မင်းရဲ့မီးလုံးက သိပ်မကြီးသေးဘူး
Vol. 46 Ch. 679
"သူ့ကို စကားတွေ အပိုပြောနေစရာဘာလိုလဲ။ သူက ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်ဆိုတော့ သတ်ရတာ သိပ်လွယ်မှာမဟုတ်ဘူး။ စောစောက အဓိပ္ပာယ်မရှိတဲ့ သူ့ပေါက်တတ်ကရစကားတွေကို နားထောင်ပြီး ငါ တော်တော်ဒေါသထွက်နေတာ။ အရင်ဆုံး ငါပဲ သူ့ကို ဆုံးမလိုက်မယ်"
ကားလ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အဆင့်ခုနစ်စိတ်စွမ်းအားရှင်တစ်ယောက်၏ ခွန်အားမှာ တောင်တန်းငယ်တစ်ခုကိုပင် လက်သီးတစ်ချက်တည်းနှင့် ရိုက်ခွဲနိုင်စွမ်းရှိသည်။
"ခေါင်းဆောင်...သူ့ကို သတ်မပစ်နဲ့ဦးနော်။ ကျွန်တော်တို့ ပျော်ပါးရဦးမယ်"
"ဟုတ်ပါတယ် ခေါင်းဆောင်...သူ့အသက်ကိုတော့ ချန်ထားပေးပါဦး"
"သိပြီ"
ကားလ်က လည်ကုပ်ကို တစ်ချက်အကြောဖြေကာ ရက်စက်လှသောအပြုံးဖြင့် ပြောလိုက်၏။
"ငါတို့နဲ့ အသာတကြည်လိုက်ခဲ့။ ဒီလိုဒုက္ခခံနေစရာမလိုဘူး။ ဒါပေမဲ့ မင်းက အတင်းငြင်းနေတယ်ဆိုရင်တော့ ငါတို့ကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
ကားလ်၏ လက်သီးက ကြယ်တံခွန်တစ်ခုအလား လျင်မြန်လှပြီး ကျန်းမုန့်လောင်၏ ရင်ဘတ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ ထိုခွန်အားနှင့် အရှိန်အတိုင်းဆိုလျှင် တုံ့ပြန်ရန် အချိန်ပင်မရနိုင်ပေ။
"ဝဇီရာပြိုင်ဘက်ကင်းစွမ်းရည်"
ကျန်းမုန့်လောင်၏အရေပြားက ရွှေအိုရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး များပြားသိပ်သည်းလှသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။
"ခွပ်"
စွမ်းအားရှင်မဟာမိတ်များအဖွဲ့ထဲရှိ အဖွဲသားများအတွက်မူ ဤလက်သီးချက်က ကျန်းမုန့်လောင်ကို အထိနာစေလိမ့်မည်ဟု ထင်ထားကြသည်။ သူ့အသက်ကို မနှုတ်နိုင်လျှင်ပင် အနည်းဆုံးတော့ သေလုမတတ်ဖြစ်သွားလိမ့်မည်ဟု တွေးထားကြသည်။
စိတ်စွမ်းအားရှင်များက သာမန်လူများထက် အဆပေါင်းများစွာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ကြသည်။ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်တစ်ယောက်က တစ်စက္ကန့်အတွင်း မီတာတစ်ရာကျော်အထိ ပြေးနိုင်ပြီး သူတို့၏လက်သီးချက်ခွန်အားက တန်နှင့်ချီ၍ တိုင်းတာရသည်။ ၎င်းမှာ သာမန်စိတ်စွမ်းအားရှင်များ၏ ခွန်အားပင်။
သို့သော် ကားလ်ကဲ့သို့ စွမ်းအင်ကို အထူးပြုထားသည့် စိတ်စွမ်းအားရှင်တစ်ယောက်အတွက်မူ သူ့ခွန်အားက သာမန်စိတ်စွမ်းအားရှင်များထက် ဆယ်ဆမက သာလွန်ပေသည်။ အကယ်၍ အဖွဲ့ထဲရှိ အခြားတစ်ယောက်ကသာ ဤလက်သီးချက်ကို ခံလိုက်ရပါက ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားနိုင်သည်။
