အခန်း (၁၆၀)
Vol. 11 Ch. 160
“ ကျွမ်းကျွမ်းရေ မေမေ့ကို မီးမွှေးတာလေး ကူပေးမလား?”
ရှောင်းကောသည် စာဖတ်ခန်းသို့ သွားလိုက်ကာ လက်ရေးလှ လေ့ကျင့်နေသော ကျွမ်းကျွမ်းကို ရှာလိုက်သည်။
“ သားလာပြီ!”
ကျွမ်းကျွမ်းသည် စုတ်တံကို ချက်ချင်းချကာ အခန်းမှထွက်ဖို့ အသင့်ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ သူသည် ရပ်လိုက်ပြီး သူနှင့်အတူ လိုက်ထွက်ဖို့ ပြင်နေသော ရှောက်ယိကို သတိပေးလိုက်သည်။
“ မင်း တစ်ခန်းရေးတာ မပြီးသေးဘူး”
ရှောက်ယိကြားသောအခါ သူချက်ချင်း ပြန်ထိုင်လိုက်သည်။ ရှောက်ယိသည် သူတို့နှင့် အတူ မထွက်နိုင်တော့တာ သိသာပါသည်။
ကျွမ်းကျွမ်းသည် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ရှောင်းကော၏ လက်ကိုဆွဲကာ ထွက်သွားခဲ့သည်။
သူတို့ ထွက်သွားသည်ကို ရှောက်ယိသည် မနာလိုစွာကြည့်နေခဲ့သည်။ သူသည် သူ့ကိုယ်သူတွေးကာ မဲ့လိုက်ပြီး
“ ကျွမ်းကျွမ်းက နန်းတော်ထဲက ဆရာတွေ ထက်တောင်မှ စည်းကမ်းကြီးသေးတယ်…”
“ဟူး.ထားပါ မြန်မြန်ပြီးအောင် ရေးမယ်” ကျွမ်းကျွမ်း ပြောတာလဲ မှန်ပါသည်။ သူ လုပ်ရမည့်အရာကို ပြီးအောင် လုပ်ရမည်လေ။ သူ ပြီးတာနှင့် ကျွမ်းကျွမ်းတို့ဆီ သွားလို့ ရမှာပဲ။
ရှောက်ယိသည် ဆုံးဖြတ်ချက် ချပြီးသည့် နောက်တွင် ချက်ချင်း စာပြန်ရေးလိုက် တော့သည်။
“ ဝိုး ဘာလို့ ဟင်းပွဲတွေ အများကြီးလဲ?”
အရန်ဟင်းတွေနှင့် ပြည့်နေသော စားပွဲကို ကြည့်ပြီး ကျွမ်းကျွမ်း တစ်ယောက် အလွန် အံ့သြသွားခဲ့သည်။ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီးပဲ!
သူသည် စားပွဲဆီကို ပြေးသွားလိုက်ကာ အနီးကပ် သေချာလေး ကြည့်လိုက်သည်။
ရှောင်းကောသည် ကျွမ်းကျွမ်း၏ ခေါင်းကို ဖွလိုက်ပြီး
“ ဟုတ်ပြီ ပြေးနေတာ ရပ်တော့ ခဏနေကျရင် မေမေ့ကို မီးကူမွှေးပေး”
“ဟားဟားဟား” ကျွမ်းကျွမ်းသည် ရှောင်းကော၏ ခြေထောက်ကို မှီလိုက်သည်။ သူမ၏ စကားကို ကြားသောအခါမှာ သူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ ဟုတ်!”
ရှောင်းကောသည် အအေးစာတစ်ချို့ကို ချက်ဖို့ ပြင်ဆင်ခဲ့သည်။ ဟင်းလျာတွေထဲက တစ်ချို့သည် ကြက်ပေါင်းဆော့စ်၊ အားလူးထောင်းတို့ ထိုဟင်းတွေမျိုးသည် ဟင်းအေးအနေနဲ့ ချရမှာမို့ ထိုဟင်းတွေကို စောစောချက်ထားပြီး စားပွဲမှာ အရင်ချထားလျှင် ပိုကောင်းမည်။
ကျွမ်းကျွမ်း မီးမွှေးနေစဥ်တွင် စားဖိုမှူး နှစ်ယောက် ဝင်လာခဲ့သည်။
“ သခင်မ ကျွန်မတို့ အခုအားပြီ။ ကျွန်မတို့ လာကူပေးရင်း ချက်နည်းလဲ သင်ရအောင်လို့ လာခဲ့တာ..”
