← Chapters

အခန်း (၁၆၁)

Vol. 11 Ch. 161

အခန်း (၁၆၁)

Vol. 11 Ch. 161

ရှောင်းကောသည် ဆားရည်စိမ်ထားသော ငါးအသားတွန့်ကိုယူကာ အလှဆင်လိုက်သည်။ ငါးအတုံးတိုင်းတွင် မွှေးပျံ့လှသော ချိုချဥ်၏ ရနံ့တို့ ဖုံးလွှမ်းနေသည်။ ပဲပိစပ်ရည်ရဲ့ အနံ့အပေါ်မှာ ချိုချဥ်အရည်၏ အနံ့သည် ရှောင်းကော ပေါင်းထည့်ထားသော သစ်သီးအရည်ကနေ ဆင်းသက်လာသည်။ ထို့ကြောင့်မို့ အရသာထဲတွင်လည်း လန်းဆန်းသည့် အချိုဓာတ်လေးကို ရနိုင်သည်။

ရှောင်းကောနှင့် စားဖိုမှူးနှစ်ယောက်သည် ဟင်းပွဲ အားလုံးကို ခန်းမသို့ ယူသွားလိုက်သည်။ ကျန်းတန်းဟယ်သည် လီရှို့ကျီ၊ ကျွမ်းကျွမ်း၊ ရှောက်ယိတို့နှင့် ခန်းမထဲတွင် ထိုင်နေပြီးသားဆိုပေမဲ့ ထမင်းစားပွဲတွင်တော့ မဟုတ်ပေ။

ဒါကိုတွေ့တော့ ဒီနေ့လာမည့် ဧည့်သည် အခုထိ မရောက်သေးဘူးလို့ ရှောင်းကော မှန်းလိုက်မိသည်။

ရှောင်းကောသည် စားပွဲပေါ်ကို ဟင်းများ ချပြီးပြီးချင်းတွင် လူကြီးနှစ်ယောက်ကတော့ တော်တော်လေး တည်ငြိမ်သေးသည်။ သို့ပေမဲ့ ကျွမ်းကျွမ်းနှင့် ရှောက်ယိကတော့ ထိုသို့မဟုတ်ပေ။ ကလေးနှစ်ယောက်သည် ရှောင်းကော အနောက်ကို နီးကပ်စွာ လိုက်လာပြီး ဟင်းပွဲများကို အနံ့ခံနေကြသည်။

ရှောင်းကော ဟင်းပွဲ ယူလာကတည်းက ကလေးနှစ်ယောက်သည် သူမလက်ထဲက ဟင်းတွေဆီကနေ မျက်လုံးမလွှဲနိုင်တော့တာ ဖြစ်သည်။

ရှောင်းကောသည် ဟင်းပွဲတွေကို စားပွဲပေါ်ကို ချလိုက်ပြီး ပန်းကန်ကို ထိကြည့်လိုက်သည်။ ပူနေသေးတာကို တွေ့တော့ သူမ စိတ်သက်သာရာရသွားသည်။

“ မရီးရဲ့ ဟင်းချက်အရည်အချင်းက တစ်ကယ့်ကို ထိပ်တန်းပဲ”

ကျန်းတန်းဟယ်သည် လီရှို့ကျီကို ဂုဏ်ယူစွာ စိုက်ကြည့်လိုက်သည်။ “ မပြောတောင် သိတယ်”

လီရှို့ကျီသည် စားပွဲပေါ်က ဟင်းပူပူများကို စိတ်ထက်သန်စွာ ကြည့်လိုက်သည်။ သူ အခု ဆုတောင်းနေတာကတော့ မျက်လုံးတွေနဲ့တင် အရင်စားလို့ရနိုင်ပါစေ ဟူ၍သာ။

အားလုံး အစီအစဥ်တကျ ဖြစ်တာကို သေချာ ကြည့်ပြီးနောက်မှာ ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် ရှောက်ယိကို ခေါ်ကာ ထွက်သွားဖို့ လုပ်လိုက်သည်။ ကျန်းတန်းဟယ်က ဧည့်သည်ကို ကြိုဆိုရမည်ပင်။ သူမ အနေနဲ့ ဘေးထွက်ပေးနေတာ ပိုကောင်းမည်။

“ ဟေး မရီး ဘယ်သွားမလို့တုန်း?”

