ကျုပ်က တွင်းထွက်မြေနဲ့ပတ်သက်ပြီး ချေးမများပါဘူး
Vol. 46 Ch. 688
"ကျန်းမုန့်လောင်... မင်းက ငါတို့ကို ပိုက်ကွန်နဲ့ထောင်ထားချင်တာလား"
"ဘာပိုက်ကွန်လဲ။ ကျုပ်က အနက်ရောင်ပိုးချည်ကို ပိုသဘောကျတာ"
ကျန်းမုန့်လောင်က အရွှန်းဖောက်လိုက်၏။
"မင်းမှာပဲ ဝှက်ဖဲရှိတယ်လို့ ထင်နေတာလား။ ငါတို့က မရှိတော့ဘူးပေါ့"
ဘရစ်တိုက ပြောလိုက်လေသည်။
"ငါ အမှန်အတိုင်းပြောမယ်။ ဒီတစ်ခေါက် မင်းကိုရင်ဆိုင်ဖို့အတွက် ငါတို့ ပြင်ဆင်မှုတွေအများကြီးလုပ်ထားတယ်။ မင်းဘာသာ ဘယ်လောက်ပဲစွမ်းစွမ်း မင်းအနားက လူတွေကတော့ အဲဒီလောက်အထိ မစွမ်းနိုင်ဘူးမလား"
"ဒီတစ်ခေါက် တောင်အာဖရိကကို သူငယ်ချင်းတွေအများကြီး ခေါ်လာခဲ့တယ်မလား"
ဘရစ်တိုက ခြိမ်းခြောက်လိုက်သည်။
"မင်း တောင်အာဖရိကကို ခြေချလိုက်တဲ့အချိန်ကတည်းက ငါတို့က သူတို့ကို စောင့်ကြည့်နေခဲ့တာ။ ငါတို့ဘက်က ဆက်သွယ်မှုပြတ်တောက်သွားခဲ့ရင် သူတို့ကလည်း မင်းရဲ့သူငယ်ချင်းတွေကို ချက်ချင်းသတ်ပစ်လိုက်မှာ"
"ခင်ဗျားက အခု ကျုပ်ကို ခြိမ်းခြောက်နေတာလား"
ကျန်းမုန့်လောင်၏မျက်ဝန်းများမှာ မှေးကျဉ်းသွားလေသည်။
"မဟုတ်ပါဘူး။ ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ညှိနှိုင်းနေတာပါ"
ဘရစ်တိုက ကျန်းမုန့်လောင်နှင့် အမှန်တကယ်ညှိနှိုင်းနေသည့်အလား ပြောလိုက်လေသည်။
"မစ္စတာကျန်းကသာ စီးပွားရေးတိုက်ခိုက်မှုတွေကို နောက်ဆုတ်ပေးပြီး ဒီနေရာကထွက်သွားဖို့ ဆန္ဒရှိသရွေ့ ကျုပ်တို့တွေ သင်ပုန်းချေလိုက်လို့ရပါတယ်။ ဘယ်လိုလဲ"
"သိပ်မကောင်းဘူး"
ကျန်းမုန့်လောင်က ပြောင်ပြောင်တင်းတင်း ပြန်ပြောလိုက်၏။
"ကျုပ်ပဲ ရူးသွားတာလား။ ခင်ဗျားတို့တွေက ကျုပ်ကို တစ်ချိန်လုံး စိတ်အနှောင့်အယှက်ပေးနေတာတောင် အခုကျမှ သင်ပုန်းချေမယ်လို့ လာပြောနေတာလား"
"ကျန်းမုန့်လောင်.. မင်းက မင်းရဲ့သူငယ်ချင်းတွေကို ဂရုမစိုက်ဘူးလား"
ဘရစ်တိုက ပြောလိုက်သည်။
"ငါသာ အမိန့်တစ်ချက်ပေးလိုက်ရင် နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်ဆယ်ယောက်က မင်းရဲ့အပေါင်းအသင်းတွေကို ဇီဝိန်ခြွေပစ်မှာ။ မင်းက နှလုံးသားမရှိတဲ့လူလား"
"လုပ်သာလုပ်လိုက်စမ်းပါ"
ကျန်းမုန့်လောင်က ဟန်မူပို၍ ပြောလိုက်လေသည်။
"မလုပ်လို့ကတော့ ခင်ဗျားက ကျုုပ်ရဲ့မြေးပဲ"
"ကျန်းမုန့်လောင်.. မင်း နောင်တရလိမ့်မယ်"
