မင်းကို လွှတ်ပေးလိုက်ပြီ
Vol. 46 Ch. 690
"ကျန်းမုန့်လောင်... မင်း သက်သက်အခွင့်ကောင်းယူနေတာပဲ"
ဘရစ်တိုခမျာ ဒေါသထွက်လွန်းသောကြောင့် အံတင်းတင်းကြိတ်ထားမိသည်။
"မဟုတ်သေးဘူး။ ခင်ဗျားပြောတာ သိပ်မမှန်သေးဘူး။ အတိအကျပြောရရင် ကျုပ်က ခင်ဗျားကို ခြိမ်းခြောက်ပြီး ငွေညှစ်နေတာ"
ကျန်းမုန့်လောင်က အရှက်မရှိသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
"မကျေနပ်ရင်လည်း ကျုပ်ကို လာတိုက်လေ။ ကျုပ်ကို မကျေနပ်ပေမဲ့ ဘာမှလည်းမတတ်နိုင်တဲ့ ခင်ဗျားရဲ့ အဲ့ဒီမျက်နှာပေးကို ကျုပ်က သိပ်သဘောကျတာ"
"အမေရိကန်ဒေါ်လာ၁၀ထရီလီယံ ဟုတ်လား။ အဲ့ဒီလောက်များတဲ့ ပြန်ပေးငွေကို ငါတို့က ဘယ်ကသွားရှာပေးရမှာလဲ"
ကျန်းမုန့်လောင်က သူတို့ကို သက်သက်အနိုင်ကျင့်နေကြောင်း ဘရစ်တို သိပါသော်လည်း သူ့ကိုလည်း ဘာမှပြန်မလုပ်နိုင်ဘဲ အားကိုးရာမဲ့နေရှာသည်။
ဤစမ်းသပ်ရေးစခန်းက စွမ်းအားရှင်မဟာမိတ်အဖွဲ့၏ ဌာနချုပ်ဖြစ်သည်။ အခြားနေရာများတွင် တာဝန်ထမ်းဆောင်နေသည့် စွမ်းအားရှင် အနည်းငယ်မှလွဲ၍ အမေရိကန်စိတ်စွမ်းအားရှင် ၈၀ရာခိုင်နှုန်းကျော်နှင့် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင် ၉၀ရာခိုင်နှုန်းကျော်က ဤနေရာတွင် ရှိနေကြသည်။ ယခုမူ သူတို့အားလုံး၏အသက်က ကျန်းမုန့်လောင်၏ လက်ခုပ်ထဲက ရေအလားပင်။
'ဒုတိယကမ္ဘာ၏သဘောတူညီချက်'ဆိုသည်မှာ အားနည်းသူများအတွက်သာ ဖြစ်၏။ အမှန်တကယ် အင်အားကြီးသူများကတော့ မည်သည့်စည်းမျဉ်းကိုမှ ဂရုစိုက်စရာမလိုပေ။
ကျန်းမုန့်လောင်က ထိုသဘောတူညီချက်ကို ချိုးဖောက်ခဲ့လျှင်ပင် မည်သူကများ သူ့ကို အပြစ်ပေးနိုင်မည်နည်း။ မည်သူကများ အပြစ်ပေးရဲမည်နည်း။
"ခင်ဗျားတို့ အခုချက်ချင်း ငွေထုတ်မပေးနိုင်တာ ကျုပ်သိတယ်"
သူတို့က အမေရိကန်ဒေါ်လာကို အများဆုံးအသုံးပြုသူများ ဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံသားများ၏ စုစုပေါင်းအပ်ငွေမှာ ယွမ်၈၀ထရီလီယံသာ ရှိ၏။ ထိုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ထရီလီယံကျော်ခန့်သာ ရှိသည်။
