အဆင်သင့်ဖြစ်ပြီလား
Vol. 46 Ch. 684
ဟွာရှားနိုင်ငံ ကျန်းနန်မြို့ရှိ ကျန်းမုန့်လောင်၏နေအိမ်တွင်...
"မိန်းကလေးဟုန်းရီ.. ကျွန်တော်တို့ လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ သခင်နဲ့ အဆက်အသွယ်ပြတ်သွားပါတယ်။ ကြည့်ရတာတော့ ကျွန်တော်တို့ရဲ့ဆက်သွယ်ရေးကြိမ်နှုန်းရဲ့ပြင်ပကို ရောက်သွားတဲ့ပုံပဲ"
"ယဲ့ရင်ကိုရော ဆက်သွယ်ပြီးပြီလား"
ဟုန်းရီက မေးလိုက်လေသည်။
"ဆက်သွယ်ပြီးပါပြီ။ ယဲ့ရင်ရဲ့ဦးနှောက်ကွမ်တမ်လှိုင်းက သခင် ဘေးကင်းတဲ့အကြောင်း သတင်းပို့ထားပါတယ်။ အဲဒီလူတွေကို ကိုင်တွယ်ဖြေရှင်းပြီးပြီတဲ့။ ဒါပေမဲ့ ကြည့်ရတာတော့ အကွက်ရွှေ့ဖို့ ပြင်ဆင်နေပုံပဲ"
"သိပြီ"
ဟုန်းရီလည်း ခေါင်းညိတ်ပြလိုက်သည်။
"သူ့ကို ဆက်သွယ်လို့မရရင် ချက်ချင်းလှုပ်ရှားဖို့ မစ္စတာကျန်းက ပြောထားတယ်။ ကျွန်မပြောတဲ့စကားကို နားလည်တယ်မလား"
"ဟုတ်ကဲ့။ နားလည်ပါတယ်။ လွန်ခဲ့တဲ့လဝက်ကတည်းက ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ အော်ပရေတာအယောက်တစ်သောင်းနှစ်ထောင်လည်း အဆင်သင့်ဖြစ်နေပါပြီ။ အမေရိကန်ဒေါ်လာရန်ပုံငွေတစ်ကွာဒရီလီယံလည်း အသင့်ပါပဲ။ နေ့တစ်ဝက်အတွင်းမှာတင် ဘယ်နယ်မြေရဲ့ငွေကြေးဈေးကွက်မဆို ဖြိုလဲနိုင်စွမ်းရှိပါတယ်"
"ကောင်းပြီလေ။ မစ္စတာကျန်းညွှန်ကြားထားတဲ့အတိုင်း လုပ်ကြစို့။ သုံးနာရီအတွင်း ကြိုးမဲ့ဆက်သွယ်မှုကတစ်ဆင့် သူနဲ့ အဆက်အသွယ်မရခဲ့ရင် လုပ်ငန်းစလိုက်တော့"
"ဟုတ်ကဲ့"
...
