အခန်း (၂၁၀၇-၂၁၀၈)
Vol. 151 Ch. 2107-2108
အခန်း(၂၁၀၇)
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်၏ အထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည့် သန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ်ကို မြင်လျှင် ကျိရှောင် နတ်ဘုရင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ကိုယ်ပွားတစ်ခုကို စတေးခံကာ ကောင်းကင်ကို ဖုံးကွယ်၍ ပင်လယ်ကိုဖြတ်ကျော်ခြင်း ဟူသော အတတ်ဖြင့် သူ၏ အမြင်ကို လှည့်စား၍ ၎င်း၏ ပင်မခန္ဓာကိုယ်ကို ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ်အစီအရင်၏ အထက်တွင် ပေါ်လာအောင် လုပ်ဆောင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ရှင်းလင်းစွာ ဆိုရလျှင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် သူ့ကို ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိဘဲ ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို ဖျက်ဆီးရန်သာ ရည်ရွယ်ခဲ့ခြင်းပင်။
“အတင့်ရဲလှချည်လား”
ကျိရှောင်နတ်ဘုရင်က ဒေါသကြောင့် မျက်လုံးများ သွေးထွက်မတတ် ဖြစ်သွားခဲ့ပြီး ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။
ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို တည်ဆောက်ရန် သူတို့ ဟောင်ထျန်းဓားဂိုဏ်းသည် အရင်းအမြစ် များစွာကို အသုံးပြုခဲ့ရပြီး ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍သာ ယခုလို ဖျက်ဆီးခံလိုက်ရလျှင် နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်ရန် အတွက် အချိန်နှင့် ငွေကြေး အမြောက်အများ ထပ်မံ ကုန်ကျပေလိမ့်မည်။
သို့သော်လည်း အရာအားလုံးသည် နောက်ကျသွားခဲ့ချေပြီ။
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ကျိရှောင်နတ်ဘုရင်ကို ဂရုစိုက်မနေဘဲ သူ၏ လက်ဖဝါးမှ အနက်ရောင် ဟင်းလင်းပြင် စွမ်းအားကို အသုံးပြုကာ ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်သည် ထိုအနက်ရောင် ဟင်းလင်းပြင်စွမ်းအားအောက်တွင် ဘာမှမကျန်ရှိတော့ဘဲ ပျက်စီးသွားခဲ့သည်။
“ဆုတ်ခွာကြမယ်”
ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားသည် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို ဖျက်ဆီးပြီးနောက်တွင် တုံ့ဆိုင်းမနေခဲ့ဘဲ နေရာလွတ်ကို ဆုတ်ဖြဲကာ နေရာလွတ်အက်ကြောင်းထဲသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားထံမှ အမိန့်ကို ရသည်နှင့် ကျန်ရှိသည့် ဟင်းလင်းပြင်နတ်ဆိုးအရှင်သခင် လေးပါးသည်လည်း တိုက်ပွဲကနေ အသီးသီး ဆုတ်ခွာ၍ နေရာလွတ်ကို ဆုတ်ဖြဲကာ ဝင်ရောက်သွားကြ၏။
“ထွက်ပြေးချင်တာလား.. သေဖို့သာ ပြင်ထားလိုက်တော့”
ကျိရှောင်နတ်ဘုရင်က သတ်ဖြတ်လိုသော စိတ်ဆန္ဒအပြည့်ဖြင့် ကြုံးဝါးလိုက်သည်။
သူ၏ ကျောဘက်ကနေ ပေပေါင်း တစ်သောင်းကိုးထောင် မြင့်မားသည့် နတ်ဘုရင်လမ်းစဥ်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုနတ်ဘုရင်လမ်းစဥ်ကနေ အဆုံးမဲ့ ခရမ်းရောင် ဓားစွမ်းအင်များသည် လေထုထဲကို ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ် အက်ကြောင်းများကို ဖျက်ဆီးပစ်လိုက်သည်။
