အခန်း (၁၅၆)
Vol. 11 Ch. 156
ဘာဆက်ဖြစ်မည်ဆိုတာကို မှန်းဆလို့ ရပါသည်။ သေချာပေါက်ကို သူတို့ အကုန်လုံး အပူလောင် သွားခဲ့တာ ဖြစ်သည်။
လီရှို့ကျီနှင့် ရှောက်ယိသည် တူကို တစ်ပြိုင်နက်ထဲ ချလိုက်ကြပြီး တဟူးဟူးဖြင့် သူတို့၏ လျှာများကို အပြင်ထုတ်လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံး တော်တော်ကို ဆိုးဆိုးဝါးဝါး အပူလောင်သွားခဲ့တာ သိသာသည်။ အခုမှ အိုးထဲက လတ်လတ်ဆတ်ဆတ် ထည့်ထားတာကို သူတို့ တွေးခဲ့မိသင့်သည်။
ကျန်းတန်းဟယ်သည် လီရှို့ကျီကို စပ်ဆုပ်စွာ ကြည့်လိုက်သည်။ ထို့နောက်မှာ သူ့၏ အကြည့်ကို ပန်းကန်လုံး အတွင်းရှိ ဖောက်ထွင်းမြင်နိုင်သော အလိမ်လေးက ဖမ်းစား သွားတော့သည်။
“ဟေး ဒီဖောက်ထွင်း မြင်နိုင်တဲ့ အလိမ်လေးက ဘာလေးလဲ? ပုံစံလေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”
ကျန်းတန်းဟယ်သည် အာလူးခေါက်ဆွဲ တစ်မျှင်ကို ယူလိုက်ပြီး သိချင်စွာဖြင့် အနီးကပ် လေ့လာနေခဲ့သည်။
စားပွဲဝိုင်းရှိ လူတစ်ချို့ကို ရှောင်းကော တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ လူနှစ်ယောက်က အပူဒဏ်ကြောင့် အော်ဟစ်နေကြပြီး ကျန်တစ်ယောက်က မစားသေးပဲ လေ့လာရေး ဆင်းနေသည်။
ရှောင်းကောနှင့် ကျွမ်းကျွမ်းသည် အချင်းချင်း ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြပြီး သူတို့ကို ကူပေးဖို့ အရှေ့ကို သွားလိုက်ကြသည်။
ကျွမ်းကျွမ်းသည် ရှောက်ယိနှင့် လီရှို့ကျီ အတွက် ရေခပ်ပေးလိုက်ပြီး ရှောင်းကောက ကျန်းတန်းဟယ်အား အာလူးခေါက်ဆွဲကို ဘယ်လိုလုပ်ထာာလဲ ရှင်းပြပေးလိုက်သည်။
နောက်ဆုံးတော့ အားလုံး တိတ်ဆိတ် သွားခဲ့ပြီ။
လီရှို့ကျီနှင့် ရှောက်ယိသည် အလောတကြီး ထပ်မစားတော့ပဲ ကျန်းတန်းဟယ်သည်လည်း ဘယ်လိုဖန်တီးတီထွင်ခဲ့သည်ကို ပိုမို နားလည်မှု ရသွားခဲ့သည်။ သူသည် အလွန် အံ့သြနေဟန်ဖြင့် အာလူးခေါက်ဆွဲကို စားနေခဲ့သည်..
' နောက်ဆုံးတော့ တိတ်သွားပြီ..' ကျွမ်းကျွမ်းနှင့် ရှောင်းကော၏ တစ်ချိန်ထဲ ထွက်လာသော အတွေးဖြစ်သည်။
ထို့နောက်မှာ ရုတ်တရက် အော်သံထွက်လာခဲ့သည်။ “ ဟေး အရသာကို အရမ်း ရင်းနီး နေတယ်!”
