← Chapters

တာဝန်အသစ်

Vol. 10 Ch. 119

တာဝန်အသစ်

Vol. 10 Ch. 119

[ဒင်း - တာဝန်စတင်ပါပြီ]

[အသိပေးချက် - တာဝန်အမျိုးအစား - အဓိကတာဝန်]

[အသိပေးချက် - တာဝန်အမည် - ဂိုဏ်းကိုပြန်လည်ဖွဲ့စည်းပါ]

[အသိပေးချက် - တာဝန်လိုအပ်ချက်များ - ဂိုဏ်းအတွက် လိုအပ်တဲ့အဆောက်အအုံအမျိုးမျိုးကို တည်ဆောက်ပါ (သက်ဆိုင်ရာ အလုပ်သမားများ အပါအဝင်)]

[အသိပေးချက် - တာဝန်ဆုလာဘ် - တပည့်အားလုံးရဲ့ ပါရမီများတိုးတက်လာမည်]

ကျန်းယီမင်သည် အရင်တာဝန်မှရခဲ့သော ဆုလာဘ်များကို ပြန်လည်တွေးတောနေစဉ်မှာပင် နောက်ထပ် တာဝန်တစ်ခု ရောက်ရှိလာခဲ့သည်။ အကြမ်းဖျင်း ကြည့်ပြီးနောက် ကျန်းယီမင်သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တပည့်များသည် ဂိုဏ်းအတွက် တပည့်အသစ်တစ်သုတ်ကို လက်ခံထားပြီးဖြစ်သော်လည်း သူသည်ထိုတပည့်များကို သေချာစီမံခန့်ခွဲရန် အချိန်မရသေးပေ။ သူက ဒီနေ့တစ်နေ့လုံး နေရာအနှံ့အပြေးအလွှား သွားလာနေရပြီး တိုက်ပွဲမျိုးစုံတိုက်ခိုက်နေခဲ့ရသည်။ အဓိကတာဝန်အသစ်က သူ့ကို ဂိုဏ်းမှာအနားပေးချင်ပုံရသည်။ ကျန်းယီမင်က စိတ်သက်သာရာရစွာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။

မွေးဖွားခြင်းအဆင့်ကိုရောက်ပြီးနောက် သူအိပ်ရာဝင်သည့်အခါတိုင်း သူ့ခန္ဓာကိုယ်ကို အနားယူခိုင်းထားပြီး ရှေးဟောင်းစာအုပ်များဖတ်ရှုခြင်းစတာတွေကို လုပ်ဆောင်နိုင်ရန် သူ့မူလဝိညာဉ်ကို ခွဲထုတ်ထားနိုင်သည်။ တုန်းယွင်သည် ဒီတစ်ခေါက်တွင် လက်ဆောင်ပစ္စည်း အများအပြားကို ယူဆောင်လာခဲ့သည်။ ကုသရေးရေကန်သာမက သူယူလာတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ချင်းစီတွင် ပါဝင်နေတဲ့ အကြောင်းအရာများသည် ကျန်းယီမင်အနေဖြင့် တစ်နေ့ဝက်ခန့်လောက် အချိန်ယူဖတ်ရလောက်အောင်အထိကို ပြည့်စုံသည်။ တာဝန်က ရိုးရှင်းပုံရသော်လည်း တကယ်တမ်းတွင် စိတ်ကူးထားသလောက်မလွယ်ကူပေ။

ယေဘုယျအားဖြင့်ပြောရလျှင် ဂိုဏ်းတစ်ခုအတွက် လိုအပ်တဲ့ အဆောက်အအုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဂိုဏ်းပင်မခန်းမ၊ ဂိုဏ်းရဲ့ အဓိကအဆောက်အအုံဖြစ်သည်။ ဂိုဏ်းတွင်းအရေးကြီးကိစ္စများကို ဆွေးနွေးသည့်နေရာဖြစ်သည်။

လေ့ကျင့်ရေးကွင်းပြင်၊ လေ့ကျင့်ခြင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းများ ပြုလုပ်ရာနေရာ။

