အခန်း (၁၅၉)
Vol. 11 Ch. 159
ညနေခင်းတွင် ရှောင်းကောသည် အပ်နှင့် အပ်ချည်ကို ချလိုက်ကာ လည်ပင်းကို အကြောဖြေနေလိုက်သည်။
ထိုအချိန်တွင် ကျန်းတန်းဟယ်သည် အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ရှောင်းကောသည် ဖိနပ်များကို အမြန် စောင်ဖြင့် ဖုံးလိုက်ရသည်။
“ ဘာဖြစ်လို့လဲ?” ကျန်းတန်းဟယ် သူမကို မြင်သွားလားဆိုတာကို ရှောင်းကော သေချာ မသိပေ။ သူမသည် ကျန်းတန်းဟယ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
“ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီည တစ်ယောက်ယောက် အိမ်ကို လာဖို့ ရှိလို့ပါ။ မင်း ဟင်းပွဲတစ်ချို့ ချက်ပေးနိုင်မယ် ထင်လား?”
ကျန်းတန်းဟယ် ရောက်လာလာချင်း ပထမဆုံး ရှောင်းကောကို တောင်းဆိုလိုက်သည့် အရာသည် ညစာ ချက်ပေးဖို့ဖြစ်သည်။ အစကတော့ သူလည်း သဘောမတူချင်ခဲ့ပေ။ သို့ပေမဲ့ ထိုလူသည် ရှောင်းကော၏ အချက်အပြုတ် အရည်အချင်းကို တစ်နည်းနည်းနဲ့ သိနေခဲ့ပြီး ထိုအတွက် အထူးတောင်းဆိုထားခဲ့သည်။ ကျန်းတန်းဟယ်သည် မငြင်းဆိုနိုင်သောကြောင့် သဘောတူ လိုက်ရသည်။
“ ကိုယ်တို့ ဘာလို့ မီးဖိုချောင်ကိုပဲ မပြင်ဆင်ခိုင်းလိုက်ရမှာလဲ?” ကျန်းတန်းဟယ်သည် ဒီဟာက ရှောင်းကောကို တောင်းဆိုဖို့ရန် နည်းနည်းများနေတယ်လို့ တွေးမိသည့်အတွက် မီးဖိုချောင်က စားဖိုမှူး နှစ်ယောက်ကိုသာ ပြင်ဆင်ခိုင်းဖို့ သူ ခဏ စဥ်းစားပြီးနောက်တွင် ဆုံးဖြတ်ခဲ့သည်။
“ မလုပ်နဲ့ အဆင်ပြေပါတယ်။ ကျွန်မ ဟင်းချက်ရတာ ကြိုက်တယ်။ ဒီည ဟင်းချက်ဖို့ ကျွန်မ တာဝန်ယူနိုင်ပါတယ်”
ထွက်သွားတော့မည့် ကျန်းတန်းဟယ်အား ရှောင်းကော တားလိုက်သည်။ ဘာတွေဖြစ်နေလဲ သူမ သိချင်နေခဲ့တာ ဒီကိစ္စပေါ့။ ကျန်းတန်းဟယ်၏ မျက်နှာထားအရ သူမ ချုပ်နေတဲ့ ဖိနပ်တွေကို သူ မြင်သွားပြီဆိုတာ ရှောင်းကော သိလိုက်သည်။
“ ဟင်းလျာတွေထဲ မပါသင့်တဲ့ ဟင်းပွဲမျိုး ရှိလား? အဲ့ဒီလူ မစားတဲ့ ဟင်းမျိုး ရှိလား?”
