← Chapters

ဘဝမှာ အမှတ်မထင်တွေ့ဆုံတယ်ဆိုတာမျိုးလည်း ရှိတာပဲ

Vol. 46 Ch. 681

ဘဝမှာ အမှတ်မထင်တွေ့ဆုံတယ်ဆိုတာမျိုးလည်း ရှိတာပဲ

Vol. 46 Ch. 681

"ဟွာရှားလူမျိုး.. အခုထိတောင် လေကြီးလေကျယ်တွေပြောနေတုန်းပဲ။ မင်းက ထျန်းယွမ်အဆင့်သိုင်းပညာရှင်ဆိုရင်တောင် ငါတို့အုပ်စုက အယောက်သုံးရာကျော်တယ်။ မင်းကို တံတွေးတစ်ချက်စီ ဝိုင်းထွေးရင်တောင် မင်း တံတွေးပင်လယ်ထဲ လက်ပစ်ကူးနေရမှာ"

"မင်း ငါတို့နဲ့ အသာတကြည်လိုက်လာရင် ပိုကောင်းမယ်"

"မင်းတစ်ယောက်တည်းနဲ့ နိုင်ငံပေါင်း၈၈နိုင်ငံကို အုံကြွလာအောင်လုပ်ခဲ့တာ။ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်အယောက်သုံးရာကျော်က အတူလှုပ်ရှားနေကြတာ။ ဒီအချက်နဲ့တင် တစ်သက်လုံး ဂုဏ်ယူနေလို့ရပြီ"

"ငါပြောတဲ့စကားကို မင်းတို့ နားမလည်ဘူးလား"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။

"ငါပြောပြီးသား..မင်းတို့က ငါ့ကို ဝိုင်းထားတာမဟုတ်ဘူး။ ငါကသာ မင်းတို့တွေကို ဝိုင်းထားတာလို့။ သေချာကြည့်ကြည့်လိုကု်လေ။ မင်းတို့ ထွက်သွားလို့ရသေးလားလို့"

"???!"

ကျန်းမုန့်လောင်၏ အမှုမထားလေဟန် အမူအရာကိုမြင်သော် စိတ်စွမ်းအားရှင်များအားလုံး ရုတ်ခြည်းကြက်သေသေသွားလေသည်။

ဒါက လှည့်စားနေတာများလား...

"မဟုတ်ဘူး။ ဒီနားတစ်ဝိုက်မှာ ရန်သူ့အရိပ်အယောင်တွေမရှိပါဘူး"

"နေဦး။ ဒါကဘာလဲဟ"

ရုတ်ခြည်းပင် တစ်စုံတစ်ယောက်က မူမမှန်မှုတစ်ခုကို သတိထားမိလိုက်သည်။ သူတို့ပတ်ပတ်လည်တွင် ကိုယ်ပျောက်နံရံတစ်ခု ပေါ်လာလေသည်။ ထိုအရာကား မီတာပေါင်းများစွာကျယ်သော ပန်းကန်လုံးတစ်လုံးဖြင့် ပြောင်းပြန်အုပ်ချထားသလိုပင်။

"အုန်း"

တစ်စုံတစ်ယောက်က ထိုအတားအဆီးကို ဖျက်ဆီးရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးပင်။ နံရံက ပါးဟန်တူသော်ငြား သူတို့ မည်မျှတိုက်ခိုက်နေပါစေ တုတ်တုတ်မျှမလှုပ်ချေ။

"မလန့်ကြနဲ့။ ဒါက သူထုတ်လုပ်ထားတဲ့ နည်းပညာလက်နက်တစ်ခုခုဖြစ်နိုင်တယ်"

ကျန်းမုန့်လောင်၏ နည်းစနစ်အမျိုးမျိုးကို မြင်ဖူးထားသဖြင့် လူတိုင်း၏လက်ခံနိုင်စွမ်းက ပိုကောင်းလာပြီဖြစ်၏။

"ငါတို့သာ သူ့ကိုသတ်နိုင်ရင် လွတ်လမ်းတစ်ခုခုရှိမှာပဲ"

"ဒါပေမဲ့ အထက်လူကြီးတွေက သူ့ကို အရှင်ဖမ်းခဲ့ဖို့ အမိန့်ပေးထားတာလေ။ တကယ်လို့..."

