အခန်း (၁၆၃)
Vol. 11 Ch. 163
“ အဖေ့ကို တွေ့ဖို့ ထွက်သွားပါတယ်”
ရှောင်းကော သိကြောင်းပြောရန် ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းကောကို ပြောပြပြီးနောက်တွင် ကျွမ်းကျွမ်း ထွက်သွားခဲ့သည်။ ရှောက်ယိသည် ငိုနေဆဲပင်။ သူ မနက်ဖြန် ထွက်သွားရတော့မည် ဆိုမှတော့ သူငယ်ချင်းကို နှုတ်ဆက်ခဲ့ရမည်လေ။
ကျွမ်းကျွမ်း ထွက်သွားတာကို ကြည့်နေရင်း ရှောင်းကော အနည်းငယ် ဆုံးရှုံးသလို ခံစားနေရသည်။ သူမတို့ မနက်ဖြန် သွားရတော့မည်……
…….
“ ရှောင်းကော” ကျန်းတန်းဟယ်၏ အသံက ရှောင်းကော၏ အထုတ်အပိုးထုတ်နေတာကို ရပ်သွားစေသည်။
“အွန်း?”
ရှောင်းကော ကျန်းတန်းဟယ်အား လှည့်ကြည့်လိုက်သည်။
ကျန်းတန်းဟယ်၏ မျက်လုံးထဲတွင် တွန့်ဆုတ်ခြင်းများနှင့်။ ရှောင်းကော တွေ့လိုက်ရသည်။
“ တရားသူကြီးလျို ဒီနေ့လာတယ်…”
သူမ ကြားတဲ့အခါမှာ ရှောင်းကော ခေါင်းညိတ် ပြလိုက်ပြီး ကျန်းတန်းဟယ် ဆက်ပြောတာကို စောင့်နေလိုက်သည်။ သို့ပေမဲ့ ထိုသူသည် အချိန်ကြာတဲ့အထိ စကားထပ်မပြောလာတော့ပေ။
“ တရားသူကြီးလျိုက မနက်ဖြန် ကျွန်မတို့ ပြန်ကြဖို့ လာပြောတာ”
ကျန်းတန်းဟယ် ဘာမှ မပြောမှာကို တွေ့တော့ ရှောင်းကောပဲ ဦးအောင် ပြောလိုက်တော့သည်။
ကျန်းတန်းဟယ် ခေါင်းညိတ်ပြလိုက်သည်။
“ အဲ့ဒါလဲ အဆင်ပြေတယ် ထင်ပါတယ်။ အချိန်လဲ နည်းနည်း ကြာနေပြီဆိုတော့ အိမ်မှာ အစ်ကိုကြီးလဲ စိတ်ပူလေနလောက်ပြီ ဟဟ..”
ဒီတစ်ခဏမှာ လေထုက မဲမှောင်နေသလို ခံစားနေရတာမို့ မှောင်မိုက်မှုတေီ လျော့ပါးသွားစေရန် ရှောင်းကောသည် သေချာ ပေါ့ပေါ့ပါးပါး စကားစလိုက်ခြင်း ဖြစ်သည်။
ရှောင်းကော၏ ရည်ရွယ်ချက်ကို ကျန်းတန်းဟယ် နားလည်သည်မို့ သူ့ရဲ့ ခံစားချက်တွေကို ဘေးဖယ်ကာ ပြောလိုက် သည်။ “ ကိုယ် မင်းကို ကူသိမ်းပေးမယ်”
သူတို့နှစ်ယောက်လုံး တစ်နေ့လုံးကို ညိုးငယ်ပြီး မဖြတ်သန်းချင်ပါ။
ဒီနေ့က နောက်ဆုံးနေ့ ဖြစ်မယ်ဆိုရင်တောင် အဲ့ဒါက ကောင်းတဲ့ မှတ်ဉာဏ်တွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသော နေ့တစ်နေ့ပဲ ဖြစ်သင့်သည်။
ရှောင်းကော ခေါင်းညိတ်လိုက်ပြီး အထုတ် ဆက်ထုတ်လိုက်သည်။ တစ်ကယ်တော့ ထုတ်ပိုးစရာ များများစားစား မရှိပါချေ။ သူမနှင့် ကျွမ်းကျွမ်း၏ အဝတ်တွေကို တစ်အိတ်ထဲနှင့် ထုတ်လို့ရသည်။ သူမ ဝယ်ထားသည့် လက်ဆောင်တွေကိုသာ ထုတ်ပိုးရမှာ ဖြစ်သည်။
