ပြန်ပေးငွေယူလာခဲ့
Vol. 46 Ch. 689
"ကောင်းပါပြီ။ ဒါဆိုလည်း အမေရိကန်ဒေါ်လာတစ်ရာဘီလီယံပဲပေါ့"
ယခုမူ သူတို့လည်း ကျန်းမုန့လောင်၏တောင်းဆိုမှုများကို လိုက်လျောရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
အမေရိကန်ဒေါ်လာတစ်ရာဘီလီယံတန်ဖိုးရှိသော ငွေကြေး၊ အရင်းအမြစ်များ သို့မဟုတ် ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြေကွက်များမှာ နည်းနည်းနောနောမဟုတ်ပါသော်ငြား ရအောင်လုပ်ပေးနိုင်ပါသေးသည်။ အဆိုးဆုံးရှိလှ... နိုင်ငံ့စီးပွားရေးက နှစ်အနည်းငယ်မျှ နောက်ကျသွားရုံသာ။ ဤသည်မှာ သည်နေရာမှာတင် သေရမည်ထက်တော့ ပိုကောင်းသေးသည်မဟုတ်လား။
ယနေ့ခေတ်တွင် စီးပွားရေးနှင့် နည်းပညာအပြင် နိုင်ငံတစ်နိုင်ငံ၏ခွန်အားကို အဆုံးအဖြတ်ပေးနိုင်သောအရာမှာ ဒုတိယကမ္ဘာရှိ စွမ်းအားရှင်ဘယ်နှယောက်ကို ပိုင်ဆိုင်ထားသလဲဆိုသည့်အချက်ပင်။ ဤသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အုတ်မြစ်အစစ်အမှန်ဖြစ်သဖြင့် ဤနေရာတွင် ရှုံး၍မဖြစ်ပါချေ။
"ခဏနေဦး။ ခင်ဗျားတို့က ဘယ်သွားမလို့လဲ"
ကျန်းမုန့်လောင်က ထွက်သွားရန်ပြင်နေသည့် သူတို့ကို အမြန်ပြန်ခေါ်လိုက်သည်။
"ခင်ဗျားတို့က ဘယ်သွားမလို့လဲ"
"မစ္စတာကျန်း.. ကျွန်တော်တို့က ပိုက်ဆံသွားစုမလို့ပါ"
"ပြန်မလို့လား"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ဒါက ညစာစားပွဲများ မှတ်နေတာလား။ ပြန်ချင်တိုင်း ပြန်လို့ရတယ်ပေါ့"
"ဖြောင်း ဖြောင်း"
ကျန်းမုန့်လောင်က လက်ခုပ်တီးလိုက်လေသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများက ကျွန်း၏ထောင့်တိုင်းတွင် ပေါ်လာလေသည်။ ဤပုံရိပ်များက ကောင်းကင်ထက်၌ လွင့်မျောနေပြီး သူတို့၏အစွမ်းကလည်း နက်နဲလွန်းလှသည်။ ကျန်းမိသားစု၏ကိုယ်ပိုင်အမှတ်တံဆိပ်ကလည်း သူတို့၏အဝတ်အစားများတွင် ရိုက်နှိပ်ထားသည်။
"ဘယ်သူပြန်ရဲသလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ကြောက်မက်ဖွယ်ကောင်းလှသော ဤဖြစ်တည်မှုကြောင့် လူတိုင်း အသက်ရှူကျပ်သွားလေသည်။
ကျန်းမုန့်လောင်၏ခြောက်လှန့်မှုက ဤမျှသာဟု ထင်ထားခဲ့သော်ငြား သူ့အနားတွင် ဆန်းကြယ်လှသော သက်တောင်စောင့်များစွာ ရှိနေလိမ့်ဦးမည်ဟု မည်သူက ထင်ထားမည်နည်း။
အစတုန်းက ဤသည်မှာ ကျန်းမုန့်လောင်၏နောက်ဆုံးအကန့်အသတ်ဟု လူတိုင်း ထင်ထားခဲ့ကြသည်။ ခေါ်သံတစ်သံမျှဖြင့် ဤမျှများပြားသော အင်အားစုကြီးတစ်ခု ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဟွာရှားနိုင်ငံတွင် ထျန်းယွမ်အဆင့်သိုင်းပညာရှင်တစ်ယောက်သာ ရှိသည်ဟု ဆိုကြသည်မဟုတ်လော။ နိဗ္ဗာန်ကျွန်းပေါ်ရှိ ပညာရှင်များကတော့ ခြွင်းချက်ပင်။ သို့ဆိုလျှင် ကောင်းကင်ထက်ရှိ လူအယောက်တစ်ရာ့ရှစ်ဆယ်ကျော်ကို မည်သို့ရှင်းပြမည်နည်း။ ဟွာရှားလူမျိုးများက ဟက်ခ်ကုတ်ကိုများ သုံးထားလေသလား။
"မလန့်ပါနဲ့။ ဒါက ကျုပ်တို့မိသားစုရဲ့ သက်တော်စောင့်တပ်ဖွဲ့လေးတစ်ခုပဲ ရှိသေးတယ်။ ကျုပ်တို့မိသားစုထဲမှာ ဒီလိုတပ်ဖွဲ့မျိုး ထောင်နဲ့ချီပြီးရှိတာ"
"ထောင်..ထောင်နဲ့ချီပြီးရှိတာ.."
