ကုသရေးရေကန်
Vol. 10 Ch. 117
တုန်းမီ ထိုစကားများကိုကြားလိုက်သည်နှင့် ကြောက်လွန်းလို့ စိတ်နဲ့ကိုယ်ပင် မကပ်တော့ပေ။ သူက ဂိုဏ်းထဲမှာ အေးအေးဆေးဆေးကျင့်ကြံနေတာကို၊ ဘာလို့ ရုတ်တရက်ကြီး တခြားတစ်ယောက်ယောက်က ရောက်လာပြီး ရှေးဟောင်းမိသားစုတစ်ခုရဲ့ မိသားစုခေါင်းဆောင် လုပ်ခိုင်းရတာလဲကို သူထိတ်လန့်နေမိသည်။
'ဒိကိစ္စတစ်ခုလုံးက ထူးဆန်းလွန်းနေတယ်...'
ဒါ့အပြင် ဒီနေ့ ရှန့်ကွမ်းချင်းယန်ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေက သူ့မျက်စိရှေ့မှာ ကွက်ကွက်ကွင်းကွင်း ပေါ်နေသေးသည်။ ရှန့်ကွမ်းချင်းယန်လည်း ရှန့်ကွမ်းမိသားစုရဲ့ အနာဂတ်မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။
"ဟားဟားဟား... ငါတို့ မင်းကိုအတင်းအကျပ် မစေခိုင်းပါဘူး။ ဒါ့အပြင် လင်းယွင်ဂိုဏ်းမှာ မင်းကျင့်ကြံနေတာက ငါတို့မိသားစုဆီမှာရမယ့် အကျိုးကျေးဇူးတွေထက်တောင် ပိုကောင်းနိုင်သေးတယ်" တုန်းယွင်က ပြုံးပြီးလက်ဝှေ့ယမ်းလိုက်သည်။
လင်းယွင်ဂိုဏ်းသည် အရာအားလုံးလုပ်ဆောင်နိုင်သော ဂိုဏ်းကြီးတစ်ခုမဟုတ်သေးသော်လည်း ဂိုဏ်းချုပ်ရဲ့ ခွန်အားတစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် ဒီဂိုဏ်းတွင်နေပြီး ကျင့်ကြံခွင့်ရခြင်းသည် သေချာပေါက် ကံကောင်းခြင်းတစ်ခုဖြစ်သည်။
"ကိစ္စမရှိပါဘူး၊ ကျွန်တော့်တပည့်ဆန္ဒရှိသရွေ့ သူဘယ်အချိန်မဆို ခင်ဗျားတို့မိသားစုဆီ ပြန်နိုင်ပါတယ်"
တုန်းမီ အလျင်အမြန် ခေါင်းခါလိုက်သည်။
"ဟင့်အင်း၊ ဟင့်အင်း၊ မဟုတ်ဘူး၊ ကျွန်တော် လင်းယွင်ဂိုဏ်းမှာပဲ နေမယ်။ ဘယ်သူဘာပြောပြော ကျွန်တော် ထွက်မသွားဘူး..."
"ရပါတယ်... ရပါတယ်... ဟားဟားဟားဟား..." တုန်းယွင်က ရယ်ပြီးခေါင်းညိတ်လိုက်သည်။
သူ့ရှေ့မှ ဆရာနှင့် တပည့်နှစ်ယောက်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းလွန်းသည်။ သူတို့က သူ့မိသားစုကို ကပ်ဘေးမှလွတ်မြောက်အောင် ကူညီပေးခဲ့ပြီး သူကလည်းကျေးဇူးတင်စကားဆိုရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်ဗလာနှင့်လာခဲ့ခြင်း မဟုတ်ပေ။
"ကျေးဇူးရှင်၊ ကျွန်တော့်မိသားစုဆီကနေ ကျေးဇူးတင်တဲ့အနေနဲ့ ဆေးလုံးတွေနဲ့ ကျင့်စဉ်တချို့ယူလာခဲ့ပါတယ်။ ခင်ဗျားတို့ဂိုဏ်းမှာ ဆေးဖော်စပ်တဲ့ခန်းမတစ်ခုရှိနေတာ သတိထားမိလို့ သက်ဆိုင်ရာ ဆေးဖော်စပ်နည်းတွေကိုပါ ပေးအပ်ပါ့မယ်"
ထိုစကားကိုကြားလိုက်ရတဲ့အခါ ကျန်းယီမင်ရဲ့ မျက်လုံးများ အရောင်တောက်သွားသည်။ အကယ်၍ သူတို့ကကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေလောက်ပဲပေးခဲ့မယ်ဆိုရင် သူ့ကိုစိတ်လှုပ်ရှားစေဖို့ လုံလောက်ချင်မှ လုံလောက်လိမ့်ပေမည်။
'ဒါပေမဲ့အခုက ဆေးဖော်စပ်နည်းတွေ... ဆေးဖော်စပ်နည်းတွေက ဆေးလုံးတွေထက် ပိုတန်ဖိုးရှိတယ်... ဒါတွေက ကံကောင်းမှရနိုင်တာမျိုး၊ ရှာဖွေရုံနဲ့ ရနိုင်တာမျိုးမဟုတ်ဘူး... တစ်ဖက်လူက ဒီလိုကျင့်စဉ်မျိုးကိုနှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံလာခဲ့တဲ့ ရှေးဟောင်းမိသားစုတစ်ခုပဲ... အဲ့ဒါကြောင့် သူတို့ရဲ့ဆေးဖော်စပ်နည်းတွေက နေရာတိုင်းမှာ ရနိုင်တဲ့အရာတွေ မဟုတ်တာသေချာတယ်...'