ဘရစ်တိုက နာကျင်နေသော သူ့လက်မောင်းကိုမြှောက်၍ လက်ကောက်ဝတ်ထက်ရှိ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။
"ကျန်းမုန့်လောင်ရဲ့သူငယ်ချင်းတွေကို အခုချက်ချင်းသတ်ပစ်လိုက်"
သို့သော် စက္ကန့်ပေါင်းများစွာ ကြာသည်အထိ တစ်ဖက်မှ ဘာတုံပြန်မှုမှရောက်မလာချေ။
"ဘာတွေဖြစ်နေတာလဲ"
ဘရစ်တိုလည်း ရုတ်ခြည်းစိုးရိမ်သွားသည်။ ကျန်းမုန့်လောင် အခြေစိုက်စခန်းသို့ ရောက်မလာခင်ကပင် အမှားအယွင်းမဖြစ်စေရန်အတွက် ကျန်းမုန့်လောင်၏သူငယ်ချင်းများအနားတွင် စောင့်ကြည့်ခိုင်းထားသော စိတ်စွမ်းအားရှင်ကို ဆက်သွယ်ကြည့်ခဲ့သေးသည်။
သူ့ဘက်က အမိန့်ပေးလိုက်ရုံဖြင့် သူတို့ကလည်း ချက်ချင်းလှုပ်ရှားကြမည်သာ။
သို့သော် ယခုမူ ထိုစိတ်စွမ်းအားရှင်များမှာ အဆက်အသွယ်ပြတ်နေလေသည်။
...
"မစ္စတာကျန်း.. မိန်းကလေးလုတို့အနား ပုန်းအောင်းနေတဲ့ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်၁၀ယောက်ရှိပါတယ်။ သူတို့တွေအကုန်လုံးကို ရှင်းထုတ်ပစ်လိုက်ပါပြီ"
ထိုအချိန်တွင် ယဲ့ရင်ကလည်း ကိုယ်ယောင်ဖော်လိုက်လေသည်။
ဤနေရာတွင် ကြိုးမဲ့ဆက်သွယ်မှုများကို ကန့်သတ်ထားသော်လည်း ယဲ့ရင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်အနေနှင့် တစ်ကမ္ဘာလုံးအနှံ့ စွမ်းအင်ဖြင့် ဆက်သွယ်နိုင်ပေသည်။
နိုင်ငံရေးသမားများအားလုံးလည်း ရုတ်ခြည်းကြောက်ဒူးတုန်သွားကြပြီးနောက် ကျန်းမုန့်လောင်၏ဘေးနားတွင် လူတစ်ယောက်က အချိန်ပြည့်ရှိနေကြောင်း သိလိုက်ရသည်။ သူတို့လုံးဝသတိမထားမိခဲ့ကြပေ။
"မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျုပ်ရဲ့သက်တော်စောင့်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"သူ့ခွန်အားက ကျုပ်ထက် ဆယ်ဆလောက်ပိုသာတယ်။ မယုံရင် စမ်းကြည့်လို့ရတယ်"
"ဪ.. ဒါနဲ့ ကျုပ်ရဲ့သူငယ်ချင်းတွေနားမှာလည်း သူ့လို အစွမ်းထက်တဲ့ လူတွေက ကာကွယ်စောင့်ရှောက်ပေးနေတာ။ ဒီတော့ ခင်ဗျားပြောတဲ့ အပြန်အလှန်ဖျက်ဆီးမှုဆိုတာလည်း မရှိဘူး"
"ဘန်း"
ဘရစ်တိုခမျာ ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားလေသည်။
လုရီယောင်တို့အနားတွင် အစောင့်ချထားသော စိတ်စွမ်းအားရှင်များမှာ သူတို့၏နောက်ဆုံးဝှက်ဖဲပင်။ သို့သော် နောက်ဆုံးဝှက်ဖဲကလည်း ပျက်စီးသွားလေဟန်တူသည်။
"ကျုပ်ကို ခဏခဏရန်စရဲတဲ့သတ္တိမျိုး ခင်ဗျား ဘယ်ကရတာလဲ။ ခင်ဗျားက လျန်ကျင်းရူလား"
...
