← Chapters

အခန်း (၂၁၀၅-၂၁၀၆)

Vol. 151 Ch. 2105-2106

အခန်း (၂၁၀၅-၂၁၀၆)

Vol. 151 Ch. 2105-2106

အခန်း(၂၁၀၅)

နယ်မြေနတ်ဘုရားအဆင့်တွင် အဆင့်သုံးဆင့်ရှိပြီး အဆင့်တစ်ဆင့်ချင်းစီကို တိုးတက်အောင်လုပ်ရန်မှာ မလွယ်ကူပေ။

အကယ်၍သာ အခွင့်လမ်းကောင်းများ မရရှိလျှင် ကျင့်ကြံသူတစ်ယောက်သည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံလျှင်ပင် များစွာ တိုးတက်လာမည် မဟုတ်ပေ။

ကျန်းချန်ကဲ့သို့ ကန့်သတ်ချက်များကို ချိုးဖျက်ပြီး အဆင့်တက်လာသော ကြယ်ပွင့်အဆင့် နယ်မြေနတ်ဘုရားများ အတွက် ဆိုလျှင် ပို၍ပင် ခက်ခဲသည်။

အဘယ်ကြောင့်ဆိုသော် ကြယ်တစ်ပွင့် အရှင်သခင်၏ ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရားများထက် နှစ်ဆကျော် ပိုမိုကြီးမားနေ၍ ဖြစ်သည်။

သာမန် နယ်မြေနတ်ဘုရား တစ်ပါးက မြေကြီးအရှင် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ၎င်း၏ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် စမ်းချောင်းအရွယ်အစားခန့် ရှိသည်ဆိုလျှင် ကြယ်တစ်ပွင့် မြေကြီးအရှင်၏ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် မြစ်ကြီးတစ်စင်း အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ကျန်းချန်ကမူ ကြယ်လေးပွင့် အရှင်သခင်တစ်ပါး ဖြစ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် သာမန် နယ်မြေနတ်ဘုရားများထက် ဆယ်ဆကျော် ပို၍ ကြီးမားနေခဲ့၏။

ဤသည်ကပင် ကြယ်ပွင့်အဆင့် နယ်မြေနတ်ဘုရားများသည် သာမန် နယ်မြေနတ်ဘုရားများကို ဖိနှိပ်နိုင်ရုံသာမက အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် အရေးပါသော အကြောင်းအရင်းလည်း ဖြစ်သည်။

ကျန်းချန်သည် ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေရှိ ကိုးခုမြောက် စွမ်းအင်ဓားအောက်တွင် မလှုပ်မယှက် တင်ပျဥ်ခွေထိုင်ကာ နယ်မြေနတ်ဘုရား အရင်းအမြစ်ကို တိုးပွားလာရန် ကျင့်ကြံနေခဲ့သည်။

“ဒင်.. သင်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ ဓားလမ်းစဥ် အနှစ်သာရကို နားလည်သွားတဲ့အတွက် ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ်ကျင့်ကြံသူရဲ့ ဓားလမ်းစဥ် အနှစ်သာရကို နားလည်သွားတဲ့အတွက် ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ ဓားလမ်းစဥ် အနှစ်သာရကို နားလည်သွားတဲ့အတွက် ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်”

“...............”

နာရီဝက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် လျင်မြန်စွာပင် နှစ်ဆခန့်တိုးလာခဲ့ပြီး ကြယ်လေးပွင့် အရှင်သခင် အစောပိုင်းအဆင့်ကနေ အလယ်အလတ်အဆင့်ကို ရောက်ရှိလုနီးပါး ဖြစ်လာခဲ့သည်။

“နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ချန်ထားရစ်ခဲ့တဲ့ ဓားလမ်းစဥ် အနှစ်သာရက တကယ်ကို အံ့သြစရာပဲ.. ငါ့ကိုသာ နောက်ထပ် လအနည်းငယ်လောက် အချိန်ပေးမယ်ဆိုရင် ကြယ်လေးပွင့် အရှင်သခင် အဆင့်ကနေ ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်ကို ချိုးဖျက်နိုင်မှာ သေချာသလောက်ပဲ”