ရှောင်းကော၏ မေးခွန်းကြောင့် ကျန်းတန်းဟယ်သည် ပြန်စဥ်းစားလိုက်ပြီး ထိုလူမကြိုက်တာ ဘာမှမရှိတာကို သဘော ပေါက်သွားခဲ့သည်။ သူသည် ခေါင်းရမ်းလိုက်သည်။
“ သူ မစားတာ ဘာမှမရှိဘူး။ ဒါပေမဲ့ ငါးတော့ တော်တော်ကြိုက်တယ်”
ကျန်းတန်းဟယ်သည် သူတို့ ထမင်းစားတိုင်း စားပွဲတွင် ငါးတစ်ကောင် ရှိနေတတ်သည်ကို မှတ်မိလိုက်သည်။ ထို့အပြင် အဲ့ဒီ ငါး ပိုနေတတ်တာလဲ ရှားသည်လေ။ ထို့ကြောင့် ဧည့်သည်တော်ကြီးသည် ငါးကို အထူးနှစ်ခြိုက်မှန်း သူ မှန်းဆလိုက်သည်။
ရှောင်းကောသည် စိတ်ထဲ၌ မှတ်သားပြီးသည်နှင့် ညစာအတွက် ဟင်းလျာများကို စဥ်းစားနေလိုက်သည်။ ကျန်းတန်းဟယ်သည် ပုံမှန်ဆိုလျှင် သူမကို ဒုက္ခမပေးတတ်ပေ။ ဒီည လာမည့်သူသည် အရေးကြီးသည့် သူပင် ဖြစ်ရမည်။ မဟုတ်လျှင် ကျန်းတန်းဟယ်က သူမကို အခုလို ပင်ပင်ပန်းပန်း လုပ်ခိုင်း လိမ့်မည် မဟုတ်ချေ။
ရှောင်းကောသည် ဟင်းလျာများကို စဥ်းစား နေချိန်တွင် ကျန်းတန်းဟယ်သည် ရုတ်တရက် တွန့်ဆုတ်လာခဲ့သည်။ “ မင်း အလုပ်များတော့မှာလား?”
“ အဆင်ပြေပါတယ်။ အလုပ်များမယ် ထင်ရင် ရှင်ပါလာပြီး ကူပေးလို့ရတယ်”
ရှောင်းကော စနောက်လိုက်သည်။
ကျန်းတန်းဟယ်သည် ထိုစကားကို ကြားသော အခါမှာ တုံ့ဆိုင်းမှုမရှိ ပြန်ဖြေလိုက်သည်။ “ကောင်းပြီ”
ရှောင်းကောသည် ပြုံးလိုက်သည်။ အသိအသာကို သူမသည် ကျန်းတန်းဟယ်၏ စကားကို အတည်မယူပေ။ ရှေးခေတ်တုန်းက အမျိုးသားများသည် မီးဖိုချောင်နှင့် ခပ်ဝေးဝေး မှာပဲ နေတတ်ကြသည်မလား? ရှောင်းကောသည် ကျန်းတန်းဟယ်၏ စကားကို ဆားတစ်မှုန်ကဲ့သို့ သဘောထားလိုက်သည်။
ရှောင်းကောသည် မီးဖိုခန်းအတွင်းတွင် ချက်ဖွယ်များကို ပြင်ဆင်နေချိန်တွင် ကျန်းတန်းဟယ်သည် သူမ၏ ဘေး၌ ပေါ်လာခဲ့သည်။
အတည်ပေါက် ဖြစ်နေသော ထိုသူကို ရှောင်းကော ကြည့်လိုက်သည်။ ထိုသူ သူ့စကားအတိုင်း လာလိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။
“ ကိုယ် ဘာလုပ် ပေးရမလဲ?”
ရှောင်းကောသည် အသိပြန်ဝင်လာပြီး ခါးစည်းစ (အေပရွန်) ဝတ်နေသော ကျန်းတန်းဟယ်အား ကြည့်လိုက်သည်။
“ရှင်တစ်ကယ် ကူမလို့လား?”
ရှောင်းကော၏ အသံအတွင်းမှ သံသယ များကို ကျန်းတန်းဟယ် ကြားသော အခါမှာ သူ အတည်ပြောမှန်း သိစေရန် ကျန်းတန်းဟယ်လည်း ခေါင်းညိတ်ပြလိုက်သည်။
ကျန်းတန်းဟယ်၏ စိတ်ပိုင်းဖြတ်ထားမှုကို ရှောင်းကော နားလည်လိုက်သည်။ သို့ပေမဲ့ ချက်ချင်း သူမထံတွင် နောက်ထပ် သံသယ တစ်ခု ပေါ်လာတော့သည်။ 'သူ ချက်နိုင်ပါ့မလား?'
“ ကိုယ် မချက်တတ်ဘူး။ ဒါပေမဲ့ လိုအပ်တာတွေကို ကူပြီး ပြင်ဆင် ပေးပါ့မယ်”
ကျန်းတန်းဟယ်သည် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သို့ပေမဲ့ ရှောင်းကော၏ ရှုတ်ထွေးနေသော အကြည့်အောက်တွင် သူ့၏ ယုံကြည်ချက်သည်လည်း တစ်စတစ်စ ဝေဝါးလာတော့သည်။ “ ကိုယ်… ထင်တာပဲ”
ရှောင်းကော ပြုံးလိုက်မိသည်။ ‘ သူ ဟင်းချက်တတ်တယ် မတတ်တယ်က အရေးမကြီးပါဘူး။ ဆူညံနေအောင် မလုပ်ရင်သာ ပြီးတယ်”
သို့ပေမဲ့လည်း ရှောင်းကော မျှော်လင့်သလို ကိစ္စတွေက တစ်ကယ်ပဲ အဆင်ပြေပါ့မလား?
