ဘုရားပင့်ဖို့လွယ်ပေမဲ့ ပြန်ပို့ဖို့တော့ ခက်တယ်
Vol. 46 Ch. 687
"မစ္စတာကျန်း ကျွန်တော်တို့..."
ထိုစိတ်စွမ်းအားရှင်နှစ်ယောက်မှာ ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ တစ်ဖက်တွင် သူတို့၏အကြီးအကဲရှိနေပြီး တစ်ဖက်တွင်မူ ဤနတ်ဆိုး ကျန်းမုန့်လောင် ရှိနေပေသည်။ သူတို့ခမျာ စုပ်လည်းစူး စားလည်းရူး ဖြစ်နေလေသည်။
"ဘာဖြစ်တာလဲ။ ငါ့စကားကို အရေးမလုပ်တာလား"
ကျန်းမုန့်လောင်က လက်သီးတင်းတင်းဆုပ်လိုက်လေသည်။
"တကယ်လို့ သူ့လက်ကို မချိုးချင်ဘူးဆိုရင် မင်းတို့နှစ်ယောက်ကို ငါသတ်မှာ"
ဤစကားကြောင့် ထိုစိတ်စွမ်းအားရှင်နှစ်ယောက်ခမျာ ကြက်သီးတဖြန်းဖြန်းထသွားလေသည်။ ကျန်းမုန့်လောင်က အမှန်တကယ်လည်း ထိုသို့လုပ်နိုင်စွမ်းရှိကြောင်း သူတို့ ယုံကြည်ထားသည်။ အစောပိုင်းကပင် ထိုအစွမ်းကို မျက်မြင်တွေ့ထားပြီးဖြစ်၏။ သူသည် လှုပ်ရှားမှုတစ်ခုမျှဖြင့် နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်အယောက်တစ်ရာကျော်ကို အနိုင်ပိုင်းပစ်ခဲ့သည်။ ထိုအချိန်တုန်းက ကျန်းမုန့်လောင် ထုတ်လွှတ်နေသည့် စွမ်းအင်ပြင်းအားက ၃၀ယူနစ်ကျော်ကြောင်း သူတို့ ခံစားမိလိုက်သည်။
ဤအရာမှာ သူတို့ ခုခံနိုင်သည့်အရာမဟုတ်ပေ။
ဘရစ်တိုက စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော်ငြား သာမန်လူတစ်ယောက်မျှသာ။ စွမ်းအားရှင်မဟာမိတ်အဖွဲ့နှင့် အာဏာပိုင်များအကြားရှိ လုပ်ငန်းစဉ်များကို တာဝန်ယူရသူပင်။ ပြောရမည်ဆိုလျှင် သူသည် နိုင်ငံရေးကိုယ်စားလှယ်တစ်ယောက်နှင့်ပင် ပိုတူပေသည်။
စိတ်စွမ်းအားရှင်နှစ်ယောက်အနေနှင့် သာမန်လူတစ်ယောက်၏လက်ကို ရိုက်ချိုးရန်မှာ အစာစားသလောက် လွယ်ကူပေသည်။
သို့သော် သူတို့သာ ဘရစ်တို၏လက်ကို ရိုက်ချိုးပစ်လိုက်လျှင် နောင်အနာဂတ်တွင် စွမ်းအားရှင်မဟာမိတ်အဖွဲ့ကို နှုတ်ဆက်ရပေလိမ့်မည်။ ဘရစ်တိုသာ ယနေ့ ဤနေရာတွင် မသေပါက နောက်ပိုင်းတွင် သူတို့နှစ်ယောက်လည်း အမဲလိုက်ခံရမည်သာ။