အရင်ဆုံး ထွက်ပြေးသွားသည့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားက လွဲလျှင် နေရာလွတ်အက်ကြောင်းထဲကို တိုးဝင်သွားသည့် ကျန်ဟင်းလင်းပြင် နတ်ဆိုး အရှင်သခင် လေးပါးလုံးသည် နေရာလွတ်အက်ကြောင်း ပြိုကျသွားသဖြင့် အပြင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“အရှင်မထားနဲ့ အကုန်လုံးသတ်ပစ်”
ကျိရှောင်နတ်ဘုရင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ် ဓားအလင်းတန်းကို ထုတ်ဖော်၍ ဟင်းလင်းပြင်နတ်ဆိုး အရှင်သခင် တစ်ပါးကို ခုတ်ပိုင်းချလိုက်သည်။
ကျီရွမ်ရီတို့ နတ်ဘုရင်များသည်လည်း ဘာမှမလုပ်ဘဲ ထိုင်ကြည့် မနေခဲ့ပေ။
ဤဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်များသည် အင်အားမသေးလှဘဲ အားလုံးနီးပါးသည် ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်များ ဖြစ်ကြသည်။
သို့သော်လည်း ကျိရှောင်နတ်ဘုရင် အပါအဝင် နတ်ဘုရင်လေးပါး၏ အင်အား အပြည့်အဝဖြင့် တိုက်ခိုက်မှုအောက်တွင် ၎င်းတို့သည် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ကြပေ။
အကြောင်းအရင်းမှာ ဝိညာဥ်နန်းတော်မှ နန်းတော်သခင် ဟွမ်ရှမှ လွဲလျှင် ကျန်ရှိသည့် ကျိရှောင် အပါအဝင် သုံးယောက်လုံးသည် နတ်ဘုရင်အဆင့်ကို ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
အထူးသဖြင့် ကျိရှောင်နတ်ဘုရင် နှင့် ကျီရွမ်ရီ တို့သည် နတ်ဘုရင် ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြ၍ ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်များကို ကိုင်တွယ်ရန် သိပ်ပြီး ဖိအားမရှိခဲ့ပေ။
တစ်ခဏအတွင်းမှာပင် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် လေးပါးလုံးသည် ကျိရှောင်တို့ နတ်ဘုရင် လေးပါး၏ လက်ချက်ဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။
“ကျိရှောင်.. ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင် ပျက်စီးသွားပြီ ဆိုတော့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
ကျီရွမ်ရီက သူ့ရှေ့မှ နတ်ဆိုးတားမြစ်နယ်မြေကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ကျိရှောင်နတ်ဘုရင်က သက်ပြင်းကို မှုတ်ထုတ်ကာ ကျီရွမ်ရီ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
“ဒီတစ်ကြိမ်က ငါ့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်သွားတာပဲ.. အခုမှတော့ ဘာမှ မတတ်နိုင်တော့ဘူး.. ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ်အစီအရင်ကို နောက်တစ်ကြိမ် တည်ဆောက်ဖို့ပဲ ရှိတော့တယ်”
နတ်ဆိုးတားမြစ်နယ်မြေသည် ဟောင်ထျန်းဓားဂိုဏ်း၏ ဧရိယာထဲတွင် ရှိနေခဲ့ပြီး သူတို့ ငါးယောက်သည်လည်း ဤနေရာတွင် စုဝေးနေကြသည် ဖြစ်၍ စည်းတံဆိပ်ကို အားဖြည့်နေသော အချိန်တွင် ဟင်းလင်းပြင်နတ်ဆိုးများ လာရောက်ရမ်းကားဝံ့မည် မဟုတ်ဟု မူလက သူ ထင်ထားခဲ့သည်။
သို့သော်လည်း ကျိရှောင်နတ်ဘုရင်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အတော်လေး လျှော့တွက်မိခဲ့၏။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် သူတို့ စည်းတံဆိပ်ကို အားဖြည့်နေသော အချိန်တွင် အချိန်ကိုက် ရောက်လာခဲ့ပြီး ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကိုပါ ဖျက်ဆီးသွားခဲ့သည်။
ဤဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်သည် ရှေးဟောင်းအစီအရင် တစ်ခု ဖြစ်ပြီး တစ်ခါ တည်ဆောက်ရန်အတွက် အရင်းအနှီးများစွာ ကုန်ကျသည်။