လူတိုင်း တိတ်ဆိတ်ကုန်ကြသည်။
လွန်ခဲ့သည့်တစ်လကျော်က ကျန်းမုန့်လောင်ပြောခဲ့သည့်စကားက ချဲ့ကားနေခြင်းမဟုတ်ပေ။ သူ့မိသားစုကသာ ကမ္ဘာကြီးကို စိုးမိုးချင်ပါက ယခင်ကတည်းက ကမ္ဘာ့အုပ်စိုးသူများ ဖြစ်နေလောက်လေပြီ။
ထောင်ဂဏန်းမဆိုထားနှင့်။ ဆယ်ယောက်မျှဖြင့်ပင် တစ်ကမ္ဘာလုံးကို အုပ်စိုးရန် လွယ်ကူလွန်းလှသည်။
"ကျွန်းပေါ်ကလူတွေအကုန်လုံး.. ဒီအခန်းထဲမှာစုဝေးပြီး ခေါင်းပေါ်မှာ လက်တင်ပြီး ဒူးထောက်ထားကြ။ ငါးမိနစ် အချိန်ပေးမယ်"
ကျန်းမုန့်လောင်၏အသံက အတွင်းအားဖြင့် မြှင့်တင်ထားခြင်းဖြစ်လေရာ ကျွန်းတစ်ကျွန်းလုံးသို့ ပဲ့တင်ထပ်သွားလေသည်။ ထိုစကားကိုကြားသော် လူတိုင်းမှာ လုပ်လက်စများကို ပစ်ချထားခဲ့ကြသည်။ ယခုအချိန်တွင် မည်သူကများ ကျန်းမုန့်လောင်၏အမိန့်ကို အာခံရဲမည်နည်း။
ငါးမိနစ်မပြည့်သေးခင်မှာပင် စိတ်စွမ်းအားရှင်အယောက်၁၂၀၀နှင့် ဝန်ထမ်းအယောက်ငါးရာက အဆောက်အအုံထဲတွင် စုဝေးရောက်ရှိလာကြသည်။
အစတုန်းက သူတို့ ကျန်းမုန့်လောင်ကို ဖမ်းခေါ်လာခဲ့သည်မဟုတ်လော။ ယခုမူ ပြောင်းပြန်ဖြစ်သွားလေပြီ။ ကျန်းမုန့်လောင်က တစ်ကျွန်းလုံးရှိ လူများကို ဖမ်းဆီးထားပေသည်။ ဤသည်မှာ မယုံနိုင်စရာပင်။
ထွက်ပြေးမည်တဲ့လား။ ထျန်းယွမ်အဆင့်သိုင်းပညာရှင်အယောက်၁၈၀က ကောင်းကင်ထက်မှ စောင့်ကြည့်နေလေရာ သူတို့တွင် သတ္တိရှိလျှင်ပင် ထိုသို့သောအတွေးမျိုး တွေးရဲမည်မဟုတ်။
"အခုကစပြီး ဒီနေရာမှာငြိမ်ငြိမ်နေ။ စကားမပြောရဘူး။ တီးတိုးသဖန်းပိုးလည်း မလုပ်ရဘူး။ သန့်စင်ခန်းသုံးချင်ရင်တောင် တန်းစီရမယ်"
"ခင်ဗျားတို့..."
