← Chapters

မင်းတို့ကိရိယာကို သေချာကြည့်လိုက်

Vol. 46 Ch. 678

မင်းတို့ကိရိယာကို သေချာကြည့်လိုက်

Vol. 46 Ch. 678

"သေစမ်း။ ငါတို့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ လာတိုးနေတာပဲ"

သဘာဝလွန်စွမ်းအားရှင်အဖွဲ့အစည်းသို့ ဝင်လာပြီးကတည်းက ကားလ်နှင့် သူ့အသင်းက မစ်ရှင်တချို့ကို ထမ်းဆောင်ခဲ့ပြီးဖြစ်၏။ ယခုလို တစ်စုံတစ်ယောက်ကို ဖမ်းရသည်မှာ သူတို့အတွက်တ့ တစ်ကြိမ်နှစ်ကြိမ်မျှသာ ကြုံဖူးခြင်းမဟုတ်ပေ။

ယခင်တုန်းက သူတို့ကိုမြင်လိုက်သည်နှင့် ကြောက်သေးမပန်းသူဟူ၍ အဘယ်မှာရှိလေသလဲ။ တချို့က ထွက်ပြေးကြပြီး အများစုကတော့ ပြေးဖို့ပင် ခွန်အားမရှိလောက်အောင် ဒူးတုန်နေသည်အထိ ကြောက်ကြသည်။

သို့သော် ယနေ့ကား မတူပေ။ ကျန်းမုန့်လောင်က သူတို့ဆီသို့ တန်းတန်းမတ်မတ်မောင်းလာသည့်အပြင် လျော်ကြေးပင် တောင်းနေသေးသည်။ ယခုလည်း ဇိမ်ခံကား သို့မဟုတ် ကိုယ်ပိုင်လေယာဉ်မပါပါက သူတို့နှင့် မလိုက်ဘူးဟု ပြောနေပြန်သည်။

ငါတို့က မင်းကို ပြန်ပေးဆွဲဖို့ ရောက်လာတာနော်... ညစာစားဖို့ လာဖိတ်တာမဟုတ်ဘူး... ငါတို့ကို နည်းနည်းလောက်တောင် ကြောက်ပြလို့မရဘူးလား... ငါတို့က အကြမ်းဖက်သမားတွေကွ...

"မင်းကိုကြည့်ရတာ ပူးပေါင်းလိုစိတ်မရှိတဲ့ပုံပဲ"

ကားလ်နှင့် သူ့အဖွဲ့လည်း အဆုံးမှာတော့ စိတ်မရှည်ကြတော့ချေ။ ဤလူ့ကို ဖမ်းရခြင်းမှာ အခြားနတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များကို အခါသုံးရာလောက် တိုက်ခိုက်ရသည်ထက် ပိုပင်ပန်းပေသည်။ တိုက်ခိုက်ခြင်းက သူတို့၏ခန္ဓာကိုယ်ကို ပင်ပန်းစေသော်ငြား ကျန်းမုန့်လောင်၏ ပေါက်ကရစကားများကို ရင်ဆိုင်ရခြင်းမှာမူ စိတ်ပိုင်းဆိုင်ရာညှဉှ်းဆဲမှုတစ်ခုပင်။

အစတုန်းက ကျန်းမုန့်လောင်သည် ထိုနိုင်ငံပေါင်း၈၉နိုင်ငံ၏ ဒေါသကို မည်သို့သွားဆွခဲ့သလဲဆိုသည်ကို သူတို့ မသိခဲ့ပေ။ သို့သော် ယခုတော့ နားလည်လိုက်လေပြီ။ စိတ်အရှည်ဆုံးလူပင် ကျန်းမုန့်လောင်လို လူတစ်ယောက်နှင့် စကားပြောလိုက်ရလျှင် ဒေါသထွက်သွားပေလိမ့်မည်။

"အဲဒါတွေ ဂရုမစိုက်ဘူး။ ငါ့တောင်းဆိုချက်ကို မလိုက်လျောသရွေ့ ငါလည်း မင်းတို့နဲ့ မလိုက်ခဲ့ဘူး"

"ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။

"မင်းတို့က လိုက်ခိုင်းတိုင်း လိုက်လာရအောင် ငါ့မှာလည်း သိက္ခာရှိသေးတယ်"

"ဒါဆို လက်ပါရတော့မှာမို့ ငါတို့ကို အဆိုးမဆိုနဲ့။ မင်းကို အရှင်ဖမ်းခဲ့ဖို့ပဲ အမိန့်ပေးထားတာ။ ဒုက္ခတိမဖြစ်စေရဘူးလို့ မပြောလိုက်ဘူး။ မင်း..."