ရှောင်းကော ကလေးနှစ်ယောက်ကို ခေါ်ပြီး ထွက်သွားဖို့ လှည့်လိုက်တာကို လီရှို့ကျီ မြင်လိုက်ရသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ ဘာတွေ တွေးနေလဲဆိုတာကို ကျန်းတန်းဟယ် သိသည်။ သူ မတတ်နိုင်စွာ နှလုံးသားထဲမှ သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။ ကြည့်ရတာ သူမက သူ့ကို အပြင်လူလို ဆက်ဆံနေတုန်းပဲ….

“ မင်း ထွက်သွားစရာ မလိုဘူး။ မင်းက အိမ်ရှင်ပဲ”

ကျန်းတန်းဟယ်သည် တစ်လုံးချင်းကို ရှင်းလင်းစွာ ပြောလိုက်သည်။ ရှောင်းကော ကြားသောအခါမှာ အံ့သြသွားခဲ့သည်။ တစ်စုံတစ်ခုက သူမ၏ နှလုံးသားထဲ တစ်ဆို့ သွားသကဲ့သို့ သူမ ခဏ ကြောင်အသွားခဲ့သည်။

ခဏ အကြာတွင် ရှောင်းကောသည် ကျန်းတန်းဟယ်၏ အကြည့်တွေကို ရှောင်ပြီး ပြောလ်ုက်သည်။ “ ဟုတ်ပြီ ဒါဆို သူတို့ရဲ့ မျက်နှာတွေ အရင်သစ်ရအောင် ခေါ်သွားလိုက်မယ်”

သူမသည် ကလေးနှစ်ယောက်ကို အိမ်အတွင်းသို့ ပြန်ခေါ်သွားလိုက်သည်။ အချိန်က အရေးကြီးသည်။ ဧည့်သည်ကို စောင့်ခိုင်းနေလို့ မဖြစ်ပေ။

ရှောင်းကောသည် ကလေးနှစ်ယောက်၏ မျက်နှာကို အရင် သုတ်ပေးလိုက်သည်။ သူတို့လေးတွေ စာကြည့်ခန်းသွားပြီး ဆော့နေကြသလား မသိပေ။ အဘယ်ကြောင့် မျက်နှာတွင် မှင်တွေ ပေနေကြတာလဲ?

တစ်ဘတ်ကို သုံးပြီး အတတ်နိုင်ဆုံး ညင်သာစွာဖြင့် ရှောင်းကောသည် သုတ်ပေးလိုက်သည်။ သို့ပေမဲ့ အချိန်ကပ်နေသည်မို့ ပိုပြောင်သွားအောင် အားတော့ နည်းနည်း သုံးထားရသည်။

ကလေးနှစ်ယောက်ကို ရှင်းလင်းပြီးသည့် နောက်တွင် ပြန်လွှတ်ပေးလိုက်သည်။

သူမလဲ ဆေးကြော သန့်စင်ရမည်ပင်။ မီးခိုးနံ့တွေ ထွက်နေတဲ့အချိန်မှာ ဧည့်သည်နှင့် တွေ့တာက မယဥ်ကျေးရာ ကျသည်။

ရှောင်းကောသည် မြန်မြန်ပဲ ဆေးကြောပြီး ဆံပင် ဖြီးလိုက်သည်။ ထို့နောက်မှာ အင်္ကျီတစ်စုံ လဲဝတ်လိုက်သည်။

သူမ အဆင်ပြေတာကို အတည်ပြုပြီးသည်နှင့် ခန်းမထဲသို့ ခပ်မြန်မြန် ပြန်သွားလိုက်သည်။ သူမ ရောက်တဲ့အချိန်အထိ ဧည့်သည် မရောက် လာသေးသည်မို့ ဝမ်းသာ သွားခဲ့သည်။