“ဟေး အရွက်တွေကို အဲ့လို မယူရဘူး”
“ ကိုယ်တောင်းပန်ပါတယ်”
“ဟေး အဲ့လိုကြီး ဖြတ်လို့ မရဘူး”
“.....”
“ ရှင်က စားရတဲ့အပိုင်းကို လွှင့်ပစ်ပြီး စားမရတာကြီး ချန်ထားနေတယ်”
“ ကိုယ် ပြန်ယူလိုက်မယ်…”
“ ရှင် အခုထိ ကြေးခွံတွေ မခွာရသေးဘူး”
“ ကိုယ်အခု လုပ်လိုက်မယ်…”
“ဒီ ပန်းကန် မရဘူး.. ဒီအသားက အရမ်းထူတယ်… ရှင် ဒါကို အခုထိ မဆေး ရသေးဘူး… အသားက သေချာလဲ မလှီးရသေးဘူး”
“ ကိုယ်တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်..”
အချိန်တစ်ခဏကြာတာနှင့် ရှောင်းကော၏ အသံနှင့် အနောက်က လိုက်ပါလာသော ကျန်းတန်းဟယ်၏ အဆုံးမရှိတဲ့ တောင်းပန်သံကို ကြားရပေလိမ့်မည်။
ကံကောင်းစွာဖြင့် သူမတို့ နှစ်ယောက် ဝင်လာကတည်းက စားဖိုမှုးနှစ်ယောက်သည် သေချာ ရှောင်ပေးသွားခဲ့သည်။ သို့မဟုတ်လျှင် အမြဲတမ်း လေးစားအားကျ ဖွယ်ကောင်းလှသော စစ်သူကြီးသည် အခုတော့ မူလတန်း ကျောင်းသားလေး သဖွယ် အပြစ်ရှာခံနေရသည်ကို မြင်လျှင် သူတို့ရဲ့ မျက်လုံးတွေ မျက်အိမ်ထဲမှ ထွက်သွား ပေလိမ့်မည်။
“ ဝက်သားကို နုတ်နုတ်ဆင်းပေးရမှာ”
ကျန်းတန်းဟယ်သည် ဓားတစ်လက်ကို လက်တွင် ကိုင်ရင်း စဥ့်တီတုံးရှေ့တွင် ရပ်နေခဲ့သည်။ အတုံးသေးသေးလေး အတုံးခံထားရတဲ့ အသားတွေကို ကြည့်ရင်း သူ ပျောက်ဆုံးနေတော့သည်။
ရှောင်းကော ရွေးစရာမရှိပဲ သူမ၏ လက်တွင်းမှ ဓားကိုချကာ ကျန်းတန်းဟယ်၏ လက်တွင်းမှ ဓားကိုယူပြီး ကိုယ်တိုင် သရုပ်ပြရတော့သည်။
“ ဒီလိုလေး အရင်လုပ်မယ်။ ပိုသေးတဲ့ အတုံးအဖြစ် တုံးပြီးရင် သေသေသပ်သပ်လေး စီလိုက်။ ပြီးရင် နုတ်နုတ် နုတ်နုတ်လေးတွေ လိုက်လှီးတော့”
ရှောင်းကောသည် အသားတုံး အသေးတစ်ခုကို ယူပြီး အရင် ဆင်းပြလိုက်သည်။ နုတ်နုတ် ဆင်းပြီးသော အသားကို ပန်းကန်အတွင်း ထည့်လိုက်ပြီးနောက်တွင် ကျန်တာကို ကျန်းတန်းဟယ်နှင့် ထားခဲ့လိုက်သည်။
ကျန်းတန်းဟယ်သည် မချက်တတ်ဘူး ဆိုပေမဲ့ သင်လျှင်တော့ တတ်လွယ်သည်။ ရှောင်းကော ဘာကို ပြသွားခဲ့ပါစေ.. သူသည် တစ်ပုံစံထဲ အကုန် လိုက်လုပ်နိုင်သည်။ သူ့၏ ပုံစံက နည်းနည်း တုန်ချိချိ ဖြစ်နေပေမဲ့ သူ့အနေနဲ့ ဒီလိုလုပ်နိုင်တာကိုက တော်တော်လေး ထူးခြားနေပြီလို့ ရှောင်းကော ထင်သည်။
“ ဟုတ်တယ် ဒီလိုပဲ။ တော်လိုက်တာ”