"ပင်လယ်ရေ သောက်လို့မကုန်ပါ...

လောဘက မင်းကိုဝါးမျိုမသွားစေနဲ့...

ရိုးသားစွာ စကားဆိုပါ...

ပင်လယ်ရေဟာ သောက်လို့မကုန်ပါလေ...

အပြောတွေကို ရပ်လိုက်ပါ....

လက်တုံ့ပြန်ဖို့ မင်းကိုအခွင့်အ‌ရေး မပေးသေးဘူး....

လူစုခွဲလိုက်ကြစို့"

သူတို့ လှုပ်ရှားကြတော့မည့်အချိန်မှာပင် ကျန်းမုန့်လောင်၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။

"ခဏလေး ငါ ဖုန်းကိုင်လိုက်ဦးမယ်"

ကျန်းမုန့်‌လောင်က ဤသို့ပြောပြီးနောက် သူတို့အား ခွန်းတုံ့ပြန်ရန် အခွင့်အရေးမပေးပါဘဲ ဖုန်းကိုင်လိုက်သည်။

"သတိထားနော်။ သူ တပ်ကူခေါ်နေတာဖြစ်နိုင်တယ်"

အခြားလူများက သတိကြီးကြီးထားလျက် ပြောလိုက်သည်။

"ဟမ့်! ခေါ်ချင်လည်းခေါ်ပါစေပေါ့။ ဘာထူးသွားမှာမို့လို့လဲ"

ကားဘ်က ပြောလိုက်၏။

"ဒီတစ်ခေါက် ငါတို့တွေက သေချာပြင်ဆင်လာတာ။ သူ့ဘာသာ ဟွာရှားသိုင်းနတ်ဘုရားကို ခေါ်လာရင်တောင် ဒီနေ့တော့ လွတ်နိုင်မှာမဟုတ်ဘူး"

"ဟားဟားဟား... ဖုန်းခေါ်ပါစေ။ အပြောကြီးတဲ့ သူ့လိုလူမျိုးတွေက မျှော်လင့်ချက်ပျက်စီးတဲ့ အတွေ့အကြုံကို ခံစားဖူးမှနားလည်မှာ။ အဲဒီအခါကျမှ လိမ္မာသွားလိမ့်မယ်"

"မိနစ်ပိုင်းလောက်လေး စောင့်လိုက်ရုံနဲ့ ဘာမှဖြစ်မသွားပါဘူး"

...

"ငါ့ကောင်မလေး ဖုန်းဆက်တာလေ"

ကျန်းမုန့်လောင်က သူ့ဖုန်းကို လက်ညှိုးထိုးပြပြီးနောက် နှုတ်ခမ်းလှုပ်ရုံမျှ ပြောလိုက်လေသည်။

သူတို့ငါးယောက်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့ ဘာမှားသွားလို့လဲ...

သူတို့ခမျာ ကျန်းမုန့်လောင်၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို သည်းခံရရုံသာမက သူ့အချစ်ရေးကိစ္စများကိုပါ နားထောင်ပေးနေရသည်။

"ငါ့ကိုလာမတားနဲ့။ ငါ သူ့ကိုသတ်ပစ်မယ်"

စီယက်ဟုခေါ်သော ဆံနီအမျိုးသားက စိတ်အစဉ်ပြိုလဲလုနီးပါးပင်။

"စိတ်လိုက်မာန်ပါမလုပ်နဲ့"

ကားလ်က ပြောလိုက်သည်။

"သူက ငါတို့ကို ရန်စဖို့ကြိုးစားနေတာဖြစ်နိုင်တယ်။ မှတ်ထားနော်။ ကျန်းမုန့်လောင်က တိုက်လေယာဉ်တစ်တပ်လုံးကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတယ်"