သို့သော် ဘဏ်ထဲရှိ ငွေအားလုံးကို ထုတ်ပေးလျှင်ပင် ကျန်းမုန့်လောင်တောင်းထားသည့် ၁၀ထရီလီယံကို ထုတ်ပေးရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ဘဏ်ထဲရှိငွေများမှာ အပ်ထားသလောက် အကုန်ရှိနေခြင်းမဟုတ်ဘဲ အခြားနေရာများတွင် ရင်းနှီးမြှုပ်နှံထားသည့်အပြင် ချေးငွေထုတ်ပေးထားခြင်းမျိုးလည်း ရှိသောကြောင့်ပင်။
အမေရိကန်၏ ၅ရာခိုင်နှုန်း ဘဏ်အရန်ငွေ သတ်မှတ်ချက်အရ ချက်ချင်းထုတ်ပေးနိုင်သည့် ပမာဏမှာ ဒေါ်လာ၁ထရီလီယံပင် မပြည့်ပေ။ ထိုမျှများပြားလှသောငွေကို သူတို့အနေနှင့် မည်သို့တတ်နိုင်မည်နည်း။
"ဒါဆို ခင်ဗျားတို့အတွက် နောက်ထပ်ရွေးချယ်စရာနှစ်ခုပေးမယ်"
ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်ပြန်သည်။
"ပထမတစ်ခုက... ခင်ဗျားတို့ရဲ့ ငွေစက္ကူပုံနှိပ်စက်တွေကို အရှိန်မြှင့်ပြီး ဒေါ်လာ၁၀ထရီလီယံ ထုတ်လိုက်ရုံပဲ။ ဒါဆို ကိစ္စပြီးပြီလေ"
"ဒါတော့ လုံးဝမဖြစ်နိုင်ဘူး"
ကျန်းမုန့်လောင်က အစိုးရငွေတိုက်စာချုပ်များကို အလုံးအရင်းနှင့် ထုတ်ရောင်းခဲ့သောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ သိသိသာသာ ကျဆင်းနေပြီး ယွမ်ငွေနှင့် လဲလှယ်နှုန်းမှာ ၁ : ၅.၇၄၃အထိ ထိုးကျသွားချေပြီ။
အကယ်၍ ယခုအချိန်တွင်သာ ငွေစက္ကူများ ထပ်မံရိုက်နှိပ်လိုက်ပါက ဒေါ်လာတန်ဖိုးမှာ ပို၍ပင် ထိုးကျသွားမည်ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံကဲ့သို့သော အခြေအနေမျိုး သူတို့နိုင်ငံတွင်လည်း ဖြစ်လာပေလိမ့်မည်။
"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးနဲ့"
ကျန်းမုန့်လောင်က ဘရစ်တို၏ခေါင်းကို တရစပ် ရိုက်နှက်ပစ်လိုက်သည်။
"ခင်ဗျားက အခု အကျဉ်းသားတစ်ယောက်ပဲ။ ကျုပ်ကို 'မဖြစ်နိုင်ဘူး'လို့ ပြောပိုင်ခွင့်မရှိဘူး"
"မင်းတို့နှစ်ယောက်... သူ့ခြေထောက်ကို ရိုက်ချိုးပစ်လိုက်စမ်း"
ကျန်းမုန့်လောင်က အစောတုန်းက စိတ်စွမ်းအားရှင်နှစ်ယောက်ကို အမိန့်ပေးလိုက်ပြန်သည်။
"မင်း..."
"ဂျွတ်!"
