← Chapters

ငါက မင်းတို့အတွက်ပြောနေတာ

Vol. 46 Ch. 683

ငါက မင်းတို့အတွက်ပြောနေတာ

Vol. 46 Ch. 683

"ကျိုးပေါ်ချွမ်း ခင်ဗျား.. ခင်ဗျားတို့က သိနေကြတာလား"

ကားလ်က အပြင်းအထန်ဒဏ်ရာရထားသော သူ့လက်မောင်းကို ဆုပ်ကိုင်ရင်း မနည်းမတ်တတ်ထရပ်လိုက်လေရာ သူ့နောက်ရှိ ဒဏ်ရာအပြင်းအထန်ရထားသော အခြားစိတ်စွမ်းအားရှင်များကလည်း သူ့ထံမှ လုံခြုံမှုရနိုင်မည့်အလား တစ်ယောက်ကိုတစ်ယောက် ထူမလိုက်ကြသည်။

"ငါ့ဇာတိမြေနဲ့ နိဗ္ဗာန်ကျွန်းကနေ ဘာလို့ထွက်လာခဲ့ရတာလဲသိလား"

ကျိုးပေါ်ချွမ်းက ခပ်ဖွဖွဆိုလိုက်လေသည်။

စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲရှိ လူများမှာ ကျိုးပေါ်ချွမ်းဟုခေါ်သော ဤလူက အလွန်ဆန်းကြယ်လှသော နိဗ္ဗာန်ကျွန်းမှလာခဲ့ကြောင်း ကြားဖူးနားဝရှိထားသည်။ ထိုနေရာကား စွမ်းအင်အရင်းအမြစ်ကြွယ်ဝပြီး ကျင့်ကြံရေးအတွက် အလွန်ကောင်းမွန်လှသော နတ်ဘုံနတ်နန်းတစ်ခုအလားပင်။

သို့သော် မကြာသေးခင်ကပင် ထိုနိဗ္ဗာန်ကျွန်း၌ ကိစ္စတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကျိုးပေါ်ချွမ်းနှင့် ကျွန်းအရှင်ကြားတွင် သဘောထားကွဲလွဲမှုများ ရှိခဲ့သောကြောင့် သူနှင့် အပေါင်းအပါများက ကျွန်းပေါ်က ထွက်ခွာလာခဲ့ခြင်းပင်။

"ဒီကိစ္စက ကျန်းမုန့်လောင်နဲ့ပတ်သက်နေတာလား"

ကားလ်က မေးလိုက်၏။

"ဟုတ်တယ်"

ကျိုးပေါ်ချွမ်းက ခါးသက်သက်အပြုံးဖြင့် ပြောလိုက်၏။

"သူက ငါတို့တွေအကုန်လုံးကို နိဗ္ဗာန်ကျွန်းရဲ့ ပင်မနယ်မြေထဲက နှင်ထုတ်ပြီး အဲဒီနေရာကို သူ့ကိုယ်ပိုင်အပန်းဖြေစခန်းတစ်ခု လုပ်ပစ်လိုက်တယ်။ သူက ဓားပြတစ်ယောက်သာသာပဲ"

ကျိုးပေါ်ချွမ်းမှာ မျက်နှာမပျက်ရလေအောင် နိဗ္ဗာန်ကျွန်းသားတစ်ယောက်က ကျန်းမုန့်လောင်ကို အရင်ရန်စမိခဲ့သဖြင့် ကျန်းမုန့်လောင်က လူလာကယ်ရာမှ ကျွန်းပေါ်သို့ရောက်လာခဲ့ခြင်းဖြစ်ကြောင်းကိုမူ ထည့်မပြောခဲ့ပေ။

ဤသတင်းကို ကြားသောအခါ ကားလ်နှင့် ကျန်လူများမှာ အသက်ရှူမှားသွားချေသည်။

ကျိုးပေါ်ချွမ်း၏စကားအရ နိဗ္ဗာန်ကျွန်းပေါ်တွင် သူက အစွမ်းအထက်ဆုံးမဟုတ်ပါဘဲ သူ့ထက် နက်နဲလှသောအစွမ်းများကို ပိုင်ဆိုင်ထားသည့် အကြီးအကဲများစွာ ရှိသေးသည်ဟု သိရသည်။

ကျိုးပေါ်ချွမ်းက ဘယ်လိုလူစားမျိုးလေလဲ။ ထျန်းယွမ်အဆင့်ငါးသိုင်းပညာရှင်တစ်ယောက်ပင်။ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကဆိုလျှင် သူ့ကို နတ်ဘုရားဟုပင် သတ်မှတ်ကြလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းရှိ စွမ်းအားရှင်များနှင့် သိုင်းပညာရှင်များအားလုံးထဲတွင် သူ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသူဟူ၍ တစ်ယောက်မှမရှိပေ။

