အခန်း (၂၁၅)
Vol. 15 Ch. 215
"သူသွားပြီလား"
"ဟုတ်တယ်၊ သူသွားလိုက်ပြီ" ကျန်းတန်းဟယ် သက်တောင့်သက်သာဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ဒါပေမယ့် နောက်တခဏမှာတော့ သူ့နောက်ကျောမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တော့ ရှောင်းကော၏ ပြုံးနေတဲ့ မျက်နှာကို မြင်လိုက်ရသည်။ အဲ့တာက လက်သီးတစ်လုံးစာအကွာအဝေးသာ ရှိတော့သည်။ တစ်ချိန်တည်းမှာပင် သူမရဲ့ပုံစံက လှပပြီး ကြောက်စရာကောင်းသည်။
"....ဗိုက်ဆာပြီ။ စားရအောင်"
ကျန်းတန်းဟယ် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ့ကိုယ်သူ ဖုန်တွေခါရန် ခေါင်းငုံ့လိုက်သည်။ ရှောင်းကော ကို မကြည့်ဘဲ အိမ်ထဲသို့ တည့်တည့် လျှောက်သွားခဲ့သည်။
သူတို့ မျက်လုံးချင်းမဆုံမိသရွေ့တော့ သူမက သူ့ကိုအဲ့အကြောင်း မမေးဖြစ်ဘူး။
သူ့ကိုယ်သူ နင်းမိသွားသည်ကိုမြင်တော့ ရှောင်းကော မကူညီနိုင်ဘဲ ရယ်လိုက်သည်။ ဘယ်လောက်တုံးအလိုက်လဲ။ သူက ဒီလောက်ကြောက်စရာကောင်းတဲ့ ကြောင်တစ်ကောင်ပါလားဟု တွေးလိုက်မိသည်။ ရှောင်းကော ခေါင်းယမ်းကာ တံခါးပိတ်ရန် ထလိုက်သည်။
ထို့နောက် သူပြန်သယ်လာသော တောင်းကြီးဆီသို့ လျှောက်သွားခဲ့သည်။ ထိုမှသာ ရှောင်းကောသည် သူပြန်ယူလာခဲ့သည့်အရာကို သဘောပေါက်သွားခဲ့သည်။
ခြင်းတောင်းထဲတွင် သစ်အယ်သီးအစိမ်း အပုံလိုက်ကြီးရှိသည်။ ရှောင်းကောသည် လှန်လှောလိုက်တော့ အပုံအောက်တွင် သစ်တော်သီးအဖြူများ ရှိနေကြောင်း သတိပြုမိခဲ့သည်။
သစ်အယ်သီးနဲ့ သစ်တော်သီးသီးအဖြူတွေ ထည့်လာသည့် ခြင်းတောင်းကို ကြည့်လိုက်တော့ ရှောင်းကော သူမရဲ့ လည်ချောင်းမှာ တစ်ခုခုတစ်နေသလို ခံစားလိုက်ရသည်။ 'ဒီလိုလုပ်ဖို့အတွက် သူ ထွက်သွားခဲ့တာပဲ...'