အရိုးကျိုးသံနှင့်အတူ ဘရစ်တို၏ အသံကုန်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို မြေပြင်ထက်သို့ ဒူးထောက်ကျသွားလေသည်။
"မင်းတို့နှစ်ယောက်... တော်တယ်။ သွားလို့ရပြီ"
ထိုစိတ်စွမ်းအားရှင်နှစ်ယောက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား ကြောက်စရာကောင်းသော ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။ ဤအချိန်ကစ၍ သူတို့သည် မဟာမိတ်အဖွဲ့ထဲမှ ထွက်ခွာပြီး ဘယ်သူမှမသိသည့်နေရာတွင် မီလျံနာများအဖြစ် ပူပင်ကြောင့်ကြကင်းစွာ နေထိုင်သွားကြတော့မည်ဖြစ်၏။
"အခု ခင်ဗျား ကျုပ်ကိုဒူးထောက်ပြီး စကားပြောနေရပြီဆိုတော့... ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်မြင့်မြတ်တယ်လို့ ထင်သေးလား"
ကျန်းမုန့်လောင်က ငုံ့ကြည့်ရင်း မေးလိုက်သည်။
"ငွေစက္ကူရိုက်တာ တစ်ခုတည်းတင် ရွေးစရာရှိတာ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က အကြံတစ်ခု ထပ်ပေးလိုက်သည်။
"ခင်ဗျားတို့နိုင်ငံက ကျုပ်ကို ဒေါ်လာ၁၈ထရီလီယံ အကြွေးဆပ်ဖို့ရှိသေးတယ်မဟုတ်လား။ အဲ့ဒီထဲကို ဒီ၁၀ထရီလီယံပါ ပေါင်းထည့်လိုက်မယ်။ ဒါပေမဲ့ အတိုးနှုန်းကတော့ အရင်လိုမျိုး ၄ရာခိုင်နှုန်းနဲ့ မရတော့ဘူး"
"ကျုပ်က တရားမျှတတဲ့လူလေ။ ခုနတုန်းက တစ်ယောက်ကို နှစ်စဉ်အတိုးနှုန်း ၂ရာခိုင်နှုန်း ပေးရတယ်။ ခင်ဗျားတို့လည်း အဲ့ဒီနှုန်းနဲ့ပဲ တွက်ရမယ်"
ကျန်းမုန့်လောင်က ဂဏန်းပေါင်းစက်ကို ထုတ်ကာ တွက်ပြလိုက်သည်။
"ဒါဆိုရင် တစ်နှစ်ကို အတိုးကတင် ၅.၆ထရီလီယံ ပေးရမှာပေါ့"
ထိုပမာဏကို ကြားလိုက်ရချိန်ဝယ် ဘရစ်တိုခမျာ မေ့လဲလုမတတ် ဖြစ်သွားရရှာသည်။
သူတို့နိုင်ငံ၏ တစ်နှစ်တာဝင်ငွေစုစုပေါင်းမှာ ဒေါ်လာ၂၀ထရီလီယံဝန်းကျင်သာ ရှိ၏။ အကယ်၍ တစ်နှစ်ပတ်လုံး ဘာမှမစားမသောက်ဘဲ အလုပ်လုပ်လျှင်ပင် ဝင်ငွေ၏လေးပုံတစ်ပုံကို ကျန်းမုန့်လောင်အား ပေးချေရမည်သာ။ သို့ဆိုပါက နိုင်ငံက မည်သို့တိုးတက်နိုင်တော့မည်နည်း။
ဤသည်မှာ အတိုးမျှသာ ရှိသေးသည်။ အရင်းပါ ပြန်ဆပ်ရမည်ဆိုလျှင် တစ်နှစ်တစ်နှစ် ပေးရမည့်ပမာဏက မတွေးဝံ့စရာပင်။
ပြည်သူတွေက ထမင်းမစားကြတော့ဘူးလား။ နိုင်ငံကရော ဘာမှမလုပ်တော့ဘူးလား။ သူတို့အားလုံးက မင်းအတွက်ပဲ အလုပ်လုပ်နေရမှာလား...
