ရေခဲနှလုံးသားပိုင်ရှင်
Vol. 46 Ch. 676
"မစ္စတာကျန်း နောက်ကလိုက်လာတဲ့အမြီးတွေကို ရှင်းထုတ်လိုက်ရမလား"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ကျန်းမုန့်လောင်၏ခွန်အားက သာမန်ထျန်းယွမ်အဆင့်သိုင်းပညာရှင်များထက် သာလွန်နေပြီဖြစ်သော်ငြား ဘော့စ်ကိုယ်တိုင် တိုက်ခိုက်သည်ကို မည်သူကများ မြင်ဖူးလေသလဲ။
ကျန်းမုန့်လောင်က စကြာဝဋ္ဌာ၏ဧကရာဇ်ဖြစ်လာလျှင်ပင် ယဲ့ရင်ကတော့ သူ့တာဝန်ကို အမြဲကျေပွန်အောင် ထမ်းဆောင်နေဆဲပင်။
"ဟင့်အင်း ရတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကိုယ့်ကို အန္တရာယ်ပေးဖို့စဉ်းစားနေတဲ့လူတွေက ကိုယ့်နောက်ကို အမြဲလိုက်နေတယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခု မဟုတ်ဘူး။ အဲဒီလိုလူတွေကို အနှေးနဲ့အမြန်ရှင်းထုတ်ပစ်တာ ပိုကောင်းတယ်"
"ဝှစ်"
ရုတ်ခြည်းပင် အနီရောင်မီးတောက်တစ်ခုက အနောက်မှ သူတို့ဆီသို့ ပြေးဝင်လာသည်။
၎င်းမှာ ပခုံးထမ်းဒုံးကျည်တစ်ခုဖြစ်ပြီး ဤကဲ့သို့သော ကားအရှိန်အတိုင်းဆိုလျှင် တိတိကျကျရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
၎င်း၏ပစ်မှတ်လမ်းကြောင်းအရ ဘာအတားအဆီးမှမရှိပါက နောက်ဆုံးနားရှိ ကားက ဤပစ်ချက်ကြောင့် ပေါက်ကွဲသွားနိုင်ခြေရှိသည်။
သို့သော် ယဲ့ရင်က စိတ်စွမ်းအားဖြင့် လမ်းကြောင်းလွှဲလိုက်လေရာ ဒုံးကျည်၏လမ်းကြောင်းက သွေဖည်သွားပြီး ကားတစ်စီး၏ဘေးနားက ပွတ်ကာသီကာဖြတ်သွားကာ လယ်ကွင်းထဲသို့ ကျသွားလေတော့သည်။
"အုန်း"
မီးတောက်ကြီးတစ်လုံး ပေါက်ကွဲသွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်ကုန်တော့သည်။
ပထမတစ်ခေါက်တုန်းက တိုက်လေယာဉ်များ၏ တိုက်ခိုက်မှုကို ခံရသည်။ ထို့နောက် ကွာရန်တင်းဝင်ရသည်။ ယခုလည်း ဒုံးကျည်ဖြင့် အပစ်ခံရပြန်သည်။ ဤသည်မှာ မည်သို့သော ရန်ငြိုးမျိုးလေလဲ။
ဤကားများတွင် အများသုံးဆက်သွယ်ရေးစနစ်ကို တပ်ဆင်ထားလေရာ စပီကာမှတစ်ဆင့် အထိတ်တလန့်အော်ဟစ်သံများက ချက်ချင်းထွက်ပေါ်လာသည်။
"မုန့်လောင်.. တစ်ယောက်ယောက်က ငါတို့ကို ဒုံးကျည်နဲ့ပစ်နေပြီ။ မင်းရဲ့ကားမှာ စွမ်းအင်အကာအကွယ်တွေ တပ်ထားတယ်မလား"
အကြီးဆုံးစီနီယာအစ်ကိုက မေးလိုက်သည်။
"တောင်းပန်ပါတယ် စီနီယာ.. ဒီကားပေါ်မှာ ဘာကိရိယာမှမပါဘူး။ ဒါက သာမန်ကားတစ်စီးပါပဲ"
"ငါတို့တော့ သွားပြီ"
ဤသတင်းကို ကြားလိုက်ရချိန်ဝယ် သူတို့အားလုံး မျှော်လင့်ချက်မဲ့သွားကြသည်။
