← Chapters

ကွေးဇီဆေးလုံး

Vol. 10 Ch. 116

ကွေးဇီဆေးလုံး

Vol. 10 Ch. 116

ထိုအချိန်မှာမှ လင်းယွင်ဂိုဏ်းမှ တခြားတပည့်များသည် ကျန်းယီမင်အစီအစဉ်အားလုံးကို နောက်ဆုံးတွင် နားလည်သွားကြသည်။ သိပ်မကြာခင်က သူတို့အားလုံးစိတ်ပျက်အားငယ်နေခဲ့ကြသော်လည်း နောက်တစ်ခဏတွင် အားလုံးပျော်ရွှင်စွာ အော်ဟစ်နေကြသည်။

"ဝိုး... ဆရာ.. ဆရာက နည်းလမ်းကိုစဉ်းစားထားပြီးပြီဆိုရင် ဘာလို့ အခုမှပြောတာလဲ..." ဂူလင်းဖေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျွန်တော် စောစောကအရမ်းစိတ်ပူနေခဲ့တာ..."

"ဒီလိုကိစ္စမျိုးကိုက လူသိနည်းလေလေ ကောင်းလေလေမဟုတ်ဘူးလား... ငါ့ရဲ့အကြီးဆုံးတပည့်ဖြစ်နေရက်နဲ့ ဘာလို့ ငါ့ရဲ့ဉာဏ်ကောင်းတာကို မသင်ယူထားတာလဲ..."

တိုက်ပွဲကြောင့် ရှန့်ကွမ်းမိသားစုအခြေစိုက်စခန်းဖြစ်တဲ့ သူတို့နေရာသည် ဖျက်ဆီးခံလိုက်ရသည်။ သူတို့ မွေးဖွားခြင်းအဆင့်ငါးယောက်ထဲမှ သုံးယောက်သာ ကျန်ရှိတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းယီမင်သည် သူ့တပည့်အားလုံးကို ကယ်တင်နိုင်ခဲ့ရုံသာမက ရှန့်ကွမ်းချင်းယန်ညီမလေးကိုပါ ကယ်တင်နိုင်ခဲ့သည်။

"မင်းနာမည်က ဘယ်သူလဲ... မကြောက်ပါနဲ့... မင်းအစ်ကိုကြီးက လင်းယွင်ဂိုဏ်းသားပဲ... ဟမ်... မင်း လင်းယွင်ဂိုဏ်းကို မယုံဘူးလား..." ဂူလင်းဖေး သည် သူခေါ်လာခဲ့တဲ့ ကြောက်ရွံ့နေသည့်မိန်းကလေးကို သတိရသွားသည်။

ထိုမိန်းကလေးသည် အလွန်လှပသော်လည်း လူတိုင်းအပေါ်မယုံကြည်တဲ့ အရိပ်အယောင်များ ရှိနေသည်။

"သူမကို ဘယ်လိုအပြစ်တင်လို့ ရနိုင်မှာလဲ..."

ရှန့်ကွမ်းချင်းယန် ညီမလေးဖြစ်နေသည့်အတွက် ရှန့်ကွမ်းမိသားစုတွင် သူမဘယ်လောက်တောင် မတရားမမျှတတာတွေ ခံစားခဲ့ရမလဲဆိုတာ သူတို့ စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရနိုင်ပေ။

"ကျွန်... ကျွန်မနာမည်က ရှန့်ကွမ်းချင်းပါ"

ထိုမိန်းကလေးသည် ခုနကဖြစ်ခဲ့သမျှ အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ ဤလူအုပ်စုသည် သူမအစ်ကိုကြီးအတွက် အရာအားလုံးနီးပါးပေးဆပ်ခဲ့ကြသည်။ ထို့ကြောင့် သူမစိတ်ထဲရှိ အကာအကွယ်အတားအဆီးလည်း အနည်းငယ်လျော့ကျသွားခဲ့သည်။

တခြားတစ်ဖက်တွင် ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းတို့သည် တုန်းယွင်ပေးတဲ့ဆေးလုံးများကို သောက်ပြီးကြသော်လည်း သူတို့ကအမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိကြသေးသည်။ ထို့အပြင် သူတို့တွင် သန်မာတဲ့ အထွတ်အထိပ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်လည်း မရှိသောကြောင့် သူတို့ပြန်လည်သက်သာနှုန်းသည်လည်း ပိုမိုနှေးကွေးသည်။ အခုအချိန်တွင် သူတို့ရဲ့အသက်ရှူနှုန်းက တည်ငြိမ်လာပြီဖြစ်သော်လည်း စကားပြောရန် ခွန်အားပင်မရှိကြသေးပေ။