လီရှို့ကျီ ထပြောလာပြန်သည်။ သူသည် ဇလုံကို မြင်ကတည်းက တစ်နည်းနည်းနဲ့ ရင်းနှီးနေသလို ခံစားနေရသည်။ 'အခု စားကြည့်ပြီးတော့ ပိုပြီး ရင်းနီးလာနေသည်။ ဒါပေမဲ့ သူဘယ်တုန်းက အခုလို အရသာ ရှိတဲ့ အစားအသောက်ကို စားခဲ့ဖူးတာလဲ? သူ မမေ့သင့်ဘူးလေ….'
“ ဟုတ်တယ် အရမ်းရင်းနီးနေတယ်!”
ရှောက်ယိသည်လည်း တစ်ပုံစံထဲ ပြောလာပြန်သည်။
သို့ပေမဲ့ သူဘယ်တုန်းက စားခဲ့ဖူးလဲ ဆိုတာကို ရှောက်ယိ ပြန်မပြောနိုင်ခင်မှာပဲ ကျွမ်းကျွမ်းသည် အညှာတာမဲ့စွာ သူ့ရဲ့ သံသယများကို ဖြေရှင်းပေးလိုက်ခဲ့သည်။
“ ဒါကို ခေါက်ဆွဲဆိုင်မှာ တစ်ခါ စားခဲ့ဖူးတယ်လေ”
“အိုး… ဟုတ်တယ်!”
ရှောက်ယိသည် အလင်းပေါက်သွားသည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်မှာ သူ တွေးနေတာ ရပ်လိုက်ပြီး အသားလုံးတွေကို ရှာဖွေနေလိုက်သည်။
ကျန်းတန်းဟယ်သည် တစ်ကိုက်ကိုက်ပြီး နောက်မှာ လီရှို့ကျီကဲ့သို့ပင် ရင်းနီးမှုကို ခံစားလိုက်ရသည်။
ကျန်းတန်းဟယ်သည် မျက်မှောင်ကြုတ်သွားပြီး နောက်တစ်လုပ် ထပ်စားကြည့်လိုက်သည်။ သူ ပိုပြီး စားလေလေ အရသာကို ပိုရင်းနီးလာလေလေပင်။ ကျန်းတန်းဟယ်သည် လီရှို့ကျီထက် မှတ်ဉာဏ် ပိုကောင်းသည်… သူ့၏ အတွေးတွေကို အလျင်အမြန် လှည့်ပတ်လိုက်ပြီး ချိန်မှာ တံငါရွာငယ်လေး တစ်ခုကို သူတွေးမိသွားခဲ့သည်။
“ငါတို့ တံငါရွာလေးမှာ ရှိတုန်းက မင်း ဒါကို ဘယ်ကနေ ဝယ်ခဲ့တာလဲ?”
ကျန်းတန်းဟယ်သည် မော့ကြည့်လိုက်ပြီး ပါးစပ်ထဲတွင် အသားလုံး နှစ်လုံး ဝါးနေရင်းနဲ့ တတိယ အသားလုံးကိုပါ သွင်းတော့မည့် လီရှို့ကျီကို လှမ်းမေးလိုက်သည်။
“....?”
လီရှို့ကျီသည် မှတ်ဉာဏ် မကောင်းပေ။ ကျန်းတန်းဟယ်၏ အမေးကို ကြားသော အခါမှသာ သူ့ခေါင်းထဲရှိ အစက်အပျောက်တွေက ရုတ်တရက် ဆက်စပ်မိသွားပြီး ပြန် အမှတ် ရသွားခဲ့သည်။
“ဟုတ်တယ်! ဟုတ်တယ်! ဒီအရသာပဲ!”
'ဒီခေါက်ဆွဲက သူတို့တွေ တံငါရွာလေးမှာ ယာယီ အနားယူနေခဲ့တုန်းက မင်းသားရဲ့ အိမ်ဝင်းမှာ စားခဲ့ရတဲ့ ခေါက်ဆွဲ မဟုတ်ဘူးလား? အခု ဧကရာဇ် ဖြစ်လာတဲ့ မင်းသားက အဲ့ဒီတုန်းက သူတို့ကို နေ့လည်စာ ပေးပြီး ဝယ်ရမဲ့ လိပ်စာပါ ပေးခဲ့တာ မဟုတ်ဘူးလား?'