တိုက်လေယာဉ်အစင်းခြောက်ဆယ်၏ အလစ်ဝင်တိုက်ခိုက်မှုကို လွတ်မြောက်ခဲ့ခြင်းမှာ ခေတ်မီနည်းပညာများကြောင့် ဖြစ်သော်ငြား ယခုမူ သူတို့၏ကားများမှာ သာမန်ကားများပင်္။ အကယ်၍ တစ်ချက်မျှမှန်လိုက်ရုံဖြင့် ယမမင်းဆီသို့ တန်းတန်းမတ်မတ်ကြွချီရမည်သာ။
"မုန့်လောင်.. ရဲကိုခေါ်လိုက်။ ရဲခေါ်လိုက်ဦး"
"နောက်ကျသွားပြီ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ရဲတွေရောက်လာတဲ့အချိန်ဆိုရင် ကျွန်တော်တို့အလောင်းတွေတောင် ပုပ်နေလောက်ပြီ"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ။ မြို့ထဲကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ"
"နောက်ထပ်၈ကီလိုမီတာလောက် လိုသေးတယ်"
"အဲဒီလောက်တောင်လိုသေးတာလား"
၈ကီလိုမီတာဆိုသည်မှာ အနည်းဆုံး ဆယ်မိနစ်ခန့် မောင်းရမည်ဖြစ်ပြီး အကယ်၍ ဤအကြမ်းဖမ်းသမားများသာ ဆယ်မိနစ်အတွင်း သူတို့ကို အပြတ်မရှင်းနိုင်ပါက သူတို့၏အရည်အချင်းက အလွန်ညံ့ဖျင်းလှသည်ဟု ဆိုရမည်ဖြစ်၏။
"စီနီယာတို့တွေ သွားနှင့်ကြ။ ကျွန်တော် နောက်ဆုံးကနေ ကာပေးထားမယ်"
ကျန်းမုန့်လောင်က ယာဉ်တန်းကို ချက်ချင်းရပ်ခိုင်းလိုက်ပြီး ကားသမားနှင့် လုရီယောင်ကို အခြားကားထဲသို့ ပြောင်းစီးခိုင်းလိုက်သည်။ ထို့နောက် လီဗာဖိနင်းကာ ဆန့်ကျင်ဘက်သို့ ဦးတည်လိုက်သည်။
"မုန့်လောင်.. မိုက်မဲတဲ့အလုပ်တွေမလုပ်နဲ့"
"ဂျူနီယာညီမလေး… နင် သူ့ကို ဘာလို့မတားတာလဲ"
လုရီယောင်၏ စီနီယာအစ်မက လုရီယောင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
ထိုအချိန်တွင် လုရီယောင်က တက်ဘလက်ဖြင့် "ဆူးငြှောင့်ခလုတ်များကို ဖြတ်ကျော်ခြင်း"ဟူသော အစီအစဉ်ကို ကြည့်နေလေသည်။
"ဟားဟားဟား.. ကျောက်ဝမ်ကျိုးက လူ့အဖွဲ့အစည်းအတွက် ဆေးပဲကွ။ ဟိုရက်ပါတွေတောင် သူ့ကိုကြောက်နေကြတာ။ ဟားဟားဟား ငါက ဟော့ဒေါပဲ။ မင်း ငါ့ကို အဖေလို့ခေါ်လို့ရတယ် ဟားဟားဟား"
"??? ဂျူနီယာညီမလေး.. သူက နင့်ရည်းစားရော ဟုတ်ရဲ့လား"
"မုန့်လောင်က ငါတို့ကို ကာကွယ်ပေးဖို့ သွားနေတာလေ။ နင်က သူ့ကို လုံးဝစိတ်မပူဘူးလား"
"ရီရီ… နင့်ရည်းစားက အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ရမှာလေ။ သူတို့ဆီမှာ ပေါက်ကွဲစေနိုင်တဲ့ ဒုံးကျည်တွေရှိတယ်နော်။ အရုပ်တွေမဟုတ်ဘူး"
"တကယ်တော့ အဲဒီအကြမ်းဖက်သမားတွေကသာ စိုးရိမ်ရမှာ"
လုရီယောင်က ရယ်လိုက်ချေသည်။
"မုန့်လောင်ရဲ့လုံခြုံရေးကို စိတ်ပူနေမဲ့အစား ဒီည ဘာစားမလဲဆိုတာကိုသာ တွေးထားလိုက်တာပိုကောင်းမယ်"
"အိုး ဟုတ်သားပဲ"
လုရီယောင်က ထပ်ပြောလိုက်သည်။
"ဒီတစ်ခေါက် အစ်မတို့တွေ ဘယ်လိုလျော်ကြေးမျိုးလိုချင်လဲဆိုတာ စဉ်းစားထားကြနော်"
"???"