ကျန်းတန်းဟယ်သည် အနည်းငယ် တုန်ချိချိဖြင့် အသားကို နုတ်နုတ်စဥ်း လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ဒါသည် သူ ပထမဆုံးချက်ဖူးခြင်းမို့ အသားလှီးရာတွင် မညီညာပေ။ သို့ပေမဲ့ သူ ရှောင်းကောအား ပေးထားသော ကတိကို စဥ်းစားပြီးနောက်တွင် သူလုပ်နိုင်ပြီး ဆက်လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကို အားပေးနေခဲ့တာဖြစ်သည်။
“ဒါပဲလေ။ ဒါပဲ။ အံ့သြဖို့ကောင်းတယ်”
ကျန်းတန်းဟယ် တစ်ယောက် အသားကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေသည်ကို တွေ့တော့ ရှောင်းကောသည်လည်း အနောက် လှည့်ကာ သူမ လုပ်စရာရှိသည်ကို ဆက်လုပ် နေလိုက်သည်။
ရှောင်းကော ထွက်သွားသည်ကို မြင်တော့ ကျန်းတန်းဟယ် စိတ်သက်သာသွားသလို သက်ပြင်းချလိုက်သည်။ သူမ ဘေးတွင် ရှိနေသည်ကို သူ မကြိုက်တာ မဟုတ်ပါ။ သူမ ဘေးတွင် ရှိပေးနေတာကို သူတစ်ကယ် ကြိုက်ပါသည်။ ဒါပေမဲ့ သူမ၏ ချီးကျူးစကားများနှင့် သူနေသားမကျသေးတော့ နည်းနည်း ရှက်သလို ခံစားရ၍ ဖြစ်သည်။
ရှောင်းကောသည် မုန်လာဥနီကို လှီးနေခဲ့ပြီး ကျန်းတန်းဟယ်၏ အတွေးတွေကို မသိရှိပေ။ သူသည် တစ်ကယ်ကို ကောင်းကောင်း လုပ်နေ၍ သူမ ချီးကျူးခဲ့တာဖြစ်သည်။ ပြောရလျှင် သူမသည် ကျွမ်းကျွမ်းကို ဆက်ဆံသလိုမျိုး ကျန်းတန်းဟယ်ကို ဆက်ဆံ နေခဲ့တာဖြစ်သည်။ သူမသည် ကျွမ်းကျွမ်းကို သင်ပြပေးတုန်းက အများကြီး အားပေးကာ အားတက်အောင်ပြုလုပ်ပေးခဲ့သည်။
အခုအချိန်တွင် ရှောင်းကောသည် သူမ၏ ကလေးထိန်းကျောင်းနည်းအတိုင်း ကျန်းတန်းဟယ်ကို သင်ပြပေးနေတာ ဖြစ်သည်။
ကျန်းတန်းဟယ်သည် တုန်ရီစွာဖြင့် အသီးအရွက်များကို လှီးနေခဲ့သည်။ အချိန် တစ်ခဏကြာတာနှင့် ရှောင်းကော၏ ချီးကျူး စကားကို သူ ကြားရလိမ့်မည်။ သူ တစ်ကယ်ကို အသားမကျနေတာ ဖြစ်ပြီး အနည်းငယ် ရှက်လာခဲ့သည်။ ပြီးလျှင် သူ အလွန်လဲ ပျော်နေခဲ့သည်။
ကျန်းတန်းဟယ် ပြောသည့်အတိုင်းဆိုလျှင် ဧည့်သည်တော်သည် ငါးကို အလွန်ကြိုက်သည်။ ထို့ကြောင့်မို့ ငါးတစ်ကောင်နှင့် ဟင်းပွဲသုံးခုကို ရှောင်းကော ပြင်ဆင်ခဲ့လိုက်သည်။ ငါးခေါင်းကို အနီရောင် ငရုတ်ကောင်းစေ့များဖြင့် ပေါင်းထားသည်။ ငါး၏ အလယ်သားနှင့် (အနောက်တိုင်းရှာလကာရေအိုင်) ကို ပြင်ဆင်မည်ဖြစ်သည်။ ငါး၏ အမြှီးပိုင်းကိုတော့ အတုံးကြီးကြီး လှီးပြီး ငါးရေတွန့် အနှစ်ဟင်းကို ချက်ပေးခဲ့သည်။
