အရှေ့ဘက်ဒေသတွင် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ရှိပြီး ထိုလူမှာ ဟောင်ထျန်းဓားဂိုဏ်းမှ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် ဝိညာဥ်နန်းတော်ကို ဂရုစိုက်မနေခဲ့ပေ။
ဝိညာဥ်နန်းတော်အပြင် အရှေ့ဘက်ဒေသ၏ နတ်ဘုရင်အင်အားစုငါးစုထဲတွင် ကျန်းချန် ပိုပြီး စိတ်ဝင်စားသည့် အင်အားစု တစ်ခု ရှိနေသေးသည်။
ယင်းအင်အားစုမှာ ကျီမျိုးနွယ်စု ဖြစ်၏။
ထိုမျိုးနွယ်စုသည် ကျီလင်ဝေ၏ ကျီမျိုးနွယ်စုလည်းဖြစ်သည်။
“ကိစ္စတွေ ရှင်းပြီးသွားရင် ကျီမျိုးနွယ်စုဆီ ခရီးထွက်ရဦးမယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ကျီမျိုးနွယ်စုသည် သူ့အမေ ကျီဝူရွှယ်နှင့် ပတ်သက်မှု ရှိနေသောကြောင့် သူကိုယ်တိုင် ကျီမျိုးနွယ်စုသို့သွားရောက်ပြီး သူ၏ စိတ်ထဲမှ သံသယအချို့ကို ဖြေရှင်းရန် ဆုံးဖြတ်ထားခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စကို အရင်ဆုံး ဖြေရှင်းရမယ်.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ အခြေအနေက ငါထင်ထားသလောက် မဆိုးရွားဘူးလို့ မျှော်လင့်ရတာပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဟောင်ထျန်းဓားဂိုဏ်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့သည်။
ဟောင်ထျန်းဓားဂိုဏ်း၏ ဂိတ်တံခါးဝတွင် ဟောင်ထျန်းဓားဂိုဏ်းမှ တပည့် တစ်ယောက်သည် ကျန်းချန်၏ ရှေ့ကနေ တိုက်ရိုက်ပင် တားဆီးလိုက်၏။
“ကောင်လေး.. ဟောင်ထျန်းဓားဂိုဏ်းရဲ့ အဖွဲ့ဝင် မဟုတ်ရင် အထဲကို ဝင်ခွင့်မရှိဘူး.. မင်းအနေနဲ့ ဟောင်ထျန်းဓားဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ချင်ရင် အရင်ဆုံး ဟိုဘက်ကိုသွားပြီး ဓားလမ်းစဥ် ပါရမီကို စစ်ဆေးမှု ခံယူဖို့ အရင်လုပ်ပါ”
ကျန်းချန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ကျွန်တော်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကျန်းချန်ပါ.. ကျေးဇူးပြုပြီး အကြောင်းကြားပေးပါဦး”
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက နတ်ဘုရားသားတော် ကျန်းချန် ဖြစ်နေတာကိုး.. နတ်ဘုရားသားတော်ကျန်း ကြွပါ”
ကျန်းချန်၏ မိတ်ဆက်စကားကို ကြားလိုက်ရလျှင် ဟောင်ထျန်းဓားဂိုဏ်းမှ တပည့်သည် ကျန်းချန်ကို မရိုမသေ မလုပ်ဝံ့တော့ဘဲ တရိုတသေ ဖိတ်ခေါ်လိုက်၏။
ရှေးဟောင်ဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အရှေ့ဘက်ဒေသ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ချေပြီ။
သူ၏ ရှေ့မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရာသားတော် အသစ်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ် ပါရမီရှင် ဖြစ်ရာ သူ့လို ဟောင်ထျန်းဓားဂိုဏ်းမှ တပည့်လေး တစ်ယောက်သည် ကျန်းချန်အပေါ်တွင် အဘယ်ကဲ့သို့ မရိုမသေ လုပ်ဝံ့ပါမည်နည်း။