စားဖိုမှူးနှစ်ယောက်သည် အပြုံးကိုယ်စီနှင့် ရောက်လာကြပေမဲ့… သူမတို့သည် အနည်းငယ် ရှက်နေကြသည်။
အမျိုးသမီးရှု့လဲ အနည်းငယ် ရှက်နေခဲ့သည်။ ရှောင်းကောထံမှ ဟင်းချက်နည်းသင်ဖို့ရန်ဆိုပြီး ရဲတင်းစွာ သွားရသည်ကို သူမ စိတ်ထဲ သိပ်နေလို့ မကောင်းပေ။ သူမ စစ်သားများအတွက် လုပ်ပေးသည့် ဟင်းသည် အရသာ တော်တော်လေး ကောင်းပေမဲ့ အနံ့ပိုင်းတွင်တော့ ချို့ယွင်းချက် ရှိနေဆဲပင်။ ထို့နောက်မှာ သူမဘာသာ ဟင်းပွဲတစ်ချို့ကိုလဲ လိုက်ချက်ကြည့်သေးပေမဲ့ မအောင်မြင်ပြန်ပါ။
ဒီအချိန်တွင် ညစာပွဲကို ရှောင်းကော ပြင်ဆင် ပေးမှာဖြစ်သည့်အတွက် သူမတို့အတွက် လုပ်စရာ အများကြီး မရှိပေ။ သို့ပေမဲ့ သူမတို့ နှစ်ယောက်သည် အလွန် သိချင်နေကြသည်မို့ မီးဖိုချောင်ကို ရောက်လာကြခြင်း ဖြစ်သည်။
“ ကောင်းတယ်။ အစ်မတို့ ကူပေးရင် လုပ်ရ ပိုလွယ်မှာ”
ရှောင်းကောသည် အများကြီး မတွေးခဲ့ချေ။ သူမအနေနှင့် ဘာကိုမှ ဖုန်းကွယ်ထားဖို့ ရည်ရွယ်ချက် မရှိပါ။ အဘယ်ကြောင့် ထိုသို့ လုပ်ရမည်နည်း? သူမအတွက် ဟင်းဆိုင် ဖွင့်ဖို့ အထူးပြုထားတဲ့ ဟင်းချက်နည်း ဘာညာလဲ ရှိတာမဟုတ်။ ဒါ့အပြင် သူမ ချက်သည့် ဟင်းလျာတိုင်းသည် အိမ်ချက်ဟင်းများသာ ဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် တစ်ချို့အသုံးပြုခဲ့ရုံသာ ဖြစ်သည်။ အရေးပိုကြီးသည့် အချက်ကတော့ အပူချိန် မှန်ဖို့ပင်။
ရှောင်းကော၏ စကားကို ကြားမှ စားဖိုမှူး နှစ်ယောက်သည် သက်သာစွာ သက်ပြင်းချလိုက်သည်။ မတိုင်ခင်က သူမတို့သည် အနည်းငယ် မသက်မသာ ခံစားနေရတာ ဖြစ်သည်။
“ ဒီတော့ ငါတို့အရင်ဆုံး ဘာလုပ်ကြမလဲ?”
ရှောင်းကောသည် လှည့်ပတ်ကြည့်လိုက်သည်။ တစ်ကယ်တော့ လုပ်စရာ အများကြီး မရှိတော့ပေ။ သူမနှင့် ကျန်းတန်းဟယ်သည် ပါဝင်ပစ္စည်းအားလုံးကို ဆေးကြော ဖြတ်တောက် ပြီးပြီဖြစ်သည်။ ချက်ဖို့သာ ကျန်တော့သည်လေ။
“ လုပ်စရာ အများကြီး မကျန်တော့ဘူးပဲ။ ကျွန်မတို့ဘာလို့ ပစ္စည်းတွေ မထည့်ရမှာလဲ?”