ကျန်းမုန့်လောင်ကတော့ ဤအမေရိကန်လူမျိုးများအပေါ် သနားညှာတာစိတ်မရှိပေ။
သူ့သတင်းရင်းမြစ်များအရ အမေရိကန်လူမျိုးများက ကျန်းမုန့်လောင်ကို မည်သို့နှိမ်နင်းရမလဲဆိုသည်ကို ဆွေးနွေးရန်အတွက် လူစုကာ အစီအစဉ်ဆွဲခဲ့ခြင်းပင်။ အကယ်၍ သူသာ အစွမ်းမရှိခဲ့ပါက ယခုအချိန်တွင် မွဲတေသွားခြင်းမျိုးလည်း ဖြစ်နိုင်သလို လေယာဉ်ပေါ်က ပစ်ချခံရပြီး ပင်လယ်ကြမ်းပြင်၌ သေဆုံးနေလောက်လေပြီ။ သို့တည်းမဟုတ် အကျဉ်းသားတစ်ယောက် ဖြစ်နေလောက်ပြီသာ။
အနိုင်ရသူက စည်းကမ်းသတ်မှတ်စတမ်းဟူသည်မှာ ဤလောက၏ နိယာမပင်။
"ဒါမှမဟုတ် ဒီလိုလုပ်ကြမလား"
ကျန်းမုန့်လောင်က နောက်ထပ်အကြံတစ်ခု ပေးလိုက်ပြန်သည်။
"ခင်ဗျားတို့ ဒီအကြွေးကို တခြားနည်းနဲ့ ပြန်ဆပ်လို့လည်းရတယ်။ ဒီနေ့ကစပြီး ဟွာရှားနိုင်ငံရဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းကို အခွန်မကောက်ရဘူး။ ဟွာရှားခရီးသွားတွေ ခင်ဗျားတို့နိုင်ငံကို လာလည်ရင် စားစရိတ်၊ နေစရိတ်၊ အပန်းဖြေစရိတ်နဲ့ လေယာဉ်လက်မှတ်အားလုံးကို အလကားပေးရမယ်။ အဲဒီကုန်ကျစရိတ်တွေကို အကြွေးထဲက နှုတ်ပေးမယ်"
ဤစကားကိုကြားသော် ဘရစ်တိုအနေနှင့် ဤသို့မတွေးဘဲ မနေနိုင်ပေ။ ဤအခြေအနေက သူတို့အတွက် အဆင်ပြေပုံရသော်လည်း ဤသည်မှာ အမေရိကန်နိုင်ငံကို ဟွာရှားနိုင်ငံ၏ အခမဲ့အပန်းဖြေစခန်းအဖြစ် ပြောင်းလဲနေခြင်းမဟုတ်လော။
နေစရိတ်စားစရိတ်အစုံအလင်ကိုတော့ နားလည်ပါသော်ငြား အပန်းဖြေစရိတ်ဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။
မင်းတို့က ဘာတွေအကွက်ခင်းမလို့လဲ...
ဘရစ်တိုခမျာ အတိုးနှုန်းကိစ္စနှင့်ပတ်သက်ပြီး ကျန်းမုန့်လောင်နှင့် ထပ်မငြင်းရဲတော့ပေ။ အကယ်၍ သူသာ ပြောလိုက်ပါက ကျန်းမုန့်လောင်က အတိုးနှုန်းကို ထပ်မြှင့်ပစ်မည်မှာ သေချာပေသည်။ အရှက်မရှိလှသော ကျန်းမုန့်လောင်၏ ပြောင်းပြန်နည်းဗျူဟာများကို သူ ထပ်ခါထပ်ခါမြင်ဖူးထားပြီးဖြစ်၏။
"ကောင်းပြီလေ။ ဒီကိစ္စကို အထက်ကို တင်ပြလိုက်ပါ့မယ်။ ဒီဒေါ်လာ၁၀ထရီလီယံကို နိုင်ငံတော်အကြွေးအဖြစ် လက်ခံပ့ါမယ်။ မစ္စတာကျန်းဘက်ကလည်း သဘောထားကြီးကြီးနဲ့ အစိုးရငွေတိုက်စာချုပ်တွေကို ထပ်မရောင်းပါနဲ့တော့လို့ တောင်းပန်ချင်ပါတယ်"
အဆုံးတွင်မူ ဘရစ်တိုလည်း ဦးညွှတ်လိုက်ရသည်။
"အစောကြိးကတည်းက အရှုံးပေးလိုက်ရင် ပြီးနေတာကို"
ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။
"ဟုန်းရီ.. ရပ်လိုက်တော့"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။ ယခုအချိန်တွင် သူသည် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ဒေါ်လာတန်ဖိုးထပ်မံကျဆင်းနေခြင်းမှာ သူ့အတွက်လည်း အကျိုးမရှိပေ။
"မစ္စတာကျန်း.. ဒီတစ်ခေါက် ကျွန်မတို့ နိုင်ငံအသီးသီးရဲ့ ငွေကြေးဈေးကွက်ထဲကနေ အမေရိကန်ဒေါ်လာငါးထရီလီယံလောက် ရလိုက်ပါတယ်"
"အင်း.. ဝမ်လင်နဲ့တခြားလူတွေကို ခွဲပေးဖို့အတွက် ဒေါ်လာတစ်ရာဘီလီယံလောက်ထုတ်လိုက်။ သူတို့အတွက် ဘောနပ်စ်လို့ သဘောထားလိုက်ပေါ့"
"ဟုတ်ကဲ့"
...