ဟောင်ထျန်းဓားဂိုဏ်းမှ တပည့်၏ ဦးဆောင်မှုအောက်မှာပင် ကျန်းချန်သည် ဟောင်ထျန်းဓားဂိုဏ်း အလယ်ဗဟိုရှိ ခန်းမတစ်ခု ဆီသို့ အလျင်အမြန်ပင် ရောက်ရှိသွားခဲ့သည်။
ခန်းမထဲတွင်မူ အင်အားကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် လူရိပ်လေးခုသည် တစ်စုံတစ်ရာကို အလေးအနက် ဆွေးနွေးနေခဲ့ကြပြီး ခန်းမ၏ အငွေ့အသက်သည်လည်း လေးလံနေခဲ့သည်။
“ဂိုဏ်းချုပ်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက နတ်ဘုရားသားတော်ကျန်း ရောက်လာပါပြီ”
ဟောင်ထျန်းဓားဂိုဏ်းမှ တပည့်က ကျန်းချန်ကို ခန်းမထဲခေါ်ဆောင်လာပြီးနောက်တွင် အဓိက ထိုင်ခုံတွင် ထိုင်နေသော ခရမ်းရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တရိုတသေ တင်ပြလိုက်သည်။
ထိုခရမ်းရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ဟောင်ထျန်းဓားဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သည့် ကျိရှောင် ဖြစ်သည်။
“နတ်ဘုရားသားတော်ကျန်းတောင် ရောက်လာပြီပဲ.. နတ်ဘုရားသားတော်ကျန်း ကြွပါ”
ကျန်းချန်ကို မြင်သည်နှင့် ကျိရှောင်နတ်ဘုရင်သည် မတ်တတ်ထရပ်လိုက်ပြီး ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
ကျိရှောင်နတ်ဘုရင်၏ စကားအဆုံးတွင် ခန်းမထဲရှိ ကျန်သုံးဦး၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
အရှေ့ဘက်ဒေသရှိ နတ်ဘုရင်အင်အားစု ငါးစုသည် တစ်စုနှင့်တစ်စု အမြဲမပြတ် စောင့်ကြည့်နေခဲ့ကြသည်။
ထို့ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ကောင်းစွာ သိထားကြ၏။
ကျိရှောင်နတ်ဘုရင်က နတ်ဘုရားသားတော်ကျန်းဟု ခေါ်လိုက်သော သူတို့ ရှေ့မှ ကောင်လေးသည် အဆင့်နိမ့်နယ်မြေနတ်ဘုရား အဆင့်ဖြင့်ပင် နတ်ဘုရင်အဆင့်ကို တိုက်ခိုက်နိုင်သည့် အနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ဖြစ်မှန်း သူတို့ သိထားခဲ့သည်။
“ဘယ်လိုဖြစ်ပြီး ဒီကောင်လေး ဖြစ်နေရတာလဲ”
ဘယ်ဘက်ရှိ ထိုင်ခုံတွင် ထိုင်နေသည့် အနက်ရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် အသစ်သည် သူတို့ ဘိုးဘေးက လိုက်လံသတ်ဖြတ်ခိုင်းထားသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ကြယ်တစ်ပွင့် မြေကြီးအရှင် နှစ်ပါးကို ထာဝရဟင်းလင်းပြင်ဆီ စေလွှတ်ကာ သူ၏အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လိုက်လံသတ်ဖြတ်ခိုင်းခဲ့သော်လည်း ထိုနှစ်ယောက်သည် ပြန်ရောက်မလာခဲ့ကြပေ။
နောက်ပိုင်းတွင် ဝိညာဥ်နန်းတော်၌ ကိစ္စတချို့ ဖြစ်ပေါ်ခဲ့၍ သူက ထိုအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သည်။
