ဇိမ်ခံကားတစ်စီးနဲ့ ကိုယ်ပိုင်လေယာဉ်မဟုတ်ရင်မရဘူး
Vol. 46 Ch. 677
"ရေခဲနှလုံးသားပိုင်ရှင်လား။ မင်းက ကျန်းမုန့်လောင်မဟုတ်ဘူးလား"
"အပြင်ထွက်တဲ့အခါ ဘယ်သူကများ နာမည်အရင်းကို သုံးလို့လဲ။ ငါ့ကလောင်နာမည်က အကောင့်အစစ်မှာ 'ကိုးခုမြောက်မြို့တော်'တဲ့။ အကောင့်တုမှာတော့ 'ကြောင်သံ'ဆိုပြီး ပေးထားတယ်။ ငါ့အနုပညာနာမည်ကတော့ 'အသံ'ပဲ။ မင်းတို့ ငါ့ကို တစ်တော့မှာ ရှာကြည့်လို့ရတယ်"
"အပြင်သွားရင် ရေခဲနှလုံးသားအရှင်သခင်လို့ သိကြတယ်။ ရေခဲနှလုံးသားမိသားစုရဲ့ခေါင်းဆောင်ပေါ့။ မင်းတို့က ရေခဲနှလုံးသားမိသားစုရဲ့ အမေရိကန်ဂိုဏ်းခွဲကလား။ မင်းတို့တွေ ဂိုဏ်းခေါင်းဆောင်ကိုမြင်ရင် နှုတ်ဆက်ရမှာမဟုတ်ဘူးလား"
"???"
စိတ်စွမ်းအားရှင်ငါးယောက်လည်း တစ်ယောက်ကိုတစ်ယောက် အကြောင်သားကြည့်နေမိသည်။ ကျန်းမုန့်လောင်၏စကားများကိ မည်သူမှ နားမလည်ကြပေ။ သူသည် ကျန်းမုန့်လောင်အစစ် ဖြစ်ဟန်တူသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဟုတ်ပုံလည်းမတူပြန်ချေ။
"ထက်မြက်တဲ့စနစ်.. ရေခဲနှလုံးသားမိသားစုကို ရှာလိုက်"
စိတ်စွမ်းအားရှင်များမှာ အခြေခံအဆင့်အေအိုင်များ ပါဝင်သော ဝတ်စုံများနှင့် ကိရိယာများကို တပ်ဆင်ထားသည်ဖြစ်ရာ ပြဿနာအမြောက်အများကို ဖြေရှင်းရာတွင် အကူအညီဖြစ်ချေသည်။
"ဝေါဟာရရှာဖွေမှု စတင်နေပါပြီ..."
"ရှာဖွေမှုပြီးဆုံးပါပြီ..."