ညစာစားပြီးသောအခါ သုံးယောက်သား အိပ်ယာပေါ်တွင် လှဲခဲ့ကြသည်။ သူတို့အားလုံး ရေချိုးပြီးသည်နှင့် နွေးနွေးထွေးထွေးနေကြပြီး ပျော်စရာကောင်းတာလေးတွေလုပ်ခဲ့ကြသည်။ ကျွမ်းကျွမ်းက အပျော်ဆုံးဖြစ်သည်။
နောက်နေ့ သူတို့ ခွဲကြရတော့မယ်ဆိုတော့ သူတို့ သုံးယောက်လုံး အိပ်မပျော်ကြပေ။ ခေါင်းအုံးနဲ့ထိပြီး အိပ်ပျော်သွားလေ့ရှိတဲ့ ကျွမ်းကျွမ်းတောင်မှ သန်းခေါင်ကျော်တဲ့အထိ နေနေသည်။
—-
နောက်တစ်နေ့မနက်တွင် ရှောင်းကော နိုးလာပြီး ထမင်းဟင်း ပူပူနွေးနွေးလေး လုပ်ပေးခဲ့သည်။ သူမသည် အိမ်တွင် ရှာတွေ့နိုင်သော ဟင်းလျာများကို မနက်စာအဖြစ် အမျိုးမျိုးသော ဟင်းလျာများပြင်ဆင်ခဲ့သည်။
ဆန်ပြုတ်အလွတ်နှင့် ဟင်းသီးဟင်းရွက် ဆန်ပြုတ်ကို မနေ့ညက ကျန်သည့် အသားဟင်းဖြင့် ချက်ထားသည်။ ပါးပါးလှီးထားသော အာလူး ချဥ်စပ်လေးများအပြင် အအေးစာဟင်းလျာ အနည်းငယ်လည်း ရှိသေးသည်။ ဥပြုတ်ကိုတော့ ဘဲဥနဲ့ လုပ်ထားသည်။ ပေါက်စီသေးသေးလေးတွေနဲ့ အသားဖက်ထုပ်ပေါင်းတွေလည်း ပါသည်။ ရှောင်းကောက သူမတတ်နိုင်သမျှ အနည်းငယ် ချက်ပြုတ်ထားသည်။
"ဝိုး၊ မေမေ။ သားတို့ မနက်စာက သားနားလွန်းလိုက်တာ"
သူတို့လက်ကိုဆေးပြီးနောက် ကျွမ်းကျွမ်းက စိတ်အားထက်သန်စွာ ထိုင်ကာ ညစာစားရန် စောင့်နေသည်။ အစားအစာတွေကို မျက်စိနဲ့ စကင်န်ဖတ်ဖို့ ကြိုးစားရင်း သူ့မျက်လုံးကြီးကြီးတွေက ဝိုင်းစက်သွားခဲ့သည်။
"သားအဖေ ဒီကိုရောက်ရင် မေမေတို့စားကြမယ်။"
ရှောင်းကောသည် ကျွမ်းကျွမ်း၏ အင်္ကျီလက်တွေကို လိပ်တင်ရန် ကူညီပေးခဲ့သည်။ ထိုအချိန်တွင် ကျန်းတန်းဟယ် ထုပ်ပိုးလို့ပြီးသွားကာ သူ့အိတ်ကို လက်ထဲတွင် ကိုင်လျက် ထမင်းစား စားပွဲသို့ ရောက်ရှိလာသည်။
"အွန်း မွှေးလိုက်တာ"
ကျန်းတန်းဟယ် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ကျွမ်းကျွမ်းလိုပဲ အမြင်အာရုံ ပွဲတော်တွင် ပါဝင်ခဲ့သည်။ ထို့နောက် သူ စစားခဲ့သည်။
"ဒီမှာ" ရှောင်းကော ဆန်ပြုတ်ကို ကျန်းတန်းဟယ်အား ပေးလိုက်သည်။ "အိမ်ကိုမလွမ်းနေအောင် စိတ်ကျေနပ်လောက်တဲ့အထိစားသွား"
ရှောင်းကော စကားစမြည်ပြောရင်း ဟင်းပန်းကန်အားလုံးကို သူ့ဆီ တွန်းပို့လိုက်သည်။