ကျန်းတန်းဟယ်သည် ရှောင်းကောကို စောင့်နေတာ ကြာလှနေပြီ ဖြစ်သည်။ သူမ မလာတော့မှာကို သူစိုးရိမ်နေ ခဲ့သည်။ သူမကို တံခါးပေါက်ဝမှာ မြင်မှသာ သူ စိတ်သက်သာ ရာရသွားခဲ့သည်။

“ လာ ထိုင်လေ” ကျန်းတန်းဟယ်သည် ရှောင်းကောကို သူ့ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး ပုံခုံးကို နှိပ်ပေးလိုက်သည်။ “ မင်း ပင်ပန်းသွားပြီ”

လီရှို့ကျီနှင့် ကလေး နှစ်ယောက်ပါ ရှိနေတော့ ရှောင်းကော အနည်းငယ် မသက်မသာ ခံစား နေရသည်။ သူတို့၏ မျက်လုံးထဲက အကြည့်တွေကြောင့် သူမ ရှက်နေရသည်။

“ ကျွန်မ အဆင်ပြေပါတယ်။ ရပြီ..”

ရှောင်းကောသည် ဘယ်ညာ ယိမ်းနေပေမဲ့ ကျန်းတန်းဟယ်၏ လက်ဖဝါး ကြီးကြီးထံမှ မရှောင်နိုင်ခဲ့ပေ။ သူ့၏ လက်တွေက သူမ ပုခုံးတွင် ကော်ကပ်ထားသကဲ့သို့ပင်။

ကျန်းတန်းဟယ်သည် ရှောင်းကော၏ ပုခုံးနှစ်ဖက်ကို ကိုင်ပြီး ညင်သာစွာ သူ့ဘက်ကို ဆွဲကပ်ကာ ပြောလိုက်သည်။ “ လျှောက်ယမ်း မနေနဲ့တော့”

ကျန်းတန်းဟယ်၏ အပြုအမူကြောင့် ရှောင်းကော လန့်သွားခဲ့သည်။ သူမ မသိလိုက်ခင်မှာပဲ ကျန်းတန်းဟယ်၏ အသက်ရှုသံနှင့် ရောနေသော စကားသံက သူမ၏ နားအတွင်း ဝင်လာခဲ့သည်။

ရှောင်းကော၏ နားတွေ နီရဲသွားခဲ့သည်။ သူမ၏ နှလုံးသည် မရပ်မနား ခုန်ပေါက် နေခဲ့သည်။ ကျန်းတန်းဟယ်၏ ရင်ဘတ်နှင့် ရှောင်းကော၏ နောက်ကျောနှင့် ထိကပ်နေသောကြောင့် သူ့၏ ပြင်းထန်တဲ့ နှလုံးခုန်သံကိုပါ သူမ ကြားနေရသည်။ သူ့၏ နှလုံးခုန်သံက တစ်ဖြည်းဖြည်း သူမ၏ နှလုံးခုန်သံကို လွှမ်းမိုးသွားတော့သည်။ ဖြည်းညင်းစွာပဲ သူမတို့၏ နှလုံးသားတွေက စည်းချက်ညီညီ ခုန်နေကြသည်ကို သူမ ခံစားလို့ ရနေသည်။

ရှောင်းကော အနည်းငယ် ထူးဆန်းလာသလို ခံစားနေရသည်။ ဘေးမှာ လူတွေ ရှိနေသည်မို့ ထဖို့ အကျိုးအကြောင်း စဥ်းစားနိုင်စွမ်းက ပြောနေသော်ငြား သူမ ထဖို့ ရည်ရွယ်ချက် မရှိပေ။ သို့ပေမဲ့ သူမ၏ နှလုံးသားထဲက တောင်းဆိုချက်တွေကိုလည်း မတုံ့ပြန်နိုင်နေပေ။

“ ဒါက ကောင်း…”

“စစ်သူကြီး”

တံခါးဝက စစ်သားတွေ ဝင်လာပြီး ရှောင်းကော၏ အတွေးတွေကို ဖျက်ဆီးပစ်လိုက်သည်။ သူမ ချက်ချင်းပဲ ထရပ်လိုက်ကာ ကျန်းတန်းဟယ်နှင့် အကြည့်ချင်း မဆုံတော့ပေ။

တစ်ကယ်တော့ သူမသည် ကျန်းတန်းဟယ်ကို ခိုးပြီး ကြည့်နေဆဲ ဖြစ်သည်..

