အခန်း (၂၁၀၃-၂၁၀၄)
Vol. 151 Ch. 2103-2104
အခန်း(၂၁၀၃)
“ဘာလဲ မင်းတို့ ဟောင်ထျန်းဓားဂိုဏ်းက အင်အားသုံးပြီး အနိုင်ကျင့်ချင်တာလား”
ထိုအချင်းအရာကိုမြင်လျှင် ကျိရှောင်နတ်ဘုရင်သည် အနည်ငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျီရွမ်ရီက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကျန်းချန်၏ နံဘေးကို လျှောက်လာခဲ့သည်။
ကျီမျိုးနွယ်စု၏ နောက်ခံနှင့် ပတ်သက်၍ ကျိရှောင်နတ်ဘုရင်သည် အနည်းငယ် သိရှိထားသည်။
ကျီမျိုးနွယ်စု ခေါင်းဆောင်နှင့် ကျန်းချန်တို့ကြားမှ ဆက်ဆံရေးသည် သူထင်ထားသည်ထက်ပင် ပို၍ ထူးခြားနေပုံရ၏။
ကျီမျိုးနွယ်စုသည် အလယ်ပိုင်းဒေသ၏ လူသားဧကရာဇ်နန်းတော်မှ မျိုးနွယ်စုကြီးတစ်ခု ဖြစ်ပြီး အလွန် အင်အားကြီးမားသည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ကျီမျိုးနွယ်စုသည် မည်သို့သော အကြောင်းကြောင်းကြောင့် အရှေ့ဘက်ဒေသကို ပြောင်းရွှေ့လာခဲ့မှန်း သူ မသိသော်လည်း ဟောင်ထျန်းဓားဂိုဏ်းသည် ကျီမျိုးနွယ်စုကို အထင်မသေးဝံ့ပေ။
ဆိုရလျှင် ကျီမျိုးနွယ်စုသည် ဟောင်ထျန်းဓားဂိုဏ်းအကြောက်ရဆုံးအင်အားစု ဖြစ်ပြီး ကျီမျိုးနွယ်စု၏ ဘိုးဘေးကို အရှေ့ဘက်ဒေသတွင် ယှဥ်နိုင်သူ မရှိသလောက်ပင်။
“နတ်ဘုရားသားတော်ကျန်း.. အရင်က ဖြစ်ပျက်ခဲ့တာတွေက ငါ့အမှားပါ.. ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်လို့ရမလား”
ကျိရှောင်နတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ကျန်းချန်ကို တားမြစ်ရန် တစ်ခုခု လုပ်ရပေတော့မည်။
အစောပိုင်းက ဟွမ်ရှသည် ကျန်းချန်နှင့် ဝိညာဥ်ချင်း တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။
အကယ်၍သာ ကျန်းချန်ကိုသာ ဆက်လက် တိုက်ခိုက်ခွင့်ပေးလိုက်လျှင် ဟွမ်ရှသည် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်လောက်ပေ။
ဟောင်ထျန်းဓားဂိုဏ်းသည် ဝိညာဥ်နန်းတော်နှင့် သိပ်အဆင်မပြေသော်လည်း ယခုလို အခြေအနေတွင် ဟွမ်ရှကို တစ်စုံတစ်ရာ ဖြစ်ခွင့်မပေးနိုင်ပေ။
သို့မဟုတ်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို ချိုးဖျက်ပြီး အရှေ့ဘက်ဒေသကို ရောက်မလာခင်မှာတင် အရှေ့ဘက်ဒေသသည် ပျက်စီးသွားပေလိမ့်မည်။
“အခြေအနေတစ်ခုတော့ရှိတယ်.. မင်းတို့ ဟောင်ထျန်းဓားဂိုဏ်းရဲ့ အရင်က နတ်ဘုရင်တွေ ကျင့်ကြံခဲ့တဲ့ နေရာမှာ ငါ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံခွင့်ပေးရမယ်.. ဒါဆိုရင်တော့ မင်းရဲ့ မျက်နှာကို ထောက်ထားပြီး ဒီလူ့ကို ငါတိုက်ခိုက်တော့မှာ မဟုတ်ဘူး”
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဓားလမ်းစဥ်ကို အထူးပြု ကျင့်ကြံသည့် နယ်မြေနတ်ဘုရားတစ်ပါး အနေဖြင့် ကျန်းချန်သည် ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရင်များ ကျင့်ကြံခဲ့သည့် နေရာကို သဘာဝကျစွာပင် စိတ်ဝင်စားခဲ့သည်။