"မစ္စတာကျန်း.. ကျွန်တော်တို့ ခင်ဗျားရဲ့တောင်းဆိုချက်တွေအားလုံးကို လိုက်လျောပြီးပါပြီ။ ဒါဆို အခု..."
"ဘာလဲ။ ခင်ဗျားတို့က ကျုပ်ကို ကိုယ့်ဘာသာ ပြန်စေချင်နေတာလား"
ကျန်းမုန့်လောင်က စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
"ခင်ဗျားတို့တွေ ကျုပ်ကို ဘယ်လိုခေါ်လာခဲ့လဲ။ ခေါ်လာခဲ့တဲ့အတိုင်း ပြန်လိုက်ပို့ပေ။ ခင်ဗျားတို့မိဘတွေက အပြုအမူအနေအထိုင်နဲ့ပတ်သက်တာတွေ သင်မပေးထားဘူးလား"
"ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဟုတ်ကဲ့.. ကျွန်တော် အခုချက်ချင်း လေယာဉ်စီစဉ်လိုက်ပါ့မယ်"
ဘရစ်တိုလည်း စီစဉ်စရာရှိသည်ကို စီစဉ်လေတော့သည်။
...
"အာဝူး"
ထိုအချိန်မှာပင် ကျန်းမုန့်လောင်၏ခြေထောက်အောက်ဘက်မှ သားရဲကောင်တစ်ကောင်၏ ဟိန်းဟောက်သံတစ်သံကို ရုတ်တရက်ကြားလိုက်ရပြီးနောက် စွမ်းအင်များကလည်း အပြင်သို့ စိမ့်ထွက်လာသည်။
"ဘာဖြစ်တာလဲ။ အောက်ဘက်မှာ ဘယ်လိုမကောင်းဆိုးဝါးမျိုးကို ပိတ်လှောင်ထားတာလဲ"
ဘရစ်တိုလည်း ချက်ချင်းဆိုသလို မျက်နှာပျက်သွားပြီး အမြန်ရှင်းပြလိုက်ရသည်။
"မစ္စတာကျန်း.. အောက်ထပ်မှာ အရမ်းရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝဝ်သားတွေကို ချုပ်နှောင်ထားတာပါ။ စိတ်ဖောက်ပြန်နေတဲ့လူတွေလည်း ပါပါတယ်။ သူတို့က အမြဲအော်ဟစ်သောင်းကျန်းနေကြတာ"
"ဪ"
ကျန်းမုန့်လောင်လည်း ချက်ချင်းဆိုသလို ရုပ်ပြောင်းရွှေ့၍ ထိုအကျဉ်းခန်းရှေ့သို့ ရောက်သွားလေသည်။
ပြတင်းပေါက်သေးသေးလေးကတစ်ဆင့် အထဲရှိ အရူးတစ်ယောက်နှင့်တူသော ဆံပင်ဖရိုဖရဲဖြစ်နေသည့် လူတစ်ယောက်ကို ကျန်းမုန့်လောင် မြင်လိုက်ရသည်။ သို့သော် သူ့အရှိန်အဝါမှာ စွမ်းအင်ပြင်းအား၂၂ယူနစ်အထိ ရှိသည်။
ကျန်းမုန့်လောင်၏လူများကို ဘေးဖယ်ထားလိုက်ပါက ဤလူမှာ ယင်ဝူယီထက်ပင် ပိုအစွမ်းထက်နေသေးသည်။