"မစ္စတာကျန်း.. ဒါတွေအကုန်လုံးက ဘရူတိုရဲ့အစီအစဉ်ပါ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး"
"ဟုတ်ပါတယ် မစ္စတာကျန်း.. ကျွန်တော်တို့တွေက ဖိအားပေးခံရတာပါ။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့က နိုင်ငံငယ်လေးတွေပါ။ စွမ်းအားရှင်မဟာမိတ်အဖွဲ့ရဲ့အမိန့်ကို မနာခံဘဲမနေရဲလို့ပါ"
"မစ္စတာကျန်.. ကျွန်တော်တို့ကို ချမ်းသာပေးပါ။ အခုကစပြီး ကျွန်တော်တို့တွေ မဟာမိတ်အဖွဲ့ထဲက ထွက်လိုက်ပါ့မယ်။ ဟွာရှားနိုင်ငံကိုလည်း နောက်တစ်ခါမထိပါးရဲတော့ပါဘူး။ ကျွန်တော်တို့ဒုတိယကမ္ဘာအင်အားစုတွေက လုံရှားကို လေးလေးစားစားဆက်ဆံမှာပါ"
ထိုအခိုက်ဝယ် မိမိအသက်ကို ကယ်တင်ရန်အတွက် ဤလူများက အရှက်တရားများကို စွန့်လွှတ်ကြလေတော့သည်။ အသက်နှင့်ကိုယ် အိုးစားမကွဲဖို့အရေး ဘာမဆိုလုပ်ရန် ဆန္ဒရှိကြသည်။
"ဒါက..."
ကျန်းမုန့်လောင်ကလည်း စဉ်းစားနေဟန်ပြုလိုက်၏။
"ကျုပ် ဒီကိုရောက်ကတည်း ဖရာပူချီနိုတစ်ခွက်လိုချင်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ အခုထိ ဘယ်သူမှ ပြင်မပေးကြသေးဘူး"
"မစ္စတာကျန်းက ဖရာပူချီနို လိုချင်နေတာလေ။ အခုချက်ချင်းပြင်ခဲ့ကြ"
"စိတ်စွမ်းအားရှင်တစ်ယောက်ကို လွှတ်လိုက်။ ရေခဲစွမ်းရည်ရှိတဲ့လူကို တာဝန်ပေးလိုက်။ ဖရာပူချီနိုရဲ့အရသာကို ပျက်စီးအောင် လုပ်လို့မဖြစ်ဘူး"
"ဟုတ်တယ်။ မစ္စတာကျန်းက မာကာရွန်လည်းစားချင်တယ်လို့ ပြောထားသေးတယ်"
...