သို့သော် ယခု နှစ်အနည်းငယ် အကြာတွင်မူ ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ရှေ့တွင် ပေါ်ထွက်လာရုံသာမက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော်ပင် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသည်က အမှန်တကယ်ကို အလွန်တရာ ရှားပါးသည့် အခွင့်အရေး ဖြစ်သည်။
ထိုလူငယ်သည် ဘိုးဘေးကိုယ်တိုင် သတ်မိန့်ပေးထားသော လူတစ်ဦး ဖြစ်သည်။
ယခု ဆုံတွေ့နေပြီဖြစ်ရာ ဝိညာဥ်နန်းတော် အနေဖြင့် အဘယ်ကြောင့် အလွယ်တကူ လွှတ်ပေးရပါမည်နည်း။
ထိုကောင်လေးက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်နေလျှင်ပင် ထိုကောင်လေး၏ ခေါင်းကိုဖြတ်ပြီး ဘိုးဘေးဆီ ပြန်ယူသွားရလိမ့်မည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျိရှောင်”
ကျန်းချန်က ကျိရှောင် နတ်ဘုရင်ကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ကာ ခန်းမထဲရှိ လူများကို တိတ်တဆိတ် အကဲခတ်လိုက်သည်။
ခန်းမထဲတွင် ကျိရှောင်နတ်ဘုရင် အပြင် နောက်ထပ် လူသုံးယောက်လည်း ရှိနေခဲ့သည်။
ယင်းမှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦး ဖြစ်၏။
ထိုအထဲမှ ထူးဆန်းသော အရှိန်အဝါများရှိသည့် အနက်ရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ဧရာမ အနက်ရောင် ငှက်ကြီး၏ ပိုင်ရှင် ဖြစ်နိုင်လောက်သည်။
ရှင်းလင်းစွာဆိုရလျှင် ထိုလူသည် ဝိညာဥ်နန်းတော်မှ နတ်ဘုရင် ဖြစ်သည်။
ရိုးရှင်းသော မီးခိုးရောင်ဝတ်စုံနှင့် နောက်ထပ် လူတစ်ယောက်ကမူ ကျန်းချန် ရင်းနှီးနေသည့် သွေးအရှိန်အဝါ အနည်းငယ် ရှိနေ၍ ကျီမျိုးနွယ်စုမှ ကျင့်ကြံသူ ဖြစ်သည်မှာ သေချာသလောက်ပင်။
နောက်ဆုံးတစ်ယောက် ဖြစ်သည့် ရွှန်းလဲ့သော မျက်ဝန်းလေးနှင့် လူလတ်ပိုင်းအရွယ် မိန်းကလေးသည် ချင်းလွမ် မျိုးနွယ်စုက ဖြစ်ရပေမည်။
ထိုသုံးယောက်လုံး၏ အရှိန်အဝါသည် အလွန်တရာ နက်ရှိုင်းလွန်းပြီး သူတို့၏ လှုပ်ရှားမှုတိုင်းတွင် နတ်ဘုရင်အဆင့်၏ စွမ်းအားများ အနည်းငယ် ထွက်ပေါ်နေသောကြောင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ သေချာ၏။
“ဒီလူက လီဆွန်းနတ်ဘုရင်တော့ မဟုတ်ဘူးထင်တယ်”
ကျန်းချန်က ဝိညာဥ်နန်းတော်မှ နတ်ဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဝိညာဥ်နန်းတော်သည် ဟောင်ထျန်းဓားဂိုဏ်း ပြီးလျှင် အရှေ့ဘက်ဒေသ၏ ဒုတိယ အင်အားအကြီးဆုံး အင်အားစုဟု ခေါ်ဆိုထိုက်၏။
သူတို့ဆီတွင် နတ်ဘုရင်အဆင့် တစ်ယောက်ထက်မက ရှိပုံရ၏။
“နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စက ငါတို့ အရှေ့ဘက်ဒေသရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်နေတဲ့ အရေးကြီးကိစ္စပဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးကို လွှတ်လိုက်ရအောင် လူမရှိတော့ဘူးလား”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် ခန်းမထဲတွင် အေးစက်စက် လှောင်ပြောင်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုစကားကို ပြောလိုက်သည်မှာ ဝိညာဥ်နန်းတော်မှ အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်း ဖြစ်သည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ငါ့ကို စေလွှတ်လိုက်တာကို မင်းက မကျေနပ်လို့လား”
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ကျိရှောင်နတ်ဘုရင် ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ကျိရှောင်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းဆီ အကြောင်းကြားစဥ်က လူငယ်မျိုးဆက်ကို မစေလွှတ်ရဘူးလို့ စည်းကမ်းထုတ်ထားတာမျိုး မရှိဘူး မဟုတ်လား”
“မရှိပါဘူး နတ်ဘုရားသားတော်ကျန်း”
ကျိရှောင်နတ်ဘုရင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဟွမ်ရှ.. နတ်ဘုရားသားတော်ကျန်းက ငယ်ရွယ်သေးပေမဲ့ သူ့ရဲ့စွမ်းအားက နတ်ဘုရင်အဆင့်နဲ့ ယှဥ်နိုင်တယ်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက သူ့ကို စေလွှတ်လိုက်တာ ဘာပြဿနာမှ မရှိဘူး...ငါတို့တွေ နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စကိုပဲ ဆက်ပြီးဆွေးနွေးကြတာပေါ့”
“ဒါက ကောလာဟလပါ ကျိရှောင်ရာ.. သူ့လို ကောင်လေး တစ်ယောက်က နတ်ဘုရင်အဆင့်ကို ယှဥ်နိုင်တယ်ဆိုတာ ငါတော့ လုံးဝ မယုံဘူး.. ဒီကိစ္စကို ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး.. ငါ ဒီကို ရောက်လာတာက နတ်ဆိုးတားမြစ်နယ်မြေ စည်းတံဆိပ်ခတ်တာကို အားဖြည့်ပေးဖို့ပဲ”
ဝိညာဥ်နန်းတော်သခင် ဟွမ်ရှသည် ကျန်းချန်ကို အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ကောင်လေး...မင်းက နတ်ဘုရင်နဲ့ ယှဥ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ငါကြားထားတယ်.. မင်း ငါနဲ့ တိုက်ခိုက်မလား.. မင်းမှာ ငါနဲ့ယှဥ်နိုင်တဲ့ အရည်အချင်း ရှိ၊မရှိ ငါကြည့်ချင်တယ်”
ဝမ်ရှ၏ စကားကိုကြားလျှင် ကျိရှောင်နတ်ဘုရင်သည် တိတ်တဆိတ်သာ နေလိုက်သည်။
ကျန်းချန်က ကောလာဟလတွေထဲကလို အမှန်တကယ်အစွမ်းထက်သော ကျင့်ကြံသူ ဟုတ်မဟုတ် သူကိုယ်တိုင်လည်း သိချင်နေခဲ့၏။
ကျန်းချန်က ဟွမ်ရှကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ခန်းမထဲတွင် သူ၏ အေးစက်စက် အသံသည် ပဲ့တင်ထပ်သွားခဲ့၏။
“မင်းတိုက်ချင်တယ်ဆိုရင် ငါအဖော်လုပ်ပေးမယ်”
“ဒါပေမဲ့ ငါက ဘယ်တုန်းကမှ အပေါ်ယံ မတိုက်တတ်ဘူး.. ခဏနေလို့ ငါမင်းကို ဒုက္ခိတဖြစ်အောင် လုပ်မိသွားရင်တော့ မင်းဘာသာမင်းပဲ တာဝန်ယူရလိမ့်မယ်”
အခန်း(၂၁၀၁)ပြီး၏။
အခန်း(၂၁၀၂)