သုံးနာရီခွဲမျှ လေယာဉ်စီးလာပြီးနောက် အတ္တလန္တိတ်သမုဒ္ဒရာထဲရှိ ပင်လယ်ရေမှော်တောတစ်ခုအထက်သို့ ရောက်လာခဲ့သည်။ နေရောင်ခြည်ဖြာကျလာသည်နှင့်အမျှ လေယာဉ်ကလည်း တဖြည်းဖြည်း ဆင်းသက်လိုက်လေတော့သည်။
ဤသည်မှာ စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးသုံးလေယာဉ်ပင်ဖြစ်သည်။ တစ်စီးလျှင် အမေရိကန်ဒေါ်လာ၁၂ဘီလီယံကျော် တန်ဖိုးရှိသည်။ တိုက်တေနီယမ်ထက် ပိုခိုင်မာသည့် သတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး ပြင်းထန်လှသောစွမ်းအင်ကြောင့် တိုက်နယ်ဒုံးကျည်အရှိန်၏ ငါးပုံတစ်ပုံနီးနီး မြန်ဆန်ကာ တောင်အာဖရိကမှ အမေရိကသို့ရောက်ရန် သုံးနာရီပင်မကြာလိုက်ချေ။
သို့သော် ကုန်ကျစရိတ်မြင့်မားပြီး ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် စွမ်းအားရှင်မဟာမိတ်အဖွဲ့တွင် ဤကဲ့သို့သော လေယာဉ်မျိုး သုံးစင်းသာရှိ၏။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်ကို ဖမ်းဆီရန်အတွက် ဤလေယာဉ်တစ်စင်းကို ထုတ်သုံးခြင်းမှာ သူတို့ဘက်က ကျန်းမုန့်လောင်ကို မည်မျှအလေးထားကြောင်း ထင်ရှားလှသည်။
သို့သော် လေယာဉ်ထဲရှိ လေထုအခြေအနေကတော့ အလွန်လေးလံထိုင်းမှိုင်းနေသည်။ လေယာဉ်ပေါ်ရှိ စိတ်စွမ်းအားရှင်အယောက်သုံးရာထဲမှ တစ်ဝက်ခန့် သေဆုံးသွားပြီး ကျန်လူများမှာလည်း အပြင်းအထန်ဒဏ်ရာရထားကြသည်။ အယောက်နှစ်ဆယ်ခန့်ကသာ အသေးစားဒဏ်ရာလေးများ ရထားခြင်းပင်။
ကျိုးပေါ်ချွမ်းအပါအဝင် ဤလူများမှာ ကျန်းမုန့်လောင်ကို "စောင့်ကြပ်"ပို့ဆောင်ရန် တာဝန်ပေးခံထားရသည်။ သူတို့ကတော့ စိတ်မပါကြပေ။ အကယ်၍ ယခုလိုမစ်ရှင်မျိုး ထမ်းဆောင်ရမှန်းသာ ကြိုသိပါက စောစောကတည်းက သူတို့ကိုယ်သူတို့ တမင်တကာဒဏ်ရာရအောင် လုပ်ထားမိမည်သာ။
ကျန်းမုန့်လောင်ကတော့ လက်ကောက်ဝတ်နှစ်ဖက်တွင် အထူးလက်ထိပ်များဖြင့် ခတ်ခံထားပါသော်ငြား "ဆူးငြောင့်ခလုတ်များကို ကျော်လွှားသူများ"ဟူသော အစီအစဉ်ကို တက်ဘလက်ဖြင့် ကြည့်နေလေသည်။
ဘဲခြံထဲက ပျံ့လွင့်လာသည့်အလား ရယ်သံများက လေယာဉ်ထဲတွင် ဟိန်းထွက်နေလေရာ ပြန်ပေးဆွဲခံထားရသူနှင့် လားလားမျှမတူချေ။
"အား"
သူ့ဘေးရှိ စိတ်စွမ်းအားရှင်တစ်ယောက်က ဒဏ်ရာကို ဆေးထည့်ရင်း အော်လိုက်သည်။ သူ့လက်မောင်းတစ်ဖက်လုံးမှာ မီးလောင်ကျွမ်းထားသဖြင့် ကျွမ်းနေပြီဖြစ်ရာ ကျန်စိတ်စွမ်းအားရှင်တစ်ယောက်က သူ့အား ပိုးသတ်ပေးနေလေသည်။