အကယ်၍ ဤအစီအရင်ကိုသာ အကြိမ်ကြိမ်ထပ်ပြီး တည်ဆောက်နေရမည် ဆိုလျှင် ဟောင်ထျန်းဓားဂိုဏ်း၏ နောက်ခံ အရင်းအမြစ်ဖြင့်ပင် တောင့်ခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ကျီရွမ်ရီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဟင်းလင်းပြင်လမ်းစဥ်မှာ ကျွမ်းကျင်ကြတယ်.. ငါတို့ နောက်တစ်ကြိမ် အစီအရင်ကို တည်ဆောက်မယ် ဆိုရင်တောင် သူတို့တွေ ထပ်လာပြီး နှောင့်ယှက်မှာ စိုးရိမ်မိတယ်”
ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို တည်ဆောက်ရန်အတွက် အချိန်နှင့် ငွေအရင်းအနှီး များစွာ လိုအပ်သည်။
အကယ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နောက်တစ်ကြိမ် ထပ်မံ နှောင့်ယှက်မည် ဆိုလျှင် စည်းတံဆိပ်ကို အားဖြည့်ရန် အတွက် အချိန်များစွာ နှောင့်နှေးသွားမည် ဖြစ်ပြီး မူလ စည်းတံဆိပ်သည်လည်း အချိန်အကြာကြီး တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နှောင့်ယှက်မှုကြောင့် နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်သာ ပျက်စီးသွားမည်ဆိုလျှင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုများသည် အလုံးအရင်းဖြင့် ရောက်လာနိုင်ခြေ ရှိပြီး အကျိုးဆက်မှာ မှန်းဆ၍ပင် ရမည် မဟုတ်ချေ။
ကျိရှောင်နတ်ဘုရင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. နောက်တစ်ကြိမ် စည်းတံဆိပ်ကို အားဖြည့်တဲ့အချိန်ကျရင် ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးကို ဖိတ်ထားလိုက်ပါ့မယ်.. အဲဒီကျရင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွေ ဘယ်လိုထပ်ပြီး နှောင့်ယှက်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ဤတစ်ကြိမ်တွင် စည်းတံဆိပ်ကို အားဖြည့်ရာ၌ အန္တရာယ်မရှိဟု ထင်ခဲ့သောကြောင့် ကျိရှောင်နတ်ဘုရင်သည် ဟောင်ထျန်းဓားဂိုဏ်း၏ ဘိုးဘေး ဖြစ်သော နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူကို ဖိတ်ခေါ်မထားခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ကြိမ်ကျလျှင် ဤကဲ့သို့ ကိစ္စမျိုး ထပ်မံ မဖြစ်စေရန် သူ ဆုံးဖြတ်ထားခဲ့သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ဒီလောက်အထိ သိနေပုံထောက်ရင် သူတို့တွေ အရှေ့ဘက်ဒေသကို အခုမှ ရောက်လာတာ မဟုတ်လောက်ဘူး.. အခုအချိန်မှာ အရေးအကြီးဆုံးက အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ဟင်းလင်းပြင် နတ်ဆိုးတွေကို ရှာဖွေဖို့ပဲလို့ ငါထင်တယ်”
ထိုအချိန်တွင် တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သည့် ချင်းလွမ် မျိုးနွယ်စုမှ လူလတ်ပိုင်းအရွယ် အမျိုးသမီးက ပြောလိုက်သည်။
သူမ၏ စကားကို ကြားလျှင် ကျိရှောင်နတ်ဘုရင်နှင့် တခြားသူများ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် စည်းတံဆိပ် အားဖြည့်မည့်အချိန်ကို ဤမျှလောက်အထိ တိတိကျကျ သိနေပုံထောက်လျှင် အရှေ့ဘက်ဒေသကို ယခုမှ ရောက်လာခြင်းမဟုတ်သည်မှာ ထင်ရှား၏။
ယင်းမှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော ဟင်းလင်းပြင်နတ်ဆိုး အများအပြား ရှိနေနိုင်သည် ဟူသော အဓိပ္ပါယ်ပင် မဟုတ်ပါလား။
“အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ဒီဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေက ငါတို့အတွက် တကယ့်ကို ခြိမ်းခြောက်မှုပဲ.. သူတို့ကို ငါတို့တွေ ရှာဖွေမှဖြစ်မယ်”
ကျိရှောင်နတ်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။
“အားလုံးပဲ အရင်ဆုံးနေရပ်ကို ပြန်ကြပြီး ဒီကိစ္စကို အရင်ကိုင်တွယ်ကြပါ ငါ ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို တည်ဆောက်ပြီးတာနဲ့ စည်းတံဆိပ်ကို အားဖြည့်ဖို့အတွက် မင်းတို့ကို အကြောင်းကြားလိုက်ပါ့မယ်”
“ကောင်းပါပြီ”
ကျီရွမ်ရီ အပါအဝင် သုံးယောက်က ခေါင်းညိတ်လိုက်ပြီး ကျိရှောင်နတ်ဘုရင်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက် အတွင်း ပုန်းအောင်းနေကြသည်မှာ နတ်ကုန်းမြေတိုက်အတွက် ကောင်းမွန်သောအရာ မဟုတ်ပေ။
ထို့ကြောင့် အရှေ့ဘက်ဒေသတွင် ပုန်းအောင်းနေသည့် ဟင်းလင်းပြင်နတ်ဆိုးများကို ရှာဖွေကာ ရှင်းပစ်နိုင်မည် ဆိုလျှင် နောက်တစ်ကြိမ် စည်းတံဆိပ်ကို အားဖြည့်သောအခါ၌ သူတို့ ရင်ဆိုင်ရမည့် အန္တရာယ်သည် သိသိသာသာ နည်းပါးသွားလိမ့်မည် ဖြစ်၏။
“နတ်ဘုရားသားတော်ကျန်း.. မင်းရော ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို မပြန်ဘူးလား”
ကျိရှောင်နတ်ဘုရင်က ပြန်သွားရန် အစီအစဥ်ရှိပုံ မရသည့် ကျန်းချန်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ ဟင်းလင်းပြင်နတ်ဆိုးက ခုနတုန်းက သေသွားတဲ့ ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်တွေထဲက တစ်ယောက်ပဲ.. ဒါကြောင့် ကျွန်တော် ပြန်သွားစရာ မလိုတော့ဘူး”
ဟင်းလင်းပြင်နတ်ဆိုးများသည် ဟင်းလင်းပြင်လမ်းစဥ်ကို မွေးရာပါ ထူးချွန်ကြပြီး ပုန်းအောင်းသည့်နေရာတွင် အလွန်တော်ကြသည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသော ၎င်းတို့ကို ရှာဖွေဖို့ဆိုသည်မှာ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်၏။
ထို့ကြောင့် ကျန်းချန်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ပြန်၍ အချိန်မဖြုန်းချင်ခဲ့ပေ။
သူက ဟောင်ထျန်းဓားဂိုဏ်းတွင်သာ ဆက်နေပြီး ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေမှ နတ်ဘုရင်လမ်းစဥ်အနှစ်သာရများကို အသုံးပြုကာ သူ၏ အင်အားကို မြှင့်တင်ရန် ဆုံးဖြတ်ထားခဲ့သည်။
နောက်ထပ် ဖြစ်လာနိုင်သည့် ကိစ္စများအတွက် သူ၏ အင်အားကို မြှင့်တင်ထားခြင်းသည် သူ့အတွက် အရေးပါဆုံးအရာ တစ်ခု ဖြစ်၏။
နတ်ဆိုးတားမြစ်နယ်မြေထဲကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေထဲကို နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်ခဲ့ပြီး ကိုးခုမြောက် စွမ်းအင်ဓားအောက်တွင် တင်ပျဥ်ခွေထိုင်ကာ ဆက်လက်ကျင့်ကြံနေခဲ့သည်။
အခန်း(၂၁၀၇)ပြီး၏။
အခန်း(၂၁၀၈)
ဟွမ်ရှသည် ဝိညာဥ်နန်းတော်သို့ ပြန်ရောက်ပြီးနောက်တွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကိစ္စကို ခြေရာခံရန် အလျင်မလိုခဲ့ပေ။
သူက ရှေးခေတ်ကာလ၏ အငွေ့အသက်များ ဖြာထွက်နေသည့် အနက်ရောင် တောင်တစ်လုံး ဆီသို့ ရောက်လာခဲ့သည်။
သူက ထိုတောင်၏ ရှေ့တွင် ရပ်လိုက်ပြီး တောင်ထဲသို့ ခြေလှမ်း မလှမ်းဘဲ တရိုတသေ ပြောလိုက်သည်။
“ဘိုးဘေး.. ကျွန်တော် ဟွမ်ရှ တင်ပြစရာရှိပါတယ်”
“ဘာကိစ္စလဲ”
ထိုအချိန်တွင် တောင်ထဲမှ ပြတ်သားသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဟွမ်ရှက အလျင်အမြန်ပင် ပြောလိုက်၏။