“ငါ့ရဲ့ တုံးအနေတဲ့ ဉာဏ်ကတော့! ကျွန်တော် အခု မှတ်မိပြီ!”
လီရှို့ကျီသည် သူ့ပါးစပ်ထဲက အသားလုံးကို မြိုချပြီး ရှောင်းကောကို မေးလိုက်သည်။
“ မရီး ဒါကို ယုံဟိုင်ခရိုင်ရဲ့ ဖူမင် လမ်းဆုံမှာ ရောင်းဖူးလား?”
သူ မကြာခဏ သွားခဲ့သည့် နေရာကို လီရှို့ကျီ မှတ်မိနေပါသေးသည်။ ကျန်းတန်းဟယ် ပြောပြ ပေးလိုက်တော့ သူ မျက်လုံးထဲတွင်ပါ မြင်လာပြီဖြစ်သည်။
ရှောင်းကောသည် လမ်း၏ နာမည်ကို သိသောကြောင့် သူမ အံ့သြသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်”
အစပိုင်းက သူမ သွားခဲ့သည့် လမ်းဆုံက ဖူမင် လမ်းဆုံ ဖြစ်သည်။
လီရှိုကျီသည် လက်ခုတ်လက်ဝါး တီးပြီး ဒါ ကံတရားပဲဟု ထအော်ပါတော့သည်။
“ ကျွန်တော် အရင်က ဝယ်ပေးခဲ့တဲ့ အာလူး ခေါက်ဆွဲက မရီးလုပ်ခဲ့တာပဲ!”
ရှောင်းကော၏ စကားကို ကြားသော အခါမှာ ကျန်းတန်းဟယ်လဲ အံ့သြသွားခဲ့သည်။ လီရှို့ကျီ၏ အော်သံကြောင့် သူ နားလည် သွားခဲ့သည်။ သူအရင်က စားခဲ့ဖူးသည့် အရသာရှိသည်လို့ ထင်ခဲ့သည့် အစားအသောက်က ရှောင်းကော လုပ်ပေးခဲ့တာ ဖြစ်သည်။ ဒါကသာ ကံတရား မဟုတ်ဘူးဆိုရင် ဘယ်အရာက ဖြစ်နိုင်တော့မှာလဲ?
ရှောင်းကောသည် ကျန်းတန်းဟယ်နှင့် လီရှို့ကျီ၏ စိတ်လှုပ်ရှားနေသော အကြည့်များကို ကြည့်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ရည်လည်ဖို့ အကောင်းဆုံး ကြိုးစား လိုက်သည်။
သူတို့နှစ်ယောက်လုံး တံငါရွာငယ်တွင် နေခဲ့ဖူးတာကို သူမသိသည်။ လီရှို့ကျီသည် အခွင့်အခါကြုံပြီး သူမဆီက အာလူးခေါက်ဆွဲကို ဝယ်ခဲ့ကာ ကျန်းတန်းဟယ်ကို စားဖို့ရန် ပေးခဲ့သည်။
တွေးမိပြီးနောက်မှာ ရှောင်းကောလဲ ခံစားမိသွားတော့သည်။ 'ဒါက တစ်ကယ်ကို ကံတရားပါလား?'