စိတ်စွမ်းအားရှင်များအကြား အထူးအမျိုးအစားတစ်ခုရှိ၏။ ကုသရေးသမားဟု ခေါ်သည်။ သူတို့က သူတို့၏အထူးစွမ်းရည်များကို အသုံးပြု၍ ဆဲလ်များကို ပိုင်းခြားခြင်းနှင့် ခွဲခြားရေးတို့ကို အရှိန်မြှင့်တင်ပေးနိုင်သည်။ သို့သော် ဤကုသသူများမှာ အလွန်အရေးကြီးလှသဖြင့် သေချာကာကွယ်ပေးထားတတ်သည်။ အန္တရာယ်များသော စစ်ဆင်ရေးများတွင်လည်း ပါဝင်ခွင့်မပြုပေ။
ထို့ကြောင့် ရာထူးမြင့်သော စိတ်စွမ်းအားရှင်များ ဒဏ်ရာအပြင်းအထန်ရလာလျှင် ဤအထူးကုသသူများဆီသို့ ကုသမှုခံယူကြသည်။
ထိုစိတ်စွမ်းအားရှင်ခမျာ ဒဏ်ရာက နာကျင်လွန်းလှသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပေသည်။
ထိုအချိန်တွင် ဖိနပ်ကော်တစ်ခုက သူ့ခေါင်းတည့်တည့်သို့ ပျံဝဲလာသည်။
"မင်းက ဘာတွေအော်နေတာလဲ။ ဝက်အသတ်ခံရလို့လား။ ငါ ရသစုံရှိုးကြည့်နေတာ မမြင်ဘူးလား။ တိတ်တိတ်နေစမ်း"
ကျန်းမုန့်လောင်ကမူ ထိုစိတ်စွမ်းအားရှင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
ထိုစိတ်စွမ်းအားရှင်ခမျာ မျက်ရည်များ ဝဲတက်လာသော်လည်း တစ်ခွန်းမှ ပြန်မပြောရဲပေ။ သူ့ခမျာ သူ့ဖိနပ်ကို တိတ်တိတ်လေးချွတ်ကာ ပါးစပ်ထဲသို့ ထိုးထည့်ထားလိုက်သည်။
"ဆေးဆက်ထည့်ပေး"
"ဟစ်! အင်း!"
ဤတစ်ခေါက်တွင်မူ သူ့မှာ အသံတိတ်နေရသည်။
"ဖြောင်း"
နောက်ထပ်ဖိနပ်ကော်တစ်ခုက သူ့ခေါင်းကို လာမှန်ပြန်သည်။
"ငါ့ရှေ့မှာ ဒါမျိုးလာမလုပ်နဲ့။ ငါ အခုထိ ထမင်းမစားရသေးဘူး။ သွေးတွေမြင်ရင် ရင်ခံလို့"
ထိုစိတ်စွမ်းအားရှင်ခမျာ မျက်ရည်များကိုသုတ်ကာ ဒဏ်ရာရထားသည့် သူ့လက်ကိုပွေ့ပိုက်လျက် လေယာဉ်၏ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်၏။
နောက်ဆုံးတွင်မူ ကျွန်းတစ်ကျွန်းက ကျန်းမုန့်လောင်၏မြင်ကွင်းထဲသို့ ရောက်လာလေသည်။ ထိုကျွန်းကို အချက်ပြလှိုင်းဖျက်ဆီးသည့် ကိရိယာများဖြင့် ဝိုင်းရံထားသဖြင့် မည့်သည့်အချက်ပြစနစ်ကိုမှ ပေးပို့၍မရပေ။ ထိုနေရာကား အမေရိကအခြေစိုက် စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းပင်တည်း။
ဤနေရာတွင် လူသားခန္ဓာစမ်းသပ်မှုများ ပြုလုပ်လေ့ရှိပြီး စွမ်းအားရှင်အမြောက်အများကိုလည်း ချုပ်နှောင်ထားသည်။
ထိုစွမ်းအားရှင်များမှာ လူသတ်ချင်စိတ်များ ကြီးစိုးနေသူများဖြစ်သဖြင့် ဤနေရာတွင် ချုပ်နှောင်ထားခြင်းပင်။
တချို့က ထိန်းချုပ်ရခက်ခဲသဖြင့် ထုတ်ဖော်ပြောဆို၍မရနိုင်သောနည်းလမ်းများဖြင့် အတင်းအကျပ်အကျဉ်းချထားသည်။
အချို့မှာမူ အတွေးအခေါ်သွေဖည်မှုကြောင့် ချုပ်ထားခြင်းပင်။
ဤနေရာမှာ သုတေသနဌာနထက် အကျဉ်းထောင်တစ်ခုနှင့်ပင် ပိုတူပေသည်။