မိနစ်အနည်းငယ်အကြာတွင် အရှိန်စွမ်းရည်ပိုင်ရှင်စိတ်စွမ်းအားရှင်များနှင့် ရေခဲစွမ်းရည်ပိုင်ရှင်စွမ်းအားရှင်များစွာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရသာရှိလှသော ဖရာပူချီနိုတစ်ခွက်က ကျန်းမုန့်လောင်၏လက်ထဲသို့ ရောက်လာခဲ့သည်။
"ဂလု"
ကျန်းမုန့်လောင်က တစ်ငုံသောက်ကြည့်လိုက်ပြီးနောက် ကျေနပ်အားရဟန်အမူအရာကို ပြသလိုက်သည်။
"မဆိုးဘူး။ မဆိုးဘူး.. ခင်ဗျားတို့ရဲ့ဝန်ဆောင်မှုက တော်တော်ကောင်းတာပဲ"
ကျန်းမုန့်လောင်၏ချီးကျူးစကားကို ကြားသောအခါ ထိုလူများလည်း ချက်ချင်းဆိုသလို သက်မချလိုက်မိတော့သည်။
သို့သော် ရင်တမမဖြစ်နေရဆဲသာ။ အကြောင်းမှာ သူတို့၏ငွေကြေးဈေးကွက်က ပြိုလဲသွားပြီဖြစ်၍ စီးပွားရေးလည်း အထိနာထားသည်။ အကယ်၍ ကျန်းမုန့်လောင်က သူတို့အား ချမ်းသာပေးလိုက်လျှင်ပင် ငွေလဲနှုန်းကို တည်ငြိမ်သွားစေမည့် အမေရိကန်ဒေါ်လာအမြောက်အများ ဝင်မလာသရွေ့ အကျိုးသက်ရောက်မှုက ရှိနေဦးမည်သာ။
ဒုတိယအချက်အနေနှင့် ကျန်းမုန့်လောင်က စိတ်ပြောင်းလွယ်သည်။ သူတို့က ကျန်းမုန့်လောင်အား အပြင်းအထန်အပြစ်ပြုမိထားသည်ဖြစ်ရာ ဤနေရာက အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားဆိုသည်ကိုပင် မသိရပေ။
"ပြီးတော့ လျော်ကြေးကိစ္စကို ပြောကြတာပေါ့"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"ရန်ငြိုးအဟောင်းရော အသစ်ပါ ရှင်းလိုက်ကြစို့။ အခုချက်ချင်း ကျုပ်ကို ဖြေရှင်းချက်ပေး"
"မစ္စတာကျန်း.. ခင်ဗျားလိုချင်တဲ့လျော်ကြေးပမာဏကိုသာ ပြောပါ။ ကျွန်တော်တို့ တတ်နိုင်သရွေ့တော့ အကုန်ဖြစ်အောင်လုပ်ပေးမှာပါ"
"ထားလိုက်တော့.. ကျုပ်က သဘောထားကြီးတဲ့လူဆိုတော့လည်း မတတ်နိုင်ဘူးလေ"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။
ဤစကားကိုကြားသော် ကျန်းမုန့်လောင်ဘက်က လျော်ကြေးငွေအများကြီး တောင်းတော့မည်မဟုတ်လောက်ဟု တွေးမိသဖြင့် လူအုပ်ကြီးမှာ အနည်းငယ်စိတ်သက်သာသွားသည်။
"ကျုပ် ခင်ဗျားတို့ဆီက အများကြီးမတောင်းတော့ဘူး။ နည်းနည်းလောက်ဆိုရင် ရပြီ။ တစ်ယောက်ချင်းစီက အမေရိကန်ဒေါ်လာတစ်ရာဘီလီယံလောက်ပဲပေးရင် ရပြီ"
"အမေရိကန်ဒေါ်လာတစ်ရာဘီလီယံလား"
"ဒါကို နည်းနည်းလို့ လာပြောနေတာလား။ အဲဒါက ဘာသဘောလဲ"
"မင်းပြောတဲ့ သဘောထားကြီးတယ်ဆိုတာ ဒါမျိုးလား"
ထိုနေရာရှိ လူတိုင်း မျက်ရည်ပင်လယ်ဝေသွားရသည်။
သူတို့၏အရန်ဒေါ်လာငွေက ဂိတ်ဆုံးသို့ ရောက်နေပြီဖြစ်၏။ ထိုငွေကို နည်းနည်းဖြည့်တင်းနိုင်ရန်အတွက် အမေရိကန်ငွေတိုက်စာချုပ်များကို အင်တင်တင်ဖြင့် ထုတ်ရောင်းခဲ့ရခြင်းပင်။