ဤကဲ့သို့သော အချိန်တွင် ကျိရှောင် နတ်ဘုရင်သည် ဟွမ်ရှအား ဆက်လက် တိုက်ခိုက်ခွင့်ပေးမည် မဟုတ်မှန်း သူကောင်းစွာသိသည်။
သို့သော်လည်း အဆုံးသတ်တွင် ကျိရှောင် နတ်ဘုရင်၏ ပေါ့ဆမှုကြောင့်သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ကျီရွမ်ရီကလည်း သူ့ဘက်ကနေ ကာကွယ်ပြောဆိုပေးနေသောကြောင့် ကျိရှောင်နတ်ဘုရင် အနေဖြင့် အလျှော့ပေးရန်သာ ရှိတော့သည်။
သူက ဤအခွင့်အရေးကို အသုံးချပြီး ကျိရှောင်နတ်ဘုရင် ထံကနေ အကျိုးအမြတ်အချို့ကို ရယူချင်နေခြင်း ဆိုလည်းမမှားပေ။
အကယ်၍ သူသာ ဟောင်ထျန်းဓားဂိုဏ်း၏ အတိတ်က နတ်ဘုရင်များ ကျင့်ကြံခဲ့သည့် နေရာတွင် ကျင့်ကြံခွင့်ရမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုသည် သိသိသာသာကို တိုးတက်လာလိမ့်မည် မဟုတ်ပါလား။
“ကောင်းပါပြီ နတ်ဘုရားသားတော်ကျန်း.. ငါ့ဘက်က စပြီး မှားခဲ့တာဆိုတော့ နတ်ဘုရားသားတော်ကျန်းရဲ့ အဆိုကို ငါသဘောတူပါတယ်”
ကျိရှောင်နတ်ဘုရင်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ ကျန်းချန်ကို ပစ်ပေးလိုက်သည်။
“ဒီတံဆိပ်ပြားနဲ့ဆိုရင် ဟောင်ထျန်းဓားဂိုဏ်းရဲ့ သူတော်စင်နယ်မြေထဲကို ဝင်ပြီး စိတ်ကြိုက် ကျင့်ကြံနိုင်ပါတယ်”
ကျိရှောင်နတ်ဘုရင်က ကျန်းချန်ကို သဘောတူလိုက်ခြင်းသည် ဟွမ်ရှကို ကာကွယ်ရန် သက်သက် လိုက်လျောလိုက်ခြင်း မဟုတ်ပေ။
ကျန်းချန်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်မှာပင် အလွန်အမင်း ကြောက်စရာကောင်းသော ပါရမီကို ပြသခဲ့ပြီး နတ်ဘုရင်အဆင့်ကိုပင် အံတုနိုင်ခဲ့သည်။
ထိုကဲ့သို့သော ပါရမီရှင်သည် နတ်ကုန်းမြေတိုက် တစ်ခုလုံးမှာပင် အလွန်တရာ ရှားပါးလှ၏။
ဤကဲ့သို့ အနှိုင်းမဲ့ပါရမီရှင်မျိုးသာ မတော်တဆ ကိစ္စရပ်များ မကြုံတွေ့ခဲ့လျှင် အနာဂတ်၌ နတ်ကုန်းမြေတိုက်၏ အခြေအနေကို ထိန်းချုပ်မည့် သူများထဲမှ တစ်ယောက် ဖြစ်လာမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ဟောင်ထျန်းဓားဂိုဏ်းသည် ကျန်းချန်နှင့်ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်လျှင် ယင်းမှာ ကောင်းမွန်သော အရာတစ်ခုပင် မဟုတ်ပါလား။
ယခုအခါတွင် နတ်ဆိုးတားမြစ်နယ်မြေ၏ အခြေအနေက အရေးပေါ် အခြေအနေ ဖြစ်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ပြန်ရောက်လာနိုင်ခြေ ရှိနေခဲ့သည်။
ဆိုရလျှင် နတ်ကုန်းမြေတိုက်၏ အနာဂတ်သည် ငြိမ်သက်နေတော့မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်”
ကျန်းချန်က တံဆိပ်ပြားကို လက်ခံလိုက်ပြီးနောက်တွင် ကျီရွမ်ရီကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။
“ကောင်းပြီ.. ကိစ္စက ဒီမှာတင်ပြီးပြီ.. မင်းတို့အနေနဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကို ခဏဘေးဖယ်ထားပြီး နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ခတ်တဲ့ ကိစ္စကို ပါဝင်အားဖြည့်ပေးဖို့ အတွက် အတူတူ လက်တွဲလုပ်ဆောင်ကြဖို့ ငါမျှော်လင့်ပါတယ်”