ကောင်းကင်ထက်၌ လေယာဉ်ပေါင်းများစွာ ပျံဝဲနေပြီး ကျွန်းပေါ်တွင်လည်း လှည့်ကင်းများဖြင့် ပြည့်နှက်နေသည်။ လေယာဉ်ကွင်းထဲရှိ စိတ်စွမ်းအားရှင်တစ်သိုက်ကတော့ အလွန်အန္တရာယ်များလှသော ရန်သူတော်ကြီးကို ရင်ဆိုင်ရတော့မည့်အလား စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
"ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားကို မင်းတို့ သိကြမှာပါ"
ကျန်းမုန့်လောင်က ခြိမ်းခြောက်လိုက်၏။
"ငါ့အစီအစဉ်ကို ဖျက်ဆီးတဲ့ဘယ်သူမဆို အကျိုးဆက်ကို ရင်ဆိုင်ဖို့ပြင်ထား"
စိတ်စွမ်းအားရှင်များအားလုံးလည်း ကြောက်ဒူးတုန်သွားကြပြီး တရစပ်ခေါင်းညိတ်ပြကြသည်။ ကျန်းမု်န့လောင်ရောက်လာခြင်းမှာ ဤနေရာတစ်ခုလုံး ငရဲခန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း သူတို့ သိထားပေသည်။
ကျောင်းအုပ်လက်စွပ်ကို အသုံးချ၍ ကျန်းမုန့်လောင်က ကျွန်းတစ်ကျွန်းလုံးကို စစ်ဆေးကြည့်လိုက်သည်။
သူ့ဘေးနားရှိ စိတ်စွမ်းအားရှင်အယောက်နှစ်ဆယ်ကျော်ကလွဲပြီး ဤကျွန်းပေါ်တွင် စိတ်စွမ်းအားရှင်အယောက်၁၂၀၀ရှိသော်ငြား အများစုက အားနည်းပြီး နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်မှာမူ ရာဂဏန်းခန့်သာ ရှိသည်။
သို့သော် ကျွန်း၏မြေအောက်အနက်ပိုင်းတွင်မူ နတ်ဘုရားအဆင့်ထက် သာလွန်ပြီး စွမ်းအင်ပြင်းအား၂၂ယူနစ်အထိရှိသည့် စိတ်စွမ်းအားရှင်တချို့လည်း ရှိနေဟန်တူသည်။
သို့သော် ထိုလူ၏ အသက်ဓာတ်စွမ်းအင်မှာ အလွန်အမင်းအားနည်းလှသည်ဖြစ်ရာ သေလုဆဲဆဲဖြစ်နေဟန်တူသည်။
ကျန်းမုန့်လောင်ကို လေယာဉ်ပေါ်က စောင့်ကြပ်ခေါ်ဆောင်လာပြီး စိတ်စွမ်းအားရှင်ရာဂဏန်း၏ စောင့်ကြည့်မှုအောက်မှာပင် မြေအောက်ရှိ ငွေဖြူရောင်အဆောက်အအုံတစ်ခုထဲသို့ ဝင်သွားလိုက်သည်။
"ဘန်း"
ကျန်းမုန့်လောင်မှာ ငွေဖြူရောင်အခန်းတစ်ခုထဲတွင် ပိတ်လှောင်ခံလိုက်ရသည်။ တစ်ဖက်ခြမ်းတွင် မည်သူမှမရှိပါဘဲ မှန်ချပ်ကြီးတစ်ချပ်ဖြင့် ပိုင်းကန့်ထားသည်မှာ ဖန်သားပြင်တစ်ခုနှင့်ပင် တူလှပေသည်။
"ဇစ် ဇစ်…"
လျှပ်စစ်လှိုင်းသံတစ်သံနှင့်အတူ ဖန်သားပြင်ထက်၌ လူရိပ်များစွာ ပေါ်လာခဲ့သည်။
"ကျန်းမုန့်လောင် ငါတို့ နောက်ဆုံးတော့ တွေ့ကြပြီပေါ့"
ခေါင်းဆောင်ဖြစ်သူက ပြုံးရွှင်စွာပြောလိုက်လေသည်။
"သေစမ်း..ဟွာရှားစကားနဲ့ပြောစမ်းပါ။ ငါ အဲဒီလိုစကားတွေကို နားမလည်ဘူး"
ကျန်းမုန့်လောင်က ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ရင်း ပြောလိုက်သော်လည်း သူ့ကို တစ်ချက်မျှပင် မကြည့်ချေ။
"ကျန်းမုန့်လောင်.. မင်းက ဒီနေရာမှာတောင် မာန်တက်နေတုန်းလား"
