အခန်း (၁၅၁)
Vol. 11 Ch. 151
“ကျန်းတန်းဟယ် မင်း ငါ့ကို လှည့်စားတယ်!”
လီရှိ့ကျီ အရမ်းကို သေချာသည်။ ကျန်းတန်းဟယ်သာ ယခု သူ့အရှေ့ ရှိနေမည် ဆိုလျှင် သူ ကျန်းတန်းဟယ်ကို ဆွဲဆိတ်ပြီး ကုတ်ပစ်ပြီး ကန်မယ်၊ ပါးရိုက်မယ်၊ တံတွေးထွေးမယ် စသဖြင့် အကုန် လုပ်ပစ်မှာ ဖြစ်သည်။
“ မင်း ဒိတ်နေတဲ့အချိန်မှာ ငါက ဘာလို့ ခံစားနေရတာလဲ?”
လီရှို့ကျီသည် ကောင်းကင်ကို ကြည့်ကာ ကျိန်ဆဲလိုက်သည်။ သူ့၏ စိတ်တွင်းမှာ ကျန်းတန်းဟယ်ကို ဘယ်လို ပြန် အပြစ်ပေးရမလဲ တွက်ချက်နေတုန်း အသံ တစ်သံသည် သူ့ကို လက်ရှိဆီ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
“ ဦးလေး ငွေလေး ပေးပေးလို့ ရမလား?”
“...လာပြီ”
သောက်ရမ်းတော်တဲ့ ငွေဖြုန်းစကေးကြီးပဲ..
ရှောင်းကောသည် ကျန်းတန်းဟယ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကျန်းတန်းဟယ်သည် မီရောင်များနှင့် လရောင်အကြားတွင် မှုန်ဝါးဝါးဖြင့် အထူး မထင်မရှား ဖြစ်နေခဲ့သည်။
ဒီခရီးစဥ်၏ ရည်ရွယ်ချက်က အနားယူဖို့ ဖြစ်တဲ့အတွက် ကျန်းတန်းဟယ်သည် အထူး ဝတ်စားထားခဲ့သည်။ သူ့၏ ဆံပင်ကို သေသပ်စွာ ဖြီးသင်ထားပြီး စိမ်းဖြော့ရောင် အင်္ကျီကို အပြာရောင် ခါးစည်းကြိုးဖြင့် အမဲရောင် ဖိနပ်တစ်စုံကို ဝတ်ဆင် ထားခဲ့သည်။
သူတို့နှစ်ယောက်သည် စိတ်လွတ်လက်လွတ်ဖြင့် အနားယူရင်း ညဈေးမှ ထွက်လာပြီး မြစ်ဘေးတစ်လျှောက်တွင် လမ်းလျှောက်နေခဲ့ကြသည်။
ဘယ်သူကမှ တိတ်ဆိတ်ခြင်းကို မဖြိုခွင်းခဲ့ပေ။
“ မိန်းမ မင်းကြိုက်တာ ရှိလား?”
ကျန်းတန်းဟယ်သည် သူ ရှောင်းကောအတွက် မြောက်မြားစွာသော ပစ္စည်းများ ဝယ်ထားခဲ့တာကို ရုတ်တရက် သတိရသွား ခဲ့သည်။ ထိုအထဲတွင် သူမ ကြိုက်တာ ပါမလားဆိုတာ သူ သေချာ မသိချေ။ သူမ တစ်ခုခုကို ကြိုက်ခဲ့လျှင် အကောင်းဆုံး ဖြစ်ပေမဲ့ သူမ မကြိုက်ဘူးဆိုလည်း မရေးမပါပါ။ သူ သူမအတွက် ချက်ချင်း အကုန်လုံးကို ဝယ်ပေးနိုင်သည်လေ။
ရှောင်းကောသည် သေချာ တွေးတောကြည့်ပြီး နောက်တွင် သူမတစ်ကယ် ကြိုက်တဲ့ အရာ မရှိတာကို သဘောပေါက်သွားခဲ့သည်။ ရှောင်းကောသည် ခေါင်းရမ်းလိုက်သည်။ “ကျွန်မ တစ်ကယ်ကို ကြိုက်တာ မရှိဘူးရယ်”
ထိုစကားကို ကြားသောအခါမှာ ကျန်းတန်းဟယ် တစ်ယောက် ဘေးကျပ်နံကျပ် ဖြစ်သွားခဲ့သည်။ သူမက ဘာကိုမှ မကြိုက်ဘူးဆိုရင် သူဘာကို ပေးရတော့မှာလဲ..