"ကျေးဇူးရှင်... ရှန့်ကွမ်းမိသားစုရဲ့ အပျက်အစီးတွေကို လုပ်စရာကျန်သေးလား... တခြားအစီအစဉ်တွေ မရှိတော့ဘူးဆိုရင် ခင်ဗျားတို့ဂိုဏ်းကို ပြန်ကြမလား..." တုန်းယွင် ပြုံးလိုက်သည်။

ထိုအခါမှသာ ကျန်းယီမင်သည် သူတို့လက်ရှိတွင် လူသူကင်းမဲ့သော အပျက်အစီးပုံကြီးမှာရှိနေကြောင်း သတိပြုမိလိုက်သည်။ ဒီနေရာသည် အောင်ပွဲခံရန် သင့်လျော်သော နေရာတစ်ခုမဟုတ်ပေ။

"ကောင်းပြီ! ခင်ဗျားအကြံပြုချက်အတိုင်း လုပ်ကြတာပေါ့။ ကျွန်တော့်တပည့်တွေလည်း ကုသတာခံဖို့ အမြန်ပြန်မှ ဖြစ်မယ်..."

လူတိုင်း ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ လှုပ်ရှားရန် ခက်ခဲသူများကိုတွဲထူပေးပြီး လင်းယွင်ဂိုဏ်းသို့ ဦးတည်ပြန်လာကြသည်။ ဂိုဏ်းထဲတွင်ရှိနေသော ယဲ့ယွမ်ဖန်ပင်လျှင် လင်းယွင်ဂိုဏ်းချုပ်က ကန်းလန်နယ်မြေတွင် မွှေနှောက်ဖျက်ဆီးခဲ့တဲ့သတင်းကို ကြားသိထားပြီးဖြစ်သည်။ သူက လက်ရှိတွင် လင်းယွင်ဂိုဏ်းမှာ စိုးရိမ်စိတ်ရော စိတ်လှုပ်ရှားမှုပါ ရောထွေးလျက်စောင့်ဆိုင်းနေသည်။

"ငါအရင်ထဲက ပြောဖူးပါတယ်ကွာ... စိတ်ပူစရာမလိုပါဘူးလို့... မင်းတို့ဆရာက တကယ့်မကောင်းဆိုးဝါးတစ်ကောင်ပဲကွ..." ယဲ့ယွမ်ဖန်ဘေးတွင်ရှိနေတဲ့ အဘိုးအိုလင်းက လင်းယွင်ဂိုဏ်းရှိ တပည့်၂၀ ကျော်ရဲ့ ကျင့်ကြံနေတာကို ကြီးကြပ်ပေးရင်း ပြောလိုက်သည်။

ရင်းနှီးကျွမ်းဝင်တဲ့ အရှိန်အဝါအချို့က မိုးကုတ်စက်ဝိုင်းတွင်ပေါ်လာပြီး လင်းယွင်ဂိုဏ်းနှင့် ပိုနီးကပ်လာသည်။

"သူ့ ဆရာ ပြန်ရောက်လာပြီ..."

ယဲ့ယွမ်ဖန် အလွန်ဝမ်းသာသွားသည်။

'ဆရာ... ဆရာ... သူ့ဆရာနောက်ဆုံးတော့ ပြန်ရောက်လာပြီ... ခဏနေပါဦး၊ ဘာလို့ ဆရာနဲ့အတူ နောက်ထပ်အစွမ်းထက်တဲ့ အရှိန်အဝါတချို့ပါ ပါလာတာလဲ...'

ယဲ့ယွမ်ဖန် နားမလည်နိုင်ဖြစ်နေတုန်းပဲ ကျန်းယီမင်နှင့် တခြားသူများသည် လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာကြသည်။

"ဆရာ..." လူတိုင်း ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

"ဟားဟားဟားဟား... ကောင်းပြီ... ဒဏ်ရာရထားတဲ့တပည့်တွေကိုကုသဖို့ သူတို့အဆောင်တွေဆီအမြန်ပို့လိုက်ကြ။ တုန်းမီ၊ မင်းမိသားစုကိုခေါ်ခဲ့၊ ပြီးရင် ခန်းမထဲမှာ သေချာစကားပြောကြတာပေါ့..."