"ရေခဲနှလုံးသားမိသားစုဆိုတာက ဟွာရှားနိုင်ငံရဲ့ အင်တာနက်တစ်ခွင်မှာ အကဂိမ်းတစ်ခုက ဆင်းသက်လာတဲ့ 'အင်တာနက်အဖွဲ့အစည်း'တစ်ခုကို ရည်ညွှန်းတာပါ။ ဒီကစားသမားတွေက အပိုချဲ့ကားထားတဲ့ စတိုင်လ်တွေနဲ့ အကပြိုင်ပွဲတွေကို ချစ်မြတ်နိုးပြီး ဆံပင်ကလည်း ရောင်စုံရှိပြီး သူတို့နဲ့ တစ်ထပ်တည်းတူတဲ့ အဖွဲ့တစ်ခုကို တည်ထောင်ကြတယ်။ အများအားဖြင့်တော့ အပိုချဲ့ကားထားတဲ့ ဆံပင်စတိုင်လ်ရှိတဲ့လူတွေ... အဝတ်အစားရွေးချယ်မှုပြင်းထန်တဲ့လူတွေ... ဆံသပညာရှင်တွေကြားမှာ ခေတ်ရေစီကြောင်းနဲ အသွေဖည်ဆုံးလူတွေကို ရည်ညွှန်းပါတယ်"
ဤစကားကိုကြားသောအခါ ထိုစိတ်စွမ်းအားရှင်ငါးယောက်၏ အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။ ဖော်ပြချက်မှတစ်ဆင့် ၎င်းမှာ လေးနက်လှသော ဂိုဏ်းတစ်ခုမဟုတ်ကြောင်း သူတို့ သိလိုက်ရသည်။ ထို့ပြင် ယုတ်ညံ့သောအဓိပ္ပာယ်တစ်မျိုးကို ဖော်ဆောင်နေသေးသည်။ ကျန်းမုန့်လောင်၏စကားများက သူတို့၏ဆံပင်ပုံစံနှင့် ဆံပင်အရောင်များကို လှောင်ပြောင်နေခြင်းပင်။
အားလုံးသိထားသည့်အတိုင်း စိတ်စွမ်းအားရှင်များမှာ ဆဲလ်များ ဆင့်ကဲပြောင်းလဲထားသည်ဖြစ်ရာ ထူးဆန်းသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။ တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း ထူးဆန်းတတ်ကြသည်။
သူတို့၏ဆံပင်က ထိုသို့သောခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာ ထူးခြားမှုတစ်ခုပင်။ စိတ်စွမ်းအားရှင်များအကြား သူတို့က လူသားနှင့် ပိုတူကြသည်။ သူတို့၏သဘာဝလွန်အဖွဲ့အစည်းထဲတွင် အဆင့်နိမ့်စိတ်စွမ်းအားရှင်များက ဝက်ခေါင်း၊ ခွေးခေါင်းတို့နှင့် အလားသဏ္ဍာန်တူသော ခေါင်းများကို ပိုင်ဆိုင်ထားကြပြီး ဒဏ္ဍာရီလာအဆင့်ရှိသော စိတ်စွမ်းအားရှင်များကသာ သူတို့၏ဆဲလ်များကို ထိန်းချုပ်၍ အသွင်အပြင်ကို ပြောင်းလဲနိုင်စွမ်းရှိ၏။
ဤစိတ်စွမ်းအားရှင်ငါးယောက်တွင် အသန်မာဆုံးစိတ်စွမ်းအားရှင်က အဆင့်ခုနစ်ဒဏ္ဍာရီလာအဆင့်ဖြစ်ပြီး အားအနည်းဆုံးကတော့ အဆင့်လေးပင်။ သူတို့သည် ရှေးဟောင်းသိုင်းပညာရှင်လောကတွင် ဒဏ္ဍာရီလာအဆင့်ရှိသော ဆရာသခင်များနှယ် အစွမ်းထက်ပေသည်။ သို့ဖြစ်လေရာ ဤတစ်ခေါက်တွင် သူတို့ ကျန်းမုန့်လောင်ကို မည်မျှအထိ အလေးအနက်ထားကြသလဲဆိုသည်မှာ သိသာလှ၏။
"ဒီတော့ မင်းတို့ငါးယောက်က 'နဂါးစစ်သည်ခုနစ်ယောက်'ကို ကြည့်ဖူးလား။ ကျင်းယွီဂိုဏ်းထဲမှာလည်း အဖွဲ့သားငါးယောက်ပါတယ်။ မင်းတို့ငါးယောက်က ခေါင်းလျှော်-ဆံပင်ညှပ်-လေမှုတ်-ဆေးဆိုး-ဆံပင်ကောက်အဖွဲ့ကို ထောင်လို့ ရလောက်တယ်။ ဘယ်လိုလဲ"