“တင်ပြပါတယ် ဘိုးဘေး.. ဘိုးဘေး လိုက်လံသတ်ဖြတ်ခိုင်းတဲ့သူကို ရှာတွေ့ပါပြီ”
ထိုစကားကိုကြားလျှင် တောင်ထဲမှ လူသည် အနည်းငယ် မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။
”တွေ့ပြီဆိုမှတော့ ဘာလို့ မဖမ်းခဲ့တာလဲ”
“ဘိုးဘေး.. အဲဒီလူက အခု ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့နတ်ဘုရားသားတော် ဖြစ်နေပြီ.. သူက အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်ပဲ ရှိပေမဲ့ နတ်ဘုရင်ကိုတောင် ယှဥ်တိုက်နိုင်စွမ်းရှိတယ်.. ဒါ့အပြင် သူ့ဆီမှာ ဝိညာဥ်လမ်းစဥ် စွမ်းအားတွေကို လွှမ်းမိုးနိုင်တဲ့ စည်းတံဆိပ် တစ်ခုလည်း ရှိတယ်”
ဟွမ်ရှသည် ဟောင်ထျန်းဓားဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှကို ဘိုးဘေးထံ ပြောပြလိုက်သည်။
တောင်ထဲက အသံက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဟွမ်ရှကို ပြောလိုက်သည်။
“မင်းရဲ့ပြောပုံအရ ဆိုရင် လူသားဧကရာဇ်နန်းတော်ရဲ့ ရှေးဟောင်းစည်းတံဆိပ် သုံးခုထဲက တစ်ခု ဖြစ်နိုင်ခြေ အရမ်းများတယ်”
“လူသားဧကရာဇ်နန်းတော်ရဲ့ ရှေးဟောင်း စည်းတံဆိပ်.. ဟုတ်လား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဘိုးဘေးထံမှ စကားကိုကြားလျှင် ဟွမ်ရှ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“အဲဒီကောင်လေးက ထာဝရဟင်းလင်းပြင်ထဲက နယ်မြေငယ်လေးကနေ လာတာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး လူသားဧကရာဇ်နန်းတော်ရဲ့ ရှေးဟောင်းစည်းတံဆိပ်ကို ထုတ်ဖော်နိုင်ရတာလဲ.. သူက ဘယ်လိုလုပ်ပြီး လူသားဧကရာဇ်နန်းတော်ရဲ့ ရှေးဟောင်း စည်းတံဆိပ်ကို အသုံးပြုနိုင်ရတာလဲ”
“ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေတယ်”
တောင်ထဲမှ အသံက ဆက်ပြောလိုက်သည်။
“မင်းအရင်သွားပြီး အဲဒီကောင်လေး အကြောင်းကို စုံစမ်းလိုက်ဦး.. သူ့ရဲ့ နောက်ကြောင်းကို အသေးစိတ် မသိရမချင်း ဘာမှ အဆင်အခြင်မဲ့ မလုပ်မိစေနဲ့”
“ဟုတ်ကဲ့ပါ ဘိုးဘေး”
ဟွမ်ရှက တရိုတသေ ပြောလိုက်ပြီးနောက်တွင် လျင်မြန်စွာ လှည့်ထွက်သွားခဲ့သည်။
လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက်ကြီး၏ အရှင်သခင်အဆင့် အင်အားစု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
အကယ်၍ ထိုကောင်လေးသာ လူသားဧကရာဇ်နန်းတော်မှ လာသည်ဆိုရင် သူတို့ အနေဖြင့် အလွန် သတိထား၍ ကိုင်တွယ်ရပေလိမ့်မည်။
သို့မဟုတ်လျှင် အနည်းငယ် ပေါ့ဆမိသည်နှင့် သူတို့ဝိညာဥ်နန်းတော်ကို ဘေးအန္တရာယ်များ သယ်ဆောင်လာမိမည်ကို စိုးရိမ်ရသည် မဟုတ်ပါလား။
ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေတွင် ကျန်းချန်သည် ကိုးခုမြောက် ဓားစွမ်းအင်၏ အောက်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ သူ၏ ဓားလမ်းစဥ် အရင်းအမြစ်ကို အဆက်မပြတ် မြှင့်တင်နေခဲ့သည်။
“ဒင်.. သင်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ မဟာလမ်းစဥ် အနှစ်သာရကို နားလည်သဘောပေါက်ပြီး ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က နတ်ဘုရင် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ မဟာလမ်းစဥ် အနှစ်သာရကို နားလည်သဘောပေါက်ပြီး ဓားလမ်းစဥ် အရင်းအမြစ် အတွေ့အကြုံရမှတ် သိန်းသုံးဆယ်ကို အဆ ၁၀၀ ရရှိပါတယ်”
“............”