ကျန်းမုန့်လောင်က သူတို့ကို ပြောလိုက်၏။
"နိုင်ငံတစ်နိုင်ငံစီက ကိုယ်စားလှယ်တစ်ယောက်ကို အရှေ့ပို့လိုက်"
သူက ဆို၏။
"ခင်ဗျားတို့လူတွေကို ပြန်ရွေးငွေလာပို့ခိုင်းလိုက်။ ငွေရတာနဲ့ အသုတ်လိုက်ထွက်ခွာရမယ်"
ဘရစ်တိုအပါအဝင် အရာရှိ၈၈ယောက်လည်း အရှေ့သို့ ထွက်လာလေသည်။ သူတို့၏အမူအရာများကတော့ သူတို့၏ကံကြမ္မာကို လက်ခံလိုက်လေဟန်ပင်။ သူတို့မှာ မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်ရလေပြီ။
"ကိုယ့်ဖုန်းကိုယ်သုံးကြ။ ကျုပ် သင်ပေးရဦးမှာလား"
အမည်မသိနိုင်ငံတစ်နိုင်ငံရှိ အရာရှိတစ်ယောက်က ပထမဦးစွာရှေ့ထွက်လာပြီး ဖုန်းခေါ်လိုက်သည်။
"ခေါင်းဆောင်.. ကျွန်တော် လစ်ဇ်ပါ"
"အခြေအနေ ဘယ်လိုရှိလဲ။ ကျန်းမုန့်လောင်ကို ဖမ်းမိပြီလား"
ဖုန်းတစ်ဖက်မှ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။
"သူက အခု ကျွန်တော့်ဘေးမှာရှိပါတယ်"
"ဟားဟားဟား ကောင်းတယ်။ နောက်ဆုံးတော့ ရောက်လာပြီပဲ။ သူ့ကိုသာမိထားရင် ငါတို့ရဲ့ဆုံးရှုံးမှုက အလကားမဖြစ်တော့ဘူး။ သူ့ကိုဖမ်းမိတာနဲ့ ဆုံးရှုံးသွားတဲ့ ငါတို့ရဲ့ရန်ပုံငွေတွေကို ပြန်ရဖို့ စိတ်မပူရတော့ဘူး"
ဖုန်းတစ်ဖက်ရှိ ထိုလူက ဝမ်းသာအားရပြောလိုက်လေသည်။
"မြန်မြန်လုပ်.. ငါတို့ရဲ့ငွေကြေးဈေးကွက်က ပြိုလဲသွားပြီ။ ဈေးကွက်ကို ပြန်တည်ငြိမ်အောင်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာအများကြီးလိုအပ်တယ်။ ကျန်းမုန့်လောင်ကို အရင်တစ်ခေါက်တုန်းက ယူသွားတဲ့ပိုက်ဆံတွေကို ပြန်ပေးခိုင်းလိုက်။ နှစ်ဆပြန်ပေးရမယ်လို့"
"ခေါင်းဆောင်.. ကျန်းမုန့်လောင်က ကျွန်တော့်ဘေးမှာရှိနေပေမဲ့ ကျွန်တော်တို့က သူ့ကို ဖမ်းထားတာမဟုတ်ဘူး။ သူက ကျွန်တော်တို့ကို ဖမ်းထားတာ။ အခု အရာရှိတွေအကုန်လုံး ဒုက္ခရောက်နေကြပြီ"
"ဘာ.. သူက မင်းတို့ကို ဖမ်းထားတာလား။ စွမ်းအားရှင်မဟာမိတ်အဖွဲ့က စိတ်စွမ်းအားရှင်အယောက်သုံးရာကျော် လွှတ်ထားတာမဟုတ်ဘူးလား။ ကျိုးပေါ်ချွမ်းက ထျန်းယွမ်အဆင့်သိုင်းပညာရှင်မဟုတ်ဘူးလား"
"ခေါင်းဆောင်.. ကျန်းမုန့်လောင်ကလည်း ထျန်းယွမ်အဆင့်သိုင်းပညာရှင်ပါပဲ။ ပြီးတော့ သူ့အပြင် ထျန်းယွမ်အဆင့်သိုင်းပညာရှင်တွေက အယောက်၁၈၀လောက် ရှိသေးတယ်။ ကျွန်တော်တို့အယောက်နှစ်ထောင်နီးပါးကို သူက စွမ်းအားရှင်မဟာမိတ်အဖွဲ့ရဲ့ ဓာတ်ခွဲခန်းမှာ ဖမ်းထားတာ"
"အဲဒီမှာ လူဘယ်နှယောက်ရှိလဲ"
"ကျွန်တော်တို့နိုင်ငံပေါင်း၁၂နိုင်ငံရဲ့ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်တွေအကုန်လုံး ရှိပါတယ်။ ကျန်းမုန့်လောင်က တစ်ယောက်ချင်းစီအတွက် ပြန်ပေးငွေအဖြစ် အမေရိကန်ဒေါ်လာတစ်ရာဘီလီယံနဲ့ညီမျှတဲ့ ငွေဖြစ်ဖြစ် ပိုင်ဆိုင်မှုဖြစ်ဖြစ်ပေးရမယ်တဲ့။ မဟုတ်ရင်..မဟုတ်ရင် ငွေတိုက်စာချုပ်တွေကို ထုတ်သုံးပစ်မယ်တဲ့"
"ဒါက.."