သို့သော် ထိုငွေများကို လက်ထဲမှာ ကြာကြာမကိုင်ထားရခင်မှာပင် ကျန်းမုန့်လောင်၏ စီးပွားရေးတိုက်ကွက် အကုန်သိမ်းကျုံးသွားသည်။ ယခုအချိန်တွင် အမေရိကနိုင်ငံကလွဲလျှင် ဒေါ်လာတစ်ရာဘီလီယံကို သူတို့ မထုတ်နိုင်ပေ။ တစ်ဆယ်ဘီလီယံဆိုလျှင်ပင် စုပေါင်းမတည်ငွေဖြင့် ရနိုင်မည်မဟုတ်ချေ။
"ဘာဖြစ်တာလဲ။ တအားများနေလို့လား။ မပေးချင်တာလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မစ္စတာကျန်း.. ကျွန်တော်တို့ မပေးချင်လို့မဟုတ်ပါဘူး။ အခုလောလောဆယ်တော့ အဲဒီပမာဏကို မထုတ်နိုင်လို့ပါ"
"ဟုတ်ပါတယ်။ မစ္စတာကျန်း... အခု တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်ဒေါ်လာတွေက ခင်ဗျားလက်ထဲမှာလေ။ ကျွန်တော်တို့က ဘယ်ကသွားရှာရမလဲ"
"ဟုတ်သားပဲ"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"ကဲ.. ခင်ဗျားတို့မှာ ဒေါ်လာမရှိဘူးဆိုရင်လည်း ကောင်းပါပြီ။ ဟွာရှားယွမ်ငွေခြောက်ရာဘီလီယံနဲ့ အစားပေးလို့ရပါတယ်။ ကျုပ်က ဘယ်လောက်တောင်သဘောကောင်းလိုက်သလဲ။ ခင်ဗျားတို့ကို လျှော့ဈေးတောင် ပေးလိုက်သေးတယ်"
ဘရစ်တိုခမျာ စိတ်ထဲက ခပ်ကျိတ်ကျိတ်ကျိန်ဆဲလိုက်မိသည်။ ဤသည်မှာ မည်သို့သော လျှော့ဈေးမျိုးလေလဲ။ ကျန်းမုန့်လောင်က ဝယ်သူမရှိသည့် ၁၈ထရီလီယံတန်ဖိုးရှိသော အမေရိကန်ငွေတိုက်စာချုပ်များကို ငွေကြေးဈေးကွက်ထဲသို့ ပစ်ထည့်လိုက်သဖြင့် ဒေါ်လာတန်ဖိုးက ကျဆင်းသွားသည်။ ယခုအချိန်တွင် ဟွာရှားငွေလဲနှုန်းက ၁အချိုး၅.၉အထိ ကျဆင်းသွားလေပြီ။ ဤဒေါ်လာတစ်ရာဘီလီယံက ဟွာရှားယွမ်ငွေခြောက်ရာဘီလီယံအထိ မရှိပေ။
ထို့ပြင် ဘယ်နိုင်ငံကများ ဟွာရှားယွမ်ငွေကို နိုင်ငံခြားငွေအဖြစ် သိမ်းဆည်းထားမည်နည်း။ ဟွာရှားငွေကြေးကို နိုင်ငံတကာကုန်သွယ်ရေးများတွင် အသုံးမချပေ။
"ကြည့်လိုက်.. ခင်ဗျားတို့တွေ ဟွာရှားယွမ်ငွေကို နိုင်ငံခြားငွေလဲလှယ်ရေးအတွက် မသိမ်းထားကြဘဲ အသုံးမကျတဲ့ဒေါ်လာတွေကိုပဲ စုထားကြတာလေ။ အခု ဒုက္ခရောက်ပြီမလား"
"ဒီလိုလုပ်ရင်ရော.. ခင်ဗျားတို့ကို အခက်တွေ့အောင် မလုပ်တော့ဘူး။ ဘယ်နိုင်ငံရဲ့ငွေကြေးနဲ့ပဲဖြစ်ဖြစ် ယူလိုက်မယ်။ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံတန်ဖိုးကိုပြည့်ရင် ပြီးရော"
"ခင်ဗျားတို့မှာ တကယ် ပိုက်ဆံမရှိဘူးဆိုရင် ပိုင်ဆိုင်မှုတွေနဲ့ ပေးချေလို့ရပါတယ်။ ရွှေတွင်းပဲဖြစ်ဖြစ် ငွေတွင်းပဲဖြစ်ဖြစ် စိန်တွင်းပဲဖြစ်ဖြစ် အိမ်ခြံမြေပဲဖြစ်ဖြစ် ကျုပ် ချေးမများပါဘူး"