တစ်လကြာပြီးနောက်တွင် ကျန်းချန်၏ ဒန်ထျန်အတွင်းရှိ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် အချင်းမီတာအနည်းငယ်ကနေ မီတာ ဆယ်ဂဏန်း အထိ ကြီးထွားလာခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ကြယ်လေးပွင့်အရှင်သခင် နှောင်းပိုင်း အဆင့်သို့ ရောက်ရှိလာခဲ့၏။
ဤကဲ့သို့ တိုးတက်မှုနှုန်းသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်ပင် ကြောက်စရာ ကောင်းလွန်းလှပြီး နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင်များပင် ကျန်းချန်နှင့် လုံးဝ နှိုင်းယှဥ်၍ ရမည် မဟုတ်ပေ။
သေချာသော အချက်မှာ ထိုအရာအားလုံးသည် အဆ ၁၀၀ စနစ် ရှိနေခြင်းကြောင့်ပင်။
“ငါက အခု ကြယ်လေးပွင့် အရှင်သခင် နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ ဆိုပေမဲ့ ကြယ်လေးပွင့် မြေကြီးအရှင် အဆင့်ကို ရောက်ဖို့တော့ အလှမ်း ဝေးလွန်းနေသေးတယ်”
အကယ်၍သာ အတွေ့အကြုံကို အဆက်မပြတ် ပေးစွမ်းနိုင်သော အဆ ၁၀၀ စနစ်သာ မရှိခဲ့လျှင် သူ့ကို အချိန်အဆ ၁၀၀ ပေးသည့်တိုင် ကြယ်လေးပွင့် အရှင်သခင် နှောင်းပိုင်းအဆင့်သို့ ရောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
“ဓားလမ်းစဥ် အရင်းအမြစ်ကို မြှင့်တင်ပေးနိုင်တဲ့ ရတနာတချို့ကို အသုံးပြုပြီး မြေကြီးအရှင် အဆင့်ကို တစ်ခါတည်းထိုးဖောက်ရမယ်”
ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် စဥ်းစားလိုက်သည်။
သူ၏ လက်ရှိအရှိန်အဟုန်ဖြင့် မဟာလမ်းစဥ် အနှစ်သာရကို အားကိုးပြီး မြှင့်တင်နေမည် ဆိုလျှင် ကြယ်လေးပွင့် မြေကြီးအရှင် ဖြစ်ရန် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့် ထပ်မံကြာမြင့်ဦးမည် ဖြစ်သည်။
ဤအရှိန်အဟုန်က အလွန်တရာ မြန်ဆန်နေပြီ ဖြစ်သော်လည်း ကျန်းချန်သည် မကျေနပ်သေးပေ။
ယခုအခါ နတ်ကုန်းမြေတိုက်တွင် ဟင်းလင်းပြင်နတ်ဆိုးများ ပြန်လည် ပေါ်ထွက်လာပြီ ဖြစ်သလို ဝိညာဥ်နန်းတော်ကလည်း သူ့ကို ဒီအတိုင်း လွှတ်ပေးထားမည် မဟုတ်သည်မှာ သေချာ၏။
သူ၏ လက်ရှိအင်အားက အားမနည်းသော်လည်း လုံလောက်သည်ဟု သူ မထင်ပေ။
ထို့ကြောင့် ကြယ်လေးပွင့် မြေကြီးအရှင် အဆင့်ကို အမြန်ဆုံး ထိုးဖောက်ရန် ဆုံးဖြတ်လိုက်သည်။
ကြယ်လေးပွင့် မြေကြီးအရှင် အဆင့်ကို ရောက်သည်နှင့် သာမန် နတ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။
ထို့အပြင် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်၏။
ဆိုရလျှင် နတ်ဘုရင် တတိယအဆင့် ဆိုသည်မှာ အရှေ့ဘက်ဒေသ၏ အစွမ်းထက်ဆုံးအဆင့် ဖြစ်သည်။
တစ်နည်းအားဖြင့် သူသာ ကြယ်လေးပွင့်မြေကြီးအရှင် အဆင့်သို့ ထိုးဖောက်နိုင်ခဲ့လျှင် ဤအရှေ့ဘက် ဒေသတွင် သူ့ကို ခြိမ်းခြောက်နိုင်သူမှာ မရှိသလောက်ပင် ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်သည် ဤနေရာမှာ ဓားလမ်းစဥ်များကိုအသုံးပြု၍ ဆက်လက်ကျင့်ကြံရန် အစီအစဥ်မရှိတော့ပေ။
သူက နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သော မဟာနဂါးနန်းတော်မှ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များစွာကို ပိုင်ဆိုင်ထား၏။
မဟာနဂါးနန်းတော်သည် ဓားလမ်းစဥ်ကို အထူးပြုသည့် အင်အားစု မဟုတ်သော်လည်း ဓားလမ်းစဥ် အရင်းအမြစ်ကို မြှင့်တင်ပေးနိုင်သည့် ရတနာအချို့ကို ပိုင်ဆိုင်ထားခဲ့သည်။
ထိုရတနာများကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ကြယ်လေးပွင့် အရှင်သခင်နှောင်းပိုင်းအဆင့်မှ မြေကြီးအရှင်အဆင့်သို့ ထိုးဖောက်မည် ဆိုလျှင် လုံလောက်သည်ထက်ပင် ပိုနေပါသေးသည်။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မဟာနဂါးနန်းတော်၏ ဘဏ္ဍာတိုက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ဓားလမ်းစဥ် အရင်းအမြစ်ကို မြှင့်တင်ပေးနိုင်သည့် ရတနာအချို့ကို ထုတ်ယူလိုက်သည်။