ကျိရှောင်နတ်ဘုရင်ကလည်း တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်ပြီး သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။
“တကယ်လို့သာ နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ခတ်တဲ့ ကိစ္စမှာ ပြဿနာ တစ်စုံတစ်ရာ ရှိလာခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းတို့တွေကောင်းကောင်း သိကြမှာပါ”
ကျိရှောင်နတ်ဘုရင်၏ စကားကိုကြားလျှင် ကျီရွမ်ရီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျိရှောင်.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို ဘယ်လိုအားဖြည့်ရမလဲ ဆိုတာကိုပဲ တိုက်ရိုက်ပြောစမ်းပါ”
“ငါတို့ ဟောင်ထျန်းဓားဂိုဏ်းက ဒီကိစ္စအတွက် ပြင်ဆင်နေပါပြီ.. ဒါပေမဲ့ အချိန်တစ်ခုတော့ လိုအပ်သေးတယ်.. အချိန်ကျရင်တော့ မင်းတို့ လေးယောက်စလုံး ငါနဲ့အတူ ပူးပေါင်းလုပ်ဆောင်ပေးဖို့ပဲ လိုအပ်တယ်”
ကျိရှောင် နတ်ဘုရင်က တိုက်ရိုက်ပင် ပြောပြလိုက်သည်။
ဤအချိန်တွင် ဟွမ်ရှသည် မျက်နှာမသာမယာဖြင့် ဝင်ပြောလိုက်၏။
“အချိန်တစ်ခု လိုအပ်သေးတယ် ဆိုမှတော့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှပဲ ငါတို့ကို ခေါ်လိုက်လို့ မရဘူးလား”
“မင်းတို့ကို ခေါ်လိုက်တာက ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပါ.. မကြာသေးခင်ကစပြီး နတ်ဆိုးတားမြစ်နယ်မြေမှာ အပြောင်းအလဲတွေ မကြာခဏ ဖြစ်ပေါ်လာခဲ့တယ်”
ကျိရှောင်နတ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။
“အကယ်၍ တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် ငါတို့ ဟောင်ထျန်းဓားဂိုဏ်း တစ်ခုတည်းရဲ့ အင်အားနဲ့ တားဆီးနိုင်မှာမဟုတ်ဘူး.. ဒါကြောင့် မင်းတို့တွေ ရက်အနည်းငယ်လောက် ဟောင်ထျန်းဓားဂိုဏ်းမှာ နေပေးကြဖို့ ငါမျှော်လင့်ပါတယ်”
ထိုစကားကို ကြားပြီးနောက်တွင် ကျီရွမ်ရီနှင့် တခြားသူများသည် ကျိရှောင်နတ်ဘုရင်၏ စီစဥ်မှုအပေါ်တွင် ဘာမှစောဒက မတက်ကြတော့ပေ။
ကျန်းချန်က ကျိရှောင်နတ်ဘုရင် ပေးအပ်ထားသည့် တံဆိပ်ပြားကို ရရှိထားပြီ ဖြစ်သည်။
ထို့အပြင် သူက နဂိုကတည်းကပင် ဟောင်ထျန်းဓားဂိုဏ်း၌ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံရန် အစီအစဥ်ရှိသောကြောင့် ဤကိစ္စ အပေါ်တွင် မည်သို့မျှ ကန့်ကွက်စရာအကြောင်း မရှိပေ။
အစည်းအဝေးပြီးနောက်တွင် ကျန်းချန်သည် ဟောင်ထျန်းဓားဂိုဏ်း၏ ဓားနတ်ဘုရင်များ ကျင့်ကြံခဲ့သည့် သူတော်စင်နယ်မြေသို့ သွားရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ကျီရွမ်ရီသည် ကျန်းချန် နေထိုင်သည့် ခြံဝန်းထဲကို ရုတ်တရက် ရောက်ရှိလာခဲ့သည်။
ကျီရွမ်ရီကို မြင်လိုက်ရလျှင် ကျန်းချန်သည် ပြုံး၍ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ခုနတုန်းက ခန်းမထဲမှာ အကူအညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“အားမနာပါနဲ့ နတ်ဘုရားသားတော်ကျန်း”
ကျီရွမ်ရီက ပြုံးရွှင်စွာ ပြောလိုက်သည်။