“ ဒီတော့ ကိုယ်က မင်းရဲ့ လက်ရာကို အရင်တည်းက စားဖူးတာပေါ့”
ရှောင်းကောကို ကြည့်ရင်းဖြင့် ကျန်းတန်းဟယ်သည် ရင်ထဲ ပိုထိ လာတော့သည်။ သူ တစ်ခါမှ မတွေးတောင် မတွေးခဲ့ဖူးပေ။ အဲ့ဒီတုန်းက ခေါက်ဆွဲတွေက အရမ်း အရသာရှိတာပဲဟု သူတွေးခဲ့သည်။ အခုတော့ သူ့မိန်းမ၏ လက်ရာ ဖြစ်နေခဲ့သည်လေ…
လီရှို့ကျီသည် ထိုလူကို ဆွံ့အစွာပဲ စိုက်ကြည့်လိုက်တော့သည်။
ရှောက်ယိသည်လည်း ရှောင်းကော၏ ဟင်းချက် စကေးကို ချီးကျူးနေခဲ့တာ ဖြစ်သည်။ ကျွမ်းကျွမ်းသည် ရှောက်ယိ၏ စကားကို ကြားသောအခါမှာ ပျော်ရွှင်သွားပြီး သူ့အမေ၏ ဘက်စုံတော်သော အရည်အချင်းများ အကြောင်းကို စတင် ချီးမွန်းခန်း ဖွင့်တော့သည်။
“မေမေက ဟင်းချက်တော်ရုံတင်မကဘူး.. အင်္ကျီချုပ်တာကော ဖိနပ် ချုပ်တာကော အရမ်းတော်တာ။ ငါ့အင်္ကျီတွေကော ဖိနပ်တွေကောကို မေမေလုပ်ပေးတာလေ။ ပြီး ဦးလေးရဲ့ အင်္ကျီနဲ့ ဖိနပ်တွေလဲ မေမေပဲ လုပ်ပေးတာ”
ရှောင်းကော လုပ်တတ်သည့် အရာများကို တစ်ခုချင်းရေတွက်ကာ ပြန်ပြောပြရင်း ကျွမ်းကျွမ်း တစ်ယောက် ဂုဏ်ယူနေခဲ့သည်။ သူ့၏ လက်ဆယ်ချောင်းလုံးနဲ့ ရေတွက်ပြီး နောက်မှာ ခြေထောက်တွေနှင့်ပါ ရေတွက် နေသည်မှာ ရှောင်းကော ရပ်ဖို့ ပြောသည် အထိပင်။
“မြန်မြန်စားတော့”
ရှောင်းကော၏ အရေပြားက အဲ့လောက် မထူပေ။ ဘယ်လောက် ထူတယ် ပြောပြော.. ကျွမ်းကျွမ်း အခုလို ထိုင်ကြွားနေတာကို နားထောင်ဖို့အထိ သူမ မျက်နှာ မထူပါ။
ရှောက်ယိသည် ရှောင်းကောကို လေးစားစွာ ကြည့်လာခဲ့သည်။ 'ကျွမ်းကျွမ်းက အံ့သြဖို့ ကောင်းရုံတင်မကဘဲ ကျွမ်းကျွမ်းရဲ့ အမေကပါ အံ့သြဖို့ ကောင်းနေတာပဲ…'
လီရှို့ကျီသည် သူ့ပန်းကန်ထဲက ခေါက်ဆွဲများကို မြန်မြန်စားလိုက်သည်။ ကုန်သွားသည်နှင့် ဒုတိယ တစ်ခါ ထပ်တောင်းလိုက်သည်။ ထို့နောက်မှာ တတိယ တစ်ခါ…
စားသောက်နေတုန်းမှာ သူသည် အချိန်ထုတ်ပြီး ရှောင်းကောအား လက်မ ထောင်ပြသွားသေးသည်။ ရှောင်းကော၏ ကောင်းမွန်လှတဲ့ ဟင်းချက်စကေးကို သူ အရမ်းအထင်ကြီးမိသည်!