အမျိုးသမီးရှု့သည် သူမတို့ နှစ်ယောက်ထဲတွင် ပိုပြီး အသက်ကြီးသလို ပိုပြီးလဲ အတွေ့အကြုံ ရှိသည်။ ရှောင်းကော၏ စကားကို ကြားသောအခါမှာ သူမ လှည့်ပတ် ကြည့်လိုက်တော့ အကုန်လုံးကို အသင့်ပြင်ထားတာကို တွေ့လိုက်ရသည်။ မီးဖို၏ ဘေးတွင် ပန်းကန်အားလုံးကို သပ်ရပ်စွာ တင်ထားသည်။ ချက်သည့်အချိန်တွင် ယူပြီး ထည့်လိုက်ရုံပင်။ ထည့်ပေးမည်ဆိုတာက သူမတို့ ဒီမှာနေဖို့ ဆင်ခြေပေးလိုက်ရုံသာ ဖြစ်သည်။
အမျိုးသမီးရှု့သည် နှလုံးသားထဲမှ ပျော်ရွှင်စွာ ပြုံးလိုက်သည်။“ အာ ဟုတ် သခင်မ”
ခပ်ဝဝအမျိုးသမီးသည် အနည်းငယ် ငယ်သေးပြီး ရှောင်းကော၏ စကားကို အမျိုးသမီးရှု့ကဲ့သို့ မသိနားလည်ပေ။ သူမသည် အတည်ပေါက် မှတ်ပြီး ရှောင်းကောအား ကူညီဖို့ လုပ်ခဲ့သည်။
ရှောင်းကောသည် အတတ်နိုင်ဆုံး ကြိုးစားပြီး တစ်ဆင့်ချင်း ရှင်းပြလိုက်သည်။ အဓိက အချက်သည် အပူချိန်ထိန်းနိုင်ဖို့ ဖြစ်သည်။ ခပ်ဝဝ အမျိုးသမီးသည် ဟင်းပွဲရဲ့ အရသာကို မြည်းစမ်းချင်ရုံဆိုတာကို ရှောင်းကော ပြောနိုင်သည်။ တစ်ဖက်က အမျိုးသမီးရှု့ ကတော့ အမှန်စင်စစ် သင်ယူချင်နေတာ ဖြစ်သည်။ ထို့ကြောင့် ရှောင်းကောသည် သူမကို အပူထိန်းချုပ်မှုအကြောင်း ပြောပြပြီး မျိုးစုံသော ဟင်းခတ်အမွှေးအကြိုင် ထည့်ရသည့် အဆင့်တွေကို ရှင်းပြပေးခဲ့သည်။
အမျိုးသမီးရှု့သည် အလွန်ကို အတည်အတံ့ သင်ယူနေခဲ့သည်။ အစမှအဆုံးအထိ သူမ မှတ်သားထားခဲ့သည်။ သူမသည် အပူချိန် ဘယ်လောက်မှာ ဆီထည့်ပြီး အသားငါးတွေကို ဘယ်အနေအထားမှာ ထည့်သင့်သည် ဆိုတာကိုပါ အကုန် အလွတ်မှတ်နေခဲ့သည်။
အမျိူးသမီးရှု့ သေချာ ကြည့်နိုင်စေရန် ရှောင်းကောသည် ခပ်နှေးနှေးပဲ လုပ်ပြလိုက်သည်။ အချိန်တွေ ရှိသေးတာပဲလေ။
စားဖိုမှူးနှစ်ယောက် ရောက်လာချိန်တွင် ကျွမ်းကျွမ်း ဘေးဖယ်ပေးလိုက်ရတော့သည်။ အိုးထဲ ထည့်စရာ လှီးပြီးသား အသားငါးအရွက်တွေ မရှိတော့တာကို သိသွားချိန်မှာ ခပ်ဝဝ အမျိုးသမီးသည် ကျွမ်းကျွမ်း၏ တာဝန်ဖြစ်သော မီးစောင့်ကြည့်ဖို့ကို တာဝန်ယူလိုက်တော့သည်။
သူ လုပ်စရာ မကျန်တော့တာမို့ ကျွမ်းကျွမ်းသည် ရှောင်းကောထံမှ ခွင့်ပြုချက် တောင်းပြီး စာဖတ်ခန်းသို့ ပြန်သွားလိုက်သည်။
ရှောက်ယိသည် အခန်းတစ်ခု ပြီးသွားလို့ ပျော်ရွှင်စွာ အပြင်ကို ထွက်လာတုန်း ဖြစ်သည်။ အခန်းပြင်တောင် မထွက်ရသေးခင်မှာပဲ ကျွမ်းကျွမ်း ဝင်လာတာကို သူ မြင်လိုက်ရသည်။
“ နောက်တစ်ခန်း သင်ကြရအောင်”
ကျွမ်းကျွမ်း၏ စကားဆုံးသည်နှင့် ရှောက်ယိ တစ်ယောက် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။ 'ကယ်ကြပါ…'
…….