"ဟူး... ကျွန်တော်တို့မိသားစုက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေထိုင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ တုန်းမိသားစုဟာ ကပ်ဘေးတစ်ခုနဲ့ကြုံတွေ့ရဖို့ ကံပါလာတယ်ဆိုတာ သိထားလို့ပါ၊ ဒါပေမဲ့ ဘာကပ်ဘေးလဲဆိုတာတော့ မသိခဲ့ဘူး" တုန်းယွင် သက်ပြင်းချရင်း ပြောလိုက်သည်။
"အနာဂတ်မှာ ခင်ဗျားတို့အကူအညီ လိုအပ်တာရှိရင် ကျွန်တော်တို့ကို အသိပေးပါ..."
တုန်းမီအပေါ် ကျရောက်နေတဲ့ကျိန်စာကို ဖြေရှင်းပေးခြင်းဖြင့် စနစ်ကပေးထားတဲ့ အရန်တာဝန်ကို ပြီးမြောက်စေပြီး ဇီဝေးနက္ခတ်တာရာကျင့်စဥ်ကို ရခဲ့ရုံသာမက တုန်းမီနောက်ကွယ်မှ မိသားစုရဲ့ထောက်ပံ့တာကိုပါရလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့ပေ။
"ဂိုဏ်းရဲ့အစီအရင်ထဲမှာ လျှို့ဝှက်နယ်မြေမရှိဘူးလား..." တုန်းယွင် ရုတ်တရက် မေးလိုက်သည်။
ကျန်းယီမင်က ထိုမေးခွန်းကြောင့် ဆွံ့အသွားသည်။ သူ့အရင် အဓိကတာဝန်အတွက် ဆုလာဘ်မှာ ဂိုဏ်းလျှို့ဝှက်နယ်မြေတစ်ခု ဖြစ်သည်။ ဂိုဏ်းလျှို့ဝှက်နယ်မြေသည် တပည့်များကျင့်ကြံရန်အတွက် အခြေအနေအမျိုးမျိုးကို ပုံဖော်ပေးနိုင်ပြီး ထက်ဝက်အားစိုက်ထုတ်ရုံဖြင့် ရလဒ်နှစ်ဆထွက်ပေါ်စေနိုင်သည်။
"ကျွန်တော့်ဂိုဏ်းက အဆင့် ၄ အင်အားစုလေး တစ်ခုပါပဲ။ ဒါပေမဲ့ အစ်ကိုကြီးတုန်းပြောသလိုပါပဲ" ကျန်းယီမင် ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"ကျွန်တော်တို့ သိပ်မကြာခင် လျှို့ဝှက်နယ်မြေတစ်ခု ရတော့မှာပါ..."
သူ ကြွားဝါပြောဆိုနေခြင်း မဟုတ်ပေ။ အဓိကတာဝန်ပြီးမြောက်သည်နှင့် တပြိုင်နက် သူလျှို့ဝှက်နယ်မြေတစ်ခု ရတော့မည်ဖြစ်သည်။
"ကောင်းပြီ၊ ဒါပေမဲ့ ကျွန်တော်တို့မိသားစုက လျှို့ဝှက်နယ်မြေကလည်း မဆိုးပါဘူး။ ခင်ဗျား စိတ်ဝင်စားမလား မသိဘူး..."