ကျန်းချန်က ဟွမ်ရှကို တည်ငြိမ်စွာကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
သူ၏ရှေ့မှ ဝိညာဥ်နန်းတော်၏ နန်းတော်သခင်သည် လီစွန်းနတ်ဘုရင် မဟုတ်သော်လည်း တစ်ချိန်က ဖြစ်ပျက်ခဲ့သည်များကို ကောင်းစွာ သိနေပုံရသည်။
ထိုလူက သူ့ကို မှတ်မိနေသည်မှာ သိသာလွန်းပြီး ထို့ကြောင့်လည်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
မူလက ကျန်းချန်သည် ယခုလိုအချိန်တွင် ဝိညာဥ်နန်းတော်နှင့် ပဋိပက္ခ မဖြစ်ချင်ခဲ့ပေ။
သို့သော်လည်း ဟွမ်ရှက သူ့ကို တမင်တကာ ပြဿနာလာရှာနေသည်ဖြစ်ရာ သူ့အနေဖြင့် အနည်းငယ်မျှပင် အလျှော့ပေးမည် မဟုတ်ပေ။
ထို့အပြင် ဟွမ်ရှကို အလျှော့ပေး၍ မရသည့် နောက်ထပ်အကြောင်းအရင်း တစ်ခုလည်း ရှိသေးသည်။
ယင်းမှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် နတ်ဘုရင်ကူစန်း ကျဆုံးသွားခဲ့သောကြောင့်ပင်။
ဆိုရလျှင် လက်ရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိတော့ပေ။
အကယ်၍ သူသာ နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သည့် ခွန်အားကို ယနေ့တွင် မပြသနိုင်ခဲ့လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အရှေ့ဘက်ဒေသရှိ နတ်ဘုရင်အင်အားစု ငါးစုစာရင်းကနေ ပယ်ဖျက်ခံရမည်ကို သူစိုးရိမ်နေမိသည်။
“နန်းတော်သခင်ဟွမ်ရှ.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ကိစ္စက အရေးပေါ် အခြေအနေကို ရောက်နေခဲ့ပြီ.. ဒီအချိန်မှာ ငါတို့ရဲ့ အဓိကဦးစားပေးက နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို အားဖြည့်ဖို့ပဲ.. အဓိကနဲ့ သာမညကို ခွဲခြားနားလည်ပေးပါ”
ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ်လူက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်သည်။
ထိုမီးခိုးရောင်ဝတ်စုံနှင့်လူသည် ကျီမျိုးနွယ်စု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် ကျီရွမ်ရီ ဖြစ်သည်။
သူက ကျီလင်ဝေ ထံကနေ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှ ကိစ္စများကို သိရှိထားခဲ့၏။
သူ့ရှေ့မှ ကျန်းချန်သည် ကျီလင်ဝေကို သက်စောင့်ဝိညာဥ်သစ်သီး ရရှိအောင် ကူညီပေးခဲ့ရုံတင်မက ကျီမျိုးနွယ်စုနှင့်လည်း သွေးသားဆက်နွယ်မှု ရှိနေခဲ့သည်။
ထို့ကြောင့် ကျီရွမ်ရီသည် ဟွမ်ရှက ကျန်းချန်အား ပြဿနာရှာနေသည်ကို မြင်လျှင် ထိုင်ကြည့်မနေနိုင်ခဲ့ပေ။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို အားဖြည့်ဖို့ ဆိုတာက ပေါ့သေးသေးကိစ္စမဟုတ်ဘူး.. ကျုပ်က သူ့ရဲ့အင်အားကို စမ်းသပ်ချင်ရုံလေးပါ”
ဟွမ်ရှက အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“အကယ်၍ ဒီကောင်လေးရဲ့ အင်အား မလုံလောက်မှုကြောင့် ပြဿနာ တစ်စုံတစ်ခု ဖြစ်လာရင် ဘယ်သူ တာဝန်ယူပေးမှာလဲ”