ကျန်းတန်းဟယ်သည် မျက်မှောင် ကြုတ်သွားတာကို ရှောင်းကော မြင်သော အခါမှာ ဒါက ကျွမ်းကျွမ်း၏ ဝါသနာတွေ အကြောင်းကို ပြောပြဖို့ အချိန်ကောင်းလို့ ထင်လိုက်သည်။ ဒီအချိန်က ကျွမ်းကျွမ်း၏ ဝါသနာနှင့် စိတ်ဝင်စားမှုတွေ အကြောင်းကို ပြောပြရန် အချိန်ကောင်းလို့ ရှောင်းကော ခံစားလိုက်ရသည်။ ဒါမှ သူတို့နှစ်ယောက်သည် အနာဂတ်တွင် ပိုပြီး ရင်းနှီးနိုင်လိမ့်မည်။
“ ကျွမ်းကျွမ်းက စာဖတ်ရတာကြိုက်တယ်။ စာအုပ်မှန်သမျှကိုကို ကြိုက်တာ။ ပြီးသူက အရမ်း သိချင်စိတ်များတယ်”
ရှောင်းကောသည် ကျွမ်းကျွမ်း အကြောင်း ပြောသောအခါမှာ သူမထံတွင် မကုန်ဆုံးနိုင်သော ခေါင်းစဥ်တွေ ရှိနေသကဲ့သို့ပင်။ ကျန်းတန်းဟယ်သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး အကုန်လုံးကို မှတ်သားထားလိုက်သည်။
“ကျွမ်းကျွမ်းက ကျွန်မကို အလုပ်တွေ ကူလုပ်ပေးရတာကြိုက်တယ်။ ထမင်းစားပြီးတိုင်း ပန်းကန်ဆေးဖို့နဲ့ တူဆေးဖို့ကို သူက တာဝန်ရှိတဲ့သူပဲ။ ကျွန်မ ဟင်းချက်နေတုန်းဆို သူက မီးလဲ လာထွန်းပေးတယ်။ ကျွန်မတို့ အိမ်မှာ ထားထားသမျှ တိရိစ္ဆာန်တိိုင်းကိုလဲ ကျွမ်းကျွမ်းပဲ အစာကျွေးတာ..”
ရှောင်းကော ပြောလေလေ ပျော်ရွှင်လေလေ ဖြစ်လာခဲ့သည်။ ကျွမ်းကျွမ်း၏ များစွာသော သန်မာမှုများနှင့် အလေ့အကျင့်များအကြောင်းကို သူမက ဦးစွာ ကျန်းတန်းဟယ်ကို ပြောပြနေခဲ့သည်။
ကျန်းတန်းဟယ်သည် နားထောင်နေရင်း စိတ်ထဲမှာ မှတ်သားနေခဲ့ပြီး တစ်ချိန်ထဲမှာပဲ တောက်ပနေတဲ့ ရှောင်းကောကို မျက်တောင် မခတ် စိုက်ကြည့်နေခဲ့သည်။
ရှောင်းကော ပိုပြောလေလေ သူမ၏ မျက်ခုံးတန်းများက ပိုသရုပ်ပြလေလေ ဖြစ်သည်။ သူမ၏ အားနေသော လက်များသည်လဲ ပုံဖော်ပြနေခဲ့သည်။ ရှောင်းကောသည် အလွန် အသက်ဝင်နေခဲ့သည်။
ကျန်းတန်းဟယ် ကြည့်မိလေလေ ရှောင်းကောကို ပိုနှစ်ခြိုက်ရလေလေပဲ ဖြစ်သည်။ ဒီအခိုက်အတန့်တွင် ရှောင်းကော၏ ပုံစံသည် စစ်မှန်နေသည်။ သူမ ပြောချင်သမျှကို ပြောဆိုနေခဲ့သည်။ သူမ၏ အတွေးအားလုံးကို သူမ၏ မျက်နှာတွင် ဖော်ပြထားသည်။ သူမ စိတ်လှုပ်ရှားပြီဆိုလျှင် ဘေးမှာ ရှိနေတဲ့ သူကိုပါ ရိုက်လိမ့်အုံးမည်။
ကျန်းတန်းဟယ်သည် သူ မြင်သမျှ အမူအရာတိုင်းကို နှစ်သက်နေခဲ့သည်။ ထိုသို့ တွေးမိပြီးနောက်မှာ ကျန်းတန်းဟယ်သည် မတတ်နိုင်စွာ ခေါင်းငုံ့ပြီး ရယ်လိုက်ခဲ့သည်။ ဒါကို 'ကြည့်ရှုသူ၏ မျက်လုံးထဲက အလှလေး' လို့ ခေါ်ရမလား?