"ငတုံးတွေ.. ဒီကောင်က ဘယ်လောက်လှည့်စားတတ်လဲဆိုတာ အဲဒီအထက်လူကြီးတွေက သိလို့လား။ မင်းတို့ အခုအထိ သဘောမပေါက်သေးဘူးလား"

"ဟုတ်တယ်။ သူ့ကိုသတ်ပစ်လိုက်ရင် အကုန်ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း ဒီနေရာမှာ ပိတ်မိနေတာကို... ငါတို့လည်း ထွက်လို့မရသလို သူလည်း ထွက်လို့မရဘူး"

"ဟာသပဲ.. သူက သူ့လမ်းကြောင်းကို ကိုယ်တိုင်ပိတ်ပစ်လိုက်တယ်တဲ့"

"ဟေး..မင်းတို့ကပဲ တုံးတာလား။ ငါကပဲ တုံးတာလား။ ငါ့ပုံစံက အဲဒီလောက်တောင် ဉာဏ်မရှိတဲ့ပုံပေါက်နေလို့လား။ ငါ့ကိုယ်ငါပိတ်လှောင်ထားရမှာလား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်၏။

"မင်းတို့တွေ ထွက်ပြေးလို့မရအောင် တားထားတာမှန်း အသိသာချည်း"

"ကျန်းမုန့်လောင်.. စိတ်စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲက ငါးယောက်တည်းနဲ့ မင်းကို ရှင်းပစ်နိုင်မယ်ဆိုပြီး မင်းကို အထင်သေးခဲ့မိတာတော့ ငါတို့ဝန်ခံတယ်။ ဒါပေမဲ့ ငါတို့ဘက်က လူအင်အားအပြတ်အသတ်သာနေတာကို ငါတို့မနိုင်နိုင်ဘူးလို့တော့ ထင်မနေနဲ့"

"ဆောရီးပဲ။ ငါက အဲဒီလိုပဲတွေးထားတာ။ မင်းတို့ရဲ့အာရုံခံကိရိယာတွေကို ပြန်ကောက်ပြီး သေချာကြည့်ကြည့်ဦး"

"တီ တီ တီ တီ"

သူတို့ကိုင်ထားသည့် စွမ်းအင်ခြေရာခံစက်များက ချက်ချင်းဆိုသလို သတိပေးချက်အသံများ ထုတ်လွှတ်လာသည်။ ကျန်းမုန့်လောင်၏စွမ်းအင်ပြင်းအားက မူလတုန်းက ၁၅ယူနစ်တွင် ရှိနေရာမှ တစ်ဖန်မြင့်တက်လာပြီး ၂၀အထိ မြင့်တက်နေချေသည်။

ယူနစ်နှစ်ဆယ်ဆိုသည်မှာ မည်သည်ကို ဆိုလိုသလဲ။ ဟွာရှားရှိ ရှေးဟောင်းသိုင်းပညာရှင်များကြားရှိ ထျန်းယွမ်အဆင့် ဆရာသခင်တစ်ယောက်မှာ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များထက် သာလွန်ပေသည်။ ထိုသို့သောလူများမှာ သက်တမ်းနှစ်ထောင်ပေါင်းများစွာရှိပြီး ကမ္ဘာမြေကြီး၏ဆွဲငင်အားကို ဆန့်ကျင်ကာ လေထဲတွင် ပျံသန်းနိုင်သဖြင့် ဒဏ္ဍာရီထဲရှိ အမတများနှင့်ပင် ဆင်တူပေသည်။

အဓိကအချက်မှာ ကျန်းမုန့်လောင်က အသက်နှစ်ဆယ်ကျော်ကျော်လေးသာ ရှိသေးသည်။

ပိုက်ဆံက ဘဝကြီးမဟုတ်ဘူးဟု ဆိုပါသော်ငြား ယခုမူ ပိုက်ဆံက အရာရာဟုပင် သူတို့ ခံစားနေရသည်။

ထျန်းယွမ်အဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူတို့ဘက်က လူအင်အားအယောက်သုံးရာကျော်ရှိသည့်အတွက် ကြောက်ရွံ့နေမည်မဟုတ်ဟု အစောကပင် သူတို့ ပြောခဲ့သည်။ ဤသည်မှာ ချဲ့ကားနေခြင်းမဟုတ်သော်ငြား အကယ်၍ သူတို့ဘက်က အပြတ်ရှင်းနိုင်ခဲ့လျှင်ပင် အထိအခိုက်အကျအဆုံးကလည်း များပေလိမ့်မည်။ သူတို့ထဲက တစ်ဝက်လောက် ဤနေရာမှာပင် သေသွားနိုင်သည်။