ကားလ်က ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"သူက အဆင့်ငါးသိုင်းပညာရှင်တစ်ယောက်ပဲဟာကို။ သူ့မှာ အထူးကိရိယာတွေရှိတယ်ဆိုရင်တောင်မှ ငါတို့ကို ဘာမှမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့မှာခုခံရေးကိရိယာ ဒါမှမဟုတ် လက်နက်တွေ ရှိနေနိုင်တယ်။ ငါတို့သာ ဒေါသကြောင့် သတိလွတ်သွားရင် ငါတို့ပဲခံရမှာ"

ထိုအခါမှသာ ကားလ်တစ်‌‌ယောက် ဘာကြောင့်သည်းခံနေရသလဲဆိုသည်ကို စီယက်လည်း သဘောပေါက်လိုက်တော့သည်။ သူသည် ဤအချက်ကို စိုးရိမ်‌နေခြင်းပင်။

သူတို့သည် မစ်ရှင်တစ်ခု ပြုလုပ်နေစဉ်အတွင်း သူတို့ထက် အင်အားနည်းသော စိတ်စွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ သို့သော် သူ့ထံတွင် ထူးခြားစွမ်းအင်ဖြင့်ပြုလုပ်ထားသော လက်နက်တစ်ခုရှိ၏။ အနီးကပ်တိုက်ခိုက်ရာတွင် ရန်သူသည် ဤလက်နက်ကိုရုတ်တရက်အသုံးချလိုက်သဖြင့် သူတို့၏လုပ်ဖော်ကိုင်ဖက်တစ်ယောက် နေရာမှာတင် အသက်ပျောက်သွားရသည်။

ကျန်းမုန့်လောင်တွင် အရန်အစီအစဉ်တစ်ခုမရှိပါက အဘယ်ကြောင့်များ ဤမျှအထိ တည်ငြိမ်နေနိုင်မည်နည်း။ ထို့ကြောင့် ကားလ်၏ ဝေဖန်သုံးသပ်မှုမှာ အဓိပ္ပါယ်ရှိသည်။

ထို့ပြင် ဖုန်းတစ်ခါခေါ်ရုံမျှဖြင့် အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ကားလ်ပြောသလို သူတို့သည် ဤတစ်ခေါက်တွင် သေချာပြင်ဆင်လာခဲ့ခြင်းဖြစ်၏။

တောင်အာဖရိကရှိ စိတ်စွမ်းအားရှင်များကလည်း သူတို့ဘက်တွင်ရှိသည်။ ကျန်းမုန့်လောင်အနေနှင့် ဘာအကူအညီမှ ရမည်မဟုတ်ပေ။ အကယ်၍ ရခဲ့လျှင်ပင် နိဗ္ဗာန်ကျွန်းပေါ်ရှိ အစွမ်းထက်လှသော အရှေ့တိုင်းသားများက ထင်မှတ်မထားသော အခြေအနေများအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။

"‌ဪ ဘယ်လိုအခြေအနေရှိလဲ။ မင်းတို့တွေ ဟိုတယ်ကို ရောက်ပြီလား"

ကျန်းမုန့်လောင်က သူတို့ကို စိတ်ရှုပ်အောင်လုပ်ဖို့အတွက် စပီကာဖွင့်ထားပုံရသည်။

"ဟုတ်တယ်။ ငါတို့ ဟိုတယ်ကိုရောက်နေပြီ။ ဒီည ဘာစားရမလဲလို့ စဉ်းစားနေတာ"

"မုန့်လောင်/အစ်ကို အဆင်ပြေရဲ့လား"

စကားအနည်းငယ်ပြောပြီးသည်နှင့် ကျန်းမုန့်လောင်၏ စီနီယာအစ်ကိုအစ်မများက စိုးရိမ်တကြီး‌ မေးလာလေသည်။

"ဘာဖြစ်လို့လဲ။ ကျွန်တော် ဘာဒုက္ခများစရာရှိလို့လဲ"