ကျန်းချန်က မျက်လုံးကို ဖွင့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခု သူရောက်ရှိနေသော နေရာသည် ရှေးခေတ်ကာလကတည်းကပင် ဟောင်ထျန်းဓားဂိုဏ်း၏ မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် သူတော်စင်နယ်မြေ ဖြစ်သည်။

ဤသည်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သည့် မဟာလမ်းစဥ် အနှစ်သာရသာလျှင် ရှိပါသေး၏။

အကယ်၍ သူသာ ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရင်နဝမအဆင့် ချန်ထားရစ်ခဲ့သော မဟာလမ်းစဥ် အနှစ်သာရကို နားလည်နိုင်မည် ဆိုလျှင် သူ၏ ဓားအရင်းအမြစ်သည် အဆပေါင်းများစွာ တစ်ဟုန်ထိုး တိုးတက်သွားလိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း ယခုလောလောဆယ်တွင် ကျန်းချန်သည် စိတ်ကူးယဥ်ရုံသာ တတ်နိုင်ခဲ့သည်။

သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် နတ်ဘုရင်စတုတ္ထအဆင့်၏ ဓားလမ်းစဥ်ကိုပင် ခုခံရန် ခက်ခဲနေပါသေး၏။

သို့ဖြစ်ရာ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သည့် ဓားလမ်းစဥ်အနှစ်သာရ ဆိုလျှင် ထည့်ပြောနေစရာပင် မလိုတော့ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ခတ်တဲ့ ကိစ္စ ပြီးသွားရင် ဒီမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံဖို့ နေခဲ့ရမယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိသောကြောင့် ဤကဲ့သို့ ဓားလမ်းစဥ် အနှစ်သာရများ ရှိသည့်နေရာတွင် ကျင့်ကြံခြင်းသည် သူ၏ ဓားလမ်းစဥ် အရင်းအမြစ် တိုးတက်လာရန်အတွက် ထမင်းစားရေသောက်သလို လွယ်ကူနေခဲ့သည်။

အကယ်၍ သူသာ ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေတွင် ဆက်လက် ကျင့်ကြံနေမည်ဆိုလျှင် ၂နှစ် ၃နှစ်ခန့် အချိန်ပေးလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အရှင်အဆင့် အထိ မြှင့်တင်နိုင်ပေလိမ့်မည်။

ထိုအချိန်သို့ ရောက်လျှင် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူ ပင်လျှင် သူ့အတွက် အနည်းငယ်မျှ ခြိမ်းခြောက်မှု ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက်တွင် ကျန်းချန်သည် သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး မတ်တတ် ထရပ်လိုက်ကာ သူတော်စင်နယ်မြေအပြင်ဘက်ကို လျှောက်ထွက်လာခဲ့သည်။

သူ့အနေဖြင့် ကျိရှောင်နတ်ဘုရင်ကို နတ်ဆိုးတားမြစ်နယ်မြေအား စည်းတံဆိပ်ခတ်ရာတွင် အကူအညီ ပေးရဦးမည် မဟုတ်ပါလော။

“နတ်ဘုရားသားတော်ကျန်း.. ဂိုဏ်းချုပ်က နတ်ဆိုးတားမြစ်နယ်မြေ ဆီကို သွားနှင့်ပါပြီ.. ဂိုဏ်းချုပ်ရဲ့အမိန့်အရ နတ်ဘုရားသားတော်ကျန်းကို ဒီနေရာမှာ ကျွန်တော် စောင့်နေတာပါ”

သူတော်စင်နယ်မြေထဲကနေ ကျန်းချန် ထွက်လာသည်ကို မြင်သည်နှင့် ဟောင်ထျန်းဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် လာရောက် ကြိုဆိုခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်၏။

“လမ်းပြပေးပါ”

“နတ်ဘုရားသားတော်ကျန်း ကျွန်တော့်နောက်က လိုက်လာခဲ့ပါ”

ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲသည် ကျန်းချန်ကို ခေါ်ဆောင်သွားခဲ့ပြီး ဟောင်ထျန်းဓားဂိုဏ်း၏ အနောက်ဘက်တောင်တန်း ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ကျန်းချန်တို့ နှစ်ယောက်သည် လျှို့ဝှက်ဆန်းကြယ်သော တောအုပ်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုတောအုပ် တစ်ခုလုံးသည် နက်မှောင်ပြီး အဆုံးမဲ့နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံနေပုံရ၏။

ဤနေရာရှိ မြင်ကွင်းသည် အတော်လေး ဝေဝါးနေခဲ့သည်။

ကျန်းချန်က အတွင်းကို ပို၍ နက်ရှိုင်းစွာ ဝင်သွားလေလေ တောအုပ်ထဲရှိ နတ်ဆိုး အငွေ့အသက်များသည် ပို၍ အားကောင်းလေလေ ဖြစ်သည်။

ခဏအကြာတွင် လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်းတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ကျန်းချန်က ချိုင့်ဝှမ်း တစ်ခုလုံးကို လွှမ်းမိုးနေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။

ချိုင့်ဝှမ်း၏ အပြင်ဘက်တွင်မူ ကျိရှောင်နတ်ဘုရင် ဦးဆောင်သော နတ်ဘုရင်အဆင့် ကျင့်ကြံသူ လေးယောက်သည် ချိုင့်ဝှမ်းထဲရှိ အခြေအနေကို တည်ငြိမ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့၏ ရှေ့တွင် အစီအရင်လမ်းစဥ်ကို အထူးပြုသည့် ကောင်းကင်အရှင်သခင် တစ်ပါး ရှိနေခဲ့ပြီး ထိုလူသည် ဆန်းကြယ်သော လက်ဟန်များကို အဆက်မပြတ် ထုတ်ဖော်ကာ ချိုင့်ဝှမ်း၏ အထက်ရှိ ကောင်းကင်ယံကို သက်ရောက်စေခဲ့သည်။

အစီအရင်သခင်က ချိုင့်ဝှမ်း၏ အထက် ကောင်းကင်ယံတွင် အလွန် လျှို့ဝှက်ဆန်းကြယ်သော အစီအရင် တစ်ခုကို ဖော်ဆောင်နေပုံရ၏။

“မိတ်ဆွေလေးကျန်းချန်.. မင်းလည်း ရောက်လာပြီပဲ”

ကျန်းချန် ရောက်လာသည်ကိုမြင်လျှင် ကျိရှောင်နတ်ဘုရင်သည် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့မှ ချိုင့်ဝှမ်းကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

“ဒီနတ်ဆိုးတားမြစ်နယ်မြေရဲ့ အခြေအနေက သိပ်မဟန်ဘူးထင်တယ်”

သူ၏ အမြင်ဖြင့်ဆိုလျှင် ချိုင့်ဝှမ်း ပတ်ပတ်လည်တွင် စီရင်ထားသည့် စည်းတံဆိပ်သည် ချိုင့်ဝှမ်းထဲမှ စွမ်းအားတစ်ခုခု၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် တဖြည်းဖြည်း အားနည်းလာသည်ကို မြင်နိုင်ရန် မခက်ခဲပေ။

အကယ်၍သာ စည်းတံဆိပ်ကို အလျင်အမြန် အားမဖြည့်လျှင် သိပ်မကြာခင်မှာပင် နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်သည် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။

“အခြေအနေကတော့ မင်းတို့မြင်တဲ့အတိုင်း အတော်ကို ဆိုးရွားနေတယ်.. တကယ်လို့သာ စည်းတံဆိပ်ကို အားမဖြည့်ဘူးဆိုရင် အလွန်ဆုံး နောက်ထပ် နှစ်ဝက်လောက်ကြာတာနဲ့ ဒီနေရာရဲ့ စည်းတံဆိပ်က လုံးဝကို ပျက်စီးသွားလိမ့်မယ်.. ဒါပေမဲ့ သိပ်တော့ မစိုးရိမ်ပါနဲ့.. ဒီနေ့ ငါတို့ ငါးယောက်လုံး အတူတကွ လက်တွဲပြီး စည်းတံဆိပ်ကို အားဖြည့်လိုက်ရင် ခဏတဖြုတ်တော့ ပြဿနာရှိမှာ မဟုတ်ဘူး”