“လင်ဝေဆီကနေ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေက အကြောင်းတွေ ငါကြားပြီးပါပြီ.. ကျေးဇူတင်ချင်းတင် ငါတို့ကျီမျိုးနွယ်စုကသာ ကျေးဇူးတင်ရမှာပါ”
“ငါနဲ့ လင်ဝေတို့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာ ဆုံတွေ့ခဲ့ရတာလည်း ရေစက်တစ်ခုပါပဲ”
ကျန်းချန်က ကျီရွမ်ရီကို ပြောလိုက်သည်။
ထို့နောက်တွင် သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီတုန်းက ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့တာလဲ.. ဘာကြောင့် မျိုးနွယ်စုခေါင်းဆောင်ကျီ တို့က အရှေ့ဘက်ဒေသ ဆီကို ရောက်လာခဲ့ကြတာလဲ”
“ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ.. မင်းက ကျန်းမျိုးနွယ်စုနဲ့ ကျီမျိုးနွယ်စုရဲ့ အဆက်အနွယ် တစ်ယောက်ပဲ.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ ကိစ္စပြီးရင် ငါနဲ့အတူ ကျီမျိုးနွယ်စုဆီ လိုက်လာခဲ့ပါ.. အဲဒီအခါကျရင် ငါမင်းကို အသေးစိတ် ပြောပြပါ့မယ်”
ကျီရွမ်ရီက ခဏမျှစဥ်းစားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။
“ကောင်းပါပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူက ဤကိစ္စကို ထပ်ပြီး အကျယ်တဝင့် မမေးတော့ဘဲ နတ်ဆိုးတားမြစ်နယ်မြေ အကြောင်းကိုသာ မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. အဲဒီ နတ်ဆိုးတားမြစ်နယ်မြေက ဘယ်နေရာမှာလဲ”
ကျီရွမ်ရီက ပြုံး၍ ပြန်ဖြေလိုက်၏။
“နတ်ဆိုးတားမြစ်နယ်မြေက တကယ်တော့ ဟောင်ထျန်းဓားဂိုဏ်းထဲမှာပဲ.. အရင်တုန်းက ဟောင်ထျန်းဓားဂိုဏ်းက ဒီနေရာမှာမဟုတ်ဘူး.. သူတို့က နတ်ဆိုးတားမြစ်နယ်မြေကို စောင့်ကြပ်ဖို့ အတွက် ဒီနေရာကို ပြောင်းရွှေ့လာခဲ့ကြတာပဲ”
ကျန်းချန်က နောက်ထပ် အကြောင်းအရာ တချို့ကို ထပ်မံမေးမြန်းခဲ့ပြီး ကျီရွမ်ရီကလည်း ကျန်းချန်ကို စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီ ဖြေပေးခဲ့သည်။
“ကောင်းပြီ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြရအောင်.. တချို့ကိစ္စတွေကိုတော့ မင်း ကျီမျိုးနွယ်စုဆီ ရောက်လာတဲ့အခါမှပဲ ငါအသေးစိတ် ပြောပြပါ့မယ်”
စကား ခဏမျှ ပြောပြီးသည့်နောက်တွင် ကျီရွမ်ရီသည် ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
“ငါ ထင်တာမမှားဘူးဆိုရင် မင်းခုနက ဟောင်ထျန်းဓားဂိုဏ်းရဲ့ သူတော်စင်နယ်မြေကို သွားဖို့ ပြင်နေတာ မဟုတ်လား”
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဟုတ်တယ် မျိုးနွယ်စုခေါင်းဆောင်ကျီ.. အခွင့်အရေးကို ရထားမှတော့ အလဟဿ အဖြစ်မခံနိုင်ဘူးလေ”