သို့သော် သူတို့ထင်ထားသည့် သွေးသံတရဲရဲမြင်ကွင်းမျိုး ဖြစ်မလာခဲ့ပေ။ ကျန်းမုန့်လောင်က တစ်ချက်မျှပင် ယိုင်မသွားပါချေ။ ကားလ်၏လက်သီးချက်က ကျန်းမုန့်လောင်၏ရင်ဘတ်ကို ထိမှန်သွားချိန်ဝယ် သတ္တုချင်းရိုက်ခတ်မိသော အသံတစ်သံ ထွက်ပေါ်လာသည်။
ကားလ်၏လက်သီးချက်က အသားများပြည့်နှက်နေသော ခန္ဓာကိုယ်ထက်သို့ ကျရောက်မသွားဘဲ သံမဏိမြို့ရိုးကြီးတစ်ခုကို ထိုးလိုက်မိသလိုပင်။
ကားလ်၏လက်သီးဆုပ်မှာ အနည်းငယ်တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံးလည်း နီမြန်းသွားကာ ပြင်းထန်လှသော နာကျင်မှုကြောင့် ချွေးစက်များက သူ့နဖူးထက်မှ ပုတီးစေ့များအလား ဆက်တိုက်စီးကျနေချေသည်။
ထိုလက်သီးချက်တွင် သူ့ခွန်အားခြောက်ဆယ်ရာခိုင်နှုန်းကို ထုတ်သုံးထားခြင်းဖြစ်၏။ ဤခွန်အားမှာ သာမန်အဆင့်ခုနစ်စိတ်စွမ်းအားရှင်တစ်ယောက်၏စွမ်းအားထက် အဆပေါင်းများစွာ ပိုသာပေသည်။ သက်ရောက်မှုနှင့် တစ်ထပ်တည်းညီမျှသော တန်ပြန်သက်ရောက်မှုကြောင့် သူ့လက်သီးကား ကွဲအက်တော့မတတ် နာကျင်နေချေသည်။
"အားထည့်စမ်းပါဦး။ မင်း ဘာမှမစားထားဘူးလား"
ကျန်းမုန့်လောင်က သူ့အား မော့ကြည့်ပြီး ပြုံးပြလိုက်သည်။
"မင်းက ဒါနဲ့များ ကိုယ့်ကိုယ်ကိုယ် စွမ်းလှပြီထင်နေတာလား။ ဒီလောက်ပဲစွမ်းတာလား"
"မင်းက သိုင်းပညာရှင်တင်မကဘဲ စိတ်စွမ်းအားရှင်ပါ ဖြစ်နေတာလား"
ကျန်းမုန့်လောင်၏ ရွှေရောင်အသားအရေကိုကြည့်ပြီး ကားလ် အံ့ဩသွားပေသည်။ သတ္တုဒြပ်စင်စိတ်စွမ်းအားရှင်များကသာ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် သတ္တုဒြပ်စင်များကို စုစည်းနိုင်ပြီး အလွန်ပြင်းထန်လှသော တိုက်ခိုက်မှုများနှင့် ခုခံနိုင်စွမ်းတို့ကို ရရှိနိုင်သည်။
"ဘာစိတ်စွမ်းအားရှင်လဲ။ ဒါကို ဝဇီရာပြိုင်ဘက်ကင်းစွမ်းရည်လို့ ခေါ်တယ်။ ဒါက ဟွာရှားနိုင်ငံရဲ့ သိုင်းပညာတစ်မျိုးပဲ။ ပြိုင်ဘက်ကင်းလူမိုက်ကုစန်းထုံအကြောင်း ကြားဖူးလား။ မကြားဖူးရင် 'ကမ္ဘာ့အကြီးမြတ်ဆုံး"ဆိုတဲ့ တီဗီဇာတ်လမ်းတွဲကို သွားကြည့်လိုက်"
"မာန်တက်မနေနဲ့"
ကားလ်က သူ့ခွန်အားကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်။ နောက်ထပ်လက်သီးတစ်ချက်ကလည်း ကျန်းမုန့်လောင်၏ ပါးပြင်ထက်သို့ အကြမ်းပတမ်းကျရောက်လာသည်။
"ခွပ်"