“ဒင်.. သင်က ဓားလမ်းစဥ် အရင်းအမြစ်ဆေးလုံးကို သောက်သုံးပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် သိန်းတစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ဝိညာဥ်ဓားသစ်သီးကို စားသုံးပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် သိန်းတစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
ကျန်းချန်သည် မဟာနဂါးနန်းတော်၏ ဘဏ္ဍာတိုက်ထဲမှ ဓားလမ်းစဥ် အရင်းအမြစ်ကို တိုးမြှင့်ပေးနိုင်သည့် ရတနာများအား ထုတ်ယူပြီးနောက်တွင် တွေဝေမနေဘဲ တစ်ခုပြီးတစ်ခုစားသုံးခဲ့သည်။
ထိုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် ကြောက်စရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့၏။
အချိန်မည်မျှ ကြာသွားမှန်းပင် မသိလိုက်ပေ။
ကျန်းချန်၏ ဒန်ထျန်အတွင်းရှိ ပေတစ်ရာကျော် အချင်းရှိသော နယ်မြေနတ်ဘုရား အရင်းအမြစ် စွမ်းအားသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး စမ်းရေတွင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော နယ်မြေနတ်ဘုရား အရင်းအမြစ်များသည် ထိုစမ်းရေတွင်းပေါက်ကနေ ထွက်ပေါ်လာခဲ့ပြီး ဒန်ထျန်အတွင်း၌ အလွန်တရာ ကျယ်ပြောလှသော မြစ်ကြီးတစ်စင်းကို လျင်မြန်စွာ ဖွင့်လှစ်လိုက်သည်။
မြစ်အတွင်း၌ အဆုံးမဲ့နယ်မြေနတ်ဘုရား အရင်းအမြစ် စွမ်းအားများသည် စီးဆင်းနေခဲ့ပြီး ခန့်ညားသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
တစ်ချိန်တည်းမှာပင် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
“ဒင်.. သင်က ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”
[ငါ ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ]
ကျန်းချန်က သူ၏ မျက်ဝန်းများကို ဖွင့်လိုက်သောအခါတွင် သူ၏ မျက်ဝန်းထဲမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ဒန်ထျန်အတွင်းရှိ နယ်မြေနတ်ဘုရား အရင်းအမြစ်သည် အလွန် ကျယ်ပြောလှသော မြစ်ကြီးတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကျန်းချန် ရှင်းလင်းစွာ ခံစားမိခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကဏ္ဍအားလုံးတွင် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ကာ ယခင်ထက် ပို၍ သန်မာလာခဲ့ချေပြီ။
အကယ်၍သာ ယခုအချိန်တွင် မိုယဲ့ ကဲ့သို့ ကောင်းကင်အဆင့်ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်များနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည် အထိ ယုံကြည်မှု ရှိနေခဲ့ပြီ ဖြစ်သည်။
“အခု ငါက ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်ကို ထိုးဖောက်ပြီးပြီဆိုတော့ နောက်ထပ် အဆင့်တက်ဖို့ လွယ်ကူလောက်တော့မှာ မဟုတ်ဘူး”
ကျန်းချန်က စိတ်ထဲတွင် တွေးတောကာ တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
ကြယ်လေးပွင့် မြေကြီးအရှင် အဆင့်ကနေ ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်သို့ ထိုးဖောက်ရန်မှာ မြေကြီးအရှင်အဆင့်သို့ ထိုးဖောက်သည်ထက် ဆယ်ဆကျော် ပို၍ခက်ခဲ၏။
သူက ကြယ်လေးပွင့် မြေကြီးအရှင်အဆင့်ကို ထိုးဖောက်ရန် မဟာနဂါးနန်းတော်မှ ဓားလမ်းစဥ် အရင်းအမြစ်ကို အထောက်အပံ့ ပေးနိုင်သည့် ရတနာ အားလုံးကို သုံးစွဲခဲ့ရသည်။
အကယ်၍သာ ဤနေရာတွင် ဆက်လက် ကျင့်ကြံနေဦးမည်ဆိုလျှင် နှစ်ဝက် သို့မဟုတ် တစ်နှစ်ခန့် မကြာဘဲ သိသာထင်ရှားသော ရလဒ်ထွက်လာရန် ခက်ခဲပေလိမ့်မည်။