“ရှေးခေတ်ကာလတုန်းက ဆိုရင် ဟောင်ထျန်းဓားဂိုဏ်းရဲ့ ဓားလမ်းစဥ်က နတ်ဘုရားနယ်မြေရဲ့ အကောင်းဆုံး ဓားလမ်းစဥ်တွေထဲက တစ်ခုပဲ.. အလယ်ပိုင်းဒေသက ဓားနတ်ဘုရားမျိုးနွယ်စုရဲ့ ဓားလမ်းစဥ်ကပဲ ဟောင်ထျန်းဓားဂိုဏ်းရဲ့ ဓားလမ်းစဥ်ကို အသာရခဲ့တယ်.. ဒီနေ့ခေတ်မှာ ဟောင်ထျန်းဓားဂိုဏ်းက အရင်လောက် မဟုတ်တော့ဘူး ဆိုရင်တောင် သူတို့ရဲ့ သူတော်စင်နယ်မြေမှာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူရဲ့ ဓားလမ်းစဥ် အမွေအနှစ်တွေ ရှိနေပါသေးတယ်.. အကယ်၍ မင်းသာ အဲဒီထဲက တစ်ခု နှစ်ခုလောက်ကို နားလည်နိုင်မယ်ဆိုရင် မင်းအတွက် အကျိုးကျေးဇူးတွေ အများအပြား ရနိုင်လိမ့်မယ်”
ထိုစကားကို ပြောပြီးသည်နှင့် ကျီရွမ်ရီသည် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။
“ဒီဟောင်ထျန်းဓားဂိုဏ်းမှာ ဓားလမ်းစဥ်ကို အထူးပြုတဲ့ နတ်ဘုရင် နဝမအဆင့်တောင် ပေါ်ထွက်ခဲ့ဖူးတယ်လား”
ကျီရွမ်ရီ၏ စကားကို ကြားလိုက်ရပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ခေါင်းမော့လိုက်ပြီး ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေ ဆီသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
အခန်း(၂၁၀၃)ပြီး၏။
အခန်း(၂၁၀၄)
ဟောင်ထျန်းဓားဂိုဏ်း၏ အတွင်းဘက်အကျဆုံးနေရာတွင် အဆုံးမဲ့ဓားလမ်းစဥ်များနှင့် လွှမ်းခြုံနေသည့် အထူးနယ်မြေတစ်ခုရှိသည်။
ထိုနေရာသည် ဟောင်ထျန်းဓားဂိုဏ်း၏ အတိတ်မှ ဓားနတ်ဘုရင်များ သူတို့၏ ဓားလမ်းစဥ်ကို ချန်ထားရစ်ခဲ့သည့် အမွေအနှစ်နေရာလည်း ဖြစ်သည်။
ဆိုရလျှင် ထိုနယ်မြေသည် ဓားနတ်ဘုရင်များ၏ မဟာလမ်းစဥ် အနှစ်သာရများ ကိန်းအောင်းနေသော နေရာဖြစ်၍ ဟောင်ထျန်းဓားဂိုဏ်းသည် ထိုနေရာကို သူတော်စင်နယ်မြေ အဖြစ် သတ်မှတ်ထားခဲ့သည်။
သူတော်စင်နယ်မြေထဲကို သာမန် ကျင့်ကြံသူများသည် ဝင်ရောက်ရန် အရည်အချင်းမရှိပေ။
သူတော်စင်နယ်မြေတွင် ဟောင်ထျန်းဓားဂိုဏ်း၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များ ရှိသည့်အပြင် အလွန်အင်မတန် အားကောင်းသည့် စွမ်းအားများလည်း ရှိသည်။
သာမန် နယ်မြေနတ်ဘုရားများပင် ထိုစွမ်းအားဒဏ်ကို မခံနိုင်ကြချေ။
ဂိုဏ်း၏ အကြီးအကဲအဆင့် သို့မဟုတ် ထူးချွန်ထက်မြက်သော ပါရမီရှင်တပည့်များ သာလျှင် ထိုနေရာကို ဝင်ရောက်ပြီး ဟောင်ထျန်းဓားဂိုဏ်း၏ ဘိုးဘေးများချန်ထားရစ်ခဲ့သည့် မဟာလမ်းစဥ် အနှစ်သာရများကို လေ့လာဆည်းပူးနိုင်ကြ၏။
“ဒီနေရာက ဟောင်ထျန်းဓားဂိုဏ်းရဲ့ သူတော်စင်နယ်မြေပဲ.. အပြင်လူတွေ ဝင်ရောက်ခွင့်မရှိဘူး”
ကျန်းချန်က ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေအပြင်ဘက်ကို ရောက်ရှိလာသည့် အချိန်တွင် ပိန်ပါးပါးအဘိုးအို တစ်ယောက်သည် တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့သည်။
သူ့ရှေ့မှ အဘိုးအိုကို ကြည့်ကာ ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုပိန်ပါးပါး အဘိုးအိုသည် အပေါ်ယံကြည့်လျှင် သေခါနီးဆဲဆဲ အဘိုးအိုတစ်ယောက်ဟု ထင်ရသော်လည်း အရှိန်အဝါကမူ ဟောင်ထျန်းဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ကျိရှောင်နတ်ဘုရင်ထက်ပင် ပို၍ သန်မာနေခဲ့သည်။
သူက ထိုအဘိုးအိုဆီကနေ အန္တရာယ်ရှိသော အရှိန်အဝါများကိုပင် ခပ်ရေးရေး ခံစားမိခဲ့၏။
