မင်းတို့ကသာ ငါ့ဆီမှာ အဝိုင်းခံထားရတာ
Vol. 46 Ch. 680
"ကြည့်လိုက်.. ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ငါ့ကိုမနိုင်ပါဘူး။ ကဲ.. အခု ငါ မင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်"
ကျန်းမုန့်လောင်က ကမ်းလှမ်းလိုက်သည်။
"ပထမဆုံးရွေးချယ်စရာက ငါ့ပိုင်ဆိုင်မှုကို ဖျက်ဆီးခဲ့တာနဲ့ စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက် လျော်ကြေးအမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံပေးလိုက်။ ဒုတိယတစ်ခုကတော့ ငါ့ကို ဇိမ်ခံကား ဒါမှမဟုတ် ကိုယ်ပိုင်လေယာဉ်နဲ့ လာခေါ်လှည့်"
ကောင်းကင်ထက်ရှိ ဒြပ်စင်နဂါးနှစ်ကောင်က ပတ်ချာလည်ပျံသန်းနေပြီး ထိုနဂါးနှစ်ကောင် ပြိုလဲမသွားစေရန် ကာကွယ်ဖို့အတွက် မည်မျှများပြားသော စွမ်းအင်ပမာဏကို လိုအပ်မလဲဆိုသည်ကိုပင် ခန့်မှန်း၍မရချေ။
ဆံနီစိတ်စွမ်းအားရှင်က ဆေးပုလင်းတစ်လုံးကို ဆွဲထုတ်၍ ကားလ်၏ပေါင်ကို ဆေးထိုးသွင်းပေးလိုက်သည်။ ထိုအရာမှာ စွမ်းအားရှင်မဟာမိတ်အဖွဲ့က ထုတ်လုပ်ထားသည့် အဆင့်မြင့်ကုသဆေးဖြစ်ပြီး လူမသေသရွေ့ ဒဏ်ရာများကို အမြန်သက်သာလာစေသည်။
ဘေးထွက်ဆိုးကျိုးအနေနှင့် ကုသပြီးနောက် လပေါင်းများစွာကြာအောင် အားအင်ချည့်နဲ့နေတတ်သော်လည်း ယခုမူ သူတို့ ထိုဘေးထွက်ဆိုးကျိုးကို ထည့်စဉ်းစားမနေနိုင်တော့ပေ။
ပြင်းထန်လှသော ဤဆေးကြောင့် ကားလ်၏အရိုးများက အတန်အသင့်ပြန်သက်သာသွားပြီး တိုက်ခိုက်ရန် မစွမ်းသာသေးသော်လည်း အနည်းဆုံးတော့ သတိပြန်လည်လာပြီး အနည်းငယ်လှုပ်ရှားနိုင်ပြီဖြစ်၏။
သူက မတ်တတ်ထရပ်လိုက်သော်လည်း ကျန်းမုန့်လောင်ကိုကြည့်နေသော သူ့အကြည့်တွင် နက်ရှိုင်းလှသော အကြောက်တရားများ ကိန်းအောင်းနေချေသည်။
ကျန်းမုန့်လောင်အနေနှင့် သူတို့ငါးယောက်စလုံးကို သတ်ပစ်ရန်မှာ လွယ်ကူလွန်းလှသည်။
သို့သော် သူတို့ဘက်က အခြေအနေထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားသဖြင့် ကြိုတင်ပြင်ဆင်မှုများမှာ ဤမျှသာမကကြောင်း သေချာပေသည်။