သို့တိုင် ကျယ်လောင်လှစွာသော အသံတစ်သံ ထွက်ပေါ်လာဆဲသာ။ ကျန်းမုန့်လောင်ကတော့ တုတ်တုတ်မျှမလှုပ်ပေ။
"မင်းက တကယ်ရောတိုက်ခိုက်တတ်ရဲ့လား။ အစာမစားတာ ဘယ်နှရက်လောက်ရှိပြီလဲ။ လက်သီးလေးတစ်ချက်တောင် ကောင်းကောင်းမထိုးတတ်ဘူးပေါ့။ ဒါနဲ့များ ဒုစရိုက်ဂိုဏ်းထဲကို ဝင်ဦးမယ်ပေါ့"
"မဖြစ်နိုင်တာ"
ကားလ်ခမျာ အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ကျန်းမုန့်လောင်က သတ္တုဒြပ်စင်စိတ်စွမ်းအားရှင် ဖြစ်နေလျှင်ပင် သူတို့ကြားတွင် အဆင့်နှစ်ဆင့်ကွာခြားပေသည်။ ပြင်းထန်လှသော ဤရိုက်ချက်ကို ဘေးမသီရန်မခံခံနိုင်ရည်ရှိစရာ အကြောင်းမရှိပေ။
"ငါ့အစွမ်းကို ပြရသေးတာပေါ့"
ကျန်းမုန့်လောင်က သူ့လက်သီးကို မြှောက်လိုက်သည်။
"သဲအိတ်လောက်ကြီးတဲ့ လက်သီးကို မြင်ဖူးလား"
"ပက်ဂါဆပ်စ်ကြယ်ပျံလက်သီး"
ထိုအခိုက်အတန့်တွင် ကားလ်ခမျာ သေစေနိုင်လောက်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ယှက်ကာ သူ့ပါးပြင်ကို ကာထားလိုက်သည်။
တစ်ချိန်တည်းမှာပင် အရိုးခိုက်လုမတတ် နာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်မှာ လက်သီးချက်ရာပေါင်းများစွာဖြင့် ထိုးနှက်ခံလိုက်ရသည့်အလားပင်။ သ့ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး အရိုးများလည်း ကျိုးကြေသွားကာ သွေးအန်၍ လွင့်ထွက်သွားလေတော့သည်။
သူ့စွမ်းအင်ပြင်းအားက ၁၅မျှသာ ရှိသည်မဟုတ်လော။ ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို မည်သို့ပိုင်ဆိုင်ထားသလဲ။
"ဂျွတ်"
ကားလ်ခမျာ အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး အရိုးများအားလုံး ကျိုးကြေကုန်သည်။ ထို့ကြောင့် နည်းနည်းမျှပင် မလှုပ်ရှားနိုင်တော့ပေ။ စိတ်စွမ်းအားရှင်တစ်ယောက်၏ အသက်ဓာတ်ပြင်းထန်မှုကြောင့်သာ မဟုတ်ပါက ယခုလောက်ဆိုလျှင် သူသေနေပြီဖြစ်၏။
"မဖြစ်နိုင်တာ.. မင်းက ဒီလောက်တောင် အားပျော့တာလား။ ငါကဖြင့် စတောင်မစရသေးဘူး"
ကျန်းမုန့်လောင်က သူ့လက်သီးကို လေမှုတ်လိုက်သည်။
"ငါ့မှာ ထုတ်မပြရသေးတဲ့ အကွက်တွေရှိသေးတယ်"
"သူက သာမန်စိတ်စွမ်းအားရှင်မဟုတ်ဘူး။ အကုန်လုံး တစ်ခါတည်းတိုက်ိခိုက်ကြ"
ကျန်လေးယောက်လည်း သဘောပေါက်သွားကြသည်။ ကျန်းမုန့်လောင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုသာ ယခုအထိ မသိသေးပါက ဦးနှောက်ပျက်နေခြင်းပင် ဖြစ်ရမည်။
အချင်းတစ်မီတာကျော်ရှိသော မီးတောက်လုံးကြီးတစ်ခုက ခြစ်ခြစ်တောက်ပူလှသော အပူချိန်ဖြင့် ကျန်းမုန့်လောင်ဆီသို့ အပြင်းနှင်လာသည်။