ဆိုရလျှင် ထိုအဘိုးအိုသည် အနည်းဆုံး နတ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလောက်သည်။
[ဟောင်ထျန်းဓားဂိုဏ်းက အရှေ့ဘက်ဒေသရဲ့ နံပါတ်(၁)အင်အားစု ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနဲ့ ယှဥ်ရင် အများကြီး ကွာခြားနေတာပဲ]
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ကာ ကျိရှောင် နတ်ဘုရင်ပေးအပ်ထားသည့် တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
“ဝင်လို့ရပြီ”
ပိန်ပါးပါးအဘိုးအိုက ကျန်းချန်ကို အံ့သြသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ဘာစကားမျှ ထပ်မပြောတော့ဘဲ ကျန်းချန်၏ ရှေ့ကနေ တစ္ဆေတစ်ကောင် ကဲ့သို့ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်ကလည်း တွန့်ဆုတ်မနေတော့ဘဲ ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေထဲကို ဝင်ရောက်သွားခဲ့သည်။
သူတော်စင်နယ်မြေထဲကို ရောက်သည့်အခါတွင် ကျန်းချန်သည် သူ၏ ခေါင်းအထက်ကနေ ဖိနှိပ်နေသည့် ဓားလမ်းစဥ်၏ ထူးကဲသော စွမ်းအားများကို ခံစားလိုက်ရ၏။
ထိုဓားလမ်းစဥ်၏ စွမ်းအားသည် သာမန် နယ်မြေနတ်ဘုရားတစ်ပါးကို အလွယ်တကူ ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်သော်လည်း ကြယ်လေးပွင့်အရှင်သခင် တစ်ပါး ဖြစ်သည့် ကျန်းချန် အတွက်မူ ဖိအားသိပ်မရှိလှပေ။
သူက ခေါင်းမော့၍ ကြည့်လိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ မီတာတစ်ရာခန့် အကွာတွင် အပြာရင့်ရောင် အလင်းများကို ထုတ်လွှတ်နေသော စွမ်းအင်ဓားတစ်လက် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
သူခံစားနေရသည့် ဓားလမ်းစဥ် စွမ်းအားများသည် ထိုအပြာရောင်စွမ်းအင်ဓား ဆီကနေ သက်ရောက်လာခြင်း ဖြစ်သည်။
ထိုအပြာရောင်စွမ်းအင်ဓား၏ အရှေ့ဘက် ပေတစ်ရာခန့်အကွာအဝေး အတိုင်းတွင် လေထဲတွင် ပျံဝဲနေသော စွမ်းအင်ဓားတစ်လက်စီ ရှိနေခဲ့သည်။
ထိုစွမ်းအင်ဓားများသည် အရောင်အမျိုးမျိုး ရှိကြပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။
ဓားတစ်လက်ချင်းစီတိုင်းတွင် အလွန်တရာ သန်မာသော ဓားလမ်းစဥ် စွမ်းအားများ ကိန်းအောင်းနေခဲ့၏။
ကျန်းချန်က ရေတွက်ကြည့်လိုက်ရာ ထိုကဲ့သို့ စွမ်းအင်ဓားစုစုပေါင်း တစ်ဆယ့်ခြောက်လက် ရှိနေသည်ကို တွေ့လိုက်ရသည်။
အနောက်ဘက်ကို ရောက်လေလေ၊ စွမ်းအင်ဓားများ ဆီကနေ ထွက်ပေါ်လာသည့် ဓားလမ်းစဥ်စွမ်းအားများသည် ပို၍ သန်မာလေလေ ဖြစ်သည်။
အထူးသဖြင့် အနက်ရှိုင်းဆုံးနေရာမှ စွမ်းအင်ဓား အနည်းငယ်သည် ပေထောင်ချီဝေးသော နေရာတွင် ရပ်နေသည့် ကျန်းချန်ကိုပင် ရင်တုန်စေလောက်သည့် အရှိန်အဝါများ ခံစားစေခဲ့သည်။
“ဒီစွမ်းအင်ဓားတွေက ဟောင်ထျန်းဓားဂိုဏ်းရဲ့ ဓားနတ်ဘုရင်တွေ ချန်ထားရစ်ခဲ့တဲ့ မဟာလမ်းစဥ် အနှစ်သာရတွေပဲ ဖြစ်ရမယ်”
ကျန်းချန်က လေထဲမှ စွမ်းအင်ဓားများကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤနေရာတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဆယ့်ခြောက်ယောက်၏ မဟာလမ်းစဥ် အနှစ်သာရများ ရှိနေခဲ့သည်။