ကားလ်က သူ့ဉာဏ်ရည်တုစနစ်မှတစ်ဆင့် ဤစစ်ဆင်ရေးအတွက် စစ်ကူဆင့်ခေါ်ရန် အချက်ပြလိုက်သည်။
ဤတစ်ခေါက်တွင် အမေရိကန်စိတ်စွမ်းအားရှင်မဟာမိတ်အဖွဲ့ကသာ တောင်အာဖရိကသို့ ရောက်လာရုံသာမက နိုင်ငံပေါင်း၈၇နိုင်ငံရှိ ဒုတိယကမ္ဘာသားများအားလုံး ပါဝင်နေခြင်းပင်။
ကီလိုမီတာပေါင်းများစွာ ကွာဝေးသော ဘားတစ်ခုတွင် မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဝိုင်နီကို အရသာခံ၍ သောက်နေစဉ် သူ့လက်ပတ်နာရီက တုန်ခါလာပြီးနောက် အစိမ်းရောင်သင်္ကေတတစ်ခုကို ပြသနေသည်။ ထိုအရာမှာ ကျန်းမုန့်လောင်ကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးအမှတ်အသားပင်။
"ဟွန်း.. အမေရိကန်တွေက ဒီထက်ပိုတော်မယ်လို့ ထင်ထားတာ။ ကြည့်ရတာတော့ သူတို့လည်း မကိုင်တွယ်နိုင်တော့ဘူးထင်တယ်"
"ကားလ်က အဆင့်ခုနစ်စိတ်စွမ်းအားရှင်မဟုတ်လား။ ကျန်းမုန့်လောင်ရဲ့နောက်ခံအင်အားက မသေးဘူးပဲ"
"တကယ်တော့ ငါ သိပ်မအံ့ဩမိပါဘူး။ ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးလူလည်းဖြစ်၊ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိတဲ့ မိသားစုသမိုင်းကြောင်းလည်း ရှိထားတာဆိုတော့ ပညာရှင်တော်တော်များများကို လက်သပ်မွေးထားမှာပဲ"
"ဒီတစ်ခေါက် ဟွာရှားနိုင်ငံ သိုင်းနတ်ဘုရားရဲ့စွမ်းရည်ကို မြင်ခွင့်ရမလားမသိဘူး"
"ဟွန့်.. မင်းက သေမှာမကြောက်ဘူးလား။ အဲဒီလူက ထျန်းယွမ်အဆင့်ပညာရှင်နော်"
"ဘာကြောက်စရာရှိလဲ။ ငါတို့ဘက်မှာလည်း ထျန်းယွမ်အဆင့် သိုင်းပညာရှင်တွေ ရှိနေတာပဲ။ လိုအပ်လာရင် သူတို့ကိုပါခေါ်လိုက်ရုံပဲ"
"မင်းပြောတာမှန်တယ်. ဒါပေမဲ့ သူတို့ ဒီထက်ပိုပြီး တောင့်ခံနိုင်မယ်လို့ ထင်ထားတာ"
...
တောင်အာဖရိကတစ်ခွင်ရှိ လူအမြောက်အများမှာ ထိုသတင်းစကားကို တစ်ချိန်တည်း ရရှိလိုက်သည်။
တချို့က တစ်ကိုယ်တည်းဖြစ်ပြီး အချို့ကတော့ အဖွဲ့လေးကိုယ်စီဖြင့် ရှိကြသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူတို့အားလုံး မူလနေရာမှ ရုတ်ခြည်းပျောက်ကွယ်သွားသည်။
...