သို့သော် ကျန်းမုန့်လောင်၏အမိန့်ကိုသာ မနာခံပါက နောက်တစ်နေ့ပင် ကူးနိုင်မည်မဟုတ်ချေ။
ရွေးချယ်မှုတစ်ခုက အသက်ရှင်နိုင်သည့် မျှော်လင့်ချက်ရောင်ခြည်ကို ပေးစွမ်းနိုင်သည်။ အဆိုးဆုံးရှိလှ နာမည်ပြောင်း၍ လူမသိသူမသိနေထိုင်သွားရုံပင်။ သူတို့၏စွမ်းရည်ဖြင့်သာဆိုလျှင် ဘယ်နေရာမှာပင်ဖြစ်စေ နေထိုင်ရှင်သန်နိုင်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူတို့ရှာဖွေထားသည့် စည်းစိမ်ဥစ္စာများမှာ ဘရစ်တို လိုက်မရှာနိုင်လောက်မည့်နေရာတစ်ခုတွင် အပူအပင်ကင်းမဲ့သော မီလျံနာတစ်ယောက်အဖြစ် နေထိုင်သွားရန် လုံလောက်ပေသည်။
ကျန်ရွေးချယ်မှုကတော့ နေရာမှာတင် သေရမည့်ကိန်းပင်။ သူတို့သာ ဦးနှောက်မပျက်သေးသရွေ့ ဒုတိယတစ်ခုကို ရွေးချယ်မည်မဟုတ်ပေ။
"မစ္စတာဘရစ်တို.. ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့လည်း အသက်ရှင်ချင်သေးတယ်လေ"
ထိုစိတ်စွမ်းအားရှင်နှစ်ယောက်က အခန်းထဲက ထွက်လာခဲ့လိုက်ပြီးနောက် ဘရစ်တိုအုပ်စု ရှိနေသောနေရာသို့ ဦးတည်လာသည်။
"မင်းတို့ ဘာလုပ်နေတာလဲ။ ပုန်ကန်ကြမလို့လား။ ငါ ပြောလိုက်မယ်။ ဒီနေ့ မင်းတို့တွေ ငါ့ကို ထိရဲလို့ကတော့ တစ်ကမ္ဘာလုံးမှာ မင်းတို့အတွက် နေရာမရှိစေရဘူး"
ဘရစ်တိုလည်း ထိတ်လန့်သွားလေသည်။
"သူတို့ကိုတားစမ်း။ တစ်ယောက်ယောက် လာကြစမ်း"
စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းတစ်ခုဖြစ်သည့်အတွက် ဤနေရာတွင် အစွမ်းထက်သော စိတ်စွမ်းအားရှင်များ ရှိသေးသည်။ သူတို့က ကျန်းမုန့်လောင်ကို ဖမ်းဆီးသည့် အစီအစဉ်တွင် ပါဝင်ခြင်းမရှိပေ။ ထို့ကြောင့် သူတို့က ဘရစ်တိုကို အကာအကွယ်ပေးရန် စက်ဝိုင်းသဏ္ဌာန်ဝန်းရံထားလိုက်လေသည်။
"ကျိုးပေါ်ချွမ်း.. သူ့ကိုကာကွယ်ပေးတဲ့လူတွေ ရှိနေတယ်။ သူတို့ကိုရှင်းပစ်လိုက်"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"ဘာ.. ကျိုးပေါ်ချွမ်းလား။ ခင်ဗျားရော..."