"ငါတော့ လမ်းပျောက်နေပြီဟေ့။ အဲဒါက ဘာအဓိပ္ပာယ်လဲ"
"လူလိုနားလည်အောင် ပြောစမ်းပါဦး"
...
"သေစမ်း"
ဒုံးကျည်ထမ်းထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ယောက်က ကျိန်ဆဲလိုက်လေသည်။
သူသည် ခွန်အားအထူးပြုအဆင့်မြင့်လူသားတစ်ယောက်ပင်။ ခွန်အားကို ထိန်းချုပ်နိုင်စွမ်းရှိသော သူ့အစွမ်းအောက်တွင် ထိုကဲ့သို့သော လက်နက်တစ်ခု၏ ပြန်ကန်အားက သူ့အတွက်တော့ မရှိသလောက်နီးနီးပင်။ ထို့ကြောင့် ဤအကွာအဝေးမှ ပစ်ခတ်လိုက်သော ပစ်ချက်က လွဲသွားစရာအကြောင်းမရှိပေ။
သို့သော် ထင်မှတ်မထားပါဘဲ ဒုံးကျည်က လမ်းကြောင်းပြောင်းသွားခဲ့သည်။
"ဘီလ် ငါ မင်းကိုပြောသားပဲ။ ဒီလက်နက်တွေက စိတ်မချရပါဘူးလို့"
ဆံပင်နီနီ ခပ်ပိန်ပိန်လူငယ်တစ်ယောက်က မျက်လုံးမှိတ်လျက် ဆိုလာလေသည်။
"အစွမ်းအထက်ဆုံးအရာက ငါတို့ရဲ့ခန္ဓာကိုယ်ပဲ။ နည်းပညာဆိုတာက ဖြတ်လမ်းတစ်ခုထက် မပိုပါဘူး"
"ကဲပါကွာ စီယက်ရာ.. ငါက ဒီအတိုင်းလျှောက်လုပ်ကြည့်နေတာပါ"
ဘီလ်က လျှာထုတ်ပြလိုက်၏။ သူ့အပြုအမူမှာ တောင့်တင်းလှသော သူ့ခန္ဓာကိုယ်နှင့် တခြားစီပင်။
"ငါတို့ရဲ့ခွန်အားက စူပါမန်းနဲ့တောင် ယှဉ်နိုင်တာပဲ။ နည်းပညာလက်နက်တွေကို သုံးလို့ရသမျှ သုံးနေတာက ပိုကောင်းပါတယ်။ စွမ်းအားတွေထုတ်သုံးမိလို့ စွမ်းအင်ခြေရာလက်ရာတွေ ကျန်နေခဲ့ရင် ရှင်းပြရတာခက်လိမ့်မယ်"
"ဘာကိုကြောက်နေရမှာလဲ"
စီယက်ဟုခေါ်သော စိတ်စွမ်းအားရှင်တစ်ယောက်က ပြောလိုက်လေသည်။
"ငါတို့က အာဖရိကကို ခိုးဝင်လာတာမဟုတ်ဘူး။ သူတို့က ငါတို့ရဲ့စစ်ဆင်ရေးကို အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးမှာ။ ငါတို့ ပွက်လောရိုက်အောင်လုပ်ခဲ့ရင်တောင် ငါတို့ဘက်က ကာကွယ်ပေးမဲ့လူတွေရှိတယ်"
"ဟုတ်တယ်"
ကြွက်သားတောင့်တောင့်ဖြင့် ဘီလ်က လက်ထဲရှိ လောင်ချာကို ပြတင်းပေါက်က ပစ်ထုတ်လိုက်သည်။
"အလကားအမှိုက်… နောက်ဆုံးပေါ်မော်ဒယ်ဆိုပြီး တိကျမှုကလည်း နိမ့်လိုက်တာု။ ငါတို့ ပြန်ရောက်ရင် သုတေသနဌာနနဲ့ ဆွေးနွေးမှဖြစ်မယ်"
"ဒါပေမဲ့ မပေါ့ဆသင့်ဘူးနော်။ ကျန်းမုန့်လောင်က ခရီးသည်တင်လေယာဉ်လေးနဲ့ တိုက်လေယာဉ်၅၉စင်းကို ပစ်ချခဲ့တာတဲ့။ သူ့ကားထဲမှာ အစွမ်းထက်နည်းပညာလက်နက်တွေ ရှိနေနိုင်တယ်"