တုန်းယွင် ထိုစကားပြောလိုက်တဲ့ ခဏမှာပင် ကျန်းယီမင်စိတ်ဝင်စားသွားသည်။ စနစ်က ဆုလာဘ်အဖြစ်ပေးမည့် လျှို့ဝှက်နယ်မြေသည် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲမြင်ကွင်းများကို ပုံဖော်ပေးသည့် အကျိုးသက်ရောက်မှုများ ရှိနိုင်ခြေများသည်။ တခြားတစ်ဖက်တွင် တုန်းမိသားစုလက်ထဲရှိလျှို့ဝှက်နယ်မြေသည် ကုသခြင်းနှင့်ခန္ဓာကိုယ်ကြံ့ခိုင်ရေး တည်ဆောက်တာတို့နှင့် ဆက်စပ်နေနိုင်သည်။
"ကျွန်တော်လည်း ယဉ်ကျေးနေမယ့်သူ မဟုတ်ပါဘူး... အစ်ကိုကြီးတုန်းကပြောလာမှတော့ ကျွန်တော် သေချာပေါက်ကြည့်ချင်တာပေါ့ဗျာ..."
"ကောင်းပြီ... ရိုးရိုးသားသားပြောရရင် ခင်ဗျားရဲ့ ခွန်အားနဲ့ကံကောင်းမှုတွေကြောင့် ဒီဆေးလုံးတွေ၊ ဆေးဖော်စပ်နည်းတွေနဲ့ ကျင့်စဉ်တွေကိုရဖို့ ခင်ဗျားအတွက် မခက်ခဲလောက်ဘူးလို့ ကျွန်တော်ထင်တယ်..." တုန်းယွင်မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင် ပေါ်လာပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်မိသားစုရဲ့လျှို့ဝှက်နယ်မြေကိုတော့ ရတနာတစ်ခုလို့သတ်မှတ်နိုင်ပါတယ်..."
ဒီတစ်ခေါက် သူယူလာပေးတဲ့အကြီးမားဆုံး လက်ဆောင်မှာ သူ့မိသားစုလျှို့ဝှက်နယ်မြေကို သူ့ကျေးဇူးရှင်ဂိုဏ်းသို့ ယူဆောင်လာပေးခြင်း ဖြစ်သည်။ အကယ်၍ ကျန်းယီမင်သာ လက်ခံရန် ဆန္ဒမရှိခဲ့ပါက သူ့အတွက် အနည်းငယ်အနေခက်စရာ ဖြစ်စေလိမ့်မည်။
"ကျွန်တော့်မိသားစုရဲ့ လျှို့ဝှက်နယ်မြေက တပည့်တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို တိုက်ရိုက်တိုးတက်စေနိုင်တဲ့ အမျိုးအစားမဟုတ်ပေမယ့် ဒဏ်ရာရပြီးတဲ့အခါ လျှို့ဝှက်နယ်မြေထဲမှာ ကုသမှုခံယူတာက ထက်ဝက်လောက်အားစိုက်ထုတ်ရုံနဲ့ ရလဒ်နှစ်ဆကိုရနိုင်တယ်လို့ ပြောလို့ရတယ်..."
မျှော်လင့်ထားသည့်အတိုင်းပင်... ကျန်းယီမင်က ဒါကို မျှော်လင့်ပြီးသားဖြစ်သည်။
"ကျွန်တော့်ဂိုဏ်းက ဆေးလုံးတွေနဲ့ပေါင်းစပ်လိုက်ရင် လူတစ်ယောက်အသက်ရှူနိုင်သေးသရွေ့ ပြန်သက်သာလာဖို့ အခွင့်အလမ်းရှိပါတယ်..." တုန်းယွင်မျက်နှာတွင် ယုံကြည်မှုအပြည့် ရှိနေသည်။
"ဂိုဏ်းချုပ်၊ ဒီကိစ္စကိုမနှောင့်နှေးသင့်ဘူးလို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ခင်ဗျားတို့ဂိုဏ်းက တပည့်တချို့ဒဏ်ရာရနေတုန်းပဲဆိုတော့ ကျွန်တော်တို့ အခုပဲ အစီအရင်ခင်းလိုက်ကြမလား..."
"ကောင်းပြီလေ..."
တုန်းယွင်က မတ်တတ်ထရပ်ပြီး အဆောင်များဘေးရှိ ကွင်းပြင်တစ်ခုကိုသွားလိုက်သည်။ သူအမိန့်ပေးလိုက်ရာ သူ့နောက်မှလူတစ်ချို့သည် ထိုနေရာတွင်တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်များက လေထဲတွင်လွင့်မျောနေပြီး မန္တန်များကိုရွတ်ဆိုနေကြသည်။ ထိုသို့ဖြင့် အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့အရှိန်အဝါတစ်ခုက သူတို့ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသည်။ သူတို့ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ဖြည်းညှင်းစွာယှက်နွယ်လာပြီး လူတိုင်းကို ဖြည်းညှင်းစွာလွှမ်းခြုံသွားသည်။ သူတို့အရှိန်အဝါများသည် လင်းယွင်ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်ကိုပင် လွှမ်းမိုးသွားသည်။
သူတို့ကြားတွင် အလင်းတန်းတစ်ခုပေါ်လာသည်။ အလင်းတန်းက တဖြည်းဖြည်းပျောက်ကွယ်သွားသောအခါ သူတို့က ရေကန်တစ်ကန်ကိုတိုက်ရိုက် တည်ဆောက်လိုက်ကြောင်း သူတွေ့လိုက်ရသည်။
'ရေကန်တစ်ကန်....'