"ဒီလိုဆိုရင်ရော.. အံ့ဩသွားလား"

ကျန်းမုန့်လောင်က လေထဲသို့ အေးအေးလူလူပျံတက်လိုက်ပြီးနောက် အထက်စီးဆန်သော အကြည့်မျိုးဖြင့် သူတို့အား ငုံ့ကြည့်လိုက်သည်။

ကျန်းမုန့်လောင်၏အဆင့်က ထျန်းယွမ်အဆင့်ကိုပင် ကျော်လွန်နေချေပြီ။ သူသည် အဆင့်ခုနစ်မျှသာ ရှိသေးသော်လည်း ခွန်အားအပြည့်ထုတ်သုံးပါက စွမ်းအင်ပြင်းအား၃၀ယူနစ်အထိ ထုတ်လွှတ်နိုင်သည်။ သူ့အတွက်တော့ စိတ်စွမ်းအားရှင်အယောက်သုံးရာကျော်ဆိုသည်မှာ ပြိုင်ဘက်ဟုပင် မခေါ်ထိုက်ချေ။

"သူ့ကိုသတ်ပစ်။ အခုချက်ချင်းလှုပ်ရှားကြ"

စိတ်စွမ်းအားရှင်များအားလုံးက ရုတ်ခြည်း လှုပ်ရှားလာကြသည်။ အင်အားကြီးလှသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ သူတို့အနေနှင့် တစ်ဖက်လူကို ဘာအခွင့်အရေးမှမပေးဘဲ အစွမ်းကုန်ထုတ်သုံးကာ ချက်ချင်းရှင်းပစ်ရမည်ဖြစ်၏။ သို့မှသာ မျှော်လင့်ချက်ရှိမည်သာ။

"ဆူညံနေတာပဲ"

ကျန်းမုန့်လောင်၏အကြည့်က အရှေ့သို့ အပြေးရောက်လာသူများထံသို့ ကျရောက်သွားသောအခါ အေးစက်မှုတစ်ဖုံက သူတို့အား လွှမ်းခြုံသွားပြီးနောက် အသက်ကိုပါ နှုတ်ယူသွားပြီး ရေခဲရုပ်တုများအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

"ငါ မင်းတို့တွေကို ခဏခဏသက်ညှာပေးပြီးသွားပြီ။ မင်းတို့က ငါ့ကို အချဉ်များမှတ်နေတာလား"

ကျန်းမုန့်လောင်လည်း ယခုမူ တကယ်ဒေါသထွက်သွားချေသည်။

"အစတုန်းကတော့ တိုက်လေယာဉ်တွေ။ နောက်တော့ စိတ်စွမ်းအားရှင်တွေ.. မင်းတို့အပေါ် ငါ တော်တော်ညင်သာခဲ့မိပုံရတယ်"

ကျန်းမုန့်လောင်၏ဘယ်ဘက်လက်ထဲတွင် အပြာရောင်မီးတောက်များ တောက်လောင်နေပြီး ညာဘက်တွင်မူ အဖြူရောင်မီးတောက်တစ်ခု ရှိနေချေသည်။ ထိုမီးတောက်နှစ်ခု ပေါင်းစပ်လိုက်သောအခါ အလွန်လှပသော မီးလျှံကြာပန်းတစ်ပွင့်အဖြစ် အသွင်ပြောင်းသွားလေတော့သည်။

"ဒီနေ့ မင်းတို့တွေကို မေ့မရနိုင်တဲ့သင်ခန်းစာတစ်ခုပေးမယ်"

ကျန်းမုန့်လောင်က မီးလျှံကြာပန်းကို အောက်သို့ ပစ်ချလိုက်၏။

လက်ဖဝါးအရွယ်ခန့်သာရှိသော မီးလျှံကြာပန်းက ငရဲတမျှပူလောင်လှသော အပူချိန်မျိုးဖြင့် စတင်ပျံ့နှံ့သွားပြီးနောက် အတားအဆီး၏အတွင်းပိုင်းတစ်ခုလုံးကို အလျှံတငြီးငြီးတောက်လောင်နေသော မီးပြင်းဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။

"အတူခုခံကြ။ မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်"

မီးလျှံကြာပန်းက ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူတို့အားလုံး ချက်ချင်းသဘောပေါက်သွားကြသည်။