ကျန်းတန်းဟယ်တစ်ယောက် လက်မောင်းအတွင်းရှိ ကိုယ်လုံးသေးသေးလေး လွတ်သွားတာကို ခံစားလိုက်မိချိန်မှာ တံခါးဝရှိ စစ်သားတွေကို စိတ်ဆိုးတကြီး ကြည့်ပြီး ဒေါ်သတွေ ပုံချ လိုက်တော့သည်။

သူ့၏ မျက်နှာထားကို တွေ့တော့ ရှောင်းကော ရှက်သွားရပြန်သည်…

ကျန်းတန်းဟယ်သည် အသက်ပြင်းပြင်း ရှုကာ ပြောလိုက်သည်။ “ မင်းတို့ သွားလို့ရပြီ”

“ ဧည့်သည် ရောက်ပြီ” ကျန်းတန်းဟယ်သည် ရှောင်းကောကို နူးညံ့စွာ ပြောလိုက်သည်။ ထို့နောက်မှာ လီရှို့ကျီကို ကြည့်ကာ ပြောလိုက်သည်။ “ သွားခေါ်မယ်”

ကျန်းတန်းဟယ်သည် သူ့ရဲ့ဒေါ်သတွေကို စစ်သားတွေကို ပုံချလို့မရတော့ စစ်သားတွေများ အနံ့ခံဖို့ရန် အိမ်ထဲ တိုးဝင်လာမလား တွေးနေသည့် လီရှို့ကျီ အပေါ်သာ ပုံချလိုက်တော့သည်။

ကျန်းတန်းဟယ်သည် ရှောင်းကောကိုကော၊ လီရှို့ကျီကိုကော စကားလုံး လေးလုံး ပြောလိုက်ပေမဲ့ လေသံ ကွာခြားချက်ကို လီရှို့ကျီ ရှင်းလင်းစွာ ကြားနိုင်သည်။ 'မရီးကိုကျ အရမ်းတွေ ညင်သာနေပြီး သူ့ကျမှ ဘာလို့။“ သွားခေါ်မယ်”ပဲလဲ? နောက်တစ်လုံး ပြောရင် သေမှာမို့လို့လား?'

“ဟမ့်”

လီရှို့ကျီသည် ကျန်းတန်းဟယ်၏ အနောက်ကို ညိုးငယ်နေသော မျက်နှာထားနှင့် လိုက်သွားခဲ့သည်။ သို့ပေမဲ့ လမ်းတစ်ဝက်တွင် အနောက်လှည့်ပြီး စားပွဲပေါ်ရှိ ဟင်းများကို ကြည့်ကာ ပြောလိုက်သည်။ “ ဟင်းလေးတွေ ငါခဏနေမှ လာစားမယ်နော်”

ရှောင်းကောသည်လည်း ကျွမ်းကျွမ်းနှင့် ရှောက်ယိနှင့်အတူ ဧည့်သည် ဝင်လာတာကို တံခါးဝတွင် ရပ်စောင့်နေလိုက်သည်။

ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိသည် အချင်းချင်း ရှုပ်ထွေးစွာ ကြည့်လိုက် ကြသည်။

“ မေမေ ဘာလို့ မေမေ့ နားရွက်တွေ နီနေတာလဲ?”

ရှောင်းကော ကြားသောအခါမှာ သူမ ကလေးနှစ်ယောက်ကို ငုံ့ကြည့်မိသွားသည်။ ကံဆိုးစွာနှင့် ရှောက်ယိသည်လည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကာ သူမကို ရှုတ်ထွေးနေတဲ့ မျက်နှာနှင့် ကြည့်လာခဲ့တယ်။

“.....မေမေက… မေမေက..”