ကျန်းမုန့်လောင်က အေးအေးလူလူဖြင့် ကားထဲက ထွက်လိုက်၏။ သူသည် ပိန်လိန်နေသော ကားစက်အဖုံးကို တစ်ချက်ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ ကားပြတင်းမှန်အကွဲစများကို ကြည့်လိုက်၏။ ထို့ပြင် ကားဘီးနှစ်ဘီးကလည်း ဘီလ်၏ ပြင်းထန်လှသောခွန်အားကြောင့် ပေါက်နေလေသည်။
"ငါ့ကားတွေက ကန့်သတ်ထုတ်ကုန်တွေကွ။ အကုန်စိတ်တိုင်းကျပြင်ထားတာတွေချည်းပဲ။ မင်းတို့ကောင်တွေ ငါ့ကားကို ဖျက်ဆီးလိုက်တာ။ မင်းတို့ ဘယ်လောက်လျော်ပေးရမှာလဲဆိုတာ သိရဲ့လား"
ကျန်းမုန့်လောင်က ရုတ်တရက်ကြီး ဂဏန်းပေါင်းစက်တစ်ခုကိုထုတ်ပြီး စတင်တွက်ချက်လေတော့သည်။
"သုည"
"ဒါက စိတ်ကြိုက်ပြုပြင်ထားတဲ့ အက်စတွန်မာတင်.... တစ်ကမ္ဘာလုံးမှာ ဆယ်စင်းပဲထုတ်ထားတာ။ အကုန်လုံး ငါနဲ့အတူ ပါလာတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ၇.၆သန်းပေးရတာ"
"မောင်းနေတာ တစ်နှစ်ခွဲလောက်ရှိပြီဆိုတော့ နည်းနည်းလျှော့ပေးမယ်။ အမေရိကန်ဒေါ်လာ၆သန်းပဲ ထားလိုက်တော့"
"ကားအရှေ့ဖုံးက ပြန်လဲရမယ်ထင်တယ်။ ကားဘီးကလည်း ပြန်လဲရမှာပဲ။ ဘီးဖုံးကလည်း ပြန်လဲရမယ်။ ဆေးလည်း ပြန်မှုတ်ရမယ်"
"ပြန်ပြင်ရမဲ့စရိတ်တွေကိုပါ ထည့်တွက်လိုက်ရင် ၅၀ရာခိုင်နှုန်းလျှော့ပေးတာက မသင့်တော်တာတော့ မဟုတ်ဘူးမလား"
"အတိပဲထားလိုက်ရအောင်။ ငါ့ကို အမေရိကန်ဒေါ်လာငါးသန်းပဲပေး"
"မင်းတို့ ခုနတုန်းက ဒုံးကျည်နဲ့ပစ်လိုက်တာကတော့ ပြောနေစရာတောင် မလိုတော့ဘူး။ ဒီတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် အမေရိကန်ဒေါ်လာငါးရာဘီလီယံ။ အစွန်းထွက်တွေကိုတော့ မယူတော့ဘူး။ ဒေါ်လာငါးရာဘီလီယံပဲ ပေးတော့။ ဒါဆို မင်းတို့ ပြန်လို့ရပြီ"
"သုည"
...
"သူက ငတုံးလား"
"သူ့အခြေအနေကို သူမသိဘူးလား"
သူတို့ငါးယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်၍ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။
ကျန်းမုန့်လောင်က ငတုံးမဟုတ်ပေ။ သို့မဟုတ်ပါက ယခုအချိန်အထိ လွတ်မြောက်မည်မဟုတ်ပေ။ သို့သော် ပူပင်ကြောင့်ကြကင်းသော သူ့အပြုအမူကတော့ လုံးဝကြောက်ဟန်မတူချေ။
"ငါတို့က ဘယ်သူတွေလဲဆိုတာ သူမသိဘူးလား"
"ဒါတော့ မဟုတ်သေးဘူး။ တစ်နာရီကို မိုင်ရှစ်ဆယ်နှုန်းနဲ့ သွားနေတဲ့ ကားတစ်စီးကို သာမန်လူတစ်ယောက်က ရပ်နိုင်တာကို မြင်ဖူးလို့လား။ ကိုရီးယားဇာတ်လမ်းတွေ အကြည့်များနေတာလား"
"ငါတို့ရဲ့အစွမ်းကို ပြလိုက်စမ်းပါ။ အဲဒီလိုဆိုရင် သူသိသွားလိမ့်မယ်"
"ကျန်းမုန့်လောင်... ငါတို့ ဘယ်သူလဲဆိုတာ မင်း မသိဘူးလား"
ဘီလ်က ပြောလိုက်၏။
"မင်းက အဆင့်ငါးသိုင်းပညာရှင်ဆိုတာ ငါတို့သိတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက မင်းထင်ထားတာထက် ပိုကျယ်ပြောတယ်"
ဝှစ်!