သူမ အလယ်တန်းကျောင်းသူ ဘဝကတည်းက ဘော်ဒါတက်ခဲ့တာကို အခုထိ မှတ်မိနေပါသေးသည်။ ပထမတော့ နှစ်ပတ်တစ်ကြိမ် အိမ်ပြန်လာသည်။ နောက်တော့ တစ်လတစ်ခါ ပြန်လာခဲ့သည်။ တက္ကသိုလ်သို့ဝင်ပြီးနောက် စာသင်ချိန်နှင့် အိမ်နှင့်အကွာအဝေးကြောင့် နှစ်လ၊ သုံးလလောက်မှ တစ်ကြိမ် ပြန်လာသည်။ အဲဒီတုန်းက သူမရဲ့မေမေနဲ့ အဖေက သူမ အိမ်ပြန်လာတဲ့အချိန်မှာ ကျောင်းဝင်းထဲ ပြန်ဝင်ရတဲ့အချိန်တွေမှာ သူမအတွက် အရသာရှိတဲ့အစားအသောက်တွေကို စားပွဲအပြည့် အမြဲပြင်ဆင်ပေးသည်။ သူမမေမေရဲ့စကားထဲမှာတော့ "အိမ်မလွမ်းရအောင် စိတ်ကျေနပ်လောက်တဲ့အထိ စားသွား"
အခု ရှောင်းကောက စားစရာတွေပြည့်နေတဲ့ စားပွဲကို ပြင်ဆင်လိုက်တာနဲ့ သူမလည်း အဲဒီလိုပဲ ခံစားနေရသည်။
သူတို့ ထမင်းစားနေစဉ်မှာ ရှောင်းကောသည် တံခါးဝမှာ ခြေသံနဲ့ မြင်းခွာသံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။ သူမ စားနေဆဲဖြစ်သော ကျန်းတန်းဟယ်ကို ကြည့်ကာ ၎င်းသည် သူ့လူတွေထဲမှ တစ်ဦးဖြစ်ကြောင်း အနည်းနှင့်အများ မှန်းဆခဲ့သည်။
မနက်စာစားပြီးနောက် ရှောင်းကောသည် ကျန်းတန်းဟယ်ကို ကျွမ်းကျွမ်းနှင့်အတူ တုံ့ဆိုင်းစွာ လိုက်ပို့ပေးခဲ့သည်။ ကျွမ်းကျွမ်းအား သတင်းကို သူဘယ်လို ပြောပြခဲ့သည်ကို သူမ မသိသော်လည်း ကျန်းတန်းဟယ်ကို နှုတ်ဆက်လိုက်သောအခါ ကောင်လေးက အလွန်တည်ငြိမ်နေခဲ့သည်။
ကျန်းတန်းဟယ် သူတို့ကို ထပ်ခါတလဲလဲ ပြန်ကြည့်နေတာကို ကြည့်ပြီး ရှောင်းကောမှာ သူနဲ့ခွဲဖို့အတွက် တွန့်ဆုတ်မှုတွေ တိုးလာလာသည်။ ဒါပေမယ့် သူမကိုယ်သူမ အရှက်မရအောင်နှင့် ကျန်းတန်းဟယ် စိတ်ပူမနေစေရန် ရှောင်းကောက သူ့ကိုယ်သူ အားတင်းကာ ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ သူမ သူ့ကို မျက်လုံးတွေနဲ့ အချက်ပြလိုက်သည်။ "ကျွန်မကို လွမ်းဖို့ သတိရဦးနော်"
ကျန်းတန်းဟယ် သေချာပေါက် နားလည်မယ်ဆိုတာ သူမ သိသည်။
မျှော်လင့်ထားသည့်အတိုင်း သူမစကားပြောပြီးသည်နှင့် ကျန်းတန်းဟယ်သည် ကြိုးတစ်ချောင်းကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး မြင်းဗိုက်ကို ဆုပ်ကိုင်လိုက်သည်။ သူသည် သူမအား စကားပြောနေသကဲ့သို့ လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြလိုက်သည်။
ဒါကိုမြင်တော့ ရှောင်းကော ပြုံးလိုက်သည်။ ကျန်းတန်းဟယ်အား သူမ၏ အပြုံးကို မှတ်မိစေချင်သည်။
သူမ အဲ့တာကို လုပ်ခဲ့သည်။ ကျန်းတန်းဟယ် နောင်မှ ထိုအပြုံးကို ပြန်တွေးကြည့်ပြီး သူ့နှလုံးသားထဲမှာ လှိုင်းထနေအောင်လို့ပင်။
—-