အချိန်ခဏကြာသည်အထိ ရှောင်းကော ပြန်မဖြေနိုင်ခဲ့ပေ။

ထိုအချိန်မှာပဲ အဝေးမှ ပုံရိပ်တစ်ခု လမ်းလျှောက် လာနေခဲ့သည်။ သူမ အကယ်တင် ခံလိုက်ရသည့်အတွက် ရှောင်းကော စိတ်သက်သာစွာ သက်ပြင်း ချလိုက်သည်။

“တစ်ယောက်ယောက် ရောက်လာတယ်”

ထင်တဲ့အတိုင်းပင် ထိုစကားကို ကြားသော အခါမှာ ကလေးနှစ်ယောက်သည် ချဥ်းကပ်လာသောသူကြောင့် အာရုံ လွှဲ ခံလိုက်ရတော့သည်။

ထိုအခွင့်အရေးကို ယူပြီး ရှောင်းကောသည် သူမ၏ နားတွေကို ပွတ်ကာ ပြောလိုက်သည်။ “ နီနေတာရပ်လိုက်တော့”

“အာ?”

ထိုပုံရိပ်ကို ရင်းနီးနေသော ရှောက်ယိက ပြောလိုက်သည်။ “ သူဘာလို့ ဒီကို ရောက်နေတာလဲ? မပျော် တော့ဘူး”

ကျွမ်းကျွမ်းသည်လည်း ထိုလူကို မှတ်မိ သွားကာ မေးလိုက်သည်။ “ ဒါက ရှောက်ယိရဲ့ အဖေ မလား?”

“ မေမေ”

ကျွမ်းကျွမ်းသည် ရှောင်းကော ကြည့်နိုင်အောင် ရှောင်းကောကို ဆွဲပြီး သတိ ပေးလိုက်သည်။

ရှောင်းကော မော့ကြည့်လိုက်တော့ ရင်းနီးနေသည့် မျက်နှာကို မြင်လိုက်ရသည်။ 'ဒါ ဧကရာဇ်ပဲ!'

ဧကရာဇ် လာမည်မှန်း ရှောင်းကော မသိခဲ့ပါချေ။ မြင်လိုက်ရတော့ သူမ စိတ်လှုပ်ရှားလာရသည်။ ညစာ လာစားသည်ကို စိတ်လှုပ်ရှားသည် မဟုတ်ပဲ သူမ ချက်ပြုတ်ထားရလို့ စိတ်လှုပ်ရှားနေတာ ဖြစ်သည်။ 'ဧကရာဇ်အတွက် အိမ်ချက်ဟင်းတွေက အရမ်း ရိုးရှင်း သွားမလား? ဟင်းတွေ ပိုလုပ်လိုက်သင့်တာ…'

“ ဟမ့်..”

ထိုလူ ရောက်လာတာကို မြင်တော့ ဝမ်ရှောက်ယိသည် နှာမှုတ်ကာ ခန်းမအတွင်း ပြန်လှည့်ဝင်သွားလိုက်သည်။ သူ အရင်ဆုံး စားပွဲဝိုင်းတွေ ဝင်ထိုင်ပစ်လိုက်တော့သည်။ သူသာ သိခဲ့ရင် ဒီနေရာရဲ့ အရသာရှိလှတဲ့ ဟင်းပွဲတွေအကြောင်း ဖောက်သည် ချမိခဲ့မှာ မဟုတ်ဘူး။

“ အိုး ဘုရားရေ ပင်မ တံခါးကနေတည်းက အနံ့တွေ ရနေတာ။ ဒီတံခါးနားရောက်တော့ ပိုတောင် မွှေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”

ရှောက်ကျန်းသည် နန်းတော်ထဲက ထွက်လာကတည်းက ဘာဟိတ်ကြီးဟန်ကြီးဟန်မှ မလုပ်ထားခဲ့ပေ။ ဒီကို ရောက်လာတည်းကလည်း ရှောက်ကျန်းသည် ပြုံးနေတာ မရပ်တော့ပေ။ ရှောင်းကော တော်တော်လေး ရှုပ်ထွေး လာခဲ့သည်။ ‘ဒါဆို ဧကရာဇ်က လေအိုးလား?’