သူသည် ထိုမျှအထိ အစွမ်းထက်လှလေရာ နိဗ္ဗာန်ကျွန်းပေါ်ရှိ အခြားအကြီးအကဲများဆိုလျှင် မည်မျှအထိ အစွမ်းထက်နေမည်နည်း။ သူတို့သာဆိုလျှင် ကလေးတစ်ယောက်ကို လက်သီးတစ်ချက်မျှဖြင့် လွင့်ထွက်သွားအောင် လုပ်နိုင်လေသလား။

သို့တိုင် ထိုသို့သောနေရာတစ်ခုကို ကျန်းမုန့်လောင်က သူ့ကိုယ်ပိုင်နယ်မြေအဖြစ် အတင်းအကျပ်သိမ်းပိုက်ခဲ့သည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ခွန်အားက ထျန်းယွမ်အဆင့်သိုင်းပညာရှင်များထက် ပိုသာလွန်ကြောင်း သက်သေပြနေသည်မဟုတ်လော။

သို့ဖြစ်လေရာ သူတို့က ယခု ဤနေရာတွင် ဘာလုပ်နေကြသလဲ။ ကိုယ့်သေတွင်းကိုယ်တူးနေကြလေသလား။ ထိုနိုင်ငံရေးသမားများက သူ့အကြောင်းကို သေချာမစုံစမ်းဘဲ သူတို့ကို လွှတ်လိုက်လေသလား။

အစောကပင် ကျန်းမုန့်လောင်ထုတ်သုံးလိုက်သော ဗုဒ္ဓအမျက်တော်ကြာပန်းဟူသော ကျင့်စဉ်က သူတို့၏စိတ်ခွန်အားများကို ချေမှုန်းပစ်ခဲ့ပြီး ယခုကြားလိုက်ရသောသတင်းက သူတို့ကို လုံးဝစိတ်ပျက်အားလျော့သွားစေသည်။

ကျန်းမုန့်လောင် အစကတည်းက အေးအေးလူလူဖြစ်နေခဲ့သည်မှာ မဆန်းတော့ပါချေ။ သူသည် ပြိုင်ဘက်ကင်းလှပေသည်။ ထို့ကြောင့် ဘာကိုမှဂရုမစိုက်ပေ။

ထိပ်တန်းနတ်ဘုရားအဆင့်စိတ်စွမ်းအားရှင် အယောက်သုံးရာကို မဆိုထားနှင့်။ အယောက်သုံးထောင် သို့မဟုတ် သုံးသောင်းဆိုလျှင်ပင် ဘာမှထူးသွားမည်မဟုတ်။ သူတို့ထဲတွင် စွမ်းဆောင်ရည်မြင့်သော တိုက်ခိုက်ရေးသမားဟူ၍ တစ်ယောက်မှမရှိချေ။ လူအရေအတွက်များလေလေ အနိုင်ယူရသည်မှာ ပိုလွယ်လေလေပင်ဖြစ်လေရာ သူက ဘာကြောင့် ထွက်ပြေးနေရမည်နည်း။

ယခုမူ ကျန်းမုန့်လောင်၏ချစ်သူက ဖုန်းပြောနေချိန်အတွင်း ဘာကြောင့် ထိုမျှအထိတည်ငြိမ်နေပြီး မိမိချစ်သူ၏ဘေးကင်းလုံခြုံရေးအတွက် စိတ်မပူရသလဲဆိုသည်ကို ကားလ် နားလည်လိုက်လေပြီ။ သူ(မ)ကလည်း ဆရာသခင်တစ်ယောက်ပင်။ ကျန်းမုန့်လောင် ဒုက္ခရောက်လိမ့်မည်ဟု သူ(မ) ဘယ်တုန်းကမှ မတွေးဖူးပေ။

စဉ်းစားကြည့်လိုက်ပါလေ။ သင်ချစ်သူက ပုရွက်ဆိတ်အုံတစ်ခုကို သွားနင်းမိလျှင် သူသေသွားမည်ကို စိုးရိမ်စရာလိုမည်လော။ လုံးဝစိုးရိမ်မည်မဟုတ်ပေ။

"ဖုန်းပါခဲ့လား"