“မေမေ၊ ရွာကမြစ်ရေက ခဲနေပြီ”
ကျွမ်းကျွမ်း နီမြန်းနေသောမျက်နှာဖြင့် ပြေးဝင်လာသည်။ ရှောင်းကော သူ့အတွက် လုပ်ပေးထားတဲ့ ရိုးရှင်းတဲ့ချည်သားဝတ်စုံကို ၀တ်ထားသည်။
အိမ်ထဲကို ဝင်လိုက်တာနဲ့ အပြင်က လေအေးတွေကြောင့် ခြေထောက်ကိုဆောင့်ကာ နင်းနေခဲ့သည်။
ရှောင်းကော တံခါးကို တင်းတင်းစေ့ပိတ်လိုက်သည်။ ကျွမ်းကျွမ်းကိုတွေ့တော့ သူမလက်ထဲက မီးဖိုကို အမြန်ပေးလိုက်သည်။ "မြစ်ဘက်ကို မသွားရဘူးလို့ မေမေပြောထားတယ် မဟုတ်ဘူးလား"
"အစ်ကို ရှောင်ဟူ စကိတ်သွားစီးချင်နေလို့ သူက သားတို့ကို ရေတွေခဲမခဲကြည့်ဖို့ ခေါ်သွားခဲ့လို့ပါ။ သား အောက်ကို မဆင်းဘူး။ မြစ်ရေခဲနေတာကို တွေ့တော့ သူတို့က ကစားဖို့ ရှေ့ဆက်သွားကြတယ်။ သားက သူတို့ပြန်မလာခင် ကမ်းကနေပဲ သူတို့ကို ကြည့်နေခဲ့တာ"
ကျွမ်းကျွမ်း ရှင်းပြလိုက်သည်။ သူက သူ့မေမေပြောတာတွေကို နားထောင်တဲ့ ကလေးလိမ္မာလေးတစ်ယောက်ပါ။ သူ့မေမေ ခွင့်မပြုတဲ့ အရာတွေကို သူလုပ်မှာမဟုတ်ဘူးဆိုတာ သေချာသည်။
“လိမ္မာလိုက်တဲ့သား!”
ရှောင်းကော အလွန်ဝမ်းသာသွားပြီး ကျွမ်းကျွမ်းရဲ့ ခေါင်းလေးကိုပုတ်ကာ ဆုချခဲ့သည်။
"ဟင် မေမေ "
ကျွမ်းကျွမ်းက ခေါင်းကိုကာထားပြီး သူမကို စိတ်ဆိုးစွာ ကြည့်နေသည်။ သူလိမ္မာတဲ့ဟာကို သူ့မေမေက ဘာကြောင့် သူ့ခေါင်းကိုပုတ်တာလဲဆိုတာ သူနားမလည်ပေ။
"သရုပ်ဆောင်နေတာလား" ရှောင်းကောက သူ့ကို ကြည့်တောင်မကြည့်ပေ။ သူမ ခွန်အားအများကြီးအသုံးမပြုခဲ့ပေ။ ဘယ်လိုလုပ်နာမှာလဲ။
"ဟီးဟီး" သူ့ရဲ့လှည့်ကွက်လေး ဖော်ထုတ်ခံလိုက်ရတော့ ကျွမ်းကျွမ်း ချက်ချင်းဆိုသလို ရှောင်းကောကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ရှေ့မှာ ချစ်စရာကောင်းအောင်ပြုမူလိုက်သည်။
သဘောကျနေသော ရှောင်းကောက သူ့ကို ပြန်ပွေ့ဖက်ခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်က ပြောင်ရှင်းနေသော ရှုခင်းကို ကြည့်လိုက်သည်။ ဒီဇင်ဘာရောက်နေပြီ။ မသိလိုက်ဘဲ ကျန်းတန်းဟယ်နဲ့ ဝေးနေတာ တစ်လကျော်သွားပြီ။ မြို့တော်မှာကော ဒီလိုပဲလားလို့ သူမ တွေးလိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်း ရာသီတိုင်းတွင် မတူညီသောရှုခင်းများ ရှိသည်။ နွေဦးနှင့် နွေရာသီတွင် အရာအားလုံးသည် စိမ်းလန်းပြီး သက်ဝင်လှုပ်ရှားနေပုံရသည်။ ဆောင်းဦးတွင် အဝါရောင်နှင့် တောက်ပနေလိမ့်မည်။ ဆောင်းရာသီမှာ အရာရာဟာ ဗလာကျင်းနေသလိုပဲ။ သစ်ပင်တွေ ပြောင်ရှင်းသွားသလိုမျိုး မြေကြီးကလည်း ပြောင်ရှင်းသွားမည်။ ရှောင်းကောသည် အဲ့တာက ဤအချက်နှစ်ချက်ကြောင့်လားတော့ မသိပေ။ ဒါပေမယ့် သူမ လေကိုကြည့်လိုက်သောအခါ အဲ့တာကလည်း ပြောင်ရှင်းနေသည်ဟုထင်မိသည်။