သင်ကြားရေးစင်မြင့်၊ ဂိုဏ်းချုပ်သို့မဟုတ် အကြီးအကဲများက ပညာရပ်များ သင်ကြားပေးရာနေရာ။

ဆေးခန်းမ၊ ဂိုဏ်းဝင်တွေ ဆေးလုံးဖော်စပ်ရာနေရာ။

သိုင်းပညာရပ်ခန်းမ၊ သိုင်းပညာရပ်အမျိုးမျိုးကို သိမ်းဆည်းထားရာနေရာ။

ကျင့်စဉ်ခန်းမ၊ သိုင်းပညာရပ်နှင့် ကျင့်စဉ်နှစ်ခုစလုံးသည် တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်ပေးသော်လည်း အတိအကျမတူညီသောကြောင့် လိုအပ်သည်။

ဘဏ္ဍာတိုက်၊ ရတနာများ၊ မှော်ရတနာများနှင့် လက်နက်အမျိုးမျိုးကို သိမ်းဆည်းထားရာနေရာ။

လက်နက်ခန်းမ၊ လက်နက်များနှင့် အဆောင်လက်ဖွဲ့များ ပြုလုပ်ရာနေရာ။

ခြံဝန်းများ၊ ဂိုဏ်းဝင်များနားနေရန်နှင့် ကျင့်ကြံရန်နေရာ။

ထိုအဆောက်အအုံများ ရှိမှသာလျှင် ဂိုဏ်းတစ်ခုသည် လိုအပ်တဲ့အဆောက်အအုံအစုံအလင် ရှိသည်ဟု ပြောနိုင်သည်။ အဆင့် ၄ ဂိုဏ်းတစ်ခုအနေဖြင့် ထိုအဆောက်အအုံများအားလုံး တပြိုင်နက်တည်း ပိုင်ဆိုင်ထားရန်မှာ မဖြစ်နိုင်သလောက်ပင်။ အဆင့်မြင့်ဂိုဏ်းများတွင် ဆက်သွယ်ရေးစခန်း၊ စုဆောင်းရေးခန်းမ၊ ဂိုဏ်းစားသောက်ဆိုင်လိုမျိုး အမြတ်အစွန်းရရှိစေမည့်နေရာများနှင့် လျှို့ဝှက်နယ်မြေအမျိုးမျိုးလည်း ရှိကြသည်။ လက်ရှိတွင် လင်းယွင်ဂိုဏ်းမှာ ပင်မခန်းမ၊ ခြံဝန်းများ၊ ဆေးခန်းမနှင့် အခုလေးတင်ရရှိထားတဲ့ လျှို့ဝှက်နယ်မြေများသာရှိသေးသည်။

"ကျွတ်ကျွတ်...၊ ခရီးက တော်တော်ရှည်ဦးမှာပဲ"

သို့သော် ထိုအရာတွေက ကိစ္စကြီးမဟုတ်ပေ။ စနစ်ပိုင်ဆိုင်ထားတဲ့ ကုးပြောင်းတစ်ယောက်အနေနဲ့ သူ စနစ်ကနေရထားတဲ့ ဆုလာဘ်တွေကို မေ့မထားသင့်ပေ။ သူ့အမြင်မှာ ဒီအဆောက်အအုံတွေ တည်ဆောက်ဖို့ လိုအပ်တဲ့စိတ်ဝိညာဥ်ကျောက်တုံး တွေက ပြဿနာမဟုတ်ခဲ့ပေ။

'သူ ဒီအဆောက်အအုံတွေကို ဆောက်သင့်လား... သူ ဆောက်တဲ့အရှိန်ကို မြှင့်တင်သင့်လား... သူ...'

"အရှိန်မြှင့်လိုက်... အရှိန်မြှင့်လိုက်... အကုန်လုံး အရှိန်မြှင့်လိုက်... ငါ့သိုလှောင်အိတ်ထဲကစိတ်ဝိညာဥ်ကျောက်တုံးတွေက ဘယ်လောက်သုံးသုံးကုန်သွားမှာ မဟုတ်ဘူး...'