ကျိရှောင်နတ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤကိစ္စတွင် သူသည် ကျိရှောင်နတ်ဘုရင် ကဲ့သို့ အကောင်းမြင်နိုင်စွမ်း မရှိခဲ့ပေ။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့ပြီးနောက်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ယခု နတ်ဆိုးတားမြစ်နယ်မြေမှ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သည်မှာ သေချာသလောက်ပင်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နှစ်ပေါင်းထောင်ချီပုန်းအောင်းနေခဲ့သည့် ကောင်းကင်အဆင့် ဟင်းလင်းပြင်နတ်ဆိုးအရှင်သခင် မိုယဲ့ အကြောင်းကို စဥ်းစားမိလိုက်လျှင် ကျန်းချန်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။

ထိုကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်သည် အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ကူထျန်းလင်းကို မကူညီလောက်ပေ။

၎င်းထံတွင် တစ်စုံတစ်ရာ ရည်ရွယ်ချက် ရှိနေမည်မှာ သေချာ၏။

ဆိုရလျှင် သူတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ဟင်းလင်းပြင်နတ်ဆိုးအရှင်တစ်ပါး ပေါ်ထွက်လာသည် ဖြစ်ရာ တခြားသောအင်အားစုများတွင်လည်း ပေါ်လာနိုင်ခြေ ရှိသည်။

အကယ်၍ နတ်ဆိုးတားမြစ်နယ်မြေမှ အပြောင်းအလဲသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုများ ကြိုတင်စီစဥ်ထားသည့် ကိစ္စဆိုလျှင် စည်းတံဆိပ်အားဖြည့်သည့် လုပ်ငန်းစဥ်သည် ချောချောမွေ့မွေ့ ပြီးဆုံးမည် မဟုတ်ဟု သူထင်ခဲ့သည်။

“ဂိုဏ်းချုပ်ကျိရှောင်.. ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို ပြင်ဆင်ပြီးပါပြီ.. အစီအရင်ကို အသက်သွင်းဖို့ပဲ လိုပါတော့တယ်”

ထိုအချိန်တွင် အစီအရင်သခင်၏ အသံသည် ကျန်းချန်တို့၏ နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

“ကောင်းပါပြီ”

ကျိရှောင်နတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန် အပါအဝင် လေးယောက်လုံးကို လေးနက်စွာ ပြောလိုက်သည်။

“အားလုံးပဲ.. စည်းတံဆိပ်ကို အားဖြည့်ဖို့အတွက် အစီအရင်ကို အသက်သွင်းဖို့ ပြင်ဆင်ကြတော့”

ထိုစကားကို ပြောပြီးသည်နှင့် ကျိရှောင် နတ်ဘုရင်သည် တားမြစ်နယ်မြေ၏ ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ကျန်းချန်တို့‌ လေးယောက်သည်လည်း တုံ့ဆိုင်းမနေဘဲ ကောင်းကင်ယံရှိ မတူညီသော အရပ်လေးမျက်နှာတွင် ပေါ်လာခဲ့ကြသည်။

သို့သော်လည်း အစီအရင်ကို အသက်သွင်းတော့မည့် ဆဲဆဲမှာပင် တားမြစ်နယ်မြေ၏ ကောင်းကင်ယံတွင် ထူးဆန်းသော နေရာလွတ် အက်ကြောင်း တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

မကြာခင်မှာပင် နတ်ဆိုး အရှိန်အဝါများ ပြည့်နှက်နေသည့် ပုံရိပ် အချို့သည် နေရာလွတ်အက်ကြောင်းထဲကနေ ထွက်လာခဲ့ကြသည်။

“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုပါလား”

ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ကျိရှောင် နတ်ဘုရင်နှင့် ကျန်လူများ၏ မျက်နှာ အမူအရာများသည် အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ လူများသည် သူတို့စည်းတံဆိပ်ကို အားဖြည့်တော့မည့် အရေးကြီးဆုံး အချိန်တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