ရယ်သံကို ကြားသွားချိန်မှာ ရှောင်းကောသည် တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ် ပြောနေမိတာ ရပ်သွားပြီး တိတ်ဆိတ်သွားတော့သည်။ သူမ၏ မျက်နှာသည် အနည်းငယ် ရှက်သွေးဖြာနေခဲ့သည်။ သူမ အများကြီး ပြောလိုက်မိပြီး ထိုထဲစိတ်ဝင်သွားခဲ့သည်လေ။
“တောင်းပန်ပါတယ်”
ရှောင်းကောသည် သူမ၏ နှုတ်ခမ်းကို ရှက်ရွံ့စွာ ကိုက်လိုက်ပြီး သူမသည် စိတ်လှုပ်ရှားနေခဲ့သည်။
ကျန်းတန်းဟယ်သည် ခေါင်းရမ်း ပြလိုက်ရင်း ဆန်းကြယ်စွာ အရှေ့ကို လက်ညိုးညွှန်ပြလိုက်သည်။
ရှောင်းကောသည် ထိုလူညွှန်ပြရာကို ကြည့်လိုက်ချိန်မှာ မြစ်ကို ဖြတ်ထားသော ပေါင်းကူးတံတားငယ်လေးကို မြင်လိုက် ရသည်။ ချွင်းချက်မရှိ တောက်ပနေသော လရောင်သည် ကောင်းကင်တစ်ခွင် အလင်းပေးနေပြီး အေးစက်သော လရောင်ဖြူတို့မှာ မြစ်ပြင်တစ်လျှောက် ဖြန့်ကျက် ကျဆင်းနေခဲ့သည်။ မှုန်ဝါးဝါး လ၏ သဏ္ဍာန်သည် မြစ်ပြင်တွင် ပုံရိပ်ယောင် ထင်ဟပ်နေသည်။ အချိန်တစ်ခဏတော့ ဘယ်'လ'က အစစ်လဲဆိုတာ ပြောဖို့ ခဲယဥ်း နိုင်သည်အထိပင်။ မြစ်ပြင်တစ်လျှောက်ကို လေပြေညှင်း ဖြတ်တိုက်သွားချိန်မှာ ငွေရောင် တစ်လက်လက်ထသော လှိုင်းကြက်ခွက်ငယ်ကို ဖန်တီးပေးလိုက်သည်။ အရမ်းကိုမှ လှပသော မြင်ကွင်းတစ်ခုပင်။
သစ်ရွက်ကြားမှ တစ်ခါတစ်ရံ ထွက်လာတတ်သော လေတိုးသံမှလွဲရင် အရာရာဟာ တိတ်ဆိတ်နေခဲ့သည်။
ထိုအချိန်မှသာ သူမတို့နှစ်ယောက်သည် သတိမထားမိပဲ အဝေးကြီးကို လျှောက်လာမိပြီဆိုတာကို ရှောင်းကော သတိထားမိသွားခဲ့သည်။ သူမတို့၏ အနောက်တွင် မီးရောင်ဖျော့ဖျော့ကို မြင်နေရသည်။ ကြည့်ရတာ သူမတို့သည် ညဈေးမှ ထွက်လာမိသည့် ပုံပင်။
သူမသည် အနောက်ကို လှည့်ပြီး ကျန်းတန်းဟယ်အား ပြန်သွားတော့မလားလို့ မေးရန် လှည့်လိုက်တာနှင့် ရှောင်းကောသည် ကျန်းတန်းဟယ်၏ မျက်နှာနှင့် ဝင်တိုးမိတော့သည်။
အချိန်မှီ ချက်ချင်း ရှောင်းကောသည် ရှောင်ဖို့ လုပ်ခဲ့ပေမဲ့ နှုတ်ခမ်းနှစ်စုံသည် ပွတ်တိုက်သွားခဲ့ဆဲဖြစ်သည်။