ပြီးခဲ့တဲ့လက သိပ်မအေးပေ။ ရှောင်းကော သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီဇင်ဘာကို ရောက်လာသည်ကို မမျှော်လင့်ထားမိပေ။ ခလုတ်တစ်ခုကို ဖွင့်လိုက်သလိုပဲ။ ညတွင်းချင်းပင် အပူချိန်များ သိသိသာသာ ကျဆင်းသွားပြီး သူမကို လုံးဝ သတိထားမိသွားခဲ့သည်။
လေအေးပေးစက်နှင့် အပူပေးစက်ကို အလွန်အားကိုးသူ ရှောင်းကောအတွက် လက်ရှိအခြေအနေတွေက သူမအတွက် ခက်ခဲလှသည်။ သူမအတွက်တော့ တော်တော်လေး မမျှော်လင့်ထားတာဖြစ်သည်။ သူမသည် ကမ္ဘာပျက်ကာလတွင် အေးခဲပြီးမသေခဲ့ပေမယ့် ရှေးခေတ်ကာလတွင် သူမ အလွန်အေးနေသဖြင့် အိပ်ရာထဲမှ မထွက်ချင်ပေ။ ကျွမ်းကျွမ်းက ငယ်သေးလို့သာ မဟုတ်ရင် သူမ အအေးဒဏ်ကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး။ တကယ်တော့ သူမသည် တစ်နေ့လျှင် အစားအသောက် ၃ နပ်လုံးကို ပြင်ဆင်ရန် တာဝန်ပေးထားခံရသည်။
ဒါကိုတွေးပြီး ရှောင်းကောက သူ့ကိုယ်သူ အလွန်ထူတဲ့ ချည်သားအဝတ်အစားနဲ့ တင်းတင်းကြပ်ကြပ် ပတ်ထားသည်။ ရာသီဥတုအေးတာကြောင့် ရှောင်းကော ခရိုင်မြို့သို့ နောက်ဆုံးအကြိမ်သွားခဲ့သည်မှာ ကျန်းတန်းဟယ် ထွက်ခွာသွားပြီး နှစ်ပတ်အကြာတွင်ဖြစ်သည်။
ဆောင်းရာသီအစောကြီးမှာ စပါးတွေစုဆောင်းမိလို့သူမ တစ်ကြိမ်ထက်မက ဝမ်းသာမိသည်။ အရင်က သူမ ခရိုင်ကိုသွားတုန်းက ဟင်းသီးဟင်းရွက်နဲ့ အသားတွေ အများကြီးဝယ်လာခဲ့သည်။ ပြန်ရောက်လာတော့ မြည်းလှည်းကို တမင်တကာ လွှတ်ထားလိုက်ပြီး ချည်လှည်းတစ်ခုလုံးဝယ်ရန် ခရိုင်သို့ ခရီးထွက်ခဲ့သည်။
ကျောက်မီးသွေးဝယ်ဖို့ ခရီးပြန်ထွက်ခါနီးမှာ ရွာက ကျောက်မီးသွေးကို အမြောက်အများ မှာယူပြီး အိမ်ထောင်စုတစ်စုဆီ ခွဲဝေပေးမှာလို့ မစ္စစ်ယန်က သူမကို အကြောင်းကြားခဲ့သည်။
ထိုအချိန်တွင် ရှောင်းကောသည် အဲ့တာက ကောင်းသည်ဟု သူ့ကိုယ်သူ တွေးနေမိသည်။ ကျောက်မီးသွေးကို သူ့ဘာသာသူ ပြန်သယ်ယူရတဲ့ အခက်အခဲကို ကယ်တင်နိုင်ပါလိမ့်မည်။ ဒါပေမယ့် မိသားစုတစ်စုစီကို ဒီလောက်သေးငယ်တဲ့ပမာဏရှိတဲ့ ကျောက်မီးသွေးကို ပေးလာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဖြန့်ဝေမှုသည် ခုနစ်ရက်လျှင် တစ်ကြိမ်ဖြစ်သော်လည်း ရှောင်းကော အတွက် ခုနစ်ရက်တာအတွက် သူမရရှိသည့်ပမာဏက သုံးရက်အတွက်ပင် မလုံလောက်ပေ။