"မုန့်လောင် မင်းက အရမ်းစိတ်မြန်တာပဲ။ သူတို့က အကြမ်းဖက်သမားတွေနော်။ ငါတို့တွေထွက်ပြေးနိုင်ဖို့အတွက်နဲ့ ကိုယ့်အသက်ကိုယ် ဘာလို့စွန့်စားရတာလဲ"

"ငါသိပြီ။ မင်းကို အချိန်ပြည့်ကာကွယ်ပေးနေတဲ့ သက်တော်‌စောင့်တွေ ရှိသေးတယ်မလား။ သူတို့တွေကို မင်း ရှင်းပစ်လိုက်ပြီလား"

"မရှင်းရသေးဘူး"

ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"အခု သူတို့က ကျွန်တော့်ကိုဝိုင်းထားတာ။ သူတို့တွေက ကျွန်တော့်ကိုအရှင်ဖမ်းပြီး ပြန်ခေါ်သွားမလိုတဲ့"

"ဘာ"

"မုန့်လောင် မင်း... ငါ အခုချက်ချင်း ရဲခေါ်လိုက်မယ်"

"အသုံးမဝင်ပါဘူး။ ကျွန်တော် ခေါ်ထားပြီးပြီ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့အသက်တွေကို ဂရုမစိုက်သလိုမျိုး အရေးမလုပ်ဘူးလေ။ ဒီလာမီနီနဲ့ ဂရေ့ဗ်လည်း ဖုန်းမကိုင်ဘူး။ သူတို့လည်း ပါဝင်ပတ်သက်‌နေလိမ့်မယ်လို့ သံသယဖြစ်မိတယ်"

"မုန့်လောင် မင်း...."

"မုန့်လောင်.. ဘယ်တော့ပြန်လာမှာလဲ။ ညစာအတူစားဖို့ စောင့်နေရမလား"

စိုးရိမ်ပူပန်နေသော အခြားလူများနှင့်မတူဘဲ လုရီယောင်၏အသံမှာ မူမမှန်စွာ တည်ငြိမ်နေသည်။ မသိလျှင် ကျန်းမုန့်လောင်က ပြန်ပေးဆွဲခံလိုက်ရခြင်းမဟုတ်ဘဲ အလည်အပတ်သွားနေသည့်အလားပင်။

"ငါပြန်လာဖြစ်မှာမဟုတ်‌လောက်ဘူး။ ဒီနေ့တော့ ငါ့အတွက် ညစာချန်မထားနဲ့။ မနက်ဖြန်ကျမှ တွေ့ကြမယ်"

"ကောင်းပြီလေ။ ဒါဆို ငါတို့စားနှင့်လိုက်မယ်။ ငါတို့ ဒီည သင်္ဘောဆိပ်ကိုသွားမလို့။ မနက်ဖြန်ကျရင် ငါတို့စီနီယာတွေကို ရွှေတွင်းနဲ့ စိန်တွင်းတွေကို လိုက်ပြလိုက်ဦးမယ်။ ငါလည်း မမြင်ဖူးသေးဘူး"

"ကောင်းသားပဲ။ ဟုန်းရီကို စီစဉ်ခိုင်းလိုက်လေ။ ငါ သွားရတော့မယ်။ ချစ်တယ်နော် မွ"

"မွ"

"..."

ရွှေအိုရောင်ဆံပင်ပိုင်ရှင် လူသတ်သမား : "..."

အစိမ်းရောင်ဆံပင်ပိုင်ရှင် လူသတ်သမား : "..."

အပြာရောင်ဆံပင်ပိုင်ရှင် လူသတ်သမား : "..."

အနီရောင်ဆံပင်ပိုင်ရှင် လူသတ်သမား : "..."