ရှောင်းကော ဟင်းပွဲတစ်ခုကို ခူးပြီးသည်နှင့် ခပ်ဝဝ အမျိုးသမီးသည် ထိုဟင်းကို ယူပြီး စားပွဲတွင်သွားချလိမ့်မည်။ ရှောင်းကောသည် စားဖိုမှူးနှစ်ယောက် မြည်းနိုင်ရန် ဟင်းအကုန်လုံးဆီကနေ အနည်းငယ်ဆီ ဖယ်ထားခဲ့သည်။
အမျိုးသမီးရှု့သည် အမြန် တူနှင့် ညှပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ တစ်ကယ်ကို အရသာ ရှိလွန်းပြီး ဖော်ပြလို့မရအောင်ကို မွှေးသည်။ အမွှေးအကြိုင်တွေကို တိကျစွာ ထည့်ထားသည်မို့ ပါဝင်ပစ္စည်းတိုင်းသည် မူရင်းအနံ့ မပျောက်သွားပေ။ တစ်ခြားစားဖိုမှူးတွေ ပြင်ထားသော ဟင်းပွဲတွေလိုမျိုး တစ်ခြား အရံ ပါဝင်ပစ္စည်းတွေကို လွမ်းမိုးပစ်သည့် မွှေးရနံ့တစ်ခုတည်းသာ ကြီးစိုးသည့် တစ်ခြား ဟင်းလျာမျိုးနှင့် မတူညီပေ။
ရှောင်းကောသည် ဟင်းရွက်များကို စတင်ပြီး ကြော် လိုက်သည်။ အရင်ပြင်ဆင်လို့ရသော ဟင်းအေးများကို ပြင်လဲပြီးသွားသလို လီရှို့ကျီသည် ခန်းမအတွင်း စောင့်နေပြီ ဆိုတာကိုပါ သူမ ကြားထားရသည်။ မကြာမှီ ဧည့်သည် ရောက်တော့မည်လို့ ရှောင်းကော မှန်းလိုက်သည်။
“ အဒေါ်ရှု့ အပူမြင့် လိုက်တော့”
အရသာကောင်းအောင် တစ်ချို့ဟင်းတွေကို ဆီပူနှင့် အရင်ကြော် သင့်သည်။
အမျိုးသမီးရှု့သည် ရှောင်းကော၏ ညွန်ကြားချက် အတိုင်း အပူတိုးဖို့ရန် သစ်သားထပ်ထည့်လိုက်သည်။
ရှောင်းကောသည် ဆီထည့်ပြီး ဆီပူနှင့် ကြော်ဖို့ ဆောင်ရွက်လိုက်သည်။
ခဏအကြာတွင် မွှေးနံ့တွေ လှိုင်ထွက်လာတော့သည်။
စားဖိုမှူးနှစ်ယောက်သည် လွှမ်းမိုးနိုင်စွမ်း ရှိလှသော မွှေးရနံ့ကြားတွင် ခဏတာ နစ်မြောသွားခဲ့သည်။
“ ဘာဟင်းလဲ? အရမ်း မွှေးတာပဲ”
ခပ်ဝဝ အမျိုးသမီးသည် မနေနိုင်စွာ မေးလိုက်သည်။ ဒီမွှေးရနံ့မျိူးသည် သူမ မရင်းနီးပေ။ တစ်ချိန်ထဲမှာ မွှေးလဲမွှေးသလို စပ်လဲစပ်သည်။
အမျိုးသမီးရှု့သည် မတ်တပ်ရပ်ပြီး အနီးကပ် လာကြည့်လိုက်သည်။ “ ပဲပင်ပေါက်၊ ဘဲသွေး၊ ငါးဖယ်နဲ့ ဝက်သားလုံးတွေ…”
အမျိုးသမီးရှု့သည် အိုးထဲရှိ ပါသမျှ ပစ္စည်းတွေကို ရွတ်လိုက်ပြီး အနံ့ခံလိုက်သည်။ “ တစ်ကယ်ကို မွှေးတာပဲ။ ဒါဘာဟင်းလဲ?”