သူမမှာ ရွေးချယ်စရာမရှိတော့ပေ။ ကျောက်မီးသွေးကို ခွဲတမ်းချဖို့ ကြိုးစားပေမယ့် သူမ တကယ် အေးခဲနေသည်။
နွေးထွေးစေရန်အတွက် ဦးထုပ်တွေ၊ ဂျာကင် အကျီတွေ၊ ဘောင်းဘီတွေနဲ့ ခြေအိတ်တွေအားလုံးကို ချည်ထည်များဖြင့် ပြုလုပ်ရန် သူမ တစ်ညလုံး နေခဲ့သည်။ ဦးခေါင်းမှ ခြေဖျားအထိ ဝတ်နိုင်သမျှကို ထူနိုင်သမျှ ထူထူလုပ်ခဲ့သည်။
ကျွမ်းကျွမ်း၏အကြံပြုချက်အရ ရှောင်းကောသည် ခွေးပေါက်လေးများ၊ နွားများနှင့် မြည်းများအတွက် ချည်အင်္ကျီများကိုလည်း ချုပ်ပေးခဲ့ရသည်။ သူတို့က အအေးဒဏ်ကို မကြောက်မှန်း သူမ သိသော်လည်း ကျွမ်းကျွမ်း၏ တောင်းဆိုမှုအောက်တွင် ၎င်းတို့ကို ချုပ်ပေးရဆဲပင်။ သူမသည် ကြက်တွေနဲ့ ဘဲတွေအားလုံးအတွက်လည်း အင်္ကျီတွေ လုပ်ပေးခဲ့သည်။ နောက်ဆုံး လူတိုင်းကို တရားမျှတစွာ ဆက်ဆံသင့်သည်။
ထို့အပြင် သူမနဲ့ ကျွမ်းကျွမ်းတို့သည် ၎င်းတို့၏ အသိုက်များပေါ်တွင် မြက်ပင်များအား ထူထပ်စွာ ဖြန့်ခင်းပေးထားသည်။ ဤနည်းဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အသိုက်များကို နွေးထွေးစေမည်ဖြစ်သည်။ အဲဒါက ကျွမ်းကျွမ်းကို အရမ်းပျော်သွားစေသည်။
ချည်ထည်နဲ့ အထည်တွေ အများကြီး ကျန်နေပါသေးသည်။ ချည်ထည်များနှင့် တွဲဝယ်ခဲ့သော အထည်များသည် အများအားဖြင့် ဈေးသက်သာသည်။ ရှောင်းကော သည် ၎င်းတို့ကို အများအပြားဝယ်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ကို အဝတ်အစားပြုလုပ်ရန် မရည်ရွယ်ခဲ့ပေ။ အဲဒီအစား၊ သူမက အဲ့တာတွေထဲကနေ ကန့်လန့်ကာတွေလုပ်မည်။
တံခါးနဲ့ ပြတင်းပေါက်ထက် အနည်းငယ်ပိုကြီးသော အထည်များကို အပိုင်းပိုင်းဖြတ်ထားသည်။ ထို့နောက် သူမသည် နွေဦးချည်ကို ထည့်ကာ အရာအားလုံးကို ချုပ်ခဲ့သည်။ ထို့နောက် တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို သံမှိုရိုက်ပြီး လုံခြုံသွားအောင်လုပ်ခဲ့သည်။ မီးဖိုချောင်နှင့် ရေချိုးခန်းကို မချန်ထားခဲ့ပေ။ ဒီလိုမျိုးနဲ့ အိမ်က လေလုံသွားခဲ့သည်။ မီးဖိုကို မီးမွှေးလိုက်သည်နှင့် အိမ်တွင်း အပူချိန်က ပို၍သက်တောင့်သက်သာရှိလာသည်။