ကျန်းမုန့်လောင်က ကျိုးပေါ်ချွမ်း၏ရင်ဘတ်ကို ပုတ်လိုက်သည်။

"ငါ့ကိုငှားစမ်းပါ"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ကျိုးပေါ်ချွမ်းလည်း သူ့ဖုန်းကို အမြန်ထုတ်ကာ ကျန်းမုန့်လောင်အား အတန်ငယ်တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။

"မစ္စတာကျန်း.. ဘာကိုငှားမှာလဲဗျာ။ ဖုန်းလေးတစ်လုံးပဲဟာကို။ ခင်ဗျားသဘောကျရင် ယူထားလိုက်ပါ"

"ငါက ဖုန်းဝယ်ဖို့ ပိုက်ဆံမရှိဘူးလို့ ထင်နေတာလား"

ကျန်းမုန့်လောင်က ကျိုးပေါ်ချွမ်းကို ခပ်စူးစူးစိုက်ကြည့်ပြီးနောက် လုရီယောင်၏ဖုန်းနံပါတ်ကို ဗီဒီယိုကောခေါ်လိုက်သည်။

"မုန့်လောင်.. နင် အဆင်ပြေရဲ့လား။ ခုနတုန်းက ဘာလို့ရုတ်တရက်ကြီးဖုန်းကျသွားတာလဲ"

လုရီယောင်က မေးလိုက်၏။ ဖုန်းခေါ်ဆိုမှုက တစ်ဝက်တစ်ပျက်ပြတ်တောက်သွားသဖြင့် ကျန်းမုန့်လောင် ဘာမှမဖြစ်ကြောင်း သိနေပါသည့်တိုင် သူ(မ)ကိုယ်တိုင်ပင် အနည်းငယ်စိုးရိမ်နေမိသည်။

"ဪ ဘာမှမဖြစ်ပါဘူး။ ဖုန်းကို မတော်တဆခွဲမိသွားလို့"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"ဂျူနီယာညီလေး.. မင်း ဘယ်လိုနေလဲ။ အဲဒီလူတွေက မင်းကို တစ်ခုခုလုပ်သေးလား"

ကျန်းမုန့်လောင်၏စီနီယာများမှာ ဖုန်းကို မျက်နှာကပ်လုမတတ်ပင်။

"လုံးဝပဲ။ သူတို့က တော်တော်ဖော်ရွေကြတယ်။ ကျွန်တော့်ကို ညစာစားဖို့တောင် ဖိတ်နေသေးတာ"

ကျန်းမုန့်လောင်က ထိုသို့ပြောရင်း စိတ်စွမ်းအားရှင်များဘက်သို့ ကင်မရာဖြင့် အနီးကပ်လှည့်ပြလိုက်သည်။

သူ့စကားကို ယုံမိသူမှာ အရူးပင်ဖြစ်ချေမည်။ ကျန်းမုန့်လောင်က ဘာမှမဖြစ်သလို ဟန်ဆောင်နေသော်ငြား မြင်နေရသည့်အခြေအနေအရ ဘာမှမဖြစ်ဘူးဟုပြောနေခြင်းမှာ သူတို့ကို မျက်လုံးကန်းနေသည်ဟု ထင်နေခြင်းလေလား။

သူတို့ ဖြတ်သန်းလာသည့် လမ်းမကြီးမှာ ယခုမူ မီးလောင်ပြင်ကြီးဖြစ်နေပြီး အကောင်းအတိုင်းရှိနေသော လမ်းမကြီးမှာ ယခုမူ ပျောက်ကွယ်သွားပြီး အကြမ်းဖက်သမားတစ်ယောက်၏ တိုက်ခိုက်မှုကို ခံထားရသည့်အလားပင်။

အသက်ရှင်နေသေးသော ထိုစိတ်စွမ်းအားရှင်အယောက်တစ်ရာကျော်ကလည်း ဆီးရီးယားစစ်ပွဲမှ ပြန်ရောက်လာသည့်အလား သွေးသံတရဲရဲဖြစ်နေကြသည်။

ဘာမှမဖြစ်ဘူးလို့ ပြောရဲသေးတယ်ပေါ့.. ဒါကြီးက ပြောင်လိမ်နေတာကွ...