ရှောက်ယိ၏ မျက်နှာပေါ်က အကြည့်ကို ရှောက်ကျန်း မြင်ပါသည်။ သူ မဲ့ပြီး ဆူလိုက်သည်။ “ အဲ့ဒီ ကောင်လေးကတော့!”

“ အိမ်ထဲ အရင်ဝင်ရအောင်” ဟင်းတွေ အေးကုန်မှာစိုး၍ သူတို့တွေကို အထဲဝင်ပြီး စကားပြောဖို့ ဖိတ်လိုက်တော့သည်။

ရှောက်ကျန်းသည် အိမ်ထဲဝင်လာလိုက်ပြီး လေထဲကို နှာတစ်ရှုံ့ရှုံ့ လုပ်နေကာ ပြောလိုက်သည်။ “ မဆိုးဘူး တစ်ကယ်ကို မဆိုးဘူး။ တစ်ကယ်ကိုမွှေး တာပဲ။ ဒီညတော့ ပိုစားရတော့မယ်”

ကျန်းတန်းဟယ်သည် ရှောင်းကောကို သူ့၏ ဘေးတွင် ထိုင်ခိုင်းလိုက်သည်။ ကျွမ်းကျွမ်းသည်လည်း သူတို့နောက်ကို လိုက်ပြီး ရှောက်ယိနှင့်အတူ ရှောင်းကော ဘေးတွင် ထိုင်လိုက်သည်။

လီရှို့ကျီသည်လည်း နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး စားဖို့ အသင့်ဖြစ်နေပြီပင်။

ရှောက်ကျန်းသည် အရင်စ စားလိုက်သည်။ ရှောက်ယိထံမှ ဘယ်လောက် အရသာရှိကြောင်း ကြားခဲ့ရတုန်းက သူ မယုံခဲ့ပေ။ အခု သူ မြည်းကြည့်ပြီးနောက်မှာ ပြန်မလာချင်တော့တဲ့ ရှောက်ယိကို သူ တစ်ကယ် အပြစ်မတင်နိုင်တော့ပေ။ ရှောင်းကောသာ နန်းတော်တွင် ဟင်းပွဲ ပြင်ဆင်ပေးသူဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ?

ရှောက်ကျန်းသည် စားနေတာကို မရပ်နိုင်တော့ပေ။ ရှောက်ကျန်း၏ ထိုပုံစံကို မြင်တော့ မနေနိုင်စွာ ရှောက်ယိတစ်ယောက် မခံမရပ်နိုင် ဖြစ်လာတော့သည်။ သူ့အဖေ တစ်ကိုက်ကိုက်တိုင်း ရှောက်ယိသည် နှစ်ကိုက် ကိုက်လိုက်သည်။ သူ့အဖေကို အရှုံးမပေးနိုင်ဘူး။

ဧကရာဇ်ကောင်းကောင်း စားနေတာကို မြင်တော့ ရှောင်းကော စိတ်သက်သာ သွားရသည်။ သူမ တူနဲ့ ငါးအသားတစ်ချို့ကို ယူကာ အရိုးနွှင်လိုက်သည်။ ထို့နောက်မှာ ကျွမ်းကျွမ်းနှင့် ရှောက်ယိအတွက် နှစ်ပိုင်းပိုင်း လိုက်သည်။

ကလေးနှစ်ယောက်သည် ဘာသံမှ မထွက်ပဲ ငါးကို စားပါတော့သည်။ ရှောင်းကော သူတို့ အတွက် ဟင်းထည့်ပေးတာကို ကျင့်သား ရနေကြသည့်ပုံပင်။

လီရှို့ကျီသည်လည်း မရပ်မနား စားနေခဲ့သည်။ ဧကရာဇ် သူ့ဘေးမှာ ရှိနေလဲ သူ ဂရုမစိုက်တော့ပါ။ အခုအချိန်မှာ အစားအသောက်ကသာ အရေးအကြီးဆုံးပင်။

All Chapters