အမည် : ဟီရက်ခ် လူးစီးယပ်စ်
မျိုးနွယ် : လူသား
ပါရမီ : စိတ်စွမ်းအင်
မှတ်ချက် : ဤလူမှာ သနားစရာကောင်းသော အစမ်းသပ်ခံပုဂ္ဂိုလ်တစ်ယောက်ပင်။
"သူတို့က သူ့ကို အစမ်းသပ်ခံအဖြစ် အသုံးချခဲ့တာလား"
ကျန်းမုန့်လောင်လည်း ကျောင်းအုပ်လက်စွပ်မှတစ်ဆင့် ထိုလူ၏အချက်အလက်များကို ချက်ချင်းသိလိုက်ရသည်။
"လူမဆန်တဲ့ ဒီလိုလုပ်ရပ်မျိုးတွေက သင်ခန်းစာကောင်းကောင်းပေးမှပဲ"
ကျန်းမုန့်လောင်က လက်တစ်ဖက်ကို ဆန့်ထုတ်၍ ထိုတံခါးကို အသာလေးဖွင့်လိုက်၏။ ထိုတံခါးမှာ အထက်ဘဝဂ်အဆင့် စိတ်စွမ်းအားရှင်တစ်ယောက်ပင် မဖျက်ဆီးနိုင်သော တံခါးပင်။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသဖြင့် ရောက်ချလာသော ဘရစ်တိုလည်း ကျန်းမုန့်လောင် တံခါးဖွင့်လိုက်သည်ကိုမြင်သော် ကြက်သေသေသွားရလေသည်။
ဟီရက်ခ်က သူတို့၏အအောင်မြင်ဆုံး အစမ်းသပ်ခံဖြစ်သော်ငြား သူသည် အင်အားကြီးမားလွန်းပြီး ကိုယ်ပိုင်အသိစိတ်ပြင်းထန်လွန်းလှသဖြင့် သူတို့၏ထိန်းချုပ်မှုအောက်က လွတ်ထွက်သွားခြင်းပင်။
လွန်ခဲ့သည့်ငါးနှစ်က ဟီရက်ခ်မှာ နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်မျှသာ ရှိသေးသော်ငြား သူတို့က သူ့ကိုဖမ်းဆီးပြီး ဤနေရာတွင် ပိတ်လှောင်ထားခဲ့သည်။ ထို့နောက် ကိရိယာများဖြင့် ဖိနှိပ်ထားခဲ့သည်။ ငါးနှစ်ကျော်လာချိန်တွင်မူ သူ့စွမ်းအားကလည်း ပိုကြီးမားလာသဖြင့် သူ့ကို လွှတ်ပေးလိုက်ပါက စွမ်းအားရှင်မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးလည်း ပျက်ကိန်းဆိုက်ရပေလိမ့်မည်။
ကျန်းမုန့်လောင်က ဟီရက်ခ်ကို ပြုံးပြလိုက်၏။
"ကိုယ့်လူရေ.. မင်း အခုလွတ်လပ်သွားပြီနော်။ ဒီလူတွေကို သတ်တာပဲဖြစ်ဖြစ် အရေခွံစုတ်တာပဲဖြစ်ဖြစ် စိတ်ကြိုက်သာလုပ်တော့။ ငါကတော့သွားပြီ"