“ ဘဲသွေးဆော့စ်စပ်” ရှောင်းကော ကျက်သွားတဲ့ ဟင်းကို တစ်ဇွန်း လှမ်းခပ်လိုက်သည်။
“ ပထမက အနံ့မွှေးအောင် ငရုတ်သီးကို အရင်ကြော်ပြီး ဆော့စ်လုပ်တယ်။ ပြီးရင် ရေနည်းနည်းနဲ့ ကျန်တဲ့ပစ္စည်းတွေ အကုန်ထည့်လိုက်။ ပြီးရင် မွှေးအောင်လို့ ဆားနည်းနည်းထည့်။ ကျွန်မ ဟင်းထဲကို အမဲအူနဲ့ ဝက်အူပါ ထည့်လိုက် သင့်တာ။ ဒါပေမဲ့ အမဲအူက ဝယ်ရခက်ပြီး ဝက်အူကကျ အရင်ကြိုပြီး ချက်ထားဖို့ လိုတယ်။ အချိန်အများကြီး ကြာမှာမို့ မထည့်တော့တာ..”
သူမကိုယ်တိုင် လုပ်ထားသည့် ငရုတ်ဆော့စ်သည် အရသာမွှေးသည်မို့ ကြော်တဲ့အခါမှာ ဇွန်းတစ်ဇွန်းကြီးကြီးစာ နည်းနည်း ထည့်ထားလိုက်သည်။
စကားပြောနေရင်းနဲ့ ရှောင်းကော၏ လက်သည်လည်း လှုပ်ရှားမှု မပျက်ခဲ့ပေ။ သူမသည် အိုးထဲကို ဆီထည့်ပြီး မီးခိုးထွက်သည် အထိ စောင့်လိုက်သည်။ ဘဲသွေးဆော့စ်စပ် ထဲရှိ ပါသမျှ ပစ္စည်းတွေအကုန်လုံးကို ချက်ပြုတ်ပြီးနောက်မှာ ငရုတ်သီးခြောက် တစ်ချို့နဲ့ ငရုတ်ကောင်းစေ့ကို အပေါ်က တင်လိုက်ပြီး ပွက်ပွက်ဆူနေတဲ့ ဆီပူပူကို ပန်းကန်ထဲ လောင်းထည့်လိုက်သည်။
ဆီပူလောင်းလိုက်သည်နှင့် အသံ တစ်ကြွတ်ကြွတ်နှင့်အတူ လေထုထဲသို့ မွှေးကြိုင်လှသော အနံ့လေး ပျံ့နှံ့လာခဲ့သည်။
စားဖိုမှူးနှစ်ယောက်သည် ပန်းကန်အနားကို ဝိုင်းလာပြီး လေ့လာကြတော့သည်။ ဒီလို ဟင်းမျိုးကို သူမတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ရှောင်းကော အချိန်အကြာကြီး မရပ်နေခဲ့ပေ။ အိုးကိုဆေးလိုက်ပြီး နောက်တစ်မျိုး ကြော်ဖို့ ပြင်ဆင်လိုက်သည်။
မမှောင်ခင်မှာ ပူပူနွေးနွေး ဟင်းလျာ အားလုံးနှင့် စွတ်ပြုတ်ကိုလဲ ချက်လို့ ပြီးသွားခဲ့ပြီပင်။ ငါးဟင်းသာ ကျန်တော့သည်။
သကြားညိုဆန်ကိတ်ကို အမျိုးသမီးရှု့ လုပ်တတ်သည့်အတွက် အဲ့ဒါကို သူမနှင့် အပ်ထားလိုက်ပြီး ရှောင်းကောသည် ငါးကို သေချာ ကိုင်နေလိုက်သည်။