စီယက်ဟုခေါ်သော ဆံပင်အနီရောင်ပိုင်ရှင် စတ်စွမ်းအားရှင်က အလျှံတငြီးငြီးတောက်လောင်နေသော မီးတောက်များကို ထုတ်လွှတ်လိုက်လေရာ သူ့ပတ်ပတ်လည်ရှိ အပူချိန်က မြင့်တက်သွားသည်။ မြေပြင်ပေါ်ရှိ သဲများကလည်း အပူချိန်ကြောင့် ပုံပြောင်းလာပါသော်ငြား သူကတော့ မီးများအကြားမှာပင် ဘေးမသီရန်မခရှိနေဆဲသာ။
အစိမ်းရောင်ဆံပင်ပိုင်ရှင် စိတ်စွမ်းအားရှင်ကတော့ သူ့ခြေထောက်မှ နွယ်ပင်နှစ်ပင်ကို တဖြည်းဖြည်းကြီးထွားလာစေသည်။ ထိုနွယ်ပင်များမှာ ခနော်နီခနော်နဲ့နိုင်သော်ငြား ကားတစ်စီးကို ထက်ဝက်ပိုင်းပစ်လိုက်၏။
အပြာရောင်ဆံပင်ပိုင်ရှင် စိတ်စွမ်းအားရှင်၏မျက်လုံးများမှာ အလင်းတန်းဖြာကျလာပြီးနောက် လေထဲရှိ စွတ်စိုမှုများမှာ ရေခဲလှံတံများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ကားဘီးများကို ထိုလှံတံများဖြင့်ထိုးဖောက်လိုက်သည်။
အဝါရောင်ဆံပင်ပိုင်ရှင် စိတ်စွမ်းအားရှင်က ခြေဆောင့်လိုက်လေရာ ကမ္ဘာမြေကြီး ကြွတက်လာပြီး လက်ကြီးတစ်ဖက်က မြေကြီးထဲက တိုးထွက်ကာ ကားတစ်စီးကိုဆုပ်ကိုင်၍ လက်ဝါးထဲတွင် ဖိညှစ်ပစ်လိုက်သည်။
"သေစမ်း... ဒီကားက မင်းတို့ကို ဘာလုပ်လို့လဲ။ ဒါက ယဉ်ကျေးမှုမရှိတာပဲ"
ကျန်းမုန့်လောင် ဒေါသထွက်သွားသည်။
"လျော်ကြေးက ငါသန်းမကတော့ဘူး။ ဒီကားက ဆက်သုံးလို့မရတော့ဘူး။ ဒါကိုပြန်ပြင်ဖို့အတွက် အမေရိကန်ဒေါ်လာသန်းနှစ်ဆယ်ပေးရမယ်။ ပြီးတော့ ကုန်ကြမ်းပစ္စည်းတွေအကုန်လုံးအတွက် အပိုသန်းငါးဆယ်ထပ်ပေးရမယ်။ အကြွေလေးကိုတော့ ထည့်မတွက်တော့ပါဘူး"
"မင်း..."