အခန်း(၂၁၀၅)ပြီး၏။

အခန်း(၂၁၀၆)

ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုသည် ယနေ့ခေတ် နတ်ကုန်းမြေတိုက် အတွက် သံသယဖြစ်စရာမရှိ အိပ်မက်ဆိုးကဲ့သို့ ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေသည် မဟာကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ရသည်။

ထိုမဟာကပ်ဘေးကြီးတွင် မရေမတွက်နိုင်သော နတ်ဘုရင်များ ကျဆုံးခဲ့ရပြီး နတ်ကုန်းမြေတိုက်သည် အကြီးအကျယ်ပင် အားနည်းသွားခဲ့သည်။

ထိုအချိန်တွင် ထာဝရဟင်းလင်းပြင်၌ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုဟု အမည်ရသော လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုတစ်စု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက် အကြီးအကျယ် ပျက်စီးနေသည်ကို အခွင့်ကောင်းယူကာ နတ်ကုန်းမြေတိုက်ကို စစ်ပွဲ ဆင်နွှဲခဲ့ကြပြီး နတ်ကုန်းမြေတိုက် တစ်ခုလုံးကို သိမ်းပိုက်လုနီးပါး အခြေအနေသို့ပင် ရောက်ရှိခဲ့သည်။

အကယ်၍သာ အနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ထွက်ပေါ်မလာခဲ့လျှင် ယခုအချိန်လောက်ဆိုလျှင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ကမ္ဘာကြီး ဖြစ်နေလောက်ပေပြီ။

ယခု သူတို့ စည်းတံဆိပ် အားဖြည့်နေသောအချိန်တွင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ရုတ်တရက် ပေါ်ထွက်လာခြင်းသည် အတွင်းနှင့်အပြင် ပူးပေါင်းပြီး နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို ဖျက်ဆီးချင်နေသည်မှာ ထင်ရှား၏။

“တကယ်ပဲ ပူးပေါင်းကြံစည်မှု ရှိနေတာကိုး”

ကျန်းချန်က နေရာလွတ် အက်ကြောင်းကနေ ပေါ်ထွက်လာသည့် အနက်ရောင်ပုံရိပ် ငါးခုကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအနက်ရောင်ပုံရိပ်ငါးခု၏ အရှိန်အဝါသည် အလွန်ပင် ရုန့်ရင်းလှ၏။

ထိုနေ့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ ထွက်ပြေးသွားသည့် ကောင်းကင်အဆင့် ဟင်းလင်းပြင်နတ်ဆိုး အရှင်သခင် ဖြစ်သည့် မိုယဲ့ သည်လည်း ထိုအထဲတွင် ပါဝင်နေခဲ့သည်။

မိုယဲ့ အပြင် တခြားသော အနက်ရောင်ပုံရိပ် သုံးခုသည်လည်း မိုယဲ့နှင့် အင်အားချင်း မတိမ်းမယိမ်း အနေအထားတွင် ရှိ၏။

အထူးသဖြင့် ထိုလူစုကို ခေါင်းဆောင်လာသောသူသည် အန္တရာယ်ရှိသော နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

“ငါ့ရဲ့ဟောင်ထျန်းဓားဂိုဏ်းကို လာရောက် ရမ်းကားရဲတဲ့အထိ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက အတင့်ရဲနေပါလား.. ငါတို့ ဟောင်ထျန်းဓားဂိုဏ်းမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်နေတာလား”

ကျိရှောင်နတ်ဘုရင်၏ မျက်နှာက ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။

သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဟောင်ထျန်းဓားဂိုဏ်းသည် ရှေးခေတ်ကာလကတည်းကပင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့သော အင်အားစုဖြစ်သည်။

သူတို့က အထွတ်အထိပ် ကာလကလို ထိပ်တန်းအင်အားစုကြီး မဟုတ်တော့လျှင်ပင် အရှေ့ဘက်ဒေသရှိ နံပါတ်(၁) အင်အားစု ဖြစ်နေဆဲပင်။

နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ် အားဖြည့်သည်ကို တားဆီးရန် အတွက် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် ဟောင်ထျန်းဓားဂိုဏ်း ဆီသို့ လူလွှတ်ရဲသည် အထိ အတင့်ရဲလှမည်ဟု ကျိရှောင်နတ်ဘုရင် မထင်ထားခဲ့ပေ။

“တက်ကြ.. အစီအရင်ကို အားကုန်သုံးပြီး ဖျက်ဆီးပစ်ကြ”

ခေါင်းဆောင်ဖြစ်သည့် သန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ်က ကျိရှောင် နတ်ဘုရင်နှင့် အပိုစကားများ ပြောမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် သူ၏ နောက်လိုက် ဖြစ်သည့် မိုယဲ့တို့ လေးဦးနှင့်အတူ ကျိရှောင်နတ်ဘုရင်တို့ ငါးယောက်၏ အလယ်တွင် ရှိသည့် ဒြပ်စင်ငါးပါး ကောင်းကင် တားမြစ် အစီအရင်ဆီသို့ ပြေးဝင်သွားခဲ့ကြသည်။

“သူတို့ကို တားထားကြ.. ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို ဖျက်ဆီးခွင့်ပေးလို့ မဖြစ်ဘူး”

ကျိရှောင်နတ်ဘုရင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ခေါင်းဆောင်ဖြစ်သည့် သန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ် ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။

ကျီရွမ်ရီ နှင့် တခြားသူများသည်လည်း ဟင်းလင်းပြင်နတ်ဆိုး အရှင်သခင် တစ်ယောက်ချင်းစီကို ကိုယ်စီ တားဆီးလိုက်ကြသည်။

ကျန်းချန် တားဆီးလိုက်သည့် ပြိုင်ဘက်ကမူ ထိုနေ့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ ထွက်ပြေးသွားခဲ့သည့် မိုယဲ့ ဖြစ်၏။

“ကောင်လေး.. လက်စသတ်တော့ မင်းကိုး”

သူ့ကို တားဆီးထားသည့် ကျန်းချန်ကို မြင်လျှင် မိုယဲ့၏ မျက်နှာသည် ချက်ချင်းပင် မသာမယာ ဖြစ်သွားခဲ့သည်။

သူက လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီခန့်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကူထျန်းလင်းနှင့် လျှို့ဝှက် ပူးပေါင်းခဲ့ပြီး ကူထျန်းလင်းကို ကူရွှယ်သောင်းအား ဖယ်ရှားရန်နှင့် နတ်ဘုရင်ကူစန်းအား ထိန်းချုပ်ရန် အတွက် အကူအညီပေးခဲ့သည်။

ဆိုရလျှင် သူက နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို ဖျက်ဆီးရန်အတွက် အစီအစဥ်ဆွဲရင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။

ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ငါးယောက်ကို စုစည်းပြီး စည်းတံဆိပ်ကို အားဖြည့်စေရန်အတွက် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို မငြိမ်မသက်ဖြစ်အောင် တမင်လုပ်ခဲ့ခြင်း ဖြစ်၏။

အကြောင်းရင်းမှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်ကူစန်းသည် သူတို့ လက်ခုပ်ထဲတွင် ရှိနေသောကြောင့်ပင်။

အချိန်ကျလာလျှင် သူတို့သည် နတ်ဘုရင်ကူစန်း ဟူသည့် နယ်ရုပ်ကို အသုံးချကာ စည်းတံဆိပ်ကို အားဖြည့်နေသည့် တခြားနတ်ဘုရင်များအား အလစ်အငိုက်ဖမ်း သတ်ဖြတ်နိုင်မည် ဖြစ်သည်။

ပြီးလျှင် အတွင်းနှင့်အပြင် ပူးပေါင်း၍ နတ်ဆိုးတားမြစ်နယ်မြေကို ချိုးဖျက်ကာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ဆီ ပြန်လာနိုင်ရန် လုပ်ဆောင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုအစီအစဥ်အားလုံးသည် ကူရွှယ်သောင်းနှင့် ကျန်းချန်တို့ ပေါ်ထွက်လာမှုနှင့် အတူ လုံးဝ ပျက်စီးသွားခဲ့ရသည်။