အစောပိုင်းက ဘရစ်တိုတစ်ယောက် ကြောက်လန့်နေခဲ့သည်ဆိုပါလျှင် ယခုမူ စိတ်ပျက်အားလျော့သွားပြီဖြစ်၏။
စွမ်းအားရှင်မဟာမိတ်အဖွဲ့တစ်ခုလုံးတွင် ထျန်းယွမ်အဆင့်သိုင်းပညာရှင်ဖြစ်သော ကျိုးပေါ်ချွမ်းကို မည်သူမှ မယှဉ်နိုင်ပေ။ အင်အားစုပေါင်းလိုက်လျှင်ပင် သူ့ဆံချည်မျှင်တစ်ချောင်းကိုတောင် ထိခိုက်အောင်မလုပ်နိုင်ပေ။ ကျိုးပေါ်ချွမ်းက ကြံ့ကြံ့ခံထားပြီး သူ့အတွင်းအားများကို အကုန်ထုတ်သုံးလိုက်ပါက ဤစိတ်စွမ်းအားရှင်များ၏ တိုက်ခိုက်မှုများမှာ အယားပြေကုတ်ပေးနေသလောက်သာရှိသည်။
"မသေချင်တဲ့လူတွေ နောက်ဆုတ်ကြ"
သာမန်အဝတ်အစားကို ဝတ်ဆင်ထားသည့် ကျိုးပေါ်ချွမ်းက အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာသည်။ သူ့ဖြစ်တည်မှုကြောင့် ပတ်ပတ်လည်ရှိ လေထုတစ်ခုလုံး အေးခဲသွားပေသည်။
"ကျိုးပေါ်ချွမ်း.. စွမ်းအားရှင်မဟာမိတ်အဖွဲ့က ခင်ဗျားကို ကောင်းကောင်းဆက်ဆံခဲ့တယ်လေ။ ခင်ဗျားက သူ့ကို ဘာလို့ကူညီပေးနေတာလဲ။ ဒီနေ့အတွက် စွမ်းအားရှင်မဟာမိတ်အဖွဲ့ထဲကို ဝင်လာခဲ့တာလား"
ဘရစ်တိုက ပြောလိုက်လေသည်။
"မင်းတို့တွေက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေကြတာပဲ"
ကျိုးပေါ်ချွမ်းက ခပ်မဲ့မဲ့ပြုံးလျက် ပြောလိုက်လေသည်။
"မင်းတို့ရဲ့စွမ်းအားရှင်မဟာမိတ်အဖွဲ့ကို ဖျက်ဆီးဖို့ ဘာလုပ်ကြံဇာတ်လမ်းမှ ထွင်စရာမလိုဘူး"
"ဒါဆို ခင်ဗျား.."
"ငါ နိဗ္ဗာန်ကျွန်းကနေ ဘာလို့ထွက်လာခဲ့ရလဲဆိုတာကို မင်းတို့ သိချင်နေကြတာမလား။ အခု ငါပြောပြမယ်။ အဲဒါတွေအားလုံးက မစ္စတာကျန်းနဲ့ ပတ်သက်နေတယ်"
"သူ.. သူက ခင်ဗျားတို့နိဗ္ဗာန်ကျွန်းကို သိမ်းပိုက်လိုက်တဲ့လူလား"
ထိုအခိုက်ဝယ် ဘရစ်တိုခမျာ သွေးဆောင့်တက်လာသလို ခံစားလိုက်ရသည်။ ကျန်းမုန့်လောင်က ကျွန်းအရှင်ကိုယ်တိုင်ပင် ရင်မဆိုင်နိုင်ခဲ့သော လူလေလား။
ထိုအချိန်မှာပင် စိတ်စွမ်းအားရှင်နှစ်ယောက်က အစည်းအဝေးခန်းထဲသို့ အပြေးဝင်ရောက်လာသည်။
"မင်း.. မင်းတို့ အနားတိုးမလာနဲ့"
သို့သော် မည်သူကမှ အရေးမလုပ်ဘဲ သူ့အနားသို့ ချဉ်းကပ်လာချေသည်။
"ဂျွတ်"ခနဲမြည်သံနှစ်သံ ထွက်ပေါ်လာပြီးနောက် ဘရစ်တို၏လက်မောင်းနှစ်ဖက်လည်း ကူကယ်ရာမဲ့စွာ ကျိုးသွားလေသည်။
"ဟေး ဟေး.. မင်းတို့ ဘာလုပ်လိုက်တာလဲ။ ငါက သူ့လက်တစ်ဖက်ကိုပဲ ချိုးခိုင်းတာ။ မင်းတို့တွေက ဘာလို့များ ဒီလောက်အထိရက်စက်ရတာလဲ။ ယောက်ျားတစ်ယောက်ရဲ့ကတိစကားက သူ့သိက္ခာပဲ။ လက်တစ်ဖက်လို့ပြောထားရင် လက်တစ်ဖက်တည်းပဲ ဖြစ်သင့်တာပေါ့။ ကျန်တဲ့တစ်ဖက်ကို ပြန်ဆက်ပေးလိုက်"
စိတ်စွမ်းအားရှင်တစ်ယောက်က ဘရစ်တို၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နာနာကျင်ကျင်အော်ဟစ်သံကို လျစ်လျူရှု၍ သူ့လက်ကို အရိုးပြန်ဆက်ပေးလိုက်သည်။
"အား"
အချိုးခံရသည်ဖြစ်စေ အဆက်ခံရသည်ဖြစ်စေ ဘရစ်တိုကတော့ အပြင်းအထန်နာကျင်နေပေသည်။
"ကျန်းမုန့်လောင် မင်း..."