အစက ရှောင်းကော၏ အရည်အသွေး များနှင့် ပတ်သတ်ပြီး ကျွမ်းကျွမ်း နောက်ကြောင်းပြန် ချီးမွမ်းနေမှုများကို ကျန်းတန်းဟယ် နားထောင် နေခဲ့သည်။ သို့ပေမဲ့ သူမ အင်္ကျီနှင့် ဖိနပ် ချုပ်ပေးသည့် အကြောင်းကို ကြားသောအခါမှာ သူ့၏ နှလုံးသားထဲ၌ ဝန်တိုမှု အနည်းငယ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ 'ကြည့်ရတာ သူ့ယောက်ဖမှာ ရှောင်းကော ချုပ်ပေးသည့် အင်္ကျီနှင့် ဖိနပ်တွေ ရှိပြီး သူ့မှာတော့…'
ကျန်းတန်းဟယ်သည် ရှောင်းကောအနားကို တိတ်တဆိတ် ချဥ်းကပ်လိုက်သည်။ အကုန်လုံးက စားသောက်ရင်း အလုပ်များနေတာကို တွေ့တော့ သူ မသိမသာလေး ကိုယ်ကို စောင်းပြီး သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ မင်း ချုပ်ပေးတဲ့ အဝတ်တွေ ကိုယ် မဝတ်ဖူးဘူး”
ရှောင်းကောသည် သီးသွားပြီး သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ရသည်။ သူမ တစ်ခြားသူတွေကို မော့ကြည့်လိုက်ပြီး ဘယ်သူမှ တစ်ခုခု မှားနေတာကို သတိ မထားမိဘူးဆိုတာကို အတည်ပြုလိုက်သည်။ ထို့နောက်မှာမှ သူမသည် ကျန်းတန်းဟယ်ကို လှည့်ကြည့်လိုက်သည်။ 'အခုတင် သဝန်တိုစိတ် အသေးစားလေးကို သူမဘာလို့ အာရုံခံမိသွား တာလဲ?'
ထိုစကားကို ပြောပြီးတာနှင့် ကျန်းတန်းဟယ်သည် ခပ်တန်းတန်း ပြန်ထိုင် လိုက်သည်။ ရှောင်းကော လှည့်ကြည့်လိုက်သောအခါ ကျန်းတန်းဟယ်၏ နားများသည် မထိန်းနိုင်စွာ နီနေခဲ့လေသည်။
ကျန်းတန်းဟယ်သည် သူ့၏ နားတွေကို တစ်ကယ်ကို ဖုံးပစ်ချင်နေပေမဲ့ ထိုသို့ လုပ်လိုက်လျှင် တစ်ခြားသူများ၏ အာရုံကို ဆွဲဆောင်မိသွားမှာ စိုးရသည်။ ထို့ကြောင့်မို့ အတတ်နိုင်ဆုံး ကြိုးစားပြီး သူ့နားတွေ မနီစေရန် ထိန်းနေခဲ့သည်။ သို့ပေမဲ့ ဒါက သူ ထိန်းချုပ်နိုင်သော အရာ မဟုတ်ပေ။ သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူ့နားကို မထိမိစေရန် ထိန်းဖို့အတွက်သာ…
တစ်ချက် ကြည့်လိုက်ရုံဖြင့် နီနေသော ကျန်းတန်းဟယ်၏ နားရွက်နှစ်ဖက်ကို ရှောင်းကော မြင်နေရသည်။ မမြင်မိဖို့ မလွယ်ကူဘူးလေ။ ခပ်ညိုညို အမျိုးသားတစ်ယောက်၏ နားရွက် နှစ်ဖက်သည် ရုတ်တရက် နီလာတာကို သူမ ကြည့်နေခဲ့သည်.. နီပြီးရင်း နီလာနေသလိုပဲ။
ရှောင်းကောသည် အကျယ်ကြီး အော်မရယ် ရဲပေ။ သူမ၏ ခေါင်းကို အောက်ငုံ့လိုက်ပြီး ပန်းကန်ဖြင့်ကွယ်ကာ ပြုံးနေခဲ့သည်။
ဇလုံထဲရှိ အာလူးခေါက်ဆွဲအားလုံးကို ပြောင်အောင် စားပြီးနောက်မှာ တင်းကယ်နေသော ဗိုက်များဖြင့် အကုန်လုံးသည် အခန်း ကိုယ်စီသို့ ပြန်သွားကြသည်။
အထူးသဖြင့် လီရှို့ကျီနှင့် ရှောက်ယိ ဖြစ်သည်။ သူတို့နှစ်ယောက်ခဗျာ တင်းကယ် နေသဖြင့် မတ်တပ်တောင် မနည်း ရပ်နေရတာ ဖြစ်သည်။
ကျန်းတန်းဟယ်သည် သူ့ရဲ့ ဗိုက်ကို ပွတ်သပ် လိုက်သည်။ သူ ထပ်ပြီး စားချင်သေးပေမဲ့ ရှောင်းကော၏ အကြည့်ကြောင့် သူ နည်းနည်းလေး ရှက်သွားခဲ့သည်။ ထို ခဏ အတွင်းမှာ လီရှို့ကျီ တစ်ယောက်ကတော့ နှစ်ပန်းကန် ကုန်သွားပြီးပြီ ဖြစ်သည်။
အစားများပြီး ညည်းညူတော့မဲ့ လီရှို့ကျီကို ကျန်းတန်းဟယ်သည် အခန်းဆီသို့ ကူပြီး ပို့ပေးလိုက်သည်။
စားပိုးနှင့်ပြီး သေသွားပါစေဟုသာ ကျန်းတန်းဟယ် အတည် ဆုတောင်းနေခဲ့တာ ဖြစ်သည်။ “ ဘယ်လိုတောင် အသုံးမကျလိုက်လဲ?”