"ကိုယ့်လူ.. မင်းရဲ့မီးလုံးက နည်းနည်းသေးနေသေးတယ်'
ကျန်းမုန့်လောင်လည်း တီးတိုးရေရွတ်လိုက်၏။
"မီးနဲ့ကစားတာက ဘယ်လိုလဲဆိုတာ ပြရသေးတာပေါ့။ လွတ်မြောက်ရေးကတ် ကာ ဒို ကိုး နာအို ကျီ ဇစ်"
ကျန်းမုန့်လောင်၏ပါးစပ်ထဲမှ မိးတောက်ကြီးတစ်လုံး ထွက်ပေါ်လာပြီး အချင်းငါးမီတာကျော်ရှိသော မီးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ဆံနီစိတ်စွမ်းအားရှင်၏ မီးလုံးကြီးမှာ ချက်ချင်းဝါးမျိုခံလိုက်ရသော်ငြား ကျန်းမုန့်လောင်၏ မဟာမီးတောက်အတတ်ကတော့ အားနည်းသွားခြင်းမရှိချေ။
"သူ့ကိုတားထားကြ"
အပြာရောင်ဆံပင်ပိုင်ရှင်စိတ်စွမ်းအားရှင်က အရှေ့တွင် ရေခဲနံရံတစ်ခုကို ချက်ချင်းဖန်ဆင်းလိုက်လေရာ ထိုနေရာတစ်ဝိုက်တွင် ရေနွေးငွေ့များဖြင့် ပြည့်နှက်သွားသည်။
"မကောင်းတော့ဘူး။ သူ့စွမ်းအားက အရမ်းသန်မာလွန်းတယ်။ ငါ့ကိုကူညီကြဦး"
ကျန်စိတ်စွမ်းအားရှင်နှစ်ယောက်ကလည်း သူတို့၏စွမ်းအားများကို အသက်သွင်းပြီးနောက် မြေပထဝီတံတိုင်းကြီးတစ်ခုနှင့် အပင်နံရံကြီးတစ်ခုကို ဖန်ဆင်းလိုက်ကြသည်။
"အုန်း"
ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြေပြင်ထက်တွင် မှိုပွင့်သဏ္ဌာန် တိမ်တိုက်ကြီးတစ်ခု ဖြစ်တည်လာသည်။
"သူက ဘယ်လိုလုပ်ပြီး စွမ်းအင်နှစ်မျိုးကိုတောင် သုံးနိုင်ရတာလဲ"
သူတို့ခမျာ တစ်ဖက်လူ၏မဟာမီးတောက်ကျင့်စဉ်ကို မနည်းခုခံနေရသည့်ကြားက ကျန်းမုန့်လောင်က သူ့တိုကို အလန့်တကြားဖြစ်အောင် လုပ်လိုက်ပြန်သည်။
လူတစ်ယောက်က အထူးစွမ်းရည်နှစ်မျိုးကို ပိုင်ဆိုင်နိုင်ခြင်းမရှိကြောင်း ဒုတိယကမ္ဘာတစ်ခုလုံး သိထားကြသည်။ ဒြပ်စင်အမျိုးအစားနှစ်ခု၏ စွမ်းရည်နှစ်မျိုးကို ငယ်စဉ်ကတည်းက ပိုင်ဆိုင်ထားပါက ခန္ဓာကိုယ်က လက်မခံနိုင်ဘဲ ပေါက်ကွဲသွားစေနိုင်သည်။
သို့တိုင် ကျန်းမုန့်လောင်ကတော့ သတ္တုစွမ်းအင်ကို ထုတ်သုံးနိုင်ရုံသာမက မီးတောက်ကိုပါ မှုတ်ထုတ်နိုင်သည်။
"ဟူး... နည်းနည်းပူလာသလားလို့"
ကျန်းမုန့်လောင်က လက်ဖြင့် ယပ်ခတ်နေလေရာ ပတ်ဝန်းကျင်ရှိ အပူချိန်ကလည်း ချက်ချင်းပြန်ကျသွားသည်။
"သူက အပူချိန်ကိုတောင် ထိန်းချုပ်နိုင်တယ်"
"သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"
"မဆိုးဘူး။ ငါ့ရဲ့မဟာမီးတောက်ကျင့်စဉ်ကိုတောင် တားဆီးနိုင်တယ်။ ဒီတစ်ခုဆိုရင်ရော ဘယ်လိုလဲ"
ကျန်းမုန့်လောင်လည်း လက်ဟန်ပြုလိုက်လေသည်။
"ရေစွမ်းအင်.. ရေနဂါးကျည်တောင့် နာအိုကျီဇစ်"
"ဗွမ်းဗွမ်း"