"မုန့်လောင်.. ငါ အကုန်မြင်နေရတယ်။ နေရာတိုင်းမှာ သွေးတွေချည်းပဲ။ နင်တို့တွေ တိုက်ခိုက်ထားကြတာလား"

ကျန်းမုန့်လောင်၏ စီနီယာအစ်မတစ်ယောက်ခမျာ မျက်ရည်အဝဲသားဖြစ်နေချေသည်။

"မဟုတ်ပါဘူး။ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ"

ကျန်းမုန့်လောင်က စိတ်စွမ်းအားရှင်များကို ကင်မရာဖြင့် ချိန်လိုက်၏။

"ကိုယ့်လူတို့.. ခင်ဗျားတို့က ကျုပ်ကို ညစာစားဖို့ လာဖိတ်တာမလား"

ကျန်းမုန့်လောင်က လက်တစ်ဖက်တွင် မီးလုံးတစ်လုံးကိုင်ထားရင်း သူတို့ကို ခက်ထန်မာကျောစွာ စိုက်ကြည့်နေပေသည်။ အကယ်၍ သူတို့သာ "မဟုတ်ဘူး"ဟု ပြောလိုက်မိလျှင် ထိုမီးလုံးဖြင့် သူတို့ကို ချက်ချင်းပစ်တော့မည့်သဘောရှိသည်။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့က မစ္စတာကျန်းကို ကျွန်တော်တို့နိုင်ငံကို အလည်လာခဲ့ဖို့ ဖိတ်နေတာပါ"

"ဟုတ်ပါတယ်။ မစ္စတာကျန်းကရဲ့ဂုဏ်သတင်းက အရမ်းကြီးမားလွန်းလို့ ကျွန်တော်တို့တွေက သူတို့ကို အရမ်းလေးစားကြတာ။ ခုနတုန်းကလည်း မစ္စတာကျန်းကို စနေတာပါ"

ထိုစိတ်စွမ်းအားရှင်တစ်သိုက်မှာ အပြုံးကြီးပြုံးကာ မပီမသဟွာရှားဘာသာစကားဖြင့် ချက်ချင်းပြန်ဖြေလိုက်၏။

သို့သော် တကယ်တမ်းတွင်မူ မည်သူကများ ပခုံးထမ်းဒုံးကြီးနှင့် နောက်ပြောင်မည်နည်း။ ကျန်းမုန့်လောင်က သူတို့မသိလိုက်ခင်မှာပင် ထိုလူများကို နှိမ်နင်းလိုက်ပြန်လေပြီလား။

ခရီးစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်လိုက်သောအခါ ကျန်းမုန့်လောင်ကြောင့် သူတို့အားလုံး နားမလည်နိုင်ဖြစ်ကုန်ကြသည်။ ဘယ်လိုအခြေအနေတွင်ဖြစ်စေ သူသည် အေးအေးဆေးဆေးဖြေရှင်းနိုင်ပေသည်.

ထို့ပြင် ယခုအချိန်တွင် ကျန်းမုန့်လောင်ဘက်က အရေးနိမ့်နေဟန်လည်း မတူပေ။ သူသည် ထိုနေရာတွင် အခြေအနေကို ထိန်းချုပ်ခြယ်လှယ်ထားသူပင် ဖြစ်နေသေးသည်။

"ကောင်းပြီလေ။ ပြန်လာမယ်ဆိုရင် ကြိုအကြောင်းကြားမယ်"

ကျန်းမုန့်လောင် ဖုန်းချလိုက်ပြီးနောက် ထိုနေရာရှိ လေထုအခြေအနေကား ပိုတင်းမာသွားလေသည်။

ကျိုးပေါ်ချွမ်းကလွဲ၍ ကျန်လူအားလုံးမှာ ရှင်လျက်နှင့် သေနေသည့်အလားပင်။ ယခင်တုန်းက ကျိုးပေါ်ချွမ်းကို ကျန်းမုန့်လောင်က ပညာပေးထားဟန်တူသည်။ ထိုသို့သောလူတစ်ယောက်က ကျန်းမုန့်လောင်ကို ဆန့်ကျင်ရဲပါဦးမည်လော။

"မစ္စတာကျန်း.. ခင်ဗျားရဲ့သူငယ်ချင်းတွေက ခင်ဗျားကို စိတ်ပူနေကြတဲ့ပုံပဲ။ ခင်ဗျား အရင်ပြန်နှင့်လိုက်ပါ့လား"

ကျိုးပေါ်ချွမ်းက သတိကြီးကြီးထား၍ ပြောလိုက်လေသည်။

"ဟင့်အင်း.. ငါက ဘယ်ပြန်လို့ရဦးမှာလဲ"

ကျန်းမုန့်လောင်က ဖြောင့်မတ်မှန်ကန်စွာ ပြောလိုက်လေသည်။

"မင်းတို့တွေက မစ်ရှင်လာလုပ်တာလေ။ ငါမပါဘဲ ပြန်သွားရရင် မင်းတို့တွေ တာဝန်မကျေသလို ဖြစ်သွားမှာပေါ့။ မင်းတို့ရဲ့တာဝန် မပြီးမြောက်ရင် လစာမရဘဲနေလိမ့်မယ်။ လစာမရရင် မိသားစုကိုလည်း ထောက်ပံ့လို့မရဘူး။ မင်းတို့မိသားစုတွေ ဒုက္ခရောက်မဲ့အရေးကို ငါက ဘယ်လိုလုပ်ပြီး ဒီအတိုင်းထိုင်ကြည့်နေရမှာလဲ"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က အရှေ့သို့ တစ်လှမ်းတိုးလာလေသည်။