သူ့စိတ်ထဲတွင် ဆက်တိုက်ပေါ်လာတဲ့ အသိပေးချက်များကိုနားထောင်ရင်း အစပိုင်းတွင်ကျန်းယီမင် အတော်လေး ပျော်ရွှင်နေခဲ့သည်။ သို့သော် နောက်ကျတော့ သူလုံးဝငြီးငွေ့လာသည်။ သူ့မှာ ရှိနေတဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေက မရေမတွက်နိုင်အောင် များပြားလွန်းနေသည်။ အခု သူသုံးစွဲနေတဲ့ စိတ်ဝိညာဥ်ကျောက်တုံးပမာဏက အရင်လင်းယွင်ဂိုဏ်းအတွက်ဆိုရင် အသင်္ချေကိန်းဂဏန်းတွေ ဖြစ်ပေမယ့် အခုကျန်းယီမင်အတွက်တော့ ကိန်းဂဏန်း အနည်းငယ် ကခုန်နေတာလောက်သာ ရှိသည်။ စိတ်အတွေးများဖြင့် သူသည်အခြေခံအကျဆုံး အဆောက်အအုံများကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

"လက်ဖက်ရည်ဆိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ..."

စနစ်မျက်နှာပြင်ကိုကြည့်ရင်း ကျန်းယီမင် နက်နက်နဲနဲ တွေးတောနေမိသည်။ ဒီအဆောက်အအုံတွေက အဓိကအားဖြင့် ဂိုဏ်းစီးပွားရေး အမြတ်အစွန်းအတွကသာဖြစ်သည်။ သူတို့က သူ့အတွက်ဃစိတ်ဝိညာဥ်ကျောက်တုံးအနည်းငယ် ရှာပေးနိုင်ပေမယ့် လင်းယွင်ဂိုဏ်းက တကယ်ပဲ လိုအပ်လို့လား....။ စနစ်ထဲမှ စိတ်ဝိညာဥ်ကျောက်တုံးများကိုကြည့်ရင်း ကျန်းယီမင်က အနည်းငယ်ဇဝေဇဝါမဖြစ်ဘဲ မနေနိုင်တော့ပေ။

'ထားလိုက်ပါတော့... ဒါက တာဝန်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်တယ်...'

ထိုသို့တွေးမိသောအခါ သူသည် "ဆောက်မယ်" နှင့် "အရှိန်မြှင့်တင်မယ်" ခလုတ်များကို ပြတ်ပြတ်သားသား ဆက်တိုက်နှိပ်လိုက်သည်။ ထိုသို့ဖြင့် လင်းယွင်ဂိုဏ်းတွင် မယုံကြည်နိုင်လောက်တဲ့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ထိုအရာတွေက အဆင့် ၄ သို့မဟုတ် အဆင့် ၃ အင်အားစုတောင်မှ အပြည့်အစုံမပိုင်ဆိုင်နိုင်တဲ့ အဆောက်အအုံတွေဖြစ်သည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်နဲ့ လျှို့ဝှက်နယ်မြေတွေကို ပြောစရာပင်မလိုတော့ပေ။ သူတို့ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာပြီးနောက် ခွန်အားပြန်လည်ရရှိရန် အချိန်အများကြီးအနားယူစရာ မလိုတော့ပေ။

တခြားတစ်ဖက်တွင် ကျန်းယီမင်က တည်ဆောက်ရန်နှင့် အရှိန်မြှင့်ရန်ကိစ္စများ အလွန်များပြားနေသဖြင့် အားလုံးကိုချက်ချင်းမပြီးပြတ်နိုင်သေးပေ။ သူ နောက်ထပ်ရက်အနည်းငယ်လောက် စောင့်ရဦးမည်။ နောက်တစ်နေ့တွင် တုန်းမိသားစုမှရောက်လာသူများသည် လင်းယွင်ဂိုဏ်းအဖွဲ့ဝင်များကို နှုတ်ဆက်ပြီး လိပ်နက်နယ်မြေကို ပြန်လည်ထွက်ခွာသွားကြသည်။ သူ့မိသားစုထံပြန်လိုက်သွားပြီး လုပ်စရာဘာမှမရှိတာကို သိထားသဖြင့် တုန်းမီက ပြန်လိုက်မသွားတော့ပေ။