လက်ရှိတွင် သူတို့သည် ဟောင်ထျန်းဓားဂိုဏ်းက တားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို အားမဖြည့်နိုင်စေရန် အတွက် တားဆီးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ် စည်းတံဆိပ်ခတ်ခြင်းကို အားဖြည့်ပြီးလျှင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို ခြေချရန် အတွက် အချိန်များစွာ ထပ်မံ စောင့်ဆိုင်းရမည်ကို သူ စိုးရိမ်မိသည်။

“မိုယဲ့.. ငါတို့နှစ်ယောက် ဒီလောက်မြန်မြန် ပြန်ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး.. ပြီးခဲ့တဲ့တစ်ခေါက်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ မင်းကံကောင်းလို့ ထွက်ပြေးနိုင်ခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ အဲလို ကံကောင်းမှုမျိုး ရှိမှာ မဟုတ်တော့ဘူး”

ကျန်းချန်က မိုယဲ့ကို အေးစက်စက် ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေခဲ့၏။

မိုယဲ့က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ကောင်လေး.. မင်း ငါ့ကို သတ်ချင်တယ် ဆိုမှတော့ မင်းမှာ အဲလို အရည်အချင်း ရှိ၊မရှိ ကြည့်ရသေးတာပေါ့”

စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် မိုယဲ့၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်အကျဥ်းထောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ထိန်းချုပ်လိုက်သည်။

ထိုနေ့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် မိုယဲ့သည် ကျန်းချန်၏ သန်မာသော တိုက်ခိုက်ရေးစွမ်းရည်ကို မြည်းစမ်းခဲ့ဖူးပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် မိုယဲ့သည် တိုက်ပွဲစသည်နှင့် အင်အား အကုန်အစင် သုံးကာ ကျန်းချန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ဓားလမ်းစဥ် အရင်းအမြစ် စွမ်းအားသည် အင်အားအပြည့်အဝဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်က သူ၏ဓားရှည်ကိုဝှေ့ယမ်းကာ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် အကျဥ်းထောင်ကို ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

ဓားချက် တစ်ချက်တည်းဖြင့်ပင် ဟင်းလင်းပြင်အကျဥ်းထောင်သည် ပျက်စီးသွားခဲ့ပြီး ကျန်းချန်သည် မိုယဲ့ ထံသို့ နောက်ထပ် ဓားချက်တစ်ချက် ထပ်မံ ခုတ်ချလိုက်သည်။

ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေတွင် တစ်ခဏမျှ နေထိုင်ခဲ့ခြင်းသည် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက် မလာစေခဲ့သော်လည်း ခန္ဓာကိုယ်ထဲမှ ဓားလမ်းစဥ်အရင်းအမြစ်၏ အင်အားကိုမူ အဆင့်တစ်ခု အထိ မြှင့်တင်ပေးနိုင်ခဲ့သည်။

ထိုနေ့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ကျန်းချန်ကို အသေအလဲ ရင်ဆိုင်ခဲ့ရသည့် မိုယဲ့သည် ယခုအခါတွင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို အပြည့်အဝခံနေရချေပြီ။

“ဒီကောင်လေးရဲ့ အင်အားက ပိုပြီးတော့ တိုးတက်လာပြန်ပြီဟ”

မိုယဲ့က ကျန်းချန်၏ ဓားချက်ကြောင့် ပေရာချီ နောက်ကို လွင့်စင်သွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

နယ်မြေနတ်ဘုရား အဆင့်တွင် ခွန်အားတိုးတက်လာရန်မှာ အလွန်ပင် ခက်ခဲသည်။

သာမန် နယ်မြေနတ်ဘုရားများသည် နှစ်ဝက် သို့မဟုတ် တစ်နှစ်ခန့် ကျင့်ကြံလျှင်ပင် များစွာ တိုးတက်လာမည် မဟုတ်ပေ။

သို့သော်လည်း ကျန်းချန်၏ အင်အားကမူ အချိန်တိုအတွင်းမှာပင် သိသိသာသာ တိုးတက်လာခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံခြင်း အရှိန်အဟုန်သည် အမှန်တကယ်ပင် နတ်ဆိုးဆန်လွန်းနေခဲ့၏။