ထိုစကားကိုကြားလျှင် ကျီရွမ်ရီသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ကျီရွမ်ရီကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ကျွန်တော့်ဘက်ကနေ ပြောဆိုပေးလို့ ကျေးဇူးတင်ပါတယ်.. သူက ကျွန်တော်နဲ့ ယှဥ်တိုက်ချင်မှတော့ ကျွန်တော် သူနဲ့အတူ အဖော်လုပ်ပေးလိုက်ပါ့မယ်”
ကျန်းချန် ဆီမှ ထိုစကားကိုကြားလျှင် ကျီရွမ်ရီသည် ဘာစကားမျှ ထပ်မပြောတော့ပေ။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်ကူစန်းသည် အရှေ့ဘက်ဒေသ၏ သက်တော်ရှည် နတ်ဘုရင်တစ်ပါး ဖြစ်သည်။
နတ်ဘုရင်ကူစန်းသည် အထွတ်အထိပ် ကာလကလို စွမ်းအားမရှိတော့လျှင်ပင် သာမန်လူများ အလွယ်တကူ အနိုင်ယူနိုင်သည့်သူ မဟုတ်ပေ။
သူ၏ ရှေ့မှ ဟွမ်ရှသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းနီးပါးခန့်ကမှ နတ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် နတ်ဘုရင်အသစ် တစ်ပါး ဖြစ်သောကြောင့် အင်အား သိပ်မကြီးမားပေ။
ကျန်းချန်က နတ်ဘုရင်ကူစန်းကိုပင် အနိုင်ယူခဲ့သည်ဖြစ်ရာ ဟွမ်ရှကို အနိုင်မရစရာ ဘာအကြောင်းမှ မရှိပေ။
အကယ်၍ ကျန်းချန်သာ မတော်တဆ ရှုံးနိမ့်ခဲ့လျှင်လည်း သူ့အနေဖြင့် ဝင်ရောက် ကယ်တင်ပေး၍ ရသေးသည် မဟုတ်ပါလား။
“ကောင်လေး.. မင်းက ကောလာဟလတွေထဲလို တကယ်ပဲ အံ့သြစရာကောင်းတဲ့ အရည်အချင်းရှိ၊မရှိ ငါကြည့်ချင်သေးတယ်”
စကားဆုံးသည်နှင့် ဟွမ်ရှ၏ နက်မှောင်သော မျက်ဝန်း အစုံထဲကနေ ဆန်းကြယ်သော အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ဟွမ်ရှနှင့် ကျန်းချန်တို့၏ ခန္ဓာကိုယ်သည် နေရာမှာပင် ကျောက်ရုပ်တွေလို တောင့်တောင့်ကြီး ရပ်သွားခဲ့ကြသည်။
“ဝိညာဥ်တိုက်ပွဲ”
ထိုမြင်ကွင်းကိုမြင်လျှင် ကျီရွမ်ရီ၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ကျိရှောင်နတ်ဘုရင်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။
“ကျိရှောင်.. နတ်ဆိုးတားမြစ်နယ်မြေကိစ္စက အရှေ့ဘက်ဒေသတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စပဲ.. ဟွမ်ရှကို ဒီလို တိုက်ခိုက်ခွင့်ပေးလိုက်တာ နည်းနည်း လွန်လွန်းမနေဘူးလား”
ဝိညာဥ်နန်းတော်သည် ဝိညာဥ်လမ်းစဥ်ကို အထူးပြု ကျင့်ကြံသည့် အင်အားစု ဖြစ်သည်။
ထို့အပြင် ဟွမ်ရှသည် ဝိညာဥ်လမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင်တစ်ပါး ဖြစ်သောကြောင့် ဝိညာဥ်လမ်းစဥ်တွင် အတော်လေး ပေါက်မြောက်ထားသူ ဆိုလည်းမမှားပေ။
သူ၏ နတ်ဘုရင် ပထမအဆင့် အထွတ်အထိပ်အင်အားဖြင့် ဟွမ်ရှကို အလွယ်တကူ နှိမ်နင်းနိုင်သော်လည်း ဝိညာဥ်ချင်း တိုက်ခိုက်ရမည် ဆိုလျှင်မူ သူပင်လျှင် သတိထား၍ ရင်ဆိုင်ရပေလိမ့်မည်။
စိတ်ထဲတွင် အတော်လေး စိုးရိမ်နေသော်လည်း ကျီရွမ်ရီသည် ယခုလိုအချိန်တွင် အလွယ်တကူ မနှောင့်ယှက်ဝံ့ပေ။