ထိုအရေအတွက်ထဲတွင် မဟာကပ်ဘေး၌ ကျဆုံးသွားခဲ့သော နတ်ဘုရင်များကို မထည့်တွက်ရသေးပေ။
ဤသည်ကို ကြည့်လျှင် ဟောင်ထျန်းဓားဂိုဏ်းသည် ရှေးခေတ်ကာလကတည်းကနေ ဆင်းသက်လာသည့် ဂိုဏ်းကြီး တစ်ဂိုဏ်း ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှ၏။
၎င်းတို့၏ နောက်ခံသည် အမှန်တကယ်ပင် နက်ရှိုင်းလွန်းနေခဲ့သည်။
ကျန်းချန်၏ အကြည့်က ပထမဆုံး စွမ်းအင်ဓား ဆီသို့ ကျရောက်သွားပြီးနောက်တွင် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုစွမ်းအင်ဓားများထဲတွင်ကိန်းအောင်းနေသော မဟာလမ်းစဥ် အနှစ်သာရစွမ်းအားများသည် ဟောင်ထျန်းဓားဂိုဏ်းမှ ဘိုးဘေးများ၏ ခွန်အားအပေါ်တွင် မူတည်၍ အစဥ်လိုက် စီထားခြင်း ဖြစ်နိုင်လောက်၏။
ဆိုရလျှင် စွမ်းအင်ဓားက ပို၍ နက်ရှိုင်းသော နေရာတွင် ရှိလေလေ စွမ်းအင်ဓားထဲတွင် ပါဝင်နေသော မဟာလမ်းစဥ် အနှစ်သာရက ပိုပြီး အားကောင်းလေလေ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေသောကြောင့် ထိုမဟာလမ်းစဥ် အနှစ်သာရများကို နားမလည်နိုင်စရာအကြောင်း မရှိပေ။
အဆ ၁၀၀ စနစ်ကို အသက်သွင်းလိုက်သည်နှင့် မဟာလမ်းစဥ် အနှစ်သာရများမှ တစ်ဆင့် အတွေ့အကြုံရမှတ်များကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။
မဟာလမ်းစဥ် အနှစ်သာရက ပိုမို အားကောင်းလေလေ သူရရှိမည့် အတွေ့အကြုံ ရမှတ်များက ပိုပြီး များပြားလေလေ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်သည် အရှေ့ပိုင်းမှ စွမ်းအင်ဓားများကို သဘာဝကျစွာပင် အာရုံမစိုက်ခဲ့ပေ။
သူက အနက်ရှိုင်းဆုံး နေရာရှိ စွမ်းအင်ဓား ဧရိယာ ဆီသို့ ဦးတည်၍ လျှောက်လာခဲ့သည်။
ဤသို့ဖြင့် ပထမဆုံး စွမ်းအင်ဓား ဧရိယာကို အလျင်အမြန်ပင် ဖြတ်ကျော်ကာ ဒုတိယမြောက် စွမ်းအင်ဓား ဧရိယာ ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုဧရိယာထဲတွင် ဓားလမ်းစဥ်၏ စွမ်းအားသည် ပထမဧရိယာထက် အနည်းငယ် ပိုသန်မာသော်လည်း သူရင်ဆိုင်နိုင်သော အကန့်အသတ်တွင် ရှိနေပါသေး၏။
ကျန်းချန် ရင်ဆိုင်နေရသည့် ဓားလမ်းစဥ် စွမ်းအားများသည်လည်း တစ်ဆင့်ထက် တစ်ဆင့် ပို၍ အားကောင်းလာခဲ့၏။
ချက်ချင်းဆိုသလို တတိယ၊ စတုတ္ထ၊ ပဉ္စမ စသည့် ဧရိယာများကို ကျန်းချန်သည် ဆက်တိုက်ဆိုသလို ကျော်ဖြတ်လာခဲ့သည်။
ဤသို့ဖြင့် ကိုးခုမြောက် စွမ်းအင်ဓား ဧရိယာသို့ ရောက်လာသောအခါတွင်မူ လေထဲရှိ ဓားလမ်းစဥ်များသည် ကျန်းချန်ကို ကြီးမားသော ဖိအားများ ပေးလာခဲ့ချေပြီ။
ကျန်းချန်က ကိုးခုမြောက် စွမ်းအင်ဓား၏ အရှိန်အဝါ ဖိအားကို တောင့်ခံလိုက်ပြီး ဆယ်ခုမြောက် စွမ်းအင်ဓား ဧရိယာထဲသို့ လှမ်းဝင်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားလမ်းစဥ် စွမ်းအားကြောင့် ကျန်းချန်သည် သူ၏ နှလုံးသားကို တူဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ယင်သွားခဲ့သည်။
“ဝေ့ါ..”