တုန်းမီထပ်ခါတလဲလဲ ခေါင်းညိတ်နေလိုက်သည်။ ကျန်းယီမင်ကို မဆိုနှင့်၊ သူကိုယ်တိုင်လည်း စိတ်မရှည် ဖြစ်နေသည်။ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံအကြောင်းအရင်းက သူ့ကိုအချိန်အကြာကြီး ဒုက္ခပေးနေခဲ့သည်။ အခုတော့ သူအဖြေတစ်ခု ရနိုင်တော့မည်။ ထိုသို့ တွေးမိသောအခါ သူ့ရင်ထဲတွင် ထုံးစံအတိုင်းရင်ပါတုန်လာသည်။ လူတိုင်းက ခန်းမထဲတွင် ထိုင်လိုက်ကြသည်။

"ကျွန်တော်တို့မိသားစုကို ဒုက္ခထဲကနေကယ်တင်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲဗျာ...." တုန်းယွင် ပြုံးလိုက်သည်။

"ခင်ဗျားတို့ဂိုဏ်းက လူတိုင်းကကျင့်ကြံခြင်းပါရမီရှင်တွေပဲ..."

သူပြောတာ အမှန်ပင်ဖြစ်သည်။ ခုနကလေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်လာတုန်းက လင်းယွင်ဂိုဏ်းမှာ ကျင့်ကြံနေတဲ့တပည့်တွေထဲမှာ ဘယ်သူမှသာမန်လူ မဟုတ်တာကို သူသတိထားမိလိုက်သည်။

"အစ်ကိုကြီးတုန်း၊ ခင်ဗျားက သိပ်သဘောကောင်းလွန်းနေပါပြီ။ ကျွန်တော် အရင်ကပြောပြီးသားပါ၊ နောက်ဆုံးမှာဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ တုန်းမီကိုပဲ ခင်ဗျားတို့ကျေးဇူးတင်သင့်တာပါ" ကျန်းယီမင် လက်ဝှေ့ယမ်းလိုက်သည်။

"ဟားဟား... ဒီကိစ္စကိုဒီလိုပြောလို့ မရဘူးလေ... တုန်းမိသားစုက လိပ်နက်နယ်မြေရဲ့ ရှေးဟောင်းမိသားစုတွေထဲက တစ်ခုပါ" တုန်းယွင်ကပြုံးရင်း သူတို့မူလဇစ်မြစ်ကို ပြောပြရန်ပြင်ဆင်လိုက်သည်။

ကျန်းယီမင်မျက်နှာပေါ်တွင် မပြသော်လည်း ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မိသားစုအကြောင်းကို သေချာပေါက် စူးစမ်းချင်နေသည်။

"ဝိုး...၊ ရှေးဟောင်းတဲ့... ကြားလို့ကောင်းသားပဲ..."

"တုန်းမိသားစုက ကန်းပင်လယ်ကနေ လာတယ်လို့ ပြောကြတယ်။ ဒါက ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့် ကမ္ဘာဦးအစကတည်းက ကန်းပင်လယ်ထဲမှာရှိနေခဲ့တဲ့ နတ်ဘုရားလိပ်တစ်ကောင်က ကျွန်တော်တို့ရဲ့ဘိုးဘေးဖြစ်တယ်လို့ မိသားစုသမိုင်းမှတ်တမ်းမှာ ရေးသားထားတယ်"

ကျန်းယီမင် မျက်ခုံးပင့်လိုက်သည်။

'စိတ်ဝင်စားစရာပဲ...'

"ဒါကြောင့် ကျွန်တော်တို့မိသားစုဝင်တိုင်းက ထောက်ပံ့ရေးနဲ့ ကာကွယ်ရေးကျင့်စဥ်တွေကို ကျွမ်းကျင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုက တခြားအဖွဲ့အစည်းတွေနဲ့ ဘယ်တုန်းကမှပဋိပက္ခမဖြစ်ခဲ့ဖူးတဲ့အတွက် အခုအချိန်ထိရှင်သန်နေနိုင်တာပဲ..."