ဖုန်းတစ်ဖက်ရှိ လူလည်း ဤလူအရေအတွက်ကို အမေရိကန်ဒေါ်လာတစ်ရာဘီလီယံဖြင့် အရူးအမူးတွက်ချက်ကြည့်လေတော့သည်။
သို့သော် သူ့စိတ်ထဲတွင်မူ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များဘက်ကိုသာ အလေးပိုသာနေချေသည်။ သူတို့၏ ကျင့်ကြံမှုများအတွက် ရင်းနှီးမြှုပ်နှံထားသောပမာဏမှာ ဒေါ်လာတစ်ရာဘီလီယံကျော်ပေသည်။
ထို့ပြင် ဤလူများ မရှိတော့ပါက သူတို့၏နိုင်ငံတကာအဆင့်အတန်းလည်း ချက်ချင်းကျဆင်းသွားမည်သာ။ မည်သူမဆို သူတို့အား အနိုင်ကျင့်နိုင်သွားလိမ့်မည်။ ငွေကြေးစနစ်ပြိုလဲမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကို ရင်ဆိုင်ရပြီးဖြစ်လေရာ ဤသည်မှာ အဖတ်ဆည်မရသော ဆုံးရှုံးမှုတစ်ခုပင်။
"ခေါင်းဆောင်.. ကျွန်တော်တို့မှာ အမေရိကန်ဒေါ်လာဘယ်လောက်ကျန်သေးလဲ"
"မကျန်တော့ဘူး။ ဒါပေမဲ့ ဟွာရှားယွမ်ငွေ၈ဘီလီယံနဲ့ ယူရို၃၀ဘီလီယံတော့ကျန်သေးတယ်။ ငါတို့တွေ ရွှေနဲ့ပဲ ပေးချေနိုင်မယ်ထင်တယ်"
...
"အဲဒီကျွန်းနှစ်ခုကို သူ့ကိုပေးလိုက်ကြရအောင်။ ငါစုဆောင်းထားတဲ့ ယူရို၂၀ဘီလီယံနဲ့ ပေါင်၁၂ဘီလီယံကိုပါ ထပ်ထည့်လိုက်။ ဒီလောက်ဆိုရင် အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံပြည့်မှာပါ"
...
"ငါတို့ တလောတုန်းကပဲ မြေအောက်အခြေစိုက်စခန်းတစ်ခုကို ရှာတွေ့ခဲ့တယ်မလား။အတည်ပြုထားတဲ့တန်ဖိုးအရဆိုရင် ဒေါ်လာ၂၇၀ဘီလီယံရှိတယ်။ အဲဒီခန်းမရဲ့တစ်ဝက်ကို သူ့ကိုပေးလိုက်ကြတာပေါ့"
...
အမေရိကန်ဒေါ်လာတစ်ရာဘီလီယံ ပြည့်ရန်အတွက် လူတိုင်းက သူတို့စုဆောင်းထားသမျှကို အကုန်ထုတ်ပေးလိုက်ရသည်။
"မစ္စတာကျန်း.."