"ဟားဟားဟား… ငါက နည်းပညာလက်နက်တွေကို မကြောက်ဘူး။ ငါတို့လို နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တွေအတွက် လက်နက်ဆိုတာ ဘာအစွမ်းမှမရှိဘူး။ အစွမ်းထက်လက်နက်တစ်ခုဖြစ်နေရင်တောင် သူ အဲဒါကို မသုံးနိုင်ခင်မှာတင် ငါတို့ဘက်က သူတို့ကို အရင်သတ်ပစ်လို့ရတယ်"
"ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ သတိထားပေါ့။ အထက်က ခန့်မှန်းချက်အရ ကျန်းမုန့်လောင်ကို ကာကွယ်ပေးနေတဲ့ ထျန်းယွမ်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေနိုင်တယ်လို့ ပြောတယ်။ တကယ်လို့ ငါတို့ သူနဲ့တွေ့ခဲ့ရင် ထွက်ပြေးရုံကလွဲပြီး မတတ်နိုင်ဘူး"
"ကျစ်"
စီယက်က လှောင်ပြောင်ထေ့ငေါ့လိုက်သညင်။
"ငါတို့ကိုကူညီဖို့ အရှေ့တိုင်းသားတစ်ယောက်ကိုလည်း သူတို့ လွှတ်ပေးထားသေးတယ်လေ။ ငါတို့က သူ့အမိန့်ကို နာခံရမယ်ဆိုတာကြီးကတော့ ရယ်စရာကောင်းတယ်"
"ရှူး"
ဘီလ်က သတိကြီးကြီးဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"သူ ဒီအနီးအနားမှာ ရှိနေနိုင်တယ်။ မမေ့နဲ့နော်။ သူတို့တွေ အမေရိကို ပထမဆုံးအကြိမ်ရောက်တုန်းက နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်တွေအများကြီးကို အသာလေးသတ်ပစ်လိုက်တာနော်။ ငါတိုရဲ့ခေါင်းဆောင် အဆင့်မတက်နိုင်ခင်အထိတော့ သူ့ကို ရန်သွားမစတာ ပိုကောင်းလိမ့်မယ်"
"ဟမ့်"
...
"ဘီလ်.. လူတစ်ယောက် နောက်ပြန်လှည့်လာပြီ"
ကားသမားက ရုတ်တရက်ပြောလာလေသည်။
"သူက ငါတို့ဆီကို တကယ်လာနေတာလား။ ရူးသွားပြီလား"
"သူအဖော်တွေအတွက် အချိန်ဆွဲပေးထားတာဖြစ်မှာပေါ့။ ဟွာရှားလူမျိုးတွေက သူများအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်စတေးရတာကို သိပ်ကြိုက်ကြတယ်မလား"
"ကားထဲက ဘယ်သူလဲဆိုတာကို မြင်ရလား"
"ငါတို့ရဲ့ပစ်မှတ်ပဲ"
"ဟားဟားဟား.. အချိန်ကုန်သက်သာတာပေါ့။ ငါတို့က တခြားလူတွေကို စိတ်မဝင်စားဘူး။ သူ့ကိုဖမ်းမိရင် တာဝန်ပြီးပြီ"
ဘီလ်လည်း လက်သီးတင်းတင်းဆုပ်လိုက်လေသည်။
"ငါတို့က သာမန်အကြမ်းဖက်သမားတွေလို့ ထင်နေတာဖြစ်မယ်။ ဟားဟားဟား.. ငါ သူအရိုးတွေကို တစ်စစီဖြစ်အောင် ချိုးပစ်မယ်"
"ဘီလ်.. ပေါက်ကရတွေလျှောက်လုပ်မနေနဲ့။ သူ့ကို အရှင်ဖမ်းခိုင်းလိုက်တာနော်"
"ဟမ့်… အထက်လူကြီးတွေက တော်တော်ပျင်းဖို့ကောင်းတာပဲ။ ဒီကောင်စုတ်လေးအတွက်နဲ့ ငါတို့ကို လွှတ်ရတယ်လို့"