ကျန်းတန်းဟယ်၏ ကိုယ်သည် လျှပ်စစ် ရှော့တိုက်ခံရသကဲ့သို့ တောင့်တင်းသွားခဲ့သည်။ ရှောင်းကောသည်လည်း အလွန်ကို မသက်မသာ ခံစားနေရသည်။ သူမ၏ မျက်နှာသည် အနီရောင် လွှမ်းလာသလို သူမ၏ မျက်လုံးသည်လည်း ယောက်ယက် ခတ်နေခဲ့သည်။ သူမသည် ကောင်းကင်နှင့် မြေကြီးကို ကြည့်ရဲပေမဲ့ ကျန်းတန်းဟယ်၏ တောက်လောင်နေသော အကြည့်နှင့်တော့ မရင်ဆိုင်ရဲချေ။
အရင်ဆုံး အသိဝင်လာသူကတော့ ရှောင်းကော ဖြစ်လေသည်။ အခုထိ သူမကို ဖက်ထားဆဲ ဖြစ်သော ကျန်းတန်းဟယ်ကို သူမ တွန်းလွှတ်လိုက်သည်။
ကျန်းတန်းဟယ်သည် သူ့၏ ရင်ဘက်ပေါ်က လက်သေးသေးလေး၏ တွန်းကန်မှုကို ခံစားမိသည်။ သူ အလိုအလျောက် ထို လက်သေးသေးလေးများကို ဖမ်းဆုတ်လိုက်သည်။
ထိုအချိန်တွင် ရှောင်းကော၏ လက်နှစ်ဖက်လုံးသည် ကျန်းတန်းဟယ်၏ ရင်ဘတ်နှင့် ဖိကပ် ခံထားရသည်။ သူမ၏ လက်အတွင်းမှ ကျန်းတန်းဟယ်၏ သန်မာလှသော နှလုံးခုန်သံကို သူမ ခံစားလို့ရနေသည်။ အဆက်မပြတ် ခုန်နေသော နှလုံးခုန်သံသည် မသိလျှင် တစ်စက္ကန့်အတွင်း ထိုလူ့၏ ရင်ဘတ်အတွင်းမှ ပေါက်ထွက်ပြီး အပြင်ကို ခုန်ထွက်လာတော့မတတ်ပင်။
ရှောင်းကောသည် မလှုပ်ရှားရဲတော့ချေ။ သူမ၏ ခေါင်းကိုငုံ့ပြီး ခြေထောက်များကိုသာ ကြည့်နေနိုင်တော့သည်။
ကျန်းတန်းဟယ်သည် သူ ရပ်သင့်ပြီလို့ ခံစားလိုက်ရသည်။ ဒီနေ့ အတွက် သူအများကြီး ရထားပြီးပြီဖြစ်သည်။ သူမ ကို ဆက်ပြီး မစသင့်တော့ပေ။ မဟုတ်လျှင် အခြေအနေပြောင်းပြန် ဖြစ်သွားနိုင်သည်။
“ ပြန်ကြရအောင်”
ရှောင်းကောသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ လက်ကို ပြန်ဆွဲယူဖို့ရန် ရုန်းလိုက်သည်။
ကျန်းတန်းဟယ်သည် လက်တစ်ဖက်ကိုတော့ လွှတ်ပေးခဲ့လေသည်။ သူမ၏ ကျန်လက်တစ်ဖက်ရှိ လက်ချောင်းများသည် ကျန်းတန်းဟယ်၏ လက်ချောင်းများနှင့် ရောယှက်ကာ ဆုပ်ကိုင်ခံထားရသည်။
လမ်းတစ်လျှောက်တွင် လေပြေ၏ အသံ တိုးတိုးကိုသာ ကြားရသည်။ သူမတို့ နှစ်ယောက်သည် ခရီးစဥ် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။
လမ်းတစ်ဝက်တွင် ကျန်းတန်းဟယ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
“မိန်းမ?”