ရေကန်ထဲမှ မြူခိုးများ ထွက်ပေါ်နေသည်။ ကန်က လူ ၂၀ မှ ၃၀ အထိ စိမ်ချိုးနိုင်လောက်အောင် ကြီးမားသည်။
"ဟူး... ဂိုဏ်းချုပ်၊ ဒဏ်ရာရနေတဲ့ တပည့်တချို့ကို ဒီဘက်ကို လာခိုင်းလိုက်ပါ" တုန်းယွင်က သူ့ချွေးများကို သုတ်လိုက်ပြီး ခေါင်းလှည့်ကာပြောလိုက်သည်။
"ဂိုဏ်းချုပ်၊ ဒီလျှို့ဝှက်နယ်မြေက ကျွန်တော်တို့ ကျင့်ကြံသူတွေနဲ့ တူတယ်။ ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ခင်ဗျားအတွက် ပိုကြီးမားတဲ့တစ်ခု ဖန်တီးမပေးချင်လို့မဟုတ်ပါဘူး။ အစကတည်းက ဒီလောက်ပဲတတ်နိုင်လို့ပါ..."
ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ အနီးကပ် ရောက်သွားမှသာ သူသဘောပေါက်လိုက်တာက ရေကန်ပတ်လည်ရှိမြူခိုးများကို ဖြတ်သန်းသွားလိုက်တဲ့အခါ သူ့သွေးကြောများအားလုံးက လျင်မြန်စွာပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါက ကျင့်ကြံခြင်းအတွက်အကျိုးရှိတာ မှန်ပေမယ့် ကြီးမားတဲ့တိုးတက်တာတွေတော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး၊ ဒါက ခင်ဗျားတို့ရဲ့ ဂိုဏ်းအစီအရင်နဲ့ မခြားနားပါဘူး။ ဒါပေမဲ့ အဆင့်တက်တော့မယ့် အချိန်မှာ မလိုအပ်တဲ့ဒဏ်ရာတွေ မရအောင် ရှောင်ရှားဖို့ ဒီရေကန်ကိုလာလို့ရပါတယ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒဏ်ရာရနေတဲ့တပည့်သုံးဦးကို ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့သုံးယောက်စလုံး ရေကန်ထဲတွင် ဝင်စိမ်လိုက်ကြသည်။ သို့သော် ရေပက်သံသို့မဟုတ် ရေယက်ထသံများမရှိပေ။
"ဒီရေကန်က ရေနဲ့ပြည့်နေသလို ထင်ရပေမယ့် ရေမဟုတ်ပါဘူး။ ရေနဲ့မခြားနားသလို ထင်ရရုံပဲ။ခင်ဗျားရဲ့တပည့်တွေက အဝတ်အစားချွတ်စရာ မလိုပါဘူး။ တိုက်ရိုက်တန်းဝင်လို့ရတယ်"
ကျန်းယီမင်မေးရန် ပြင်လိုက်သော်လည်း တုန်းယွင် က တစ်ဖက်လူဇဝေဇဝါဖြစ်သွားတာကို မြင်နေရသည်။ ကျန်းယီမင်ကလက်ကို ရေကန်ထဲနှစ်လိုက်ရာ ရေကန်ထဲမှအရာများသည် ရေနှင့်တူပြီး ရေကဲ့သို့ခံစားရသော်လည်း တကယ်တမ်းရေမဟုတ်ကြောင်း ခံစားမိလိုက်သည်။ ထိုအရည်သည် သူတို့ထဲတွင်နှစ်မြှုပ်ထားသမျှ အရာအားလုံးကိုဖွံ့ဖြိုးတိုးတက်စေသည်။ အတွင်းမှ နွေးထွေးနေတဲ့ချီသည် သွေးကြောများကို အဆက်မပြတ်စမ်းသပ်နေပြီး ပျက်စီးနေတဲ့နေရာများကို ပြုပြင်ပေးနေသည်။ တုန်းမိသားစုရှင်သန်ရပ်တည်ရန် မှီခိုအားထားရသော နောက်ဆုံးဝှက်ဖဲနှင့် တကယ် ထိုက်တန်ပါပေသည်။