ဘရစ်တိုက ကျန်းမုန့်လောင်ကို ကြည့်လိုက်ပါသော်ငြား ကျန်းမုန့်လောင်ကတော့ အခန်းထဲတွင် မရှိတော့ပေ။
"အခု ခင်ဗျားရဲ့အခြေအနေကို သိပြီလား"
ကျန်းမုန့်လောင်၏အသံ ထွက်ပေါ်လာသည်။ အံ့ဩဖို့ကောင်းသည်မှာ သူသည် မလှမ်းမကမ်းရှိ ဆိုဖာတစ်ခုတွင် ဝင်ထိုင်နေခြင်းပင်။
အစည်းအဝေးခန်းထဲရှိ လူတိုင်းလည်း ထောင့်တစ်နေရာသို့ ကျုံ့ဝင်သွားကြသည်။ လူတိုင်းက ခေါင်းငုံ့ချထားပြီး သူနှင့် အကြည့်ချင်းမဆုံရဲကြပေ။ ကျန်းမုန့်လောင်က ထင်းထွက်နေသော ခေါင်းကို ပစ်ချလိုက်မည်ကို စိုးရိမ်နေသည့်အလားပင်။
"ကျုပ်က စိတ်ရှည်တယ်လို့များ ထင်နေကြတာလား"
"အစတုန်းက ကျုပ်ကို ဒေဝါလီခံရအောင် ပေါင်းကြံကြတယ်။ နောက်တော့ တိုက်လေယာဉ်တွေပို့ပြီး တိုက်ခိုက်တယ်။ အခုလည်း စိတ်စွမ်းအားရှင်တွေလွှတ်ပြီး ကျုပ်ကိုဖမ်းခိုင်းတယ်။ ကျုပ်က စိတ်ရှည်တယ်များ ထင်နေတာလား"
"ကျုပ်ပြောမယ်။ ကျုပ် ဒီနေရာက မပြန်မချင်း သူတို့တွေကလည်း ခင်ဗျားတို့ရဲ့ငွေကြေးဈေးကွက်ကို ဆက်တိုက်ခိုက်နေဦးမှာ။ ဒါပေမဲ့ ခင်ဗျားတို့တွေ သိပ်ကြာကြာမခံတော့ဘူးလို့ထင်တာပဲ။ ဟုတ်တယ်မလား။ ခင်ဗျားတို့မှာ ဘယ်လောက်ကျန်သေးလဲ။ အများဆုံးရှိလှ... ဒေါ်လာဘီလီယံရာဂဏန်းလောက်ပဲ ကျန်တော့တာမလား"
ကျန်းမုန့်လောင်က ဆက်သွယ်ရေးကိရိယာကို တစ်ဖန်ပြန်ဖွင့်လိုက်ပြီးနောက် အသံကို အဆုံးအထိ ချဲ့လိုက်၏။
"ဟုန်းရီ... အခြေအနေဘယ်လိုလဲ"
"မစ္စတာကျန်း.. နိုင်ငံပေါင်း၄၁နိုင်ငံရဲ့ငွေကြေးဈေးကွက် ပြိုလဲသွားပါပြီ။ လက်ရှိအချိန်မှာတော့ အမေရိကန်ဒေါ်လာ၁.၈ထရီလီယံလောက် ရထားပါတယ်"
"ကျစ်... ဆင်းရဲသားတွေပါလား"
ကျန်းမုန့်လောင်က အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်လေသည်။ ပျမ်းမျှအားဖြင့် ဤပမာဏမှာ အမေရိကန်ဒေါ်လာငါးရာဘီလီယံပင် မပြည့်ပေ။
စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ်များမှာ မဲ့တဲ့တဲ့ပြုံးလိုက်မိကြသည်။ သူတို့တွင် ရွေးချယ်စရာမရှိပါချေ။ သူတို့၏အရန်အမေရိကန်ဒေါ်လာများမှာ လွန်ခဲ့သည့်တစ်လကပင် သိသိသာသာလျော့နည်းသွားသည်ဖြစ်ရာ ယခုမူ နည်းနည်းသာ ကျန်တော့သည်။ သူတို့ခမျာ မွဲပြာကျလုနီးပါးပင်။