“ဟမ်?”
ရှောင်းကောသည် အလိုအလျောက် တုံ့ပြန် လိုက်လေသည်။ ကျန်းတန်းဟယ်ထံမှ အကြိမ်များစွာ မိန်းမဟု အခေါ်ခံရပြီးနောက် သူမလဲ ကျင့်သားရနေပြီ ဖြစ်သည်။
ကျန်းတန်းဟယ်သည် လျို့ဝှက်စွာ ပြုံးလိုက်မိပြီး ချက်ချင်းပဲ ပုံမှန် မျက်နှာထားကို ပြန်ပြင်လိုက်သည်။
“ ကိုယ်တို့ရဲ့ သမီးကော ဘယ်မှာလဲ?”
“ ဟမ်? ကျွန်မတို့ရဲ့သမီး?”
ရှောင်းကော အကြားမှားသွားတာ ဖြစ်ရမည်။ “ဘယ်က သမီးလဲ?”
“ ကိုယ်တို့ရဲ့ သမီးအကြောင်းကို ပြောနေတာလေ”
ကျန်းတန်းဟယ်က တည့်ပဲ ပြောလိုက်တော့သည်။ အခု အချိန်အထိ သူ့မှာ သမီးတစ်ယောက် ရှိလား၊ မရှိလားဆိုတာကို သေချာ မသိနေဘူး ဖြစ်နေသည်။
“ကျွန်မတို့မှာ ကလေးတစ်ယောက်ပဲ ရှိတယ် ကျွမ်းကျွမ်းလေ”
ကျန်းတန်းဟယ်၏ အမေးကြောင့် ရှောင်းကောပင် အံ့သြသွားခဲ့ရတာ ဖြစ်သည်။
ကျန်းတန်းဟယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး ကျန်းတန်းဟယ် ခံစားချက် မကောင်းတော့ပေ။ သူ့၏ သမီးနှင့် ပတ်သတ်ပြီး ပိုသက်သေပြရန် အချက်အလက် တစ်ချို့ကို ပိုပြောပြပြီး ကြိုးစားလိုက်တော့သည်။
“ အရင် အချိန်တစ်ချို့တုန်းက လီရှို့ကျီက လူတစ်ယောက်ကိုပို့ခဲ့..”
“နေအုံး ရှင်ဘာပြောလိုက်တယ်?”
ကျန်းတန်းဟယ်၏ စကားအတွင်းမှ အဓိက စကားလုံးကို သူမ သတိထားမိ သွားခဲ့သည်။
“ပန်းရောင်နဲ့ သမီးလေးလို့လေ?”
ကျန်းတန်းဟယ်သည် စကားပြောနေတာ ခဏ ရပ်သွားခဲ့ပြီး ရှောင်းကောသိချင်သည့် နေရာကို ပြောပေးလိုက်သည်။
“ခစ်ခစ် ဟားဟားဟားဟား”
ထိုစကားကို ကြားသောအခါမှာ ရှောင်းကောသည် ကျယ်လောင်စွာ ထရယ်တော့သည်။ ကျန်းတန်းဟယ်တစ်ယောက် စိတ်ရှုတ်သွားတော့သည်။
“ဟီးဟီး ကျွမ်းကျွမ်းကို ပန်းရောင်အဝတ်နဲ့ ပတ်သတ်ပြီး သွားမမေးနဲ့နော်။ သူ့ကို ပြန်မပြောမိတာ အကောင်းဆုံးပဲ ဟားဟား”
ရှောင်းကောက ဗိုက်ဖိပြီး ရယ်တော့သည်။ ကျွမ်းကျွမ်းသာ ပန်းရောင် အဝတ်အစားအကြောင်း ကြားသွားလို့ကတော့ ကျန်းတန်းဟယ်တစ်ယောက် ဒီမှာတင် ကိစ္စပြီးပြီပဲ။ ရုပ်ရှင်ဆန်တဲ့ သားအဖ အချစ်ဆိုတာလဲ ချက်ချင်းလက်ငင်း ပြီးဆုံးသွားမှာ။
“အဲ့ဒါက ဘာဖြစ်လို့လဲ?”