"ကျန်းမုန့်လောင်.. ငါတို့ မင်းကို တကယ်လျှော့တွက်ခဲ့မိတယ်။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာကတော့ အတုံးအဆုံးဆုံးဖြတ်ချက်ပဲ"
ထိုသတင်းစကားကို ပို့ပြီးနောက် ကားလ်၏အမူအရာမှာ သိသိသာသာစိတ်အေးသွားဟန်တူသည်။
"ဟင်"
ကျန်းမုန့်လောင်က လက်ချောင်းလေးများကို ကွေးလိုက်သည့်အခါ ကောင်းကင်ထက်ရှိ နဂါးနှစ်ကောင်က ကခုန်နေသည့်အလား ခေါင်းတညိတ်ညိတ်လုပ်ပြလေသည်။ ၎င်းမှာ သူ၏ အံ့မခန်းထိန်းချုပ်နိုင်စွမ်းကို ပြသနေခြင်းပင်။
"မင်းက ငါတို့ငါးယောက်တည်းလာတယ်လို့ ထင်နေတာလား"
ကားလ်က နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့မှာ နိုင်ငံပေါင်း၈၈နိုင်ငံတောင်ရှိတယ်။ အတူစုလိုက်ရင် စိတ်စွမ်းအားရှင်နဲ့ အဆင့်ချင်းတူတဲ့ သန္ဓေပြောင်း၃၀၂ယောက်တောင် ရှိတယ်။ အခု ငါတို့ မင်းကို ဝိုင်းထားလိုက်ပြီ"
သူ့စကားဆုံးသည်နှင့် ပျက်စီးနေသည့် အဝေးပြေးလမ်းမကြီးထက်တွင် လူအရိပ်များ ပေါ်ပေါက်လာလေသည်။ တစ်ယောက်ချင်းစီတိုင်းက အဝတ်အစားအမျိုးမျိုးကို ဝတ်ဆင်ထားကြသည်. တချို့က လူနှင့်တူပြီး တချို့ကတော့ လူနှင့်မတူကြပေ။ သို့သော် သူတို့အားလုံးတွင် တူညီနေသောအရာမှာ အေးစက်စက်စွမ်းအင်များ ထုတ်လွှတ်နေခြင်းပင်။ တချို့ဆိုလျှင် ကားလ်ထက်ပင် ပိုကြောက်ဖို့ကောင်းသေးသည်။
"ကားလ်.. မင်းတို့တွေ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်နေတာ။ နောက်ဆုံးတော့လည်း ငါတို့ ဝင်ပါရတာပါပဲ"
"သူတစ်ယောက်တည်းလား။ ငါက သက်တော်စောင့်တွေအများကြီး ရှိနေမယ်ထင်ထားတာ။ မင်းတို့က တော်တော်အသုံးမကျတာပဲ။ မင်းတို့စွမ်းအားရှင်မဟာမိတ်အဖွဲ့ရဲ့အစွမ်းက ဒါအကုန်ပဲလား"
"အပိုတွေပြောမနေနဲ့တော့"
ကားလ်လည်း ဒေါသကိုမထိန်းနိုင်တောသဖြင့် ကောင်းကင်ထက်သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"သူက သာမန်လူတစ်ယောက်လို့ ထင်နေကြတာလား"
ရစ်ခွေနေသော ရေခဲနဂါးနှင့် သစ်သားနဂါးကို မြင်လိုက်ရချိန်ဝယ် သူတို့အားလုံး၏အမူအရာများမှာ တည်ငြိမ်လေးနက်သွားလေသည်။
ထိုနဂါးများကို ထိန်းချုပ်နိုင်သည့် အစွမ်းတစ်ခုတည်းနှင့် သူတို့အားလုံး လက်မြှောက်အရှုံးပေးရလောက်သည်။
ထို့ပြင် နဂါးတစ်ကောင်ချင်းစီတွင် ပါဝင်သည့် စွမ်းအင်မှာ အဆင့်ရှစ်စွမ်းအားရှင်တစ်ဦးထက်ပင် သာလွန်နေချေသည်။