"ခင်ဗျားက ရယ်နိုင်သေးတယ်ပေါ့"
ကျန်းမုန့်လောင်က ဘရစ်တိုကို လက်ညှိုးထိုးပြလိုက်သည်။
"ခင်ဗျားကို ကျုပ်မရှင်းနိုင်ဘူးလို့ ထင်နေတာလား။ ခင်ဗျားတို့က အမေရိကန်ဒေါ်လာတွေကို ထုတ်လုပ်နိုင်တယ်ဆိုတာနဲ့ပဲ ဒီတစ်ခေါက် လွတ်ပြီလို့ ထင်နေတာလား"
"ဟုန်းရီ.. အခု ငါတို့လက်ထဲမှာ အမေရိကန်ဒေါ်လာငွေတိုက်စာချုပ်တွေ ဘယ်လောက်ရှိလဲ"
"မစ္စတာကျန်း.. ခန့်မှန်းခြေ၁၈ထရီလီယံပါ"
"ကောင်းတယ်။ အကုန်ပစ်ထည့်လိုက်တော့"
"ဘာ"
ဘရူတက်ခမျာ ထိုစကားကိုကြားသော် ဖြူဖျော့သွားလေသည်။ ကျန်းမုန့်လောင်က ဤမျှများပြားသော ငွေတိုက်စာချုပ်များကို ဘယ်အချိန်ကများ တိတ်တိတ်လေးသိမ်းထားခဲ့လေသလဲ။
ပုံမှန်အချိန်များတွင် ဝယ်သူများက သေချာပေါက်ရှိနေမည်ဖြစ်ရာ ငွေကြေးတန်ဖိုးကျဆင်းမည့်အရေးအတွက်လည်း စိတ်ပူစရာမလိုပေ။
သို့သော် ယခုမူ မတူပေ။ နိုင်ငံပေါင်း၈၈နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်က ပြိုလဲသွားပြီဖြစ်ရာ သူတို့၏နိုင်ငံတော်ဘဏ္ဍာငွေနှင့် ဘဏ်အရန်ငွေများတွင် အမေရိကန်ဒေါ်လာ ကုန်ခမ်းသွားပြီဖြစ်၏။ သူတို့အနေနှင့် ငွေတိုက်စာချုပ်ကို ဝယ်ယူချင်လျှင်ပင် ပိုက်ဆံမရှိတော့ပေ။
အကယ်၍ ကျန်းမုန့်လောင်ကသာ ဤငွေတိုက်စာချုပ်များကို ယခုအချိန်ကြီးတွင် ပစ်ထည့်လိုက်မည်ဆိုပါက ဝယ်သူများလည်း ရှိမည်မဟုတ်ချေ။
ထိုသို့ဆိုပါက မည်သို့သောရလဒ်များ ထွက်ပေါ်လာလေမလဲ။ အမေရိကန်ဒေါ်လာ၏ ယုံကြည်မှုတန်ဖိုးများ ဆုံးရှုံးသွားပေလိမ့်မည်။ နိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းလည်း ချက်ချင်းကျဆင်းသွားပြီး ငွေကြေးတန်ဖိုးကျဆင်းမှုသို့ ဆိုက်ရောက်ရမည်သာ။
အကယ်၍ သူတို့သာ ဤအကြွေးများကို ကိုင်တွယ်ရမည်ဆိုလျှင် တစ်စုံတစ်ယောက်၏အကူအညီကို လိုအပ်ပေသည်။ ပြည်တွင်းအဖွဲ့အစည်းများက ဤမျှများပြားသော အကြွေးများကို ဖြေရှင်းနိုင်မည်မဟုတ်။ အကယ်၍ ဖြေရှင်းနိုင်ခဲ့လျှင် ဤငွေတိုက်စာချုပ်အများစုမှာ နိုင်ငံခြားသားများ၏လက်ထဲသို့ ကျရောက်မည်မဟုတ်။