လက်ရှိတွင် လင်းယွင်ဂိုဏ်းတွင် တပည့်စုစုပေါင်း ၃၀ကျော် ရှိနေသည်။ အကြီးဆုံးစီနီယာအစ်ကိုကြီးအနေဖြင့် ဂူလင်းဖေးသည် သူ့ဆရာကို ကူညီပြီး ဂိုဏ်းတွင်းကိစ္စအဝဝကို စီမံခန့်ခွဲပေးနေသည်။ ပင်မခန်းမထဲတွင် စုပုံနေတဲ့ကျမ်းလိပ်များကို ကြည့်ရင်း ဂူလင်းဖေးက ခေါင်းကိုက်နေသည်။

"ငါပြောမယ် ဂျူနီယာညီလေး... မင်းမိသားစုက သိပ်ကိုဖြုန်းတီးလွန်းတယ်ကွာ။ သူတို့ရောက်လာတာနဲ့ ငါတို့ကို ဒီလိုအံ့ဩစရာတွေ အများကြီးပေးခဲ့တယ်..."

တုန်းမီသည် သူ့စီနီယာအစ်ကိုကြီးစကားများက ချီးကျူးတာလား အပြစ်တင်တာလားဆိုတာ မသိသဖြင့် ထိုနေရာတွင်ပင်ရပ်ပြီး ရူးကြောင်ကြောင်ဟန်နဲ့ ရယ်မောနေလိုက်သည်။

"ဟူး... ဒီလောက်များပြားတဲ့ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေကို ငါတို့ကဘယ်မှာထားရမှာလဲ..."

ထိုအချိန်တွင် ကျန်းယီမင်က ပင်မခန်းမထဲသို့ ဝင်လာသည်။ သူပြုံးပြီး ဂူလင်းဖေးပခုံးကို ပုတ်လိုက်သည်။

"လင်းဖေး၊ စိတ်မပူပါနဲ့! ဘယ်မှာထားရမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာအစီအစဉ် ရှိပြီးသား..."

သူ့မှာ အစီအစဉ်ရှိပြီးသားဆိုတာ သေချာတာပေါ့...။ သူစကားပြောနေစဉ်မှာပင် သိုင်းပညာခန်းမနှင့် တခြားအဆောက်အဦးတွေကို အရှိန်အဟုန်ပြင်းစွာနဲ့ ဆောက်နေပြီဖြစ်သည်။ သုံးရက်မပြည့်မီမှာပင် ထိုကျင့်စဉ်များနှင့် သိုင်းပညာရပ်များကို သိမ်းဆည်းရန်နေရာတစ်ခု ရှိလာတော့မည်ဖြစ်သည်။ အဆောက်အအုံများ အားလုံးဆောက်ပြီးနောက် ဂိုဏ်းအတွက် အဆောင်လက်ဖွဲ့ဖန်တီးသူများ၊ ဆေးဖော်စပ်သူများနှင့် တခြားသူများလည်း လိုအပ်ဦးမည်ဖြစ်သည်။ သူတို့တွေက လက်ရှိသူတို့ဆီမှာ မရှိသေးတဲ့ လူတွေဖြစ်သည်။ တာဝန်ထဲမှာ ပြောထားတဲ့ သက်ဆိုင်ရာအလုပ်သမားများဆိုတာ သူတို့ကို ရည်ညွှန်းတာ ဖြစ်လောက်သည်။ ထိုတာဝန်ကို ပြီးမြောက်ဖို့က ထင်သလောက် မလွယ်ကူမယ့်ပုံဖြစ်နေသည်။