ဘာမှ မကျန်တော့သည်ကို အတည်ပြုပြီးချိန်တွင် သူမ၏ အဝတ်ထုတ် ဘေး၌ ပစ္စည်းအစုံကို စုထားလိုက်တော့သည်။
အားလုံး အစီအစဥ်တကျ ဖြစ်သွားသော အခါ နောက်ဆုံးအကြိမ် ထပ်စစ်ဆေးလိုက်သည်။
သူမ အခန်းကို ဝေ့ကြည့်လိုက်သောအခါ အကုန်လုံး သပ်သပ်ရပ်ရပ်လေး ဖြစ်နေလေပြီ။
ထိုအချိန်မှာ သူမကို ကူညီပေးမယ်ဆိုပြီး ပြောခဲ့သောသူက တစ်ယောက်ထဲ ဗီရိုရှေ့မှာ တစ်ခုခုကို စိတ်ဝင်စားနေတာကို သူမ မြင်လိုက်ရသည်။
ရှောင်းကော မဲ့လိုက်ပြီး ပြောလိုက်သည်။ “ ကူပေးမယ်တော့ ပြောလိုက်တာပဲ။ ဒါပေမဲ့ တစ်ယောက်ထဲ အလုပ်တွေ များပြနေတယ်”
ထိုအတွေးနှင့် ရှောင်းကောသည် တိတ်တိတ်လေး ခြေဖွကာ ထိုသူရဲ့ အနားကို သွားလိုက်သည်။
ကျန်းတန်းဟယ်သည် သူ ကျွမ်းကျွမ်းနှင့် ရှောင်းကောအတွက် ဝယ်ထားပေးသည့် လက်ဆောင်တွေကို ဂရုတစိုက် ထုတ်ပေးနေခဲ့တာမို့ ရှောင်းကော ချဥ်းကပ်လာသည်ကို မကြားခဲ့ပေ။
ရှောင်းကောသည် ကျန်းတန်းဟယ်၏ အနောက်ကို ရောက်နေပြီဖြစ်သည့်တိုင် ထိုသူက သတိမထားမိသေးပေ။ သူ့ရဲ့ လက်ထဲက ပစ္စည်းတွေနဲ့သာ အလုပ်များနေလေသည်။
ရှောင်းကော သိချင်လာသည်မို့ လည်ပင်းဆန့်ကာ ထိုသူ ဘာတွေကို စိတ်ဝင်စားနေလဲ ကြည့်ဖို့လုပ်လိုက်သည်။
အချိန်အကြာကြီး ကြိုးစားခဲ့တာတောင်မှ သူမ ဘာမှကို မမြင်ရသေးပေ။ ကျန်းတန်းဟယ်၏ အရပ်သည် ရှည်လွန်းနေပြီး ဗီရိုက အရမ်းမကျယ်နေသည်မို့ သူမ ချောင်းကြည့်လို့ မရနေတာ ဖြစ်သည်။ ဒီလူက သူမရဲ့ မြင်ကွင်းကို လုံးဝ ပိတ်ပင်ထားသည်။
အချိန်အကြာကြီး ခြေဖျားထောက်ထားရ သည်မို့ ရှောင်းကော၏ ခြေဖဝါးထိပ်လေးတွေ ထုံလာသည်။ ဒါပေမဲ့ သူမ မြင်ရတာဆိုလို့ ပန်းရောင်အဝတ်စလေး တစ်ပိုင်းသာ။
'ဘာကြီးလဲ?' ရှောင်းကော သူမ၏ ခြေထောက်ကို ပြန်ချလိုက်သည်။
'ကျန်းတန်းဟယ်က ပန်းရောင်ကြိုက်တာလား?'
“ဟမ်…?” သူမ ပိုပြီး တွေးလေလေ ပိုပြီး လန့်လာလေလေ ဖြစ်သည်။
“ ဟေး!”
ရှောင်းကော ကျန်းတန်းဟယ်၏ ပုခုံးကို ပုတ်လိုက်သည်။ သူမ သူ့ အနောက်မှာ ရပ်နေတာ ကြာလှပြီကို အခုထိ သူက သတိ မထားမိသေးဘူး။ သူ့ရဲ့လက်ထဲက ပစ္စည်းတွေကိုပဲ ဟိုရွှေ့ဒီရွှေ့ လုပ်နေခဲ့သည်။ သူဘာတွေ ယူဖို့လုပ်နေတာလဲ? သူမ ဆက်ပြီး မစောင့်နိုင်တော့ပေ။
ကျန်းတန်းဟယ် လန့်သွားခဲ့သည်။ သူ လှည့်ကြည့်လိုက်ပြီး ရှောင်းကောကို တွေ့သောအခါ ပြုံးလိုက်လေသည်။
“ ဘာဖြစ်လို့လဲ?”