အနည်းငယ်ပိန်ပါးသော အရာရှိတစ်ယောက်က ကျန်းမုန့်လောင်အနားသို့ လျှောက်လာလေသည်။
"ကျွန်တော်တို့ ဘယ်လောက်ပဲစုစု တစ်ဝက်လောက်ပဲစုနိုင်ပါတယ်။ ခင်ဗျား ကျွန်တော်တို့ဆီက အကြွေးစာချုပ်ယူချင်လား။ ဆယ်နှစ်အတွင်း ဒီအကြွေးကို ပြန်ဆပ်ပါ့မယ်လို့ လက်မှတ်ထိုးပေးနိုင်ပါတယ်"
"ရတယ်လေ။ ၂ရာခိုင်နှုန်းအတိုးပေးရမယ်"
"ဟို.. နည်းနည်းလောက်လျှော့ပေးလို့ရဦးမလား"
သာမန်နိုင်ငံ့ငွေတိုက်စာချုပ်များက နှစ်စဉ်အတိုးနှုန်း၄ရာခိုင်နှုန်းမျှသာရှိသည်။ ကျန်းမုန့်လောင်ကတော့ ၂ရာခိုင်နှုန်းကို ပေါ်တင်တောင်းနေချေသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိလှပေ။
"ကောင်းပြီလေ။ ၂.၅ရာခိုင်နှုန်းဆိုရင်ရော"
"၂ရာခိုင်နှုန်း.. ၂ရာခိုင်နှုန်းနဲ့ပဲ ထားလိုက်ပါ့မယ်"
ကျန်းမုန့်လောင်က ဈေးနှုန်းကို ထပ်မြှင့်ရန် ကြံနေသဖြင့် သူလည်း ကျန်းမုန့်လောင်နှင့် ညှိနှိုင်း၍မရနိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် ထိုသဘောတူညီချက်ကို ခပ်မြန်မြန်လက်ခံလိုက်ရသည်။
အတိုးနှုန်းက မတန်တဆနိုင်သော်ငြား လက်ရှိအကျပ်အတည်းကိုတော့ ကျော်လွှားနိုင်ခဲ့သည်။
"မစ္စတာကျန်း. ကျွန်တော်တို့ ခင်ဗျားနဲ့ ဒေါ်လာ၆၀ဘီလီယံအကြွေးစာချုပ်မှာ လက်မှတ်ထိုးပါ့မယ်"
"မစ္စတာကျန်း... ကျွန်တော်တို့က ၄၃ဘီလီယံ အကြွေးတင်နေပါသေးတယ်..."
...
နာရီအနည်းငယ်ကြာသော် ပထမဆုံးနိုင်ငံ၏ ရဟတ်ယာဉ်က အခြေစိုက်စခန်းသို့ သက်ဆင်းလာသည်။
ဤနိုင်ငံက အတန်အသင့်ချမ်းသာပေသည်။ သူတို့တွင် အရန်ဒေါ်လာငွေ မကျန်တော့သော်လည်း ယူရိုနှင့် ပေါင်များတော့ အမြောက်အများကျန်ရှိသေးသည်။ ပိုင်ဆိုင်မှုများကို လွှဲပြောင်းပြီးနောက် ကျန်းမုန့်လောင်၏စည်းစိမ်က နောက်ထပ်ဒေါ်လာတစ်ရာဘီလီယံ ပိုများလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဘော့စ်... နောက်တစ်ခါထပ်လာလည်ပါဦး။ ဂရုစိုက်ဦးနော် ဘော့စ်"
ထိုအုပ်စုက ကျန်းမုန့်လောင်ကို မကျေမနပ်စိုက်ကြည့်လိုက်ကြသည်။
နောက်တစ်ခါလာလည်ပါဦးတဲ့လား။ သူတို့ကတော့ သည်တစ်သက် ကျန်းမုန့်လောင်ကို ထပ်မတွေ့ချင်တော့ပေ။
...
"ခင်ဗျားတို့ပဲကျန်တော့တယ်"
ငွေများကို ကောက်ခံပြီးနောက် စွမ်းအားရှင်မဟာမိတ်အဖွဲ့ရှိ လူများသာ ကျန်ရစ်တော့သည်။
"ကျန်းမုန့်လောင်.. ဒေါ်လာတစ်ရာဘီလီယံလေးပဲမဟုတ်လား။ ငါတို့နိုင်ငံက အမေရိကန်ဒေါလာတွေထုတ်တဲ့နိုင်ငံနော်။ အဲဒီလောက်ကတော့ ထုတ်နိုင်တယ်"
ဘရစ်တိုက မာန်တက်နေဟန်ပင်။
"သူတို့အတွက်ပဲ ဒေါ်လာတစ်ရာဘီလီယံလေ"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"ဒါပေမဲ့ ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူဖြစ်တဲ့ ခင်ဗျားကို ဒေါ်လာတစ်ရာဘီလီယံလောက်နဲ့ အပြစ်ပေးရမှာ သက်ညှာရာကျလွန်းတယ်"
"မင်း ဘာလိုချင်သေးလို့လဲ။ မင်းက စွမ်းအားရှင်မဟာမိတ်အဖွဲ့နဲ့ စစ်ဖြစ်ချင်တာလား"
"စစ်ဖြစ်မှာလား"
ကျန်းမုန့်လောင်က အေးစက်ခက်ထန်စွာ ရယ်မောလိုက်သည်။
"ခင်ဗျားတို့နဲ့ တန်လို့လား။ ခင်ဗျားတို့ကတော့ ဒီလျော်ကြေးငွေထက် အဆတစ်ရာပိုပေးရမယ်။ မဟုတ်လို့ကတော့ တစ်ယောက်မှအလွတ်မပေးဘူး"