သူတို့ ဘာမှမပြောနိုင်ခင်မှာပင် ကျန်းမုန့်လောင်က စိန်စီထားသော ရွှေလုပ်ငန်းကတ်ပြားများကို အိတ်ကပ်ထဲကထုတ်ပြီး သူတို့ငါးယောက်ကို ဝေပေးလိုက်၏။
သူတို့ အံ့သြမှင်တက်နေကြသော်လည်း ထိုကတ်များကိုတော့ ယူလိုက်ကြဆဲသာ။
"ကိုယ့်လူ.. ငါတို့မိသားစုထဲမှာ မီးမွှေးမယ့်လူတစ်ယောက်ကို လိုအပ်နေတာ။ မင်းကလည်း မီးကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်ဆိုတော့ ငါ့ဆီမှာ အလုပ်လာလျှောက်သင့်တယ်နော်။ ဆုံးဖြတ်ပြီးပြီဆိုရင် ဒီဖုန်းနံပါတ်ကိုခေါ်လိုက်"
"ဒီညီအစ်ကိုကတော့ ရေကို ထိန်းချုပ်နိုင်ပုံရတယ်။ ငါ ကန္တာရတစ်ခုမှာ ရုပ်ရှင်ရိုက်ကွင်းတစ်ခု ထောင်ထားတယ်။ အဲဒီနေရာမှာ ရေရှားနေတာ။ မင်းရဲ့စွမ်းရည်က ထူးခြားတော့ ဟိုနဂါးဘုရင်လိုမျိုး မိုးအတုရွာသွန်းသူအနေနဲ့ အလုပ်လုပ်လို့ရတယ်။ စားစရိတ်နဲ့ သွားလာစရိတ်အပြင် ဒေါ်လာရှစ်ထောင်ပေးမယ်"
"ပြီးတော့ မင်းတို့နှစ်ယောက်ထဲမှာ တစ်ယောက်က မြေကိုထိန်းချုပ်ပြီး နောက်တစ်ယောက်က အပင်ကို ထိန်းချုပ်တာနော်။ မင်းတို့တွေက သဲကန္တာရပြုပြင်ထိန်းသိမ်းရေးကို လုပ်သင့်တယ်။ ကောင်းကောင်းလုပ်ရင် နိုင်ငံတော်ဆုတံဆိပ်တောင် ရမှာနော်"
နောက်ဆုံးအနေနှင့် ကျန်းမုန့်လောင်၏အကြည့်က ကားလ်ဆီသို့ ကျရောက်သွားသည်။
"မင်းကတော့... ဒီလိုခွန်အားမျိုးနဲ့ဆိုတော့ အုတ်ခဲသယ်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို သွားမယ်ဆိုရင် ဆယ်ယောက်စာနေရာကို အစားထိုးလို့ရတယ်။ ဒီလိုဆိုရင် တစ်နှစ်ကို တစ်သန်းအထိ ရှာနိုင်တယ်"
...