“ဟေး ရှင်က ကျွန်မကို ဘာဖြစ်လို့လဲ မေးနေတယ်။ ရှင်ကျွန်မကို ကူပေးမလို့ဆို? ကျွန်မဖြင့် ပြီးတောင်သွားပြီ။ ရှင်ဘာတွေ လုပ်နေတာလဲ?”
ကျန်းတန်းဟယ်မှ သူမကို ဘာဖြစ်လို့လဲ မေးသံကို ကြားရချိန်မှာ ရှောင်းကော၏ သည်းခံနိုင်စွမ်းတို့ ကုန်သွာခဲ့ပြီ။ သူက ကူပေးမယ် ပြောခဲ့သော သူမို့ မေးမယ့်မေး သူမပဲ မေးသင့်တာလေ။ သူက သူမကို လုံးဝကို လျစ်လျူရှုထားပြီး ပစ္စည်းတွေကိုပဲ ဟိုသည် ရွှေ့နေခဲ့တာ။
“ အိုး ကိုယ် မင်းကို လျစ်လျူရှုထားတယ် တွေးလို့လား?”
ကျန်းတန်းဟယ်သည် စနှောက်စွာ ပြုံးလိုက်ပြီး သူ့လက်ထဲက ပစ္စည်းများကို အောက်ချ လိုက်သည်။ “ ဟုတ်ပြီ ကိုယ် မင်းကို အာရုံစိုက်မယ်။ ပြောပါ ကိုယ့်ကို ဘာလုပ်ပေးစေချင်လဲ?”
သူသည် ပြောရင်းနှင့် ရှောင်းကော၏ အနားကို တိုးသွားခဲ့သည်။
“ စိတ်ကူးယဥ်နေတာရပ်။ ရှင်…”
စိတ်ဆိုးသလို ဖြစ်လာ၍ ရှောင်းကော ကျန်းတန်းဟယ်အား တွန်းလွှတ်လိုက်သည်။ ဒီလူက စကားလွှဲသည့်နေရာမှာ သိပ်တော် လွန်းသည်။ သူမကို လျစ်လျူရှုလို့ဆိုပြီး အပြစ်ရှာနေတာမှ မဟုတ်တာ။ တစ်ကယ်တော့…
“ တစ်ကယ်ပေါ့?”
ကျန်းတန်းဟယ်သည် ရှောင်းကောကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ရှောင်းကော၏ မျက်နှာက မတူသော အရာကို ဖော်ပြနေတာလေ။
“ ရှင် ဆွဲဆိတ်ခံချင်သေးတာလား?”
ကျန်းတန်းဟယ်သည် ပိုပိုပြီး နီးကပ်လာသည်ကို တွေ့တော့ ရှောင်းကော ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်သည်။
ကျန်းတန်းဟယ်သည် ခဏ ရပ်သွားသည်။ ရှောင်းကော ဆွဲဆိတ်မည်ကို ကြောက်၍မဟုတ်။ ရိုးရိုးသားသားပြောရလျှင် ရှောင်းကော ဆွဲဆိတ်တာက အယားဖျောက်တာနှင့် ပိုတူသည်။ သူ့အတွက် ထိုအရာက အထိအတွေ့တစ်ခုလို့ ပြောလို့ရသည်။
သူ ရပ်လိုက်ရခြင်းက သူမအတွက် မထုတ်ပိုး ပေးရသေးသည့် ပစ္စည်းတွေ အများကြီး ကျန်နေ၍ဖြစ်သည်။ အရင်အချိန်တွေက သူမနှင့် ကျွမ်းကျွမ်းအတွက် ဝယ်ပေးခဲ့သော လက်ဆောင်များဖြစ်သည်။
ကျန်းတန်းဟယ်သည် သူမ၏ လက်ကို ဆွဲကာ အိပ်ယာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက်မှာ ဗီရိုထဲက ပစ္စည်းအားလုံးကို ထုတ်ပြီး အိပ်ယာပေါ်တွင် ဖြန့်ခင်းပေးလိုက်သည်။
“ ဒါတွေက ကိုယ် အရင်က မင်းတို့အတွက် ဝယ်ထားတဲ့ ပစ္စည်းတွေပဲ။ ကိုယ်က ကိုယ်တို့ရဲ့ ကလေးကို သမီးလေးလို့ ထင်ခဲ့မိတာ။ ဒါကြောင့်မို့ ဒီ ဆံပင် အလှဆင်တဲ့ ပစ္စည်းတွေနဲ့ ပိုးစတွေ ဝယ်ထားမိတယ်”
ပြောပြီးနောက်မှာ ကျန်းတန်းဟယ် နည်းနည်းတော့ ရှက်သွားသည်။ ဘာလို့ဆိုရင် သူ ဝယ်ထားသမျှ ဆံပင်အလှဆင် ပစ္စည်းတိုင်းသည် ချစ်စရာကောင်းပြီး သေးသေးလေးတွေ ဖြစ်သည်။ သူ့လိုမျိုး အရွယ်ရောက်ပြီးသား ယောက်ျားကြီးက ဒါတွေသွားဝယ်ထားတာကို ရှောင်းကော ဘယ်လိုထင်မလဲ သူစိုးရိမ်မိသည်။
“ ဘယ်ဟုတ်ပါ့မလဲ? ဒါတွေက ဒီလောက် လန်းတာကို။ ဟုတ်ပြီလား?”