ကျန်းချန်က ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ဆယ်ခုမြောက် စွမ်းအင်ဓား ဧရိယာထဲကနေ ကိုးခုမြောက် စွမ်းအင်ဓား ဧရိယာ ဆီသို့ အလျင်အမြန်ပင် ပြန်ဆုတ်လိုက်ရသည်။
တကယ်ကို သန်မာလိုက်တဲ့ ဓားလမ်းစဥ်ပါလား”
“ကိုးခုမြောက် စွမ်းအင်ဓားနဲ့ ဆယ်ခုမြောက် စွမ်းအင်ဓားရဲ့ကြားမှာ ကွာဟချက် အတော်လေး ကြီးမားပုံပဲ”
ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
ဆယ်ခုမြောက် စွမ်းအင်ဓားကို ကြည့်နေသည့် သူ၏ အကြည့်သည် ပို၍ပင် လေးနက်သွားခဲ့၏။
မူလတွင် သူက အနက်ရှိုင်းဆုံး နေရာအထိ သွားပြီး ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သော လမ်းစဥ် အနှစ်သာရကို လေ့လာချင်ခဲ့ခြင်း ဖြစ်သည်။
ယခု ကြည့်ရသည်မှာ ထိုအရာသည် မဖြစ်နိုင်သလောက်ပင်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ စနစ်၏ အကြောင်းကြားသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကိုးခုမြောက် စွမ်းအင်ဓားအောက်တွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်သည်။
ယင်းနောက်တွင် သူ၏ အသက်ရှုနှုန်းကို ထိန်းညှိလိုက်ပြီး ကိုးခုမြောက် စွမ်းအင်ဓား၏ အနှစ်သာရကို စတင် လေ့လာခဲ့သည်။
“ဒင်.. သင်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ မဟာလမ်းစဥ် အနှစ်သာရကို နားလည်သွားတဲ့အတွက် ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်”
စနစ်ထံမှ အသံအရ ဤကိုးခုမြောက် စွမ်းအင်ဓားသည် ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ချန်ထားခဲ့ခြင်း ဖြစ်ပုံရ၏။
သို့ဆိုလျှင် ဆယ်ခုမြောက် စွမ်းအင်ဓားသည် အနည်းဆုံး နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူ၏ မဟာလမ်းစဥ် အနှစ်သာရဖြစ်မည်မှာ သေချာသလောက်ပင်။
ဤစွမ်းအင်ဓား နှစ်လက်ကြားမှ ဓားလမ်းစဥ် အားကောင်းမှု ကွာခြားချက်ကို ကြည့်ချင်းအားဖြင့် နတ်ဘုရင် တတိယအဆင့် နှင့် စတုတ္ထအဆင့်တို့ ကြားတွင် မည်မျှ ကွာခြားချက် ကြီးမားကြောင်း သိရှိနိုင်ခဲ့သည်။
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် စွမ်းအင်ဓားပေါ်မှ နတ်ဘုရင်၏ မဟာလမ်းစဥ် အနှစ်သာရကို ဆက်လက်အာရုံစိုက်ကာ လေ့လာနေခဲ့သည်။
နယ်မြေနတ်ဘုရား အဆင့်တွင် ထိန်းချုပ်ထားသော စွမ်းအားကို နယ်မြေနတ်ဘုရား စွမ်းအားဟု ခေါ်သည်။
ထိုစွမ်းအား၏ အရင်းအမြစ်သည် လမ်းစဥ် ၆ပါးကို တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီးနောက် ရရှိလာသည့် နယ်မြေနတ်ဘုရား အရင်းအမြစ်စွမ်းအား ဖြစ်သည်။
ထိုနယ်မြေနတ်ဘုရား အရင်းအမြစ် စွမ်းအားသည် ကောင်းကင်နတ်ဘုရားအဆင့်၏ ကမ္ဘာ့စွမ်းအားကို လုံးဝကျော်လွန်ရုံတင် မကဘဲ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများကို ပြီးပြည့်စုံသော ကမ္ဘာငယ်လေး တစ်ခု ဖန်တီးနိုင်စွမ်းကိုပါ ပေးစွမ်းနိုင်၏။
ဆိုရလျှင် နယ်မြေနတ်ဘုရား အရင်းအမြစ်သည် ကျင့်ကြံသူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ် ဖြစ်သည်။
သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်တွင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် လက်သီးဆုပ်လောက် အရွယ်အစားသာ ရှိတတ်၏။
ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲရှိ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် တဖြည်းဖြည်း တိုးပွားလာမည် ဖြစ်သည်။
အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့် (ဝါ) မြေကြီးအရှင်အဆင့်သို့ ရောက်ရှိလာသောအခါတွင်မူ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် စမ်းချောင်းတစ်ခု အရွယ်အစားခန့် ရှိလာပေလိမ့်မည်။
ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိသောအခါတွင်မူ ခန္ဓာကိုယ်ထဲရှိ နယ်မြေနတ်ဘုရား အရင်းအမြစ်များသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။
ဤသည်မှာ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်း၏ မတူညီသော အဆင့် သုံးဆင့်ပင်။
အခန်း(၂၁၀၄)ပြီး၏။