ပထမဆုံး သူမသည် ငါးခေါင်းကို ပေါင်းဖို့ ပြင်လိုက်သည်။ အမျိုးသမီးရှု့သည် ငရုတ်နီတစ်ချို့ကို လှီးပြီး မီးဖိုချောင်မှာ ထားထားပေးပြီးသားပင်။ ရှောင်းကောသည် အရင်ကြော်လိုက်ပြီးမှ ငါးခေါင်းပေါင်းမည့် အထဲသို့ ထည့်လိုက်သည်။ ဒီလိုဆို အရသာက ပိုကောင်းသည်။
ငါးခေါင်းကို ပေါင်းဖို့ အိုးထဲ ထည့်ပြီးသည်နှင့် ငါးရေလှိုင်းတွန့် လုပ်ဖို့အချိန်ကျလေပြီ။ အနောက်တိုင်းရှာလကာရေအိုင်ကိုတော့ နောက်ဆုံးမှ ချက်မည်။
ငါး၏ အောက်ပိုင်း တစ်ဝက်လောက်ကို အတုံးကြီးကြီးတုံးပြီး ဂျုံနယ်ပြီးတာနှင့် ဆီပူထဲထည့်ကာ အဝါရောင် သန်းလာသည် အထိ ထားလိုက်သည်။ ထို့နောက်မှာ ငါးတုံးတွေ အားလုံးကို ဆီပူထဲ ထည့်ပြီး ထပ်ကြော်ရသည်။
စက္ကန့်သုံးဆယ်ပြီးနောက်တွင် အကုန်လုံးကို ဆယ်လိုက်သည်။ ထို့နောက်မှာ အမွှေးအကြိုင် တစ်ချို့နှင့် ဆော့စ်လုပ်လိုက်ပြီး ငါးတွေကို နှစ်လိုက်သည်။
စိမ်ထားတုန်း ရှောင်းကောသည် အနောက်တိုင်း ရှာလကာရေအိုင်ကို ပြင်ဆင်နေလိုက်သည်။
နှစ်ဖက်လုံးဆီက ငါးအသားကို နွှင်ထုတ်လိုက်ပြီး အနည်းငယ် ဓားဖြင့် မွှန်းလိုက်သည်။ အဲ့လိုဆိုရင် ပုံသဏ္ဍာန်လဲ လှပြီး ကျက်တာလဲ ညီသည်။
ဂျုံမှုန့်ထဲ နစ်ပြီးနောက်တွင် ပြန်မပြီး နှစ်ချက်လောက် ရိုက်ကာ ဂျုံမှုန့်ကို ခါလိုက်သည်။ ထို့နောက်မှာ အစောက အခြောက်ကြော်ဖို့ အသုံးပြုခဲ့သော အိုးထဲတွင်ပဲ ထပ်ကြော်လိုက်သည်။
စောင့်နေတုန်း ရှာလကာဆော့စ်ကို ပြင်လိုက်သည်။ ချိုပြီးချဥ်တဲ့ ငါးနှင့် ယှဥ်လျှင် ဒီအနောက်တိုင်း ရှာလကာရေအိုင်ရဲ့ အရသာသည် အချဥ် ပိုပြင်းပြီး သကြားနည်းသည်။ ကျန်တာကတော့ ဟင်းနှစ်မျိုးလုံးအတွက် အတူတူ ထည့်ရတာပင် ဖြစ်သည်။
ရှောင်းကောသည် ရှာလကာရည် အနည်းငယ်ကို ပိုထည့်လိုက်သည်။ ထို့နောက်မှာ ကြက်သွန်ကိုပါ အိုးထဲ ပစ်ထည့်ပြီး ဆော့စ်အရည် ပျစ်လာသည်အထိ မွှေလိုက်သည်။
ကြော်ထားသော ငါးကို ပန်းကန် အတွင်း ထည့်လိုက်ပြီး အပေါ်မှ ရှာလကာဆော့စ် စမ်းထားသည်။
အဆုံးသတ်အနေနှင့် ဟင်းပွဲကို ကြက်သွန်ကွင်းအဝိုင်းကြီးများဖြင့် ဘေးမှ အလှဆင်လိုက်သည်။