လန်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကျန်းတန်းဟယ် နားမလည်ပေမဲ့ အဲ့ဒါက ချီးကျူးတဲ့ အဓိပ္ပါယ်ပဲလို့ သူမှန်းလိုက်သည်။ သူ မနေနိုင်စွာ ပျော်သွားခဲ့သည်။
'သူမ ငါ့ကို ချီးကျူးမှတော့ ငါအနာဂတ်မှာလဲ အများကြီး ဝယ်ပေးမယ်။ ငါဆက်ပြီး လန်းနေရမယ်!'
ထိုစကားတွေ ပြောပြီးနောက်တွင် ရှောင်းကောသည် ကျန်းတန်းဟယ်ကို မကြည့်တော့သည်မို့ သူ့မျက်နှာပေါ်က စိတ်ကူးယဥ်နေသော မျက်နှာထားကို မတွေ့လိုက်ရပေ။
အိပ်ယာတစ်ခုလုံး ပြည့်တော့မဲ့ လှပသော ဆံပင်အလှဆင်ပစ္စည်းတွေကို ရှောင်းကော ကြည့်လိုက်သည်။ သူမ ကိုယ့်ပါးစပ်ကိုတောင် အနိုင်နိုင် စိထားရလေသည်။ သူဘယ်လောက်တောင် ငွေတွေ ဖြုန်းထားတာလဲ…
သူမ ပစ္စည်းတွေကို စပ်စုစွာ ကြည့်လိုက်သည်။ ဆံပင်စည်းကြိုးများ များစွာရှိသည်။ ခေါက်ထားသော ပိုးထည်အများကြီးကိုလဲ သူမတွေ့သည်။ အများအားဖြင့် ပန်းရောင်များ ဖြစ်သည်။ အဝါဖျော့ရောင်လေးတွေ၊ အစိမ်းဖျော့လေးတွေလဲ ပါသည်။ ချုပ်ပြီးသားတွေ အများကြီးကိုလဲ သူ ဝယ်ထားသေးတာပဲ။ အင်္ကျီတွေက သေးပေမဲ့ ချုပ်ထားပုံက အထူးကောင်းမွန်လှသည်။
“ ဒါတွေအကုန်လုံးက ကျွမ်းကျွမ်း အတွက်လား?”
ရှောင်းကော ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဒီလောက်များတဲ့ အဝတ်တွေ ရတနာတွေကို ဝယ်ဖို့ သူအချိန် ဘယ်လောက်တောင် ယူခဲ့တာများလဲ?