ယခုအချိန်တွင် ဟွမ်ရှကို အတင်းအကျပ် ဝင်တားမိလျှင် ကျန်းချန်သည် ကြီးမားသော ထိခိုက်မှုများနှင့် ရင်ဆိုင်ရမည်မှာ သေချာ၏။
“စိတ်မကောင်းပါဘူး...ငါလည်း ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး”
ကျိရှောင်နတ်ဘုရင်၏ မျက်နှာက အနည်းငယ် မသာမယာဖြစ်သွားခဲ့သည်။
ဟွမ်ရှ အနေဖြင့် ကျန်းချန်ကို ဝိညာဥ်တိုက်ပွဲ ဆင်နွှဲနေသည်ကို ကြည့်ချင်းအားဖြင့် ကျန်းချန် နှင့် ဝိညာဥ်နန်းတော်တို့ ကြားတွင် ရန်ငြိုးများ ရှိနေမှန်း ခန့်မှန်းရန် မခက်ခဲပေ။
အစောပိုင်းက ဝင်ရောက် မတားဆီးခဲ့သည်မှာ သူကိုယ်တိုင်လည်း ဟွမ်ရှကို အသုံးပြုပြီး ကျန်းချန် ထံတွင် နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် ခွန်အား အမှန်တကယ် ရှိမရှိ သိချင်နေ၍ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ကျိရှောင် နတ်ဘုရင်သည် ကျန်းချန်နှင့် ဝိညာဥ်နန်းတော်တို့ ကြားရှိ ရန်ငြိုးကို လျှော့တွက်မိသွားမှန်း သိလိုက်ရချေပြီ။
ဟွမ်ရှ အနေဖြင့် သူအားသန်သည့် ဝိညာဥ်တိုက်ပွဲကို ဆင်နွှဲနေသည်မှာ ကျန်းချန်ကို အသေသတ်ရန် ကြိုးစားအားထုတ်နေမှန်း သိသာလှသည်။
မတော်မဆ ကျန်းချန် သေသွားခဲ့လျှင် ကျိရှောင်နတ်ဘုရင်သည် ကျန်းချန်၏ နောက်ကွယ်မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို သိပ်ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော်လည်း ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ကျီရွမ်ရီသည် ကျန်းချန်နှင့် ထူးခြားသော ဆက်ဆံရေးရှိသည်မှာ သိသာနေ၏။
သူ့တွင် ခံစားချက်တစ်ခု ရှိနေခဲ့သည်။
အကယ်၍သာ ကျန်းချန် သေသွားခဲ့လျှင် နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စက မည်သည့်ပြဿနာမှ မရှိလျှင်ပင် အရှေ့ဘက်ဒေသ၏ အနာဂတ်သည် အေးချမ်းတော့မည် မဟုတ်ပေ။
“ရှင်တို့နှစ်ယောက်လုံး မစိုးရိမ်ပါနဲ့.. အဲဒီကောင်လေးက သာမန်မဟုတ်ဘူး.. ဟွမ်ရှ အသာစီးမရနိုင်လောက်ဘူး ထင်တယ်”
ချင်းလွမ် မျိုးနွယ်စုမှ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။
ကျိရှောင်နတ်ဘုရင် နှင့် ကျီရွမ်ရီ တို့သည် ဘာစကားမျှ ထပ်မပြောတော့ဘဲ သူတို့၏ အကြည့်ကို ကျန်းချန် အပေါ်တွင်သာ အာရုံစိုက်ထားလိုက်ကြသည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး အချိန်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
အသက်ဆယ်ရှိုက်စာ အကြာတွင် ခန်းမထဲ၌ ညည်းညူသံတစ်သံ ထွက်ပေါ်လာခဲ့၏။
မကြာခင်မှာပင် ဟွမ်ရှ၏ ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားခဲ့ပြီ လူတစ်ကိုယ်လုံးသည် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားခဲ့ရသည်။
“ဒါက..”