ဒီရက်ပိုင်းအနည်းငယ်အတွင်း ကျန်းယီမင်သည် တပည့်သစ်များရဲ့ ယေဘုယျခွန်အားများကို သိရှိထားပြီးဖြစ်သည်။ လူသစ်များအကြား အသန်မာဆုံးမှာ အရင်ကဟွမ်းချောင်ယုနှင့်အတူ အဖမ်းခံခဲ့ရသော ယန်ရှန်ချင်းဖြစ်သည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်တွင် ရှိသည်။ ကျန်တဲ့သူများသည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သို့မဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိကြသည်။ သူတို့အားလုံးက ရှန့်ကွမ်းချင်းယန် သို့မဟုတ် ဟွမ်းချောင်ယုကဲ့သို့ ပါရမီတွေမပါကြသော်လည်း အတော်လေးတော်ကြသည်ဟု သတ်မှတ်နိုင်သည်။ သူတို့ကို စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ် သင်ကြားပေးပြီးနောက် ပုံရိပ်တစ်ထောင်ပြောင်းလဲခြင်းအစီအရင်နှင့် ပေါင်းစပ်လိုက်လျှင် လူတိုင်းရဲ့ခွန်အားသည် သေချာပေါက် လျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ကျန်းယီမင်သည် တခြားလျှို့ဝှက်နယ်မြေအကြောင်းကိုလည်း သူတို့ကိုမပြောပြရသေးပေ။

အဆောက်အအုံအားလုံး ဆောက်တာပြီးသွားမှ တစ်ခါတည်း အားလုံးကိုပြောပြဖို့ လုပ်ထားလိုက်သည်။ ထိုအချိန်ကျမှ သူတို့ကို အကြီးမားဆုံး အံ့အားသင့်မှုတစ်ခုကို ပေးနိုင်လိမ့်မည်။ အချိန်တန်ရင် ဂိုဏ်းရဲ့ကျင့်ကြံခြင်းကိစ္စတွေကို သူစိတ်ပူနေစရာ လိုဦးမလားဆိုတာ ကျန်းယီမင်လည်း သေချာမတွေးတတ်တော့ပေ။

အခုချိန် သူ့ကိုစိတ်ဒုက္ခပေးနေတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဂိုဏ်းသိုင်းပညာရပ်သစ်များနှင့် ကျင့်စဉ်များအားလုံးကို သူ အကြမ်းဖျင်းဖတ်ရှုခဲ့သည်။ အားလုံးက အရည်အသွေးမြင့်မားသော်လည်း တိုက်ခိုက်ရေးအမျိုးအစားသို့မဟုတ် ခွန်အားအခြေပြုနည်းစနစ်များ နည်းပါးနေသည်။ ဂိုဏ်းအဖွဲ့ဝင်သစ်တွေလက်ခံနေတုန်း ဒီလိုကျင့်စဉ်မျိုးတွေ အလကားရနိုင်မယ့်နည်းလမ်းကို သူစဉ်းစားရဦးမယ့်ပုံပေါ်နေသည်။

သူ့ရဲ့ ပထမမျိုးဆက်တပည့်တွေကတော့ သူတို့ခွန်အားတွေကို အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် လုပ်ဆောင်ပြီးသွားကြပြီဖြစ်သည်။ သိပ်မကြာခင်မှာပဲ ဂိုဏ်းထဲမှာ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ နောက်ထပ်အနည်းငယ်ရှိလာနိုင်တော့မည်။

......

နောက်ထပ်ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ တပည့်အားလုံးသည် စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားကြပြီး သူတို့ကျင့်ကြံခြင်းသည် လမ်းကြောင်းမှန်ပေါ် ရောက်စပြုနေပြီဖြစ်သည်။ အဘိုးအိုလင်းနှင့် သူ့ပထမမျိုးဆက်တပည့်များက သူတို့ကိုစောင့်ကြည့်ပေးနေသဖြင့် ကျန်းယီမင်လည်း စေ့စပ်သေချာစွာကျင့်ကြံရန် အချိန်ရလာသည်။

All Chapters