“အပြင်ထွက်ပြီး အခြေအနေကို အကဲခတ်လိုက်ဦးမယ်.. တစ်လတောင် ကျော်သွားပြီဆိုတော့ နတ်ဆိုးတားမြစ်နယ်မြေမှာ ဘာတွေ အပြောင်းအလဲ ဖြစ်နေပြီလဲ မသိဘူး”
ထို့နောက်တွင် ကျန်းချန်သည် သူတော်စင်နယ်မြေ အပြင်ဘက်သို့ လျှောက်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ဟောင်ထျန်းဓားဂိုဏ်း၏ ကောင်းကင်ယံအထက်တွင် ဓားမြည်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုဓားမြည်သံကို သူတော်စင်နယ်မြေတွင် ရှိနေသည့် ကျန်းချန်သည် အသေအချာ ကြားလိုက်ရ၏။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဆိုရလျှင် ထိုဓားမြည်သံသည် ဟောင်ထျန်းဓားဂိုဏ်း၏ အရေးပေါ် လူစုသည့် အချက်ပြသံ ဆိုလည်း မမှားပေ။
သို့ဆိုလျှင် ဟောင်ထျန်းဓားဂိုဏ်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေပါသလော။
------------------------
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အဆင့်ခွဲပုံ
နတ်ဆိုးအရှင်အဆင့်သည် နယ်မြေနတ်ဘုရား အဆင့်နှင့် ညီမျှသည်။
နတ်ဆိုးအရှင် အစောပိုင်းအဆင့်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့် နှင့် ညီမျှသည်။
နတ်ဆိုးအရှင် အလယ်အလတ်အဆင့်သည် အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့် နှင့် ညီမျှသည်။
နတ်ဆိုးအရှင် နှောင်းပိုင်းအဆင့်သည် အထွတ်အထိပ် နယ်မြေနတ်ဘုရား အဆင့် နှင့် ညီမျှသည်။
-----------
အဝါရောင်(သာမန်)
အနက်ရောင်(ကြယ်တစ်ပွင့်)
မြေကြီး(ကြယ်နှစ်ပွင့်)
ကောင်းကင်(ကြယ်သုံးပွင့်)
-----------------------------------------
အဝါရောင်အဆင့် နတ်ဆိုးအရှင် အစောပိုင်းအဆင့် = သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရား
အဝါရောင်အဆင့် နတ်ဆိုးအရှင် အလယ်အလတ်အဆင့် = သာမန် အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရား (ဝါ) မြေကြီးအရှင်အဆင့်
အဝါရောင်အဆင့် နတ်ဆိုးအရှင် နှောင်းပိုင်းအဆင့် = သာမန် နယ်မြေနတ်ဘုရား အထွတ်အထိပ် အဆင့်(ဝါ)ကောင်းကင်အရှင်အဆင့်
--------
အနက်ရောင်အဆင့် နတ်ဆိုးအရှင် အစောပိုင်းအဆင့် = ကြယ်တစ်ပွင့် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်
အနက်ရောင်အဆင့် နတ်ဆိုးအရှင် အလယ်အလတ် အဆင့် = ကြယ်တစ်ပွင့် အလယ်အလတ် နယ်မြေနတ်ဘုရားအဆင့် (ဝါ) ကြယ်တစ်ပွင့် မြေကြီးအရှင်အဆင့်
အနက်ရောင်အဆင့် နတ်ဆိုးအရှင် နှောင်းပိုင်းအဆင့် = ကြယ်တစ်ပွင့် အဆင့်မြင့် နယ်မြေနတ်ဘုရားအဆင့်(ဝါ) ကြယ်တစ်ပွင့်ကောင်းကင်းအရှင်
--------
မြေကြီး အဆင့် နတ်ဆိုးအရှင် အစောပိုင်းအဆင့် = ကြယ်နှစ်ပွင့် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်
မြေကြီး အဆင့် နတ်ဆိုးအရှင် အလယ်အလတ် အဆင့် = ကြယ်နှစ်ပွင့် အလယ်အလတ် နယ်မြေနတ်ဘုရားအဆင့် (ဝါ) ကြယ်နှစ်ပွင့် မြေကြီးအရှင်အဆင့်
မြေကြီး အဆင့် နတ်ဆိုးအရှင် နှောင်းပိုင်းအဆင့် = ကြယ်နှစ်ပွင့် အဆင့်မြင့် နယ်မြေနတ်ဘုရားအဆင့်(ဝါ) ကြယ်နှစ်ပွင့်ကောင်းကင်အရှင်
-------
ကောင်းကင် အဆင့် နတ်ဆိုးအရှင် အစောပိုင်းအဆင့် = ကြယ်သုံးပွင့် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်
ကောင်းကင် အဆင့် နတ်ဆိုးအရှင် အလယ်အလတ် အဆင့် = ကြယ်သုံးပွင့် အလယ်အလတ် နယ်မြေနတ်ဘုရားအဆင့် (ဝါ) ကြယ်သုံးပွင့် မြေကြီးအရှင်အဆင့်
ကောင်းကင် အဆင့် နတ်ဆိုးအရှင် နှောင်းပိုင်းအဆင့် = ကြယ်သုံးပွင့် အဆင့်မြင့် နယ်မြေနတ်ဘုရားအဆင့်(ဝါ) ကြယ်သုံးပွင့်ကောင်းကင်အရှင်
အခန်း(၂၁၀၈)ပြီး၏။