"တော်တော့"
ကျန်းမုန့်လောင်၏ ပေါက်ကရစကားများကြောင့် စိတ်ရှုပ်လာသော ကားလ်က ပြန်ပက်လိုက်၏။
"ကျန်းမုန့်လောင်... ငါတို့က မင်းနဲ့ကစားဖို့ ရောက်လာတယ်များ မှတ်နေလား။ မင်း ငါတို့နဲ့အတူ အသာတကြည်လိုက်လာမလား။ ဒါမှမဟုတ် ငါတို့ကပဲ အတင်းခေါ်သွားရမလား"
ကျန်းမုန့်လောင်က ဘာမှပြန်မဖြေဘဲ သူတို့အနောက်ရှိ ကားကို လှမ်းကြည့်လိုက်၏။ ဤသည်မှာ အထူးပြုပြင်ထားသော စစ်တပ်သုံးကားတစ်စီးပင်။ အလွန်ဈေးကြီးပါသော်ငြား သူ့ကားလောက်တော့ သက်သောင့်သက်သာမရှိပေ။
"မင်းတို့ ငါ့ကို ဧည့်သည်အဖြစ် ဖိတ်ချင်တာဆိုရင် ပိုကောင်းတဲ့ ကားတစ်စီးကို ယူလာလို့မရဘူးလား"
ကျန်းမုန့်လောင်က အထွန့်တက်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ကမ္ဘာ့အချမ်းသာဆုံးလူလေ။ မင်းတို့ သန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စီးကို မစီစဉ်နိုင်ရင်တောင် အဆင့်မြင့်မော်ဒယ်လေးတစ်စီးတော့ ဖြစ်သင့်တယ်မလား။ ဒီလိုမာကျောပြီး ထိုင်လို့မကောင်းတဲ့ ကားမျိုးကို မောင်းလာတာတဲ့လာ။ ငါသာ လိပ်ခေါင်းရောဂါဖြစ်ပြီး ဆရာဝန်တွေဘာတွေပြရရင် ဘယ်လိုလုပ်မလ။ ခွဲစိတ်ရရင် ဘယ်လိုလုပ်မလဲ..."
"ပါးစပ်ပိတ်ထား"
"မင်းက ကမ္ဘာ့အချမ်းသာဆုံးလူလို့ ထင်နေသေးတာလား။
ကားလ်က သူ့ကိရိယာလေးကို ဖွင့်ပြလိုက်သည်။
"မင်းတို့ဟွာရှားနိုင်ငံရဲ့ ခံတပ်သိမ်းပိုက်နည်းအပါအဝင် ဗျူဟာ၃၆မျိုးကို ငါသိတယ်။ မင်းက မင်းအနားမှာ အစွမ်းထက်တဲ့ သက်တော်စောင့်တွေရှိနေသလိုလိုနဲ့ တည်ငြိမ်ချင်ယောင်ဆောင်ပြနေတာမလား"
ကားလ်က ထိုကိရိယာပေါ်ရှိ စာများကို ကျန်းမုန့်လောင်အား ပြလိုက်သည်။ ထိုအပေါ်တွင် ဂဏန်းခြောက်လုံးသာ ပြသထားသည်။ တစ်ခုက ၅ဖြစ်ပြီး ကျန်းငါးလုံးမှာ ၁၃မှ ၁၇အထိ အစဉ်လိုက်ရေးသားထားသည်။
"ဒီနေရာမှာ မင်းတစ်ယောက်တည်းပဲရှိတာ။ အရေးမပါတာတွေ လုပ်ပြမနေနဲ့တော့"
"အုန်း!"
ကားလ်က မြေပြင်ပေါ်တွင် ခပ်ကြမ်းကြမ်းခြေဆောင့်လိုက်သဖြင့် မြေမျက်နှာပြင်က အမြန်ကွဲအက်သွားပြီး မီတာအနည်းငယ်အထိ ပြန့်ကျဲသွားသည်။
"ကျန်းမုန့်လောင်.. မင်းကို အရှင်ဖမ်းခဲ့ဖို့သာ အမိန့်ပေးမထားရင် မင်း အခုလို ငါတို့ကို စကားပြောနေနိုင်ဦးမယ်လို့ ထင်လား"
"ကျေးဇူးပြုပြီး... ငါ့မှာ ခွန်အားအမှတ်တွေ နည်းနေလို့သာမဟုတ်ရင် မင်းတို့တွေရော ငါ့ကို စကားပြောနေနိုင်ဦးမယ်လို့ထင်လား"
"နားထောင်.. ငါ မင်းတို့နဲ့ လိုက်ခဲ့မယ်။ ဒါပေမဲ့ ဆယ်သန်းတန်ဇိမ်ခံကားနဲ့ ဒေါ်လာသန်းတစ်ရာတန်ကိုယ်ပိုင်လေယာဉ်နဲ့မှမဟုတ်ရင် မလိုက်ဘူးပဲ"