ဧည့်သည်တော်သည် အမျိုးမြင့်ထဲမှ ဖြစ်မည်ဟု ရှောင်းကော မှန်းမိသဖြင့် ဟင်းပွဲဆယ်မျိုး၊ အရည်သောက်နှင့် အချိုပွဲ တစ်မျိုးပါသည့် ဟင်းအစုံကို စီစဥ် လိုက်သည်။
ငါးတစ်ကောင်အတွက် ဟင်းသုံးမျိုး ရှိသည်။ ငါး တစ်ကောင်သည် အလွန်ကြီးသည်မို့ ဟင်း သုံးမျိုး ခွဲရန် အဆင်ပြေလေသည်။
နောက်ထပ်က ငရုတ်ကောင်း ဝက်စဥ်းကော၊ အားလူးချဥ်ငံစပ်ထောင်း၊ ဆော့အစပ်ဖြင့် ကြက်ပေါင်း၊ ဆော့စ်ဖြင့်ချက်ထားသော သွေးခဲဟင်း၊ ကြာမြစ်လှိုင်းတွန့်ဟင်း၊ အသားလုံးနှပ်နှင့် တစ်ခြား စုံလင်လှသော အရွက်ကြော်မျိုးစံတို့ကို ပြင်ဆင်ထားခဲ့သည်။
စွတ်ပြုတ်ကိုတော့ မုန်လာဥနီနှင့် ကြက်ဖြင့် ချက်ထားခဲ့သည်။ အချိုပွဲကိုတော့ သကြားညိုဆန်ကိတ်ကို ပြင်ဆင်ပေးမည် ဖြစ်သည်။
လိုအပ်သည် အားလုံး ပြင်ဆင်ပြီးချိန်တွင် နောက်တစ်ဆင့်အနေနှင့် အစားအသောက်များကို ဆီပူဖြင့် ကျော်ဖို့သာ ကျန်တော့သည်။ အခုက စောနေသေးသည့် အတွက် ရှောင်းကော အလျင်လိုဖို့ မလိုအပ်သေးပေ။
ကျန်းတန်းဟယ်သည် ချွေးသုတ်လိုက်ကာ ဓားချလိုက်သည်။ အရွက်လှီးရတာ ဒီလောက် ဒုက္ခများမယ်မှန်း ဘယ်သူ တွေးမိခဲ့မှာလဲ? သူ့အတွက် တစ်ခါ လှီးရလျှင် အသား အမြှောင်း တစ်ခုကို ထုတ်နေရသလို ခံစားရပြီး အမြှောင်းထုတ်ရချိန်တွင် နုတ်နုတ်ဆင်းနေရသလို ပင်ပန်းမှုကို ခံစားရသည်။ ရှောင်းကောလိုမျိုး ဘယ်သူက ခွဲခြားသိမြင်နိုင်မည်နည်း?
ကျန်းတန်းဟယ်၏ ပုံစံကိုကြည့်ပြီး ရှောင်းကော အနည်းငယ် ရယ်ချင်လာသည်။ ကျန်းတန်းဟယ်သည် လှီးတောက်ရာမှာ မတော်ဘူးဆိုပေမဲ့ သူသည် အရမ်းတွေးပေးတတ်ပြီး ရှင်းလင်းရေးတွင် အများကြီး ကူညီ ပေးခဲ့သည်။ ထို့ကြောင့် ရှောင်းကောတစ်ယောက် အချိန်ကော လူအားကော အများကြီး သက်သာ သွားခဲ့သည်။
“ ဟုတ်ပြီ ပြီးပြီ”
ရှောင်းကောသည် ဖြတ်ပြီးသားတွေကို ပန်းကန်ထဲ ထည့်ကာ နောက်မှ အိုးထဲ ထည့်ရန် အသင့်ပြင်ထားလိုက်သည်။ ဒီလိုဆို မျက်စိ မရှုပ်တော့ပေ။
“ ဒါနဲ့ အဲ့ဒီလူက ဘယ်တော့ လာမှာလဲ?”
ရှောင်းကောသည် ဟင်းချက်ဖို့ အချိန်ကို မှန်းဆရန်အတွက် သေချာလေး မေးလိုက်သည်။
“ ညစာ စားချိန်ဆို ရောက်လာမှာ”
ကျန်းတန်းဟယ်သည် မတွေးပဲ နှုတ်မှ တန်းပြောခဲ့လိုက်သည်။ အမှန်တော့ ဧည့်သည်သည် နေ့လည်တည်းက လိုက်လာချင် ခဲ့တာဖြစ်ပြီး ကျန်းတန်းဟယ်က ငြင်းထားခဲ့တာ ဖြစ်သည်။
ရှောင်းကောသည် သိပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။