လျှပ်တစ်ပြက်အတွင်းမှာပင် ရေခဲနံရံများ၊ မြေပထဝီနံရံများကို ထုတ်လွှတ်ကာ အမျိုးမျိုးတားဆီးရန် ကြိုးစားကြတော့သည်။

ကျန်းမုန့်လောင်ကတော့ နှာခေါင်းသာရှုံ့လိုက်ပြီး အတားအဆီး၏အပြင်ဘက်သို့ ပျံတက်သွားပြီးနောက် အနီးအနားတွင် သက်ဆင်းလိုက်သည်။

"ပေါက်ကွဲစေ"

"အုန်း"

တစ်ခဏအတွင်းမှာပင် တောင်အာဖရိကတစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ရသည်။ ပြင်းထန်လှသော ပေါက်ကွဲအားကြောင့် မြို့တော်ထဲတွင် တစ်ဆယ်ကီလိုမီတာအတွင်း ပြင်းထန်လှသော ငလျင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအတားအဆီးထဲတွင်မူ လူ့ငရဲကြီးတစ်ခု ဖြစ်နေပြီး နာနာကျင်ကျင်အော်ဟစ်သံများ၊ အကူအညီတောင်းသံများနှင့် ငိုကြွေးမြည်တမ်းသံများဖြင့် ပြည့်နှက်နေတော့သည်။

ဤသို့သောမြင်ကွင်းမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် ကျန်းမုန့်လောင်ကတော့ ပြုံးရုံသာပြုံးနေချေသည်။ သူသည် သူတော်စင်တစ်ယောက်မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့အား သတ်ချင်နေပါက သူ့ဘက်ကလည်း သက်ညှာမည်မဟုတ်။

ကောင်းကင်ကြီးက ပိန်းပိတ်အောင် မှောင်မည်းနေပြီဖြစ်၏။ သို့သော် ဤနေရာတွင်မူ နေ့ခင်းအလား လင်းထိန်နေသည်။ မီးတောက်၏အလင်းရောင်က စက္ကန့်၂၀မျှအထိ လင်းထိန်နေခဲ့ပြီးနောက် တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားလေသည်။

ထိုအယောက်သုံးရာကျော်လည်း တောင့်မခံနိုင်တော့ချေ။ တစ်ဝက်က လုံးဝပျောက်ကွယ်သွားပြီး ကျန်လူများမှာမူ ခြေထောက်များ သို့မဟုတ် လက်မောင်းများ ပျောက်ဆုံးကုန်ကြသည်။ သို့တည်းမဟုတ် မီးလောင်ကျွမ်းထားသဖြင့် လူပုံသဏ္ဌာန်လောက်သာ ပေါ်တော့သည်။

"ငါတို့ သူ့ကို ပြန်မတိုက်နိုင်ဘူး။ စိတ်စွမ်းအားရှင်မဟာမိတ်အဖွဲ့.. မင်းတို့ခေါ်ထားတဲ့ တပ်ကူက ဘယ်မှာလဲ။ သူသာ ပေါ်မလာသေးဘူးဆိုရင် ငါတို့ ဒီနေရာမှာတင် သေရလိမ့်မယ်"

စိတ်စွမ်းအားရှင်များက သွေးရူးသွေးတမ်းအော်ဟစ်နေကြသည်။ လူအယောက်သုံးရာကို ပျက်စီးသွားစေသည့် အကွက်မျိုးမှာ ထျန်းယွမ်အဆင့်သိုင်းပညာရှင်တစ်ဝက်လောက်ပင် မလုပ်ဆောင်နိုင်သည့်အရာမျိုးပင်။ ယခုမူ ထျန်းယွမ်အဆင့်သိုင်းပညာရှင်များကလွဲပြီး မည်သူကမှ ကျန်းမုန့်လောင်ကို မဖြေရှင်းနိုင်ချေ။

"ကျိုးပေါ်ချွမ်း.. မင်းက ဘာစောင့်နေတာလဲ။ ငါတို့သေပြီးမှ လှုပ်ရှားချင်တာလား"

လက်မောင်းတစ်ဖက် ဆုံးရှုံးလိုက်ရပြီဖြစ်သော ကားလ်က အော်ဟစ်လိုက်၏။

"လူတစ်ယောက်ကို ဖမ်းရမဲ့မစ်ရှင်မှာ ငါကိုယ်တိုင် ဝင်ပါရလိမ့်မည်လို့ ဘယ်သူကထင်ထားမှာလဲ။ ဒုတိယကမ္ဘာရဲ့ကျွမ်းကျင်သူဆိုတဲ့ မင်းတို့တွေက တော်တော်အသုံးမကျတာပဲ"