ကျန်းယီမင်ခေါင်းညိတ်လိုက်သည်။ တုန်းမီကျင့်ကြံသောကျင့်စဉ်မျိုးကို ကျင့်ကြံသူလောကတွင် အလွန်ရှားပါးရခြင်း အကြောင်းရင်းကို အံ့ဩစရာမလိုတော့ပေ။

"အခု ကျွန်တော်တို့ကံကြမ္မာတွက်ချက်မှုတွေကတစ်ဆင့် သိရှိရတာကတော့ တုန်းမိသားစုဟာ..." တုန်းယွင်က စားပွဲပေါ်မှလက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဆက်ပြောသည်။

"ကပ်ဘေးတစ်ခုနဲ့ သေချာပေါက်ရင်ဆိုင်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ဘိုးဘေးက လောကနိယာမတွေကနေ သွေဖည်သွားခဲ့လို့ပဲ။ ဒါကြောင့် သူ့အတွက် ကပ်ဘေးတစ်ခုသေချာပေါက် ရှိနေတယ်။ ဒါပေမဲ့ သူဘယ်ရောက်သွားလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ သူသေဆုံးသွားပြီလား ဒါမှမဟုတ် နတ်ဘုရားဖြစ်ဖို့ ကျင့်ကြံတာအောင်မြင်သွားပြီလားဆိုတာ ကျွန်တော်တို့မသိဘူး။ ဘာပဲဖြစ်ဖြစ် ကပ်ဘေးက ကျွန်တော်တို့အပေါ်ကို ကျရောက်လာလိမ့်မယ်..."

"ကျွန်တော် တုန်းယွင်က တုန်းမိသားစုရဲ့လက်ရှိ အကြီးအကဲတွေထဲက တစ်ယောက်ပါ..." တုန်းယွင် ပြောလိုက်သည်။

ထို့နောက် သူ တုန်းမီကို ကြည့်လိုက်သည်။

"ဒီကောင်လေးရဲ့အဖေက ကပ်ဘေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေအတွက် ပြင်ဆင်ဖို့ ကျွန်တော်တို့လူတွေကို အခုဦးဆောင်နေပါတယ်။ တကယ်တော့ အစပိုင်းမှာ ကျွန်တော်တို့လည်း အရမ်းသိချင်နေခဲ့ကြတယ်..."

"ဘာကို သိချင်တာလဲ..."

"ဒီလိုကျိန်စာမျိုးကို ဖြေဖျောက်နိုင်တဲ့ ရွေးချယ်ခံရသူတစ်ယောက်အနေနဲ့ သူက အနာဂတ်မိသားစုခေါင်းဆောင် ဒါမှမဟုတ် အဲ့ဒီလိုရာထူးမျိုး ဖြစ်သင့်တယ်မဟုတ်လား... ဒါပေမဲ့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး။ မင်းအဖေက မိသားစုထဲမှာသာမန်ခွန်အားပဲရှိတဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပဲ။ သူကလည်း မွေးဖွားခြင်းနှောင်းပိုင်းအဆင့်မှာ ရှိပါတယ်..."

ထိုစကားကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင် လက်ဖက်ရည်ကို မှုတ်ထုတ်လုနီးပါး ဖြစ်သွားသည်။

'တုန်းယွင်က သူ့ဘာသာပြောတာကို ကိုယ်ပြန်ကြားရဲ့လား... သာမန်... သာမန်တဲ့...၊ ဒါပေမဲ့ မွေးဖွားခြင်းနှောင်းပိုင်းအဆင့်မှာ ရှိနေတာလေ...'

"ဒီတစ်ခါ မင်းကမိသားစုကို ကပ်ဘေးကနေ ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တယ်" တုန်းယွင် က တုန်းမီကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါကြောင့် မင်းမိသားစုခေါင်းဆောင် ဖြစ်သင့်တယ်..."

တုန်းမီကြားလိုက်ရသမျှ အရာအားလုံးကြောင့် အလွန်အမင်းအံ့အားသင့်သွားသည်။ ထိုလူ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေက သူ့ရင်ထဲကကမ္ဘာကြီးကို အဆက်မပြတ် ဖျက်ဆီးနေသလိုပင်။

'သူက ဒီလောက်အစွမ်းထက်တဲ့ မိသားစုကနေ ဆင်းသက်လာတာလား... ပြီးတော့ တုန်းယွင်စကားအဆုံးအရ သူ့ကိုပြန်လာပြီး မိသားစုခေါင်းဆောင် လုပ်ခိုင်းနေတာလား...'

ကျန်းယီမင်သည် တုန်းမီရဲ့အနေခက်နေတာကို မြင်နေရပြီး မရယ်ဘဲမနေနိုင်တော့ပေ။

"ဟင့်အင်း... ကျွန်တော်ပြန်မလိုက်ချင်ဘူး၊ မိသားစုခေါင်းဆောင်လည်းမလုပ်ချင်ဘူး..." တုန်းမီ တစ်မိနစ်ခန့် ဆွံ့အံ့နေပြီးမှ ဆက်ပြောလိုက်သည်။

All Chapters