ကားလ် ရှုံးနိမ့်သွားသည်မှာလည်း မဆန်းတော့ပါချေ။ ယခုမူ သူတို့ နားလည်လိုက်လေပြီ။ သူတို့ဘက်ကသာ လူအင်အားမသာခဲ့ပါက ယခုလောက်ဆိုလျှင် အသက်လုပြီးပြေးနေရလောက်ပြီဖြစ်၏။
"စိတ်ကြီးမဝင်မိစေနဲ့…"
အခြေအနေများ တင်းမာနေချိန်မှာပင် ကျန်းမုန့်လောင်၏ဖုန်းက ထပ်မြည်လာပြန်သည်။
"ခဏလေး ငါ့ကောင်မလေးက ဗီဒီယိုကောခေါ်နေလို့"
ကျန်းမုန့်လောင်က လက်ဖျောက်တစ်ချက် တီးလိုက်သောအခါ နဂါးနှစ်ကောင်က ချက်ချင်းဆိုသလို တစ်စစီပဲ့ကြွေသွားပြီး ရေခဲနှင့် သစ်သားအစအနတို့သာ ကျန်ရစ်ခဲ့သည်။
"ရီရီ ဘာဖြစ်လို့လဲ"
"ငါတို့ အခုစားနေကြပြီ"
လုရီယောင်က ဖုန်းဖြင့် လူတိုင်းကို ရိုက်ပြလိုက်သည်။ လုရီယောင်ကလွဲလျှင် ကျန်လူအားလုံးမှာ စိုးရိမ်ပူပန်နေကြသည်။ ကျန်းမုန့်လောင်တစ်ယောက် ဖန်သားပြင်ထက်တွင် ဘေးမသီရန်မခရှိနေကြောင်း မြင်လိုက်ရချိန်မှသာ စိတ်သက်သာရာရသွားကြသည်။
"ပင်လယ်ကမ်းခြေမှာလား"
"ဟုတ်တယ်။ ပုစွန်ထုပ်တွေက တော်တော်ကြီးတယ်နော်။ ပင်လယ်လေးကလည်း အရမ်းသက်သောင့်သက်သာရှိတယ်။ လုပ်စရာတွေလုပ်ပြီးရင် မြန်မြန်လာခဲ့။ နည်းနည်းပါးပါးတော့ ကျန်ဦးမှာပါ"
လုရီယောင်က ပုံမှန်စကားပြောနေသည့်အလား သာမန်ကာလျှံကာလေသံဖြင့် ပြောလိုက်လေသည်။
"ကိုယ် ဒီနေ့တော့ ပြန်လာနိုင်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်ကလည်း ကင်မရာကို လှည့်ပြလိုက်သည်။
"တွေ့လား.. ကိုယ့်ကို လူတွေအများကြီးက ဝိုင်းထားတာ။ ခဏနေရင် သူတို့နဲ့အတူ လိုက်သွားရလောက်တယ်။ မင်းတို့ပဲ ပျော်လိုက်ကြတော့"
"ဂျူနီယာညီလေး… မင်း .. မင်း တကယ်အဆင်ပြေရဲ့လား"
"ဂျူနီယာညီလေး… အဲဒီလူတွေကိုကြည့်ရတာ တော်တော်ရက်စက်မဲ့ပုံပဲ။ ငါပဲ မျက်စိမှားတာလား။ ဟိုနားက လူက ဝက်ခေါင်းကြီးနဲ့လားလို့"
စိတ်စွမ်းအားရှင်များ၏မျက်နှာကို သူတို့ မမြင်ရသော်ငြား လူသတ်ချင်သော အရိပ်အယောင်များကိုမူ ခံစားမိသည်။ ကျန်းမုန့်လောင်မှာ သူတို့ထံတွင် အဝိုင်းခံထားရကြောင်း သိသာလှသည်။
"စိတ်မပူပါနဲ့"
ကျန်းမုန့်လောင်က အေးအေးလူလူပြောလိုက်သည်။
"ဒီလူတွေက အရမ်းတော်ပြီး ဆွဲဆောင်မှုရှိကြတော့ ကျွန်တော် ပြန်တောင်မပြန်ချင်တော့ဘူး"
"ကလစ်"
ကျန်းမုန့်လောင်၏ဖုန်းမှာ မမြင်ရသည့်စွမ်းအားတစ်ခုကြောင့် သတ္တုဘောလုံးတစ်လုံးဖြင့် ရုတ်ခြည်းထိမှန်သွားသည်။
"တော်လိုက်တော့။ မင်းစကားတွေကို ဘယ်သူကမှ ဆက်နားမထောင်ချင်တော့ဘူးကွ"