ကျန်းတန်းဟယ်သည် ကြောင်လာတော့သည်။ သူမဘာလို့ အခုလိုမျိုး ရယ်နေလဲဆိုတာ သူ နားမလည်တော့သလို သူဘာကြောင့် ဒီကိစ္စကို ကျွမ်းကျွမ်းကို ပြောလို့မရလဲဆိုတာလဲ သူ မသိတော့ပေ။
ရှောင်းကောသည် အရယ်လွန်ပြီး ကျန်းတန်းဟယ်ဆီကို မှီထားခဲ့သည်။ ဖြည်းဖြည်းချင်း သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ပြီးနောက်မှာ အကြောင်းအရင်းကို ကျန်းတန်းဟယ်ကို ရှင်းပြပေးလိုက်တော့သည်။
အကြောင်းအရင်းကို ကြားပြီးချိန်တွင် ကျန်းတန်းဟယ်လဲ မနေနိုင်စွာ ရယ်မိတော့သည်။ “ဟားဟား ဒီတော့ ဒီလိုဖြစ်ခဲ့တာပေါ့..”
ကျန်းတန်းဟယ် ထိုသို့ ပြောလိုက်ချိန်တွင် စိတ်ငြိမ်ပြီးဖြစ်သော ရှောင်းကောသည် ထိုအဖြစ်အပျက်ကို ပြန်မြင်ယောင်မိတော့သည်။ သူမတို့ နှစ်ယောက်သည် အချင်းချင်း ကြည့်မိလိုက်ကြပြီး အတူတူ ရယ်လိုက်ကြသည်။
သူမတို့သည် ချိန်းဆိုထားတဲ့ နေရာကို အချိန်နောက်ကျပြီး ရောက်သွားချိန်တွင် ရထားလုံးဘေးတွင် ရပ်နေသော ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိကို တွေ့လိုက် ရသည်။
ရှောင်းကောသည် အဝေးကနေဖြစ်သည့်အတွက် လီရှို့ကျီကို မမြင်ရပေ။ “ ဦးလေး လီရှို့ကျီကော ဘယ်မှာလဲ?”
ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် ချိုချဥ် တုတ်ချောင်းတစ်ခုဆီ ကိုင်ထားကြသည်။ ရှောင်းကော၏ အမေးကို ကြားသည့် အခါမှာ သူတို့သည် အနောက်ကို ညွှန်ပြလိုက်ကြသည်။
အစက ရှောင်းကောသည် လီရှို့ကျီကို မမြင်ခဲ့ပေမဲ့ သူမတို့ နီးကပ်လာတာနှင့် လီရှို့ကျီကို တွေ့လိုက်ရသည်။
“မရီး”
လီရှို့ကျီသည် များစွာသော အထုတ်အပိုးများကို သယ်ဆောင် ထားခဲ့သည်။ အထဲတွင် မျိုးစုံသော မုန့်များစွာ ရှိသည်။ ပုံစံမျိုးစုံ ရှိသော အိတ်များကြောင့် လီရှို့ကျီ၏ ပုံစံသည် ဝသယောင် ဖြစ်နေတော့သည်။
ရှောင်းကော ရယ်မိတော့သည်။ ရှောင်းကော ရယ်တာကို မြင်သောအခါမှာ ကျန်းတန်းဟယ်သည်လဲ သူမကို ချစ်မဝစွာ ကြည့်လိုက်ရင်း သူမနှင့်အတူ ရယ်မောလိုက်သည်။
ကျန်းတန်းဟယ်၏ ရယ်မောသံကို လီရှို့ကျီ ကြားသောအခါမှာ ချက်ချင်း ပေါက်ကွဲသွားပြီး ကျန်းတန်းဟယ်ဆီကို တဟုန်ထိုး ပြေးလာခဲ့သည်။
ကျန်းတန်းဟယ်သည် မကြောက်ပေ။ သူသည် လီရှို့ကျီကို အင်္ကျီ ကော်လံမှ ဆွဲလိုက်ပြီး ရထားလုံးအတွင်းသို့ ထိုးသွင်းလိုက်သည်။
“ အိမ်ပြန်ကြစို့”