ထိုမြင်ကွင်းကိုမြင်လျှင် ခန်းမထဲရှိ ကျိရှောင် နတ်ဘုရင် အပါအဝင် လူသုံးယောက်သည် ခဏမျှ မှင်တက်သွားခဲ့ကြ၏။
ဟွမ်ရှသည် ဝိညာဥ်လမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင်တစ်ပါး ဖြစ်သောကြောင့် ဝိညာဥ်အခြေအနေတွင် ရှိနေလျှင် သူ၏ စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးနိုင်စွမ်း ရှိသည်။
သူက နတ်ဘုရင် အဆင့်ကို ရောက်သည်မှာ သိပ်မကြာသေးသော်လည်း ဝိညာဥ်ချင်း တိုက်ခိုက်ရသော တိုက်ပွဲမျိုးတွင် နတ်ဘုရင် ပထမအဆင့်၌ သူ့ကို ယှဥ်နိုင်သူ အလွန်တရာ နည်းပါးသည်။
သို့သော်လည်း ကျန်းချန်သည် ဝိညာဥ်တိုက်ပွဲတွင် ဟွမ်ရှကို အလွယ်တကူပင် အနိုင်ယူလိုက်၏။
“ဒါ.. ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ.. မင်းမှာ ဒီလောက်အားကောင်းတဲ့ ဝိညာဥ်စွမ်းအားမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”
ဟွမ်ရှက ဖြူဖျော့နေသော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူက ကျန်းချန်နှင့် ဝိညာဥ်ချင်း တိုက်ခိုက်မည် ဆိုလျှင် ကျန်းချန်ကို အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ဆန်းကြယ်သည့် စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်နှင့် သူ့ကို သေလုမျောပါး အခြေအနေထိ ဖိနှိပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုစည်းတံဆိပ်သည် ကမ္ဘာပေါ်ရှိ ဝိညာဥ်စွမ်းအင် အားလုံး၏ ရန်သူတော်ကြီး ကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ ဝိညာဥ်စွမ်းအားဖြင့်ပင် မည်သို့မျှ မခုခံနိုင်ခဲ့ချေ။
အကယ်၍ သူသာ ဝိညာဥ်ချင်း တိုက်ခိုက်နေသည်ကို အတင်းအကျပ် မရပ်တန့်လိုက်လျှင် မသေလျှင်ပင် ဒဏ်ရာအတော်လေး ရရှိသွားမည်မှာ သေချာသည်။
“ဟွမ်ရှ.. မင်းက ဝိညာဥ်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်ပေမဲ့ သိပ်ပြီးလည်း အစွမ်းမထက်ပါလား”
ကျန်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းတွင် ဟွမ်ရှကို လှောင်ပြောင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
သူစကားပြောလိုက်သည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သည့် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
“နတ်ဘုရားသားတော်ကျန်း.. ငါတို့တွေ ဒီနေ့ ဒီနေရာမှာ ရှိနေတာက နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စအတွက်ပဲ.. ငါ့ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်လို့ ရမလား”
ကျန်းချန်က ထပ်မံ တိုက်ခိုက်တော့မည်ကို မြင်လျှင် ကျိရှောင်နတ်ဘုရင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် တားဆီးလိုက်သည်။
“နတ်ဆိုးတားမြစ်နယ်မြေ ကိစ္စက အရေးကြီးမှန်း ခင်ဗျားသိရင် သူ ငါ့ကို စိန်ခေါ်တုန်းက ဘာလို့ မတားခဲ့ရတာလဲ.. ခုနကတောင် မတားခဲ့ဘဲ အခုမှ ဘာလို့ ငါ့ကို လာတားနေရတာလဲ”
ကျန်းချန်က ကျိရှောင်နတ်ဘုရင်ကို အေးစက်စက် ကြည့်လိုက်သည်။
“ကျုပ် ခင်ဗျားနဲ့ ဘာပြဿနာမှ မဖြစ်ချင်ဘူး.. ကျုပ်ကို တားဖို့မစဥ်းစားနဲ့”
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ကျိရှောင်နတ်ဘုရင်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“နတ်ဘုရားသားတော်ကျန်း.. မင်းက ငါ့ရဲ့မျက်နှာကို လုံးဝမထောက်ထားဘူး ဆိုတော့လည်း ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့.. ဒီနေရာက ဟောင်ထျန်းဓားဂိုဏ်းရဲ့ နေရာဆိုတာ မင်းမမေ့ပါနဲ့”
အခန်း(၂၁၀၂)ပြီး၏။