"ငါ့ကို သေချာပေါက်ပြန်ခေါ်သွား"

ကျန်းမုန့်လောင်က ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူတို့ကလည်း တစ်ညီတစ်ညာတည်း အနောက်သို့ ပြန်ဆုတ်နေသည်မှာ လူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ စစ်တပ်တစ်တပ်နှင့် ရင်ဆိုင်နေသည့်အလားပင်။

ထိုအခိုက်ဝယ် ကျိုးပေါ်ချွမ်း နားလည်လိုက်သည်။ ကျန်းမုန့်လောင်က သူတို့ကောင်းကျိုးအတွက် တွေးပေးနေခြင်းမဟုတ်ပေ။ သူသည် သူ့ကို လုပ်ကြံနေသော ကိစ္စများ၏ နောက်ကွယ်ရှိ ကြိုးကိုင်သူနှင့် တွေ့ချင်နေသောကြောင့်ပင်.

သူတို့သာ ကျန်းမုန့်လောင်ကို တကယ်ခေါ်သွားလိုက်ပါက အကျိုးဆက်များမှာ မတွေးဝံ့စရာပင်။ သို့သော် ခေါ်မသွားပြန်လျှင်လည်း သူတို့၏ဖန်ဆင်းရှင်နှင့် တွေ့ရပေလိမ့်မည်။

ထိုအခိုက်ဝယ် ကားလ်၏ဆက်သွယ်ရေးကိရိယာက အသံမြည်လာလေသည်။

"ကားလ်... အခြေအနေဘယ်လိုရှိလဲ။ မင်း ကျန်းမုန့်လောင်ကို ဖမ်းမိပြီလား"

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။

ကားလ်က ဘာပြောရမှန်းမသိဟန်ဖြင့် ကျန်းမုန့်လောင်ကိုကြည့်လိုက်၏။

ကျန်းမုန့်လောင်ကလည်း သူ့အား ပြုံးပြလိုက်ပြီးနောက် အသာခေါင်းညိတ်ပြ၍ နောက်ထပ်မီးလုံးကြီးတစ်လုံးကို ဖန်ဆင်းလိုက်ပြန်သည်။

"ဖမ်း...ဖမ်းမိပါပြီ"

ကားလ်လည်း ကပျာကယာပြောလိုက်ရသည်။

"ကျွန်တော်တို့ဘက်က လူတစ်ဝက်လောက် ဆုံးရှုံးလိုက်ရပါတယ်။ မစ္စတာကျိုးကိုယ်တိုင် လှုပ်ရှားလိုက်တော့မှ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ"

"လူတစ်ဝက်လောက်ကျသွားတာလား"

တစ်ဖက်ရှိ လေသံကား အလွန်အံ့အားသင့်သွားလေဟန်ပင်။ ကျန်းမုန့်လောင်က ဤမျှအထိစွမ်းလိမ့်မည်ဟု ထင်မထားပေ။

"ဒါပေမဲ့ သူ့ကိုဖမ်းမိတယ်ဆိုရင်တော့ တန်ပါတယ်။ သူ့ကို့ခေါ်လာခဲ့လိုက်။ အခုလောက်ဆိုရင် သူ နောင်တရနေလောက်ပြီ။ ဒိတစ်ခေါက် ဒီပြဿနာကောင်ကို အပြတ်ရှင်းပစ်မယ်"

"ငါ အထူးလေယာဉ်တစ်စင်း ချက်ချင်းလွှတ်လိုက်မယ်။ တောင်အာဖရိကဘက်က လူတွေကလည်း မင်းတို့နဲ့ အပြည့်အဝပူးပေါင်းပေးလိမ့်မယ်"

"ဟုတ်ကဲ့"

ဆက်သွယ်ရေးကိရိယာကိုပိတ်ပြီးနောက် ကားလ်က ကူကယ်ရာမဲ့စွာဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်လေသည်။

"ဘာတွေစောင့်နေသေးတာလဲ။ ငါ့ကို မြန်မြန်ကြိုးတုပ်တော့လေ။ ငါက မင်းတို့ကောင်းကျိုးအတွက်ပြောတာနော်"

All Chapters