ရွေးချယ်စရာတစ်ခုသာ ရှိပေသည်။ အမေရိကန်ဒေါ်လာ၁၈ထရီလီယံကို ရိုက်နှိပ်ထုတ်လုပ်ရန်ပင်။
အကယ်၍ သူတို့သာ ငွေစက္ကူထုတ်လုပ်လိုက်ပါက အမေရိကန်ဒေါ်လာတန်ဖိုးလည်း ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုလည်း မြင့်တက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် စီးပွားရေးလည်း ပြိုလဲရမည်သာ။
ထို့ပြင် နောင်အနာဂတ်၌ ဘယ်နိုင်ငံကမှ အမေရိကန်ဒေါ်လာကို သုံးကြတော့မည်မဟုတ်ပေ။ သို့ဆိုလျှင် အကျိုးဆက်များကား ဆိုးဝါးပေလိမ့်မည်။
ကျန်းမုန့်လောင်သာ ဤနေရာက ပြန်ထွက်မသွားသရွေ့ ဤအခန်းထဲရှိ လူများ ကိုယ်စားပြုနေသော နိုင်ငံများအတွက် ထိခိုက်မှုပြင်းထန်လိမ့်မည်။
"ကျန်း... မစ္စတာကျန်း.. အခုကိစ္စက နားလည်မှုလွဲသွားတာပါ။ ကျွန်တော်တို့ ခင်ဗျားကို ပြန်ပို့ပေးဖို့အတွက် လူလွှတ်ပေးပါ့မယ်"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ နားလည်မှုလွဲသွားတာပါ။ ကျွန်တော်တို့က အရင်ကဖြစ်ပျက်ခဲ့တဲ့ကိစ္စအတွက် ခင်ဗျားကိုတောင်းပန်ဖို့ ဒီနေရာကို ဖိတ်လိုက်တာပါ"
"ဟုတ်ပါတယ်။ တွေ့လား... ကျွန်တော်တို့တွေ မရှုမလှရှုံးသွားပါပြီ။ ခင်ဗျားက သဘောထားကြီးတဲ့လူပါ။ ခင်ဗျားလိုချင်တဲ့ လျော်ကြေးငွေကိုသာ ပြောလိုက်ပါ"
ထိုအချိန်ဝယ် လူတိုင်းက မျက်နှာပြောင်တိုက်ကြလေတော့သည်။ ကြမ်းတမ်းရက်စက်လှသော ဤဘဏ္ဍာရေးတိုက်ပွဲကြီးကို ရပ်တန့်ပေးရန်အတွက် ကျန်းမုန့်လောင်ကို ဖျောင့်ဖျရန် သူတို့၏ဝိညာဉ်ကိုပင် ရောင်းချပစ်ရန် အဆင်သင့်ဖြစ်နေကြသည်။
"ကျုပ်တို့ဟွာရှားနိုင်ငံရဲ့ ဆိုရိုးစကားတစ်ခုကို မကြားဖူးဘူးလား"
"ဘုရားပင့်ဖို့က လွယ်တယ်။ ဒါပေမဲ့ ပြန်ပို့ဖို့တော့ခက်တယ်တဲ့။ ခင်ဗျားတို့တွေ တောင်းဆိုလို့ ကျုပ်ရောက်လာတယ်။ အခု ခင်ဗျားတို့ပြောတိုင်း ကျုပ်က ပြန်ရမှာလား။ ကျုပ်မှာရော ဂုဏ်သိက္ခာမရှိတော့ဘူးလား"