သူမ၏ အမေးကို ကြားသောအခါမှာ ကျန်းတန်းဟယ် အနည်းငယ် ရှက်သွားသည်။ သူ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ “ ကိုယ် အချိန်ရတိုင်း နည်းနည်းဆီ ဝယ်ခဲ့တာပဲ။ မသိလိုက်ပဲနဲ့ ဒီလို အများကြီး ဖြစ်သွားတာ”
ရှောင်းကောသည် ပစ္စည်းတွေကို တစ်ခုစီ ခွဲပြီး ဆံပင်အလှဆင် ပစ္စည်းတွေကို အတူ စုထား လိုက်သည်။
“ ဒါတွေ အများကြီးပဲ။ ကျွန်မတို့ ပြန်ပေးလို့ မရလောက်တော့ဘူး။ ဒါပေမဲ့ ကျွမ်းကျွမ်းလဲ ဒါတွေကို လုံးဝ ဝတ်နိုင်မှာ မဟုတ်ဘူး။”
ဝမ်းနည်းစရာကောင်းသည်လို့ သူမ ထင်သည်။ ဒါတွေ အကုန်လုံးက သေချာပေါက် ငွေတွေ အများကြီး ကျမှာပင်။ အဝတ်စတွေနဲ့ အထည်တွေကို သူမကိုင် ကြည့်ပြီးပြီ။ အကုန်လုံးက အသားကောင်းတဲ့ အရည်အသွေးမြင့် ပစ္စည်းတွေကြည့်ပဲ။ ဒါပေမဲ့ သူမ ဒါတွေနဲ့ပတ်သတ်ပြီး ဘာမှလဲ မလုပ်ပေးနိုင်ပေ။ ကျွမ်းကျွမ်းက ကောင်လေးမို့ ဒါတွေ ဝတ်မှာမဟုတ်ဘူး။ ထိုအချိန်မှာ သူမ၏ သားက ကောင်မလေး သေးသေးလေး ဖြစ်ပါစေတော့ဟုသာ ရှောင်းကော ဆုတောင်းမိ တော့သည်။
“ရပါတယ်” ကျန်းတန်းဟယ်သည် ရှောင်းကော၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။ “ ကိုယ်တို့မှာရှိလာမဲ့ ကလေးမလေးကို ပေးဖို့ ထားလိုက်ကြမယ်”
တစ်ခဏလောက်ထိ ရှောင်းကော သူမ ကြားလိုက်သည့်စကားကြောင့် ခေါင်းမလှည့် နိုင်တော့ပေ။ ကျန်းတန်းဟယ်က ကလေးမလေး တစ်ယောက်ကို ဆိုလိုတာပဲလို့ သူမ တွေးလိုက်သည်။
“ ဟုတ်ပြီ ကလေးမလေး တစ်ယောက်ကို ပေးကြတာပေါ့”
ထိုစကားကို ကြားသောအခါမှာ ကျန်းတန်းဟယ် အလွန်ပျော်သွားသည်။ ကြည့်ရတာ သမီးတစ်ယောက်ရဖို့ သူမျှော်လင့်ချက် ရှိသွားတဲ့ပုံပင်။ နှစ်သစ်ပြီးရင် သူ အလုပ်ပိုကြားပြီး အိမ်ပြန် နိုင်အောင် လုပ်ပြီးတာနဲ့ သူ သမီးတစ်ယောက်ရဖို့ ကြိုးစားရမယ်!
ရုတ်တရက်ကြီး လန်းဆန်းလာသော ကျန်းတန်းဟယ်ကို ရှောင်းကော စိုက်ကြည့် လိုက်သည်။ သူမ အနည်းငယ် ရှုတ်သွားသည်။ သူဘာတွေးနေလဲ သူမ သေချာ မသိပေ။ 'ဘယ်သူဂရုစိုက်နေမှာလဲ?'
ရှောင်းကော ခေါင်းလှည့်ပြီး အိပ်ယာပေါ်က ပစ္စည်းတွေကို သိမ်းနေလိုက်သည်။ ကိစ္စတွေ ဘယ်လို ဖြစ်သွားမလဲကို သူမ အနည်းငယ် စိတ်ပူနေခဲ့သည်။ ကြည့်လိုက်ရုံနှင့် ဒီပစ္စည်းတွေကို ကျန်းတန်းဟယ်က သူမနှင့် အတူထည့်ပေးဖို့ လုပ်နေတာ သေချာသည်။ ဒါပေမဲ့ သူမ ဘယ်လိုလုပ် ယူသွားရမှာလဲ? အားလုံးကိုသာ ထုတ်ပြီးသွားရင် အထုတ်က ဧရာမအကြီးကြီး ဖြစ်သွားတော့မှာလေ။
ထိုအချိန်မှာ ရှောင်းကော အနည်းငယ် စိတ်ဓာတ် ကျနေခဲ့သည်။ ဒီ အဝတ်တွေကို ကြည့်နေရင်းဖြင့် တစ်ကယ်ကို မိန်းကလေး တစ်ယောက်အပေါ်မှာ သူမ ဝတ်ပေးချင် နေမိပြီ။ ဒါပေမဲ့ သူမမှာ သားတစ်ယောက်သာ ရှိသည်။ သူမ ဝတ်ပေးလို့ မရနေဘူး။
'မရဘူးလို့ ဘယ်သူ ပြောလဲ?'
ရှောင်းကော ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ ဒီအဝတ်တွေကို ကျွမ်းကျွမ်းကို ဝတ်ပေးလို့ ရလောက်သည်။ သူ အပြင်ကို ထုတ်ပြီး မဝတ်တောင် သူမ စိတ်ချမ်းသာအောင်တော့ ကျွမ်းကျွမ်း ဝတ်ပေးလိမ့်မည်။