လူလတ်ပိုင်းအရွယ် အမျိုးသားကြီးက ပြောလိုက်သည်။
"ဒီနေရာမှာ အကျဉ်းချခံရတဲ့လူက တစ်သက်လုံးအကျဉ်းချခံရတာမျိုးမဟုတ်ရင် သေရတယ်ဆိုတာကို မင်းသိလား"
"မင်းက ဘယ်သူလဲ"
"ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့နာမည်က ဘရစ်တိုတဲ့။ အမေရိကစိတ်စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲကပဲ။ မင်းကို ဒီနေရာကို ခေါ်လာခိုင်းတာ ငါ့အကြံအစည်ပဲ"
"ဪ ဒီတော့ မင်းက ငါ့ကို ဖိတ်လိုက်တဲ့လူပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါဗိုက်ဆာနေပြီ။ အခုချက်ချင်း စားစရာလာပို့ပေး"
"ဟားဟားဟား.. ကျန်းမုန့်လောင်.. မင်းက အခုထိတောင် အေးအေးလူလူဖြစ်နေတုန်းပဲ"
ဘရစ်တိုက ရယ်မောလိုက်လေသည်။
"ငါတို့က မင်းကို အသက်ချမ်းသာပေးလိမ့်မယ်လို့ ထင်နေတာလား။ မင်းရဲ့မိသားစုက နှစ်ပေါင်းငါးထောင်သက်တမ်းရှိပြီး နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်အယောက်တစ်ရာကျော်ကို မင်းတစ်ယောက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတော့ မင်းတို့မိသားစုမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိမှာပဲ"
"အဲဒီတော့ဘာဖြစ်လဲ"
"မင်းရဲ့လျှို့ဝှက်ချက်တွေကို ပြောပြ။ ဒီလိုဆိုရင် မင်းကို မနာမကျင်ဘဲ သေရအောင် လုပ်ပေးမယ်။ မဟုတ်ရင်တော့ ငါ့ဓာတ်ခွဲခန်းထဲမှာ လူမဆန်တဲ့ကိရိယာတွေ အများကြီးရှိတယ်။ မင်းလည်း အဲဒီအတွေ့အကြုံတွေ မခံစားချင်မှာသေချာတယ်"
သူက ခြိမ်းခြောက်လိုက်၏။
"ငါ့ကိုဖမ်းရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာ သိလား"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
ဘရစ်တို၏အမူအရာလည်း ရုတ်ခြည်းပြောင်းလဲသွားလေသည်။ ကျန်းမုန့်လောင်က သူ့လက်အောက်ငယ်သားများကို တစ်ခုခုခိုင်းစေခဲ့လေသလား။
"ငါဆိုတဲ့ ကျန်းမုန့်လောင်က အနိုင်ကျင့်ခံရရင် ငြိမ်ခံနေမဲ့လူလို့များ အောက်မေ့နေတာလား"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ငါက မင်းတို့ကို အရေးမလုပ်ချင်သေးလို့။ အခုလောလောဆယ် အော်ပရေတာအယောက်တစ်သောင်းနှစ်ထောင်လည်း အဆင်သင့်ပဲ။ အမေရိကန်ဒေါ်လာတစ်ရာထရီလီယံကလည်း အဆင်သင့်ပဲ။ နောက်ထပ်သုံးနာရီအတွင်း ငါ့လူတွေက ငါ့ကို ဆက်သွယ်လို့မရရင် မင်းတို့ရဲ့ငွေကြေးဈေးကွက်ကို အဲဒီပိုက်ဆံတွေနဲ့ အပြတ်ရှင်းပစ်လိမ့်မယ်"
ကျန်းမုန့်လောင်က နာရီကိုကြည့်လိုက်သည်။
"အင်း.. အခု ခြောက်နာရီတောင် ကျော်သွားပြီပဲ။ ဈေးကွက်မဖွင့်သေးတာ တော်တော်ဆိုးတာပဲ။ ဒါပေမဲ့ မင်းတို့ရော အဆင်သင့်ဖြစ်ပြီလား"