ဘီလ်က သူ့လက်ထဲရှိ ကိရိယာကို မြှောက်ကြည့်လိုက်လေရာ ကားထဲတွင် လူတစ်ယောက်တည်းသာရှိပြီး စွမ်းအင်ပမာဏကလည်း ငါးယူနစ်မျှသာရှိကြောင်း ပြသနေပေသည်။
သာမန်လူများနှင့် ယှဉ်ကြည့်လျှင် ဤစွမ်းအင်ပမာဏက အလွန်အထင်ကြီးဖို့ကောင်းလှပေသည်။ ဤသည်မှာ အဆင့်ငါးစိတ်စွမ်းအားရှင်တစ်ယောက်နှင့်ပင် ညီမျှသည်။
သို့သော် သူတို့အတွက်တော့ အဆင့်ငါးစိတ်စွမ်းအားရှင်တစ်ယောက်ဆိုသည်မှာ ကြက်ပေါက်လေးတစ်ကောင်နှယ် အားနည်းလှပြီး လက်တစ်ဖက်တည်းနှင့်ပင် ညှစ်သတ်နိုင်သည်။
"မိပြီ"
ဘီလ်က အရှိန်ပြင်းပြင်းမောင်းနေသော ကားပေါ်က ခုန်ချပြီး ကျန်းမုန့်လောင်၏ကားရှေ့တွင် ရုတ်တရက်ပေါ်လာလေသည်။
သူက လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်လိုက်လေရာ အရှိန်နှင့်လာနေသော ကားက ရုတ်ခြည်းရပ်တန့်သွားလေတော့သည်။
ကား၏အရှေ့ပိုင်းက ပိန်လိမ်သွားပြီး အင်ဂျင်ဖုံးထဲက မီးခိုးများပင် အနည်းငယ်ထွက်လာလေသည်။ သို့သော် ဘီလ်ကမူ တစ်လက်မမျှ မလှုပ်ရှားပေ။ သူ့ခြေထောက်နှစ်ဖက်က မြေကြီးပေါ်တွင် သံမှိုရိုက်ထားသကဲ့သို့ ခိုင်မြဲနေချေသည်။
"မြန်မြန်အပြတ်ရှင်းကြစို့"
ဘီလ်က အခြားကားများကို အော်ပြောလိုက်သည်။
ရုတ်ခြည်းပင် ကျန်းမုန့်လောင်၏ကားဘေးတွင် လူလေးယောက် ပေါ်လာပြီးနောက် ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်ကြသည်။
"သေစမ်း.. ငါ ရာဇဝတ်အိုးကို တုတ်နဲ့ သွားထိုးမိတာလား"
ကျန်းမုန့်လောင်မှာ ထိုလူငါးယောက်ကို မြင်သောအခါ ရယ်ချလိုက်မိသည်။ ထိပ်ပြောင်တစ်ယောက်ပါပြီး ကျန်လေးယောက်၏ ဆံပင်အရောင်များမှာ အနီ၊ အဝါ၊ အပြာနှင့် အစိမ်းရောင်ဟူ၍ အရောင်စုံလှလေသည်။
သူတို့က လူဒိုကစားကြမလို့လား…
"ကျန်းမုန့်လောင်.. မင်း တော်တော်သတ္တိရှိတာပဲ။ တစ်ယောက်တည်း နေခဲ့ရဲတယ်တဲ့။ ဒါပေမဲ့ ငါတို့က မင်းရဲ့သူငယ်ချင်းတွေကို ဒုက္ခပေးဖို့ အစီအစဉ်မရှိပါဘူး။ မင်းကတော့ ထောင်ချောက်ထဲကို ဆင်းလာတာပဲ"
ဘီလ်က အေးတိအေးစက်ပြောလိုက်လေသည်။
"ကျန်းမုန့်လောင်လား။ မဟုတ်ဘူး။ မဟုတ်ဘူး.. မင်းတို့ လူမှားနေပြီ"
"မင်းက ကျန်းမုန့်လောင်မဟုတ်ဘူးလား"
ထိုလူငါးယောက်လည်း တုန်လှုပ်သွားလေသည်။ ဟွာရှားနိုင်ငံတွင် အံ့ဖွယ်ကောင်းသော ရုပ်ဖျက်နည်းပညာတစ်မျိုးရှိသဖြင့် ကျန်းမုန့်လောင်က ရုပ်ဖျက်ပြီး ထွက်ပြေးသွားလေသလားဟု တွေးလိုက်မိသည်။
"ဆောရီး... ငါက ရေခဲနှလုံးသားပိုင်ရှင်ပဲ"