ကျန်းချန်က မိုယဲ့နှင့် ရင်ဆိုင်နေသော အချိန်တွင် ကျိရှောင်နတ်ဘုရင်တို့ လေးပါးသည်လည်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင် လေးယောက်နှင့် တိုက်ခိုက်နေခဲ့သည်။

ကျိရှောင်နတ်ဘုရင်တို့ လေးယောက်လုံးသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့ကြောင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင် လေးယောက်၏ အင်အားက သန်မာသော်လည်း နတ်ဘုရင်လေးပါးကို ရင်ဆိုင်ရန် ခက်ခဲနေခဲ့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် အတော်လေး စိတ်အေးသွားခဲ့ရသည်။

ဤနေရာသည် ဟောင်ထျန်းဓားဂိုဏ်း၏ နယ်မြေတွင် ရှိသည်။

သူတို့သာ သူတို့ရှေ့မှ ငါးယောက်ကို ထိန်းထားနိုင်လျှင် ဟောင်ထျန်းဓားဂိုဏ်းမှ ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့် ထိုငါးယောက်စလုံးသည် သေလမ်းတစ်လမ်းသာ ရှိတော့သည် မဟုတ်ပါလော။

“ဟမ့်.. မင်းတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက တော်တော်လေး သတ္တိကောင်းသားပဲ.. ငါးယောက်ထဲနဲ့ ငါတို့ ဟောင်ထျန်းဓားဂိုဏ်းမှာ လာပြီး ရမ်းကားရဲတယ်.. ဒီကို‌ရောက်လာမှတော့ မင်းတို့ရဲ့ အသက်ကို ထာဝရ ဒီမှာပဲ ထားခဲ့ဖို့သာ ပြင်ထားလိုက်တော့”

ကျိရှောင်နတ်ဘုရင်က သတ်ဖြတ်လိုသော စိတ်ဆန္ဒအပြည့်ဖြင့် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူက ဓားလမ်းစဥ် မဟာစွမ်းအားကို ထုတ်ဖော်ကာ ထက်ရှသော ကောင်းကင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲ၍ သူ့ရှေ့ရှိ သန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ်ကို ခုတ်ပိုင်းလိုက်သည်။

ခေါင်းဆောင်ဖြစ်သည့် သန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ်သည် ကျိရှောင်နတ်ဘုရင် ခုတ်ပိုင်းလိုက်သည့် ဓားချက်ကို ကြည့်နေခဲ့ပြီး လူတစ်ကိုယ်လုံးသည် ထိုဓားချက်၏ အရှိန်အဝါအောက်တွင် မှင်တက်သွားခဲ့သလိုမျိုး မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။

နောက်ထပ် တစ်ခဏမှာပင် ထိုသန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ်သည် ကျိရှောင်နတ်ဘုရင်၏ ဓားချက်အောက်တွင် ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။

သူ၏ ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျိရှောင်နတ်ဘုရင်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။

ဤသန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဖြစ်သည်။

ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား၏ အင်အားသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် မတိမ်းမယိမ်း ရှိ၏။

သူက နတ်ဘုရင်ပထမအဆင့် အထွတ်အထိပ်တွင် ရှိ၍ ထိုဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားထက် အနည်းငယ် ပိုသန်မာသော်လည်း ဤမျှလောက်အထိ အလွယ်တကူ သတ်ပစ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

“သတိထားပါ.. သူက ဒြပ်စင်ငါးပါး ကောင်းကင် တားမြစ်အစီအရင်ကို ဖျက်ဆီးချင်နေတာပဲ”

ထိုအချိန်တွင် တိုက်ပွဲကို အကဲခတ်နေသည့် ကျန်းချန်သည် တစ်စုံတစ်ရာကို ရုတ်တရက် သတိပြုမိလိုက်ပြီး မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်၏ သတိပေးသံ အဆုံးမှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်၏ အထက်တွင် တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပေါ်ထွက်လာခဲ့သည်။

အခန်း(၂၁၀၆)ပြီး၏။

All Chapters