ကာဗွန်ဖိုက်ဘာဝတ်စုံကို ဝတ်ဆင်ထားသော စိတ်စွမ်းအားရှင်တစ်ယောက်က အေးတိအေးစက်ပြောလိုက်လေသည်။ သူ့အရှိန်အဝါက စွမ်းအင်ပြင်းအား၁၉ယူနစ်သို့ ရောက်လုနီးပါးဖြစ်လေရာ သူတို့ထဲတွင် အသန်မာဆုံးပင်။
သတ္တုထိန်းချုပ်နိုင်စွမ်းပင်။ သူ့စွမ်းအားက X-Menထဲက မက်ဂနက်တိုနှင့် အလားသဏ္ဌာန်တူပြီး သူကပင် ပိုစွမ်းအားကြီးနိုင်လောက်သည်။
"သေစမ်း.. ငါ့ရဲ့ကြယ်ရှစ်လုံးမြားရှစ်စင်းဘုရင်ဖုန်းလေး"
ကျန်းမုန့်လောင်က သူ့လက်ထဲရှိ သတ္တုဘောလုံးကို ကြည့်လိုက်သည်။
"ဒီမော်ဒယ်လ်ကို လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကတည်းက ဆက်မထုတ်တော့တာ။ ဒါက အဖိုးတန်ပစ္စည်းကွ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုရော သိလား။ ဘက်ထရီသက်တမ်းက ရက်ပေါင်း၁၂၀ရှိတယ်။ တူနဲ့ထုရင်တောင် မကွဲဘူး။ ရေအနက်ဆယ်မီတာအထိ ခံနိုင်ရည်ရှိပြိး မကောင်းဆိုးဝါးတွေရဲ့ရန်ကိုလည်း ကာကွယ်ပေးတယ်။ ပိုက်ဆံရှိတိုင်း ဝယ်လို့မရတော့ဘူး"
"ကျန်းမုန့်လောင်.. မင်း အခုအချိန်အထိ အချိန်ဆွဲလို့ရဦးမယ်လို့ ထင်နေတာလား"
စိတ်စွမ်းအားရှင်က ပြောလိုက်၏။
"မင်းကောင်မလေးကို နောက်ဆုံးအကြိမ် နှုတ်ဆက်နိုင်မဲ့ အခွင့်အရေးကို လက်လွှတ်လိုက်တဲ့အတွက် မင်း နောင်တရတော့မှာပဲ"
"ဟင်"
ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်သည်။
"မင်းတို့က ဘာလို့ ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရတာလဲ။ မင်းတို့က ငါ့ကို အနိုင်ယူနိုင်မယ်လို့ ဘာလို့ထင်နေကြတာလဲ။ ငါက ကြွားရတာကို အရမ်းကြိုက်တာ။ ငါ့မှာသာ အစွမ်းအစမရှိရင် ဟိုးအရင်ကတည်းက အသတ်ခံရနေရပြီးပြီ။ မင်းတို့အလှည့်တောင် ရောက်လာမှာမဟုတ်ဘူး"
"ကျန်းမုန့်လောင်.. စိတ်စွမ်းအားရှင်အယောက်သုံးရာနဲ့ ဝိုင်းထားတာတောင် မင်း ဒီနေ့ လွတ်နိုင်ဦးမယ်လို့ ထင်နေတာလား"
"ထွက်ပြေးမှာတဲ့လား။ ဘယ်သူက ထွက်ပြေးမယ်လို့ ပြောလို့လဲ။ မင်းတို့လို ပုစွန်ကွေးလောက်လေးတွေကများ ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေတာပေါ့"
ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ပြီးတော့ မင်းတို့တွေ တစ်ခုခုကို အထင်လွဲနေကြပုံပဲ။ မင်းတို့အယောက်သုံးရာက ငါ့ကို ဝိုင်းထားတာမဟုတ်ဘူး။ ငါကမှ မင်းတို့အယောက်သုံးရာကို ဝိုင်းထားတာ"