ရယ်သံတစ်သံက လေထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ထိုလူမှာ အတွင်းအားကို ကျွမ်းကျင်တတ်မြောက်ထားသော ဟွာရှားသိုင်းပညာရှင်တစ်ယောက်ဖြစ်ဟန်တူသည်။

"နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်အယောက်သုံးရာကျော်တောင် မယှဉ်နိုင်တဲ့လူက ဘယ်သူပါလိမ့်"

ရိုးရှင်းလှသော ဂုံလျှော်အဝတ်အစားကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်က အထက်ဘဝဂ်မှ ဆင်းသက်လာသည်။ သူ့ခြေအစုံက ဓားပျံတစ်စင်းထက်တွင် ရပ်နေပြီး ဓားအမတတစ်ယောက်၏ အရှိန်အဝါမျိုးကို ထုတ်လွှတ်နေသည်။

"ဪ.. ဒါက နိဗ္ဗာန်ကျွန်းက အကြီးအကဲကျိုးမဟုတ်လား"

ကျန်းမုန့်လောင်ကတော့ သူတို့ စစ်ကူခေါ်လိုက်ပြီဟု ထင်ထားခဲ့သည်။

"အမလေးလေး... ကမ္ဘာကြီးက ကျဉ်းသားပဲ"

"မင်း... မင်း..."

ကျိုးပေါ်ချွမ်းခမျာ ကျန်းမုန့်လောင်ကို မြင်လိုက်ရဿည်နှင့် မျက်နှာပျက်သွားပေသည်။

သူသည် တောင်အာဖရိကတွင် လူတစ်ယောက်ကို သတ်ရမည်ဖြစ်သော်လည်း ပစ်မှတ်၏သတင်းအချက်အလက်ကို တစ်ခါမှမမေးခဲ့ဖူးပေ။ ကမ္ဘာပေါ်ရှိ မည်သူကမှ နိဗ္ဗာန်ကျွန်းသားများကို မခုခံနိုင်ပေ။ သို့သော် ဤလူကတော့ ခြွင်းချက်ပင်။

သို့သော် သူတို့၏ပစ်မှတ်က ဤလူဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။

ဤသည်မှာ မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုမျိုးလေလဲ။

ထိုနေ့တုန်းက ကျန်းမုန့်လောင်ကြောင့် သူနှင့် နိဗ္ဗာန်ကျွန်းသားများ ခံစားခဲ့ရသည့် အကြောက်တရားကို ရုတ်တရက် ပြန်အမှတ်ရလိုက်သည်။ ဤလူက နိဗ္ဗာန်ကျွန်းဟု လူသိများသော အန္တရာယ်များလှသည့် နေရာတစ်ခုကို လက်ဗလာဖြင့် အားလပ်ရက်ခရီးထွက်ရာနေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထို့ပြင် သူတို့ကိုလည်း အရိုးကျိုးမတတ်ရိုက်နှက်ဆုံးမခဲ့သည်။

ကျွန်းပေါ်ရှိ ကြောက်စရာကောင်းသော ရှေးဟောင်းသားရဲကောင်များကို လူတိုင်း ကြောက်ရပါသော်ငြား ထိုသားရဲမှာ သူ့ခွေး၏လက်အောက်ခံ ဖြစ်သွားခဲ့သည်။

"ဘာဖြစ်တာလဲ။ နိဗ္ဗာန်ကျွန်းပေါ်က အစားအသောက်တွေက မကောင်းလို့လား။ ဘယ်လိုဖြစ်ပြီး အမေရိကအထိ နယ်ပယ်ချဲ့ထွင်နေတာတုန်း"

ကျန်းမုန့်လောင်ကလည်း ကျိုးပေါ်ချွမ်းအနားသို့ ပျံသန်းသွားပြီးနောက် အနည်းငယ်ဝဖိုင့်နေသော သူ့ဗိုက်ကို အသာပုတ်လိုက်သည်။

"ဪ.. ခင်ဗျား ဝိတ်တက်လာတာကိုး။ အခုတလော ခင်ဗျားတို့တွေအားလုံး ကောင်းကောင်းနေနေရပုံပဲ"

All Chapters