ရှောင်းကောသည်လည်း အကုန်လုံးလိုပင် ဖြစ်သည်။ သူမလဲ ဗိုက်တင်းလွန်းသဖြင့် လှဲတောင် မလှဲနိုင်တော့ပေ။ ကျွမ်းကျွမ်းသည် ထိုအရာကို မြင်သောအခါမှာ ရှောင်းကော အရင်က သူ့ကို သင်ပေးခဲ့ဖူးသည့် အစားစားတဲ့ လေ့ကျင့်ခန်းကို ပြန်တွေးလိုက်သည်။
အတိတ်က ကျွမ်းကျွမ်းသည် စားသောက်သော အခါမှာ ထိန်းသိမ်းမှု မရှိခဲ့ပေ။ သူသည် အရမ်း ဗိုက်တင်းသည် အထိ စားလိမ့်မည်.. ထို့ကြောင့် ရှောင်းကောသည် သူ့ကို လေ့ကျင့်ခန်း တစ်ချို့ သင်ပေးထားခဲ့သည်။
ထိုမှစပြီး ဝိတ်လျော့သည့် လေ့ကျင့်ခန်းသည် အစာခြေသည့် လေ့ကျင့်ခန်းအဖြစ် ပြောင်းသွားတော့သည်။
“ ရှောက်ယိ ဒီကိုလာခဲ့ ငါ မင်းကို အစာခြေတဲ့ လေ့ကျင့်ခန်းတစ်ချို့ သင်ပေးမယ်”
ရှောက်ယိကို ကျွမ်းကျွမ်းသည် ဆွဲထူလိုက်သည်။ ထို့နောက်မှာ ထုံထိုင်းနေသော လှုပ်ရှားမှုများဖြင့် ရှောက်ယိသည် ကျွမ်းကျွမ်းအတိုင်း ခြေတွေ လက်တွေကို လှုပ်ရှားနေခဲ့သည်။
တစ်ဖြည်းဖြည်းနှင့် သူနေလို့ ထိုင်လို့ ပိုကောင်း လာပြီး သူ့ရဲ့ အစာအိမ်လေးလဲ တင်းကယ်နေတာ အနည်းငယ် လျော့သွားတော့သည်။ ထို့ကြောင့် ရှောက်ယိသည် ပို အာရုံစိုက်ပြီး ကျွမ်းကျွမ်း၏ နောက်မှ လိုက် လှုပ်ရှားနေခဲ့သည်။
ရှောင်းကောသည် အရှေ့မှ ဖင်တလှုပ်လှုပ်ဖြင့် တွန့်လိမ်ပြီး ဟိုဘက်သွားလိုက် ဒီဘက် သွားလိုက်လုပ်နေသော ကလေး နှစ်ယောက်ကို ကြည့်လိုက်သည်။ “ အရမ်း ချစ်ဖို့ ကောင်းတာပဲ”
သူမ၏ နှလုံးသားက အရည်ပျော်တော့ မလို ရှောင်းကော ခံစားလိုက်ရသည်။ သူမ တစ်ကယ်ကို ပြေးကိုက်ချင်နေပြီ…