လမ်းမကြီးဘေးရှိ ရေကန်အတုထဲမှ ဝဲဂယက်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး မီတာနှစ်ဆယ်ကျော်မြင့်သော ရေနဂါးကြီးတစ်ကောင်က ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ အေးစက်လှသော အပူချိန်ကြောင့် ထိုရေနဂါးကြီးမှာ ရေခဲနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။
"မိုကာမိုတို.. ရှီကျီဇစ်ချီခိုင်ရီကော့တန်"
လမ်းဘေးရှိ ပရုတ်ပင်ကြီးတစ်ပင်က ရုတ်ခြည်းပင် အဆမတန်ကြီးထွားလာပြီး မီတာနှစ်ဆယ်ခန့်ရှိသော သစ်သားနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် လက်သည်းခြေသည်းများကို ယက်ကန်ယက်ကန်လုပ်ရင်း ကျန်းမုန့်လောင်ဘေးတွင် ရစ်ခွေနေချေသည်။ ဤမြင်ကွင်းမှာ အမြင်အားဖြင့် ထိတ်လန့်ဖွယ်ကောင်းပြီး စိတ်ပိုင်းဆိုင်ရာအရ ဖိအားကြီးမားလှသည်။
"သူက သူ့ခွန်အားကို ဖုံးထားတာပဲ။ သူ့စွမ်းအင်ပြင်းအားက ၁၅ယူနစ်ထက် ပိုတယ်"
ထိုအခိုက်ဝယ် ထိုစွမ်အားရှင်မဟာမိတ်အဖွဲ့ထဲမှ အဖွဲ့သားငါးယောက်မှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
တိုင်းတာရေးကိရိယာများက ကျန်းမုန့်လောင်၏ စွမ်းအင်ပြင်းအားကို ၁၅ယူနစ်ဟု ပြနေဆဲဖြစ်သော်ငြား ကျန်းမုန့်လောင်၏ စွမ်းအင်အရည်အသွေးနှင့် စွမ်းအင်ပမာဏမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း ခံစားမိသည်။
စွမ်းအင်ငါးမျိုးစလုံးကို ပိုင်ဆိုင်ထားသည့် မကောင်းဆိုးဝါးတစ်ယောက်နှင့် ရင်ဆိုင်ရရာဝယ် သူတို့အနေနှင့် မည်သို့တိုက်ခိုက်နိုင်တော့မည်နည်း။ ဒဏ္ဌာရီလာအဆင့်ကို တက်လှမ်းထားနိုင်သူများမှာ သူ့ကို အံတုနိုင်လောက်သည်။
"သစ်သားဒိုင်း.. ခမ်းနားထည်ဝါတဲ့ဆိုဖာကျင့်စဉ်"
ကျန်းမုန့်လောင်က နောက်ထပ်လက်ဟန်တစ်မျိုး လုပ်လိုက်လေရာ လမ်းဘေးရှိ အပင်ငယ်လေးတစ်ပင်က သစ်သားထိုင်ခုံတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူ့တင်ပါးအောက်သိ့ ရောက်လာလေသည်။
သူလည်း ထိုထိုင်ခုံပေါ်တွင် ထိုင်ျခလိုက်ပြီးနောက် သူတို့အား အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"မင်းတို့သိကြလား။ ပြန်ပေးဆွဲမယ်ဆိုရင်လည်း ဒီထက်ပိုပြီး ကျွမ်းကျင်အောင်လုပ်ပါ့လား။ နိုင်ငံပေါင်း၈၉နိုင်ငံက စုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သာမန်လူမိုက်လေးတွေကိုတောင် မယှဉ်နိုင်ဘူးတဲ့။ ငါတော့ မင်းတို့အစား ရှက်လိုက်တာ။ ငါကတော့ မင်းတို့နဲ့ လိုက်ပေးချင်ပေမဲ့ ငါ့ခွန်အားက ခွင့်မပြုဘူးဖြစ်နေတယ်"