ထိပ်ပြောင်လူသတ်သမား : "ငါတို့စော်ကားခံလိုက်ရတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်"

"ကောင်းပြီ။ ကျန်းမုန့်လောင်.. မင်း ဖုန်းပြောလို့ပြီးပြီဆိုတော့ ငါတို့နဲ့ လိုက်ခဲ့လို့ရပြီလား"

"ငါမပြောဘူးလား။ ဇိမ်ခံကားနဲ့ ကိုယ်ပိုင်လေယာဉ်သာ မပါဘူးဆိုရင် မင်းတို့နဲ့မလိုက်ဘူးလို့။ အတင်းအကျပ်ခေါ်သွားမယ်ဆိုရင်လည်း စမ်းကြည့်လေ"

ကျန်းမုန့်လောင်က လက်ချောင်းကို ကွေးလိုက်လေသည်။

"ခုနတုန်းက မင်းတို့လုပ်ပြလိုက်တဲ့ အကွက်က သိပ်မမိုက်သေးဘူး။ မင်းတို့က ငါ့ကို သာမန်လူတစ်ယောက်လို့ ထင်နေတာလား။ လာလေ။ ငါ့မှာ နာမည်ပြောင်တစ်ခုရှိသေးတယ်။ ခုနစ်ယောက်တစ်ယောက်ယှဉ်မဲ့ အူချီဟာတဲ့"

"အပြောကြီးလိုက်တာ"

"ငတုံး..မင်းက အဆင့်ငါးသိုင်းပညာရှင်ဆိုတာနဲ့ပဲ ငါတို့ကို ပြန်တိုက်နိုင်မယ်များ ထင်နေတာလား"

"ဟားဟားဟား.. ဒီကိရိယာကိုသိလား။ ဒါက လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးခွန်အားကို အာရုံခံလို့ရတယ်။ မင်းက တိုက်ခိုက်ရေးစွမ်းအားငါးမှတ်ပဲရှိတဲ့ အမှိုက်တစ်စပဲ။ ငါတို့ထဲက အားအနည်းဆုံးလူတောင်မှ ဆယ့်လေးမှတ်ရှိတယ်"

"အဲလိုလား။ ဒါဆို မင်းတို့ရဲ့ကိရိယာကို ပြန်ဖွင့်ပြီး သေချာကြည့်လိုက်ပါဦး"

တစ်စုံတစ်ခုမှားယွင်းနေကြောင်း လူတိုင်း သတိထားမိလိုက်သည်။ ကျန်းမုန့်လောင်က သူထုတ်လွှတ်နေသော စွမ်းအင်ပြင်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းမျိုးလေလား။

"တီ တီ တီ"

ကိရိယာပေါ်ရှိ ကိန်းဂဏန်းများမှာ ရုတ်ခြည်း မြင့်တက်သွားလေသည်။

၅မှတ်၊ ၆မှတ်၊ ၇မှတ်...

အဆုံးတွင်မူ ၁၅မှတ်၌ ရပ်တန့်သွားသည်။

"တွေ့လား။ ငါ့ကို အမှိုက်လို့ထင်သေးလား"

ကျန်းမုန့်လောင်က လှောင်ပြောင်‌ထေ့ငေါ့ဟန်ဖြင့် ရယ်လိုက်လေသည်။

"ဟားဟားဟား"

ထိုလူများမှာ အကြည့်ချင်းဖလှယ်၍ အားရပါးရ ဟားတိုက်ရယ်မောကြလေတော့သည်။

ကျန်းမုန့်လောင်က အစကတည်းက မကြောက်ခဲ့သည်မှာ မဆန်းပါချေ။ သူသည်ညသူ့ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်၏။

စွမ်းအင်ပြင်းအား၁၅မှတ်ဆိုသည်မှာ အဆင့်ငါးသိုင်းပညာရှင်တစ်ယောက်နဲ့ ညီမျှပြီး သူ့အသက်အရွယ်ဖြင့် ဤအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ အလွန်ရှားပါးလှလေရာ ဒုတိယကမ္ဘာတစ်ခုလုံးတွင် သူ့စိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်းရှိနေပေသည်။

သို့သော် သူတို့အတွက်တော့ ဤပမာဏက အားနည်းနေဆဲသာ။

"ဒါကမင်းရဲ့ဝှက်ဖဲကိုး ဟားဟားဟား"

"မင်းက တကယ်အစွမ်းထက်တယ်လို့ ငါထင်နေတာ"

"ဆောရီးပဲ။ ငါတို့ငါးယောက်ထဲမှာ သုံးယောက်က မင်